Tuesday, October 07, 2008

စံဖူး... နကျယ်ကောင်နဲ့ ချောစိန်

`ကဲ...၊ စမယ်နော်၊ လပ်ဖ်အော))))))´

ဒိုင်အဖြစ် အမှတ်ရေတွက်မယ့် အောင်ကြည့်လက်ထဲမှာ နကျယ်ကောင်နဲ့ စံဖူးတို့ လောင်းထားတဲ့ ပိုက်ဆံလဲ ရှိနေပြီ။ နှစ်ယောက်လုံးကလဲ ကွင်းဟိုဘက်ဒီဘက်မှာ အဆင်သင့် ဖြစ်နေပြီဆိုတော့ ပိုက်ကျော်ခြင်းပွဲစဖို့ အချက်ပေးလိုက်တယ်။

နကျယ်ကောင်နဲ့ စံဖူးကတော့ ကွင်းဟိုဘက်ဒီဘက်ကနေ တယောက်ကို တယောက် မှုန်ကုပ်ကုပ်နဲ့ အပြန်အလှန်ကြည့်နေကြလေရဲ့...။

***

တကယ်က နကျယ်ကောင်က ပိုက်ကျော်ခြင်းကို လောက်လောက်လားလား ကစားတတ်တာမှ မဟုတ်ဘဲ...။ အရပ်ကြီး ဂလန်ဂလားနဲ့ ခေါင်းတိုက်တာ တခုပဲ ဟုတ်ဟုတ်ငြားငြား တတ်တာ။ ဟိုကောင် စံဖူးကတော့ ကောင်းကောင်း ခတ်တတ်တယ်။ ရှမ်းပြည်(ထိုင်း) က ပြန်လာတာကလဲ သိပ်မကြာသေးတော့ ငွေစလေးကလဲ တရွှင်ရွှင်နဲ့ပေါ့။ နေ့လည်နေ့ခင်း နကျယ်ကာင်တို့ အိမ်နားက ခြင်းလုံးကွင်းမှာ အပျော်သဘော ခတ်နေကြတုန်း စံဖူး ရောက်ချလာတာ...။

တယောက်ကို ငါးကျပ်ကြေး သုံးယောက်တွဲစီ အပျော်သဘော ခတ်နေကြတုန်း စံဖူးရောက်လာတော့ ပထမတော့ သူက ဘေးကနေ အသာရပ်ကြည့်နေသေးတယ်။ နောက်တော့ အနိုင်သုံးလေးပွဲ ဆက်နေတဲ့ နဂျယ်ကောင်တို့ အသင်းကို ကြည့်မရတာလား နဂျယ်ကောင့်ကို မျက်မုန်းကျိုးနေတာလားတော့ မသိဘူး၊ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ `နကျယ်ကောင်၊ မင်းနဲ့ငါ တယောက်ခြင်း ချမလား´ ဆိုပြီး စိန်ခေါ်တော့တာ...။

နကျယ်ကောင်ကလဲ `အေး...၊ ချတယ်ကွာ´ လို့ ပြန်ပြောတာပဲ။ ဘေးက သူငယ်ချင်းက မွန်လို `နကျယ်ကောင်၊ ဂွဲ့ဝူး ဂွဲ့ဝူး (မရဘူး)´ ဆိုပြီး တားသေးတယ်။ နကျယ်ကောင်က `ဂွဲ့...တယ်ကွာ´ ဆိုပြီး ဇွတ်တရွတ်နိုင်တာနဲ့ပဲ စံဖူးနဲ့ နဂျယ်ကောင် ခြင်းပွဲ ဖြစ်လာတော့တာပဲ။ လောင်းကြေးကတော့ တယောက်ကို ဆယ့်ငါးကျပ်ကြေး...။

***

စံဖူးနေတဲ့ လမ်းထဲမှာ နကျယ်ကောင် သွားသွားပိုးနေတဲ့ ချောစိန် ဆိုတဲ့ မွန်မလေး တယောက်ရှိတယ်။ စံဖူးကလဲ အဲဒီကောင်မလေးကို လိုက်နေတာ ဆိုတော့ နကျယ်ကောင့်ကို သိပ်မကြည်ဘူး။ ကောင်မလေးက ကိုးတန်း...၊ နကျယ်ကောင်ထက် တတန်းငယ်တယ်။ စံဖူးကတော့ ခြောက်တန်းကတည်းက ကျောင်းထွက်ထားတဲ့ကောင်ဆိုတော့ နကျယ်ကောင်က သူ့ထက်စာရင် တပန်းသာနေသလိုလို ဖြစ်နေတာပေါ့။ ဆရာမသားကလဲ ဖြစ်နေသေးတာကိုး။ တရက်ကျတော့ နကျယ်ကောင် ချောစိန်တို့ လမ်းထဲ ရစ်သီရစ်သီ သွားလုပ်တုန်း စံဖူးနဲ့ ဆုံတယ်။

