`ဂလုံ... ဂွမ် ဂွမ် ဂွမ်´
ကြိုးတပ်ထားတဲ့ စစ်သုံးဟန်းကောကို ရေတွင်းဝ ခပ်ကျဉ်းကျဉ်းလေးထဲ ပစ်ချလိုက်တော့ ဟန်းကောက လူးကာလွန့်ကာနဲ့ ဂလုံဂလွမ် အသံတွေပေးပြီး ခုန်ဆင်းသွားတယ်။ ဟန်းကောကို ရေမြုပ်အောင် ခဏလေးစောင့် ...၊ ပြီးရင် အပေါ်ကို ဆွဲတင်လိုက်တော့ ရေမပါ့တပါ ဟန်းကောက တကျွိကျွိနဲ့ အပေါ်ကို ပြန်တက်လာတယ်။ ရေတွင်းဘေးမှာ ချထားတဲ့ သံပုံးထဲကို ဗွမ်းဆို လောင်းထည့်...၊ ပြီးတော့ ရေတွင်းထဲက ရေထပ်ကဲ့...။
လဆန်းရက်ရဲ့ ည ၇ နာရီခွဲသာသာမို့ မိုးပေါ်က လမင်းကလဲ မပြူတုံ့ပြူတုံနဲ့...။ လရောင်အောက်မှာတော့ ရေတွင်းသေးသေးလေး ဘေးမှာ ကောင်လေး တယောက်နဲ့ ကောင်မလေး တယောက်ရယ် လေးထောင့်သံပုံး နှစ်ပုံးရယ်၊ စစ်သုံးဟန်ကောရယ်...။
`ဌေးနှင်းဝေ´
`ဘာလဲ´
`ဟို...၊ ဟိုလေ´
ဝကစ်ကစ်နဲ့ ကောင်မလေးက မှောင်မှောင်မဲမဲနဲ့ ရေတွင်းထဲကို ဘာမှမမြင်ရဘဲနဲ့ ငုံ့ကြည့်နေတယ်။ ရေတွင်းထဲက စစ်သုံးဟန်းကောက တကျွိကျွိနဲ့ တက်လာပြန်တယ်။ ရေပြည့်လုလု ကောင်မလေးရဲ့ ရေပုံးထဲကို ဖြည့်လိုက်ရင်း ဗြုံးဆို ကောင်လေးက...
`နင့်ကိုငါ ကြိုက်တယ်ဟ´
***
လရောင် မှိန်မှိန်အောက်မှာ စည်ပိုင်း အသေးစားလေးနဲ့ တူတဲ့ ကောင်မလေးက ၀ကစ်ကစ်ကိုယ်လုံးလေး လှုပ်လီလှုပ်လဲ့နဲ့ ရေတွင်းကို နောက်တခေါက် ပြန်ရောက်လာပြန်တယ်...။ ရေပြည့်သွားတဲ့ ကောင်လေးက သူ့အိမ်ကို ရေတခေါက်သွားဖြည့်နေခိုက်နဲ့မို့ ရေတွင်းဘေးမှာ စစ်သုံးဟန်းကောကလေးပဲ ရှိနေတယ်။ ခဏနေမှ ကောင်လေး ပြန်ရောက်လာတယ်။
`နင်ရော ငါ့ကို ကြိုက်လား´
ရောက်ရောက်ခြင်း မေးလိုက်တဲ့ ကောင်လေးရဲ့ အမေးကြောင့် ကောင်မလေး လန့်ပြီး လွှတ်ချလိုက်တဲ့ ဟန်းကောက ရေတွင်းနံရံကို ထိမိသွားတာ အသံတွေက ဆူညံသွားတာပဲ။
`ဟာ...၊ နင်ကလဲ၊ ချက်ချင်းကြီး ...´
ကောင်လေး ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သွားပြန်တယ်။ ပတ်ဝန်းကျင်တခုလုံးမှာ ဟန်းကောသံ ဂလုံဂလွမ်တွေကပဲ ပြန်ဖုံးသွားပြန်တယ်။ တော်တော်ကြာမှ...