`နကျယ်ကောင်၊ ဘယ်လဲကွ´
`ဒီနားတင်ကွ´
`ဘာလဲ၊ ချောစိန်တို့ အိမ်လား´

နကျယ်ကောင် ရှုတည်တည်နဲ့ ပြန်ကြည့်ပြီး `အေး...၊ ဟုတ်တယ်ကွာ´ လို့ ပြန်ဖြေလိုက်တယ်။

`မင်းနဲ့ သူနဲ့ ဖြစ်နေပြီလား´

အမှန်တကယ်က ရည်းစားဖြစ်ဖို့ နေနေသာသာ ကောင်မလေးကို ဘာမှတောင် နကျယ်ကောင် အဲဒီတုန်းက မပြောရသေးဘူး။ ဟိုက ပြန်ကြိုက်လား မကြိုက်လား သိဖို့ဆိုတာကတော့ ဝေးရောပေါ့...။ ဒါပေမယ့် နကျယ်ကောင် စံဖူးကို တော်တော်လေးကို မျက်စိစပါးမွှေးစူးနေတာနဲ့ပဲ...။

`အေး၊ ဖြစ်နေတယ်ကွ´

ယုံသလိုလို၊ မယုံသလိုလို မျက်နှာနဲ့ စောင်းငန်းစောင်းငန်း လှည့်ထွက်သွားတဲ့ စံဖူးကို ကြည့်ပြီး စိတ်ထဲကတော့ တခွိခွိနဲ့ပေါ့...။ အခု ခြင်းပွဲဖြစ်လာရတဲ့ အရင်းခံက အဲဒီအချက်တွေကြောင့်လဲ ပါတာပေါ့။ ရည်းစားလုဘက် မဟုတ်တဲ့ အပြိုင်ပိုးဘက်တွေလို့ ပြောရမလားဘဲ။

***

`သရီး... လပ်ဖ်´

ဟိုကောင်က သုံးမှတ်တက်သွားပြီ။ နကျယ်ကောင့်ခမျာ အူယားဖားယား နိုင်လို့ကောင်းတုန်း။ ခါးတောင်းကြိုက်ထားတဲ့ ပုဆိုးကို ပေါင်ရင်းမှာ ကပ်နေအောင် ခပ်ကျစ်ကျစ်လေး လိပ်တင်ရသေးတယ်။ ဟိုကောင် စံဖူးကတော့ ရှမ်းပြည်ပြန် ယိုးဒယားဖြစ် အားကစားဘောင်းဘီနဲ့...။ နကျယ်ကောင့်ကိုလဲ ထီမထင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေသေးတယ်။

နောက်တလုံး...။

ဝှီးခနဲ ရောက်လာတဲ့ ခြင်းလုံးကို မျက်စိစုံမှိတ် ခေါင်းတိုက်ပစ်လိုက်တာ ခြင်းလုံးက ပိုက်ထဲကို သွားတိုးပြန်ပါလေရော...။ သွားပြန်ပြီ။

`ဖိုး... လပ်ဖ်´

***

စံဖူးက လှောင်ထေ့ထေ့ မျက်နှာထားနဲ့...

`ဘယ်လိုလဲ...၊ အမှတ်ကျော ယူမလား နကျယ်ကောင်´
`မယူဘူးကွာ´

နောက်တလုံး...။

ဒီတခါတော့ စံဖူးက နကျယ်ကောင့်ကို လျှော့တွက်ထားပုံနဲ့ ဆာဗင်ကို ခပ်မြောက်မြောက်လေး ပင့်ခတ်ပြီး ပို့လိုက်တယ်။ ဘယ်ရမလဲ...၊ မီးရထားတွဲ ၀င်ဆောင့်သလို အရှိန်နဲ့ ဒုန်းဆို ပြေးတိုက်လိုက်တာ ဟိုဘက်ကွင်းထောင့်ကို ခြင်းလုံးက စိုက်ခနဲ ရောက်သွားတယ်။ ဟိုကောင် ခြေကားယားနဲ့ လိုက်ဖမ်းတာ မမိတော့ဘူး။