`ဌေးနှင်းဝေ´
`ဟမ်´
`ဟိုလေ...၊ နင် အခု အဖြေပေးရခက်ရင်လေ ငါ့ကို နောက်နေ့ကျရင် ပန်းပန်ပြလေ´
`ဟာ...၊ နင်ကလဲ၊ ငါ့မှာ ပန်းဝယ်ဖို့ ပိုက်ဆံ မရှိဘူးဟ´
အဲဒါမှ ဒုက္ခ...၊ ကောင်လေးမှာကလဲ ၀င်ငွေရှိတာမှ မဟုတ်တာ။ အခုမှ ကျောင်းနေတုန်း စာသင်သားအရွယ် ဘယ်က ၀င်ငွေ ရှိမှာတုန်း။ ပန်းပွင့်ရအောင် ဘယ်လိုလုပ်ရပါ့...။ ပန်းဝယ်ဖို့ ပိုက်ဆံမရှိဘူး ဆိုတော့ ပန်းတော့ ပန်ပြချင်တယ်ဆိုတဲ့ သဘောများလား။ စိတ်ထဲမှာ ဟိုတွေးဒီတွေးတွေးနေရင်းနဲ့ အိမ်နောက်ဖေးက ကန်စွန်းခြုံတွေကို မျက်စိထဲ သွားမြင်ယောင်လာတယ်။
ဟုတ်တာပဲ...။ သူတို့တွေရဲ့ အိမ်နောက်ဖေးတွေမှာ အလေ့ကျသဘော ပေါက်နေတဲ့ ကန်စွန်းပင်တွေမှာ အပွင့်တွေ အများကြီးပဲလေ။ သူနဲ့ ကောင်မလေးအိမ်က တအိမ်ကျော် ဆိုပေမယ့် အိမ်နောက်ဖေးခြင်းကျတော့ လှမ်းမြင်နေရတာ...။ နောက်ဖေး အိမ်သာကို သွားတဲ့ ၀ါးတံတားပေါ်မှာလဲ ကန်စွန်းပင်တွေက နွယ်လိမ်ပြီး ပေါက်နေသေးတယ်လေ။ အဲဒီက အပွင့်ကို အပန်ခိုင်းလိုက်ရင်... ... ...။
`နင်တို့အိမ်နောက်ဖေးမှာလေ ...´
`... ... ...´
`ကန်စွန်းပန်းတွေ ရှိတယ်လေဟာ´
`အင်း´
`အဲဒါလေ၊ နင် တပွင့်လောက် ပန်ပြီး ၀ါးတံတားပေါ် ရပ်ပြလေ´
ကောင်မလေး ဘာမှပြန်မပြောဘဲ ရေပဲ ခပ်နေတော့တယ်။ ရေပြည့်လို့ ရေပုံးကို အမမှာ ...
`ဟဲ့...၊ ပန်ပြမှာလား´
`ဟာ...၊ မသိဘူးဟာ´
ဘောက်ဆတ်ဆတ်နဲ့ ပြန်သွားတဲ့ ကောင်မလေး အဲဒီညက ရေတွင်းကို နောက်တခေါက်ပြန်မလာတော့ဘူး။
တကယ်တော့ နောက်နေ့တွေကျတော့ ကောင်မလေးက ကန်စွန်းပန်းလဲ မပန်ပြပါဘူး။ အဖြေတောင်းတာကလဲ တော်တော်ကို အူကြောင်ကြောင် နိုင်လို့ပဲလားတော့ မသိဘူး။ ကောင်လေး အမေကို သွားတိုင်ပါလေရော...။ အဲဒါနဲ့ အဖြေမရဘဲ အမေ့ ဒုတ်စာ မိလိုက်တာပဲ အဖတ်တင်တယ်လေ။
***
နောက် ၇ နှစ်လောက်လဲ ကြာရော...။
တနေ့မှာပေါ့...။
နယ်ကိုပြောင်းသွားပြီးမှ ရန်ကုန်က အဖေရှိရာကို အလည်ပြန်ရောက်လာတဲ့ ကောင်လေးက တရက်တော့ အဲဒီရေတွင်းရှိတဲ့ လမ်းထဲကို ရောက်လာတယ်။ သူတို့နေခဲ့ဖူးတဲ့ အိမ်ကလေးကို ၀ယ်ထားတဲ့ ဘကြီးဦးတင်ဝင်းကို လာနှုတ်ဆက်တာပါ။ ရန်ကုန်အကြောင်း၊ နယ်အကြောင်းတွေ စကားစမြည်ပြောနေကြတုန်း...။
`အစ်ကို...၊ အစ်ကို´
`ဟေ´
`ဟိုမှာလေ မကြီးဌေးနှင်းဝေ´
ဦးတင်ဝင်းရဲ့ သား သန်းထိုက်ဦး လက်ညှိုးထိုးပြတာကို လိုက်ငေးလိုက်တော့...၊ လားလား...။
၇နှစ်လွန် ကာလအတွင်း စည်ပိုင်း အကြီးစားကြီးနဲ့ တူနေတဲ့ ဌေးနှင်းဝေ...၊ ရာဝင်အိုးကြီးကို ခြေထောက်တပ်ပေးထားသလို ခြေလှမ်းတွေနဲ့ တလှုပ်လှုပ်လျှောက်လာလိုက်တာ ဦးတင်ဝင်းတို့ အိမ်ရှေ့ရောက်တော့ ကောင်လေး တဖြစ်လဲ လူရွယ်ကို မြင်သွားပါလေရော။
`ဟယ်...၊ နင်ရန်ကုန်ရောက်နေတာလား၊ ငါ့ဆီလာလည်လေ´