`လပ်ဖ်... ဖိုး´

စံဖူးဆိုတဲ့ကောင်က ဘယ်သန်...၊ ဒီတော့ ညာဘက်ကို ထိုးရင် ဒီကောင် ဆယ်နိုင်လောက်မှာ မဟုတ်ဘူးလို့ တွက်တယ်။ ဒီလိုနဲ့...။

***

`နိုင်း ... အလဲဗင်း´

နေပူက ကျဲကျဲအောက်မှာ ကျောအပြောင်သားနဲ့ စံဖူးနဲ့ နကျယ်ကောင် ခြင်းစွမ်းပြနေလိုက်ကြတာ ပွဲက အရှိန်တော့ တော်တော်ကောင်းစ ပြုလာပြီ။ နှစ်မှတ်ပဲ ကွာတော့တာမို့ စံဖူးကလဲ စောစောကလို အထင်မသေးရဲတော့ဘူး...။ အဲဒီအခိုက်မှာပဲ...။

ဆာဗင်ထိုးတော့မယ့် နကျယ်ကောင့် မျက်လုံးက ခြင်းကွင်းရဲ့ ဟိုးဘက်က လမ်းမကို တချက်လှမ်းကြည့်မိတယ်။ ခပ်ဝေးဝေးကနေ လျှောက်လာနေတဲ့ အရိပ်လေး တခု...၊ သူ့စိတ်ကြောင့်ပေါ့ နေပူပူမှာ ခြင်းအပြိုင်ခတ်နေရတာ...။

ချောစိန်...။

ခြင်းကွင်းကို ဆတ်တောက်တောက်ပုံစံ ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ ချောစိန်ကို တွေ့တော့...။

***

ရုပ်ရှင်တွေထဲမှာတော့ အဲဒီအချိန်မှာ နကျယ်ကောင် အားတွေတက်ပြီး နိုင်မှာပေါ့။ တကယ်တမ်း အပြင်မှာကျတော့ ချောစိန်ကို တွေ့တော့မှပဲ အမှတ်တွေလဲ တမှတ်မှ မတက်တော့ဘူး။ ရှုံးသွားပါလေရော...။

အဲဒီနေ့က နကျယ်ကောင် ဆယ့်ငါ့းကျပ်ရှုံးသလို ခြေထောက်လဲနာ၊ ခေါင်းလဲ နာပေါ့...။ ဒါပေမယ့် စံဖူးကို နကျယ်ကောင် နိုင်လိုက်ပါတယ်။

ဘာလို့လဲဆိုတော့..။

အဲဒီနေ့ ညနေမှာ ချောစိန်နဲ့ နကျယ်ကောင် တကယ်ပဲ ရည်းစားဖြစ်သွားကြတယ်။ ခြင်းလုံးပွဲ ရှုံးတာကို သနားလို့တဲ့...။

***


ကလိုစေးထူး

9 comments:

Anonymous said...

အဲဒီချောစိန်နဲ့ ရီးစား ဘယ်နှစ်လ ဖြစ်ခဲ့လဲ။
အဟီး

Anonymous said...

နဂျယ်ကောင် ကံကောင်းတာပေါ့ ခြင်းပွဲမှာ ၁၅ ကျပ်ရှုံးပေမယ့် အချစ်ပွဲမှာ ၁၅၀၀ ရလိုက်တယ်လေး) ဒါနဲ့  ချောစိန်နဲ့ က ဘယ်လိုရည်းစားတွေဖြစ်သွားတာတုန် နဂျယ်ကောင် ရှုံးသွားလို့  သနားချစ်နဲ့  ချစ်သွားတာလားမသိဘူးနော့် :P

Moe Cho Thinn said...

တယ်ကောင်းတဲ့ အရှုံးပါလားဟေ့။

Anonymous said...

ချောစိန်ခမျာ သနားစရာနော် ...

Anonymous said...

အရှုံး ထဲက အမြတ်ဘဲပေါ့.....ဟီးဟီး

thonn thonn said...

မိန်းကလေးတစ်ယောက်အချစ်ကို ဘောလုံးပွဲတို့ ခြင်းလုံးပွဲတို့နဲ့ ပြိုင်တဲ့ခေတ်မကုန်သေးဘူးနော်။ ကောင်းတယ်။ ရှုံးသွားလို့ သနားပြီး ရွေးလိုက်တာတော့ မမိုက်ဘူး။ :)

sawthanlwin said...

Best loser....

Unknown said...

ကြွားတယ်ဗျို့)))))))))) :P

တန်ခူး said...

ချောစိန်ဆိုတာ ကန်စွန်းပွင့်လေးပန်ပြတဲ့ ကောင်မလေးလား…