`သြော်...၊ ဟုတ်...၊ အင်း...၊အင်း...´
`လေစိမ်းတွေ တိုက်မနေနဲ့နော်´
လှုပ်လီလှုပ်လဲ့နဲ့ ထွက်သွားတဲ့ ဌေးနှင်းဝေရဲ့ ခေါင်းမှာ ပန်းတပွင့်ပန်ထားတယ်။ ဟူး...တော်ပါသေးရဲ့၊ ကန်စွန်းပန်းမဟုတ်လို့...။ အဲဒီအချိန်မှာပဲ အိမ်ရှေ့အိမ်က ဖွင့်လိုက်တဲ့ ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်က ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာတယ်။
`အချစ်ဆိုသည်မှာ ~~~ အံ့သြမှုများနဲ့ ဆန်းကျယ်သော အရာ~~~ အချစ်ဆိုသည်မှာ ~~~´
အဲဒီနေ့က....။
ဌေးနှင်းဝေတို့အိမ်ကို ကောင်လေး သွားမလည်ဖြစ်ခဲ့ပါဘူး...။
***
ကလိုစေးထူး
(မတန်ခူး Tag ထားတဲ့ `အချစ်ဆိုသည်မှာ´ ခေါင်းစဉ်ကို ၀တ္ထုအသွင် ဖန်တီးတင်ဆက်ပါတယ်။ စာမရေးဖြစ်တဲ့ ရက်တွေအတွက် လာလည်ဖတ်ရှုကြသူ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ်။)

20 comments:
အစ်ကိုစေးထူး တာထွက်မကောင်းဘူးပေါ့ တော်သေးတယ် စီပိုင်းကြီးနဲ့  ဖူးစားမဆုံတာ အဲ့ အချစ်က နှောင်းခေတ်အချစ် မှတ်လား ခေတ်သစ်အချစ်လေးလည်းလုပ်ပါအူံး ကိုးစေးထူးးစာတွေ မြှုပ်ကွက်တွေများပါ့း) ဒါပေမယ့်ဖတ်လို့ တော့တော်တော်ကောင်းတယ် ။
အဟမ်း..အဟမ်း
ဖြစ်တတ်ပါတယ် အကိုစေးထူးရယ်။ ဖြစ်တတ်ပါတယ်။
ဟဲ... ဟဲ....
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
ဟဲဟဲ အကိုစေးထူးရဲ့ အချစ်ဆိုတာကတော့ စည်ပိုင်းကြီး အဲဟုတ်ပေါင် မှားလို့ အလွမ်းကြီးပေါ့နော့် ..... အချစ်ဆိုသည်မှာကတော့ လုပ်နေတာ များလိုက်တဲ့ အချစ်ဒဿနတွေနော့် လိုက်လို့ကို မမီတယ်
`အချစ်ဆိုသည်မှာ ~~~ အံ့သြမှုများနဲ့ ဆန်းကျယ်သော အရာ~~~ အချစ်ဆိုသည်မှာ ~~~´
ဒီပိုစ်လေးက သိင်္ဂါရ ရသပေးတယ်..
နိဂုံးက လွဲလို့…
း)
အစ်ကို့ ရဲ့ အချစ်က တစ်မျိုးလေးပဲ နော်..
သူများနဲ့ဘယ်တော့မှ ကိုမတူဘူး....
ဖတ်လို့ကောင်းတယ် အစ်ကို...
အချစ်ဆိုသည်မှာ....အံ့သြမှုများနဲ့ဆန်းကျယ်သောအရာ
ဆိုတာတော့အမှန်ပဲ...
စိတ်ထဲမှာတော့ ကန်စွန်းပန်းလေးပန်ထားမယ့်ကောင်မလေးကိုမြင်နေမိသ
လိုပဲ...း)
ကိုစေးထူးကြီး .. ~~ အချစ်ဆိုသည်မှာ .. စည်ပိုင်းကြီးနှင့် အလားသဏ္ဍန် တူသောအရာ .. အချစ်ဆိုသည်မှာ .. ပြောင်းလဲတတ်တာ သဘာဝတရားလေလား ~~ :P သဘောကျလို့ :D
မဆုံဆည်းခဲ့လေသော အချစ်များ
စည်ပိုင်းမှာလဲ အချစ်နဲ့ပါ :)
သူ ကန်စွန်းပန်း မပန်ပေမဲ့ တခြားပန်း ပန်ထားတာ ကြည့်ပါလား..
ရီရတယ်...
ဖြစ်ရပ်မှန်က ကန်ဇွန်းပန်းပန်ပြခဲ့တယ် ဟုတ်ဘူးလား ကိုကြီးစေးထူးရ
(စတာပါဗျို)
အရေးအသားညက်ညောသူများ ဇာတ်အိမ်ကို လိုလလို ရေးသွားနိုင်တာ ပိုင်ပ
ကိုစေးထူးရေ… ဒီအကြောင်းလေး ဖတ်ချင်တာနဲ့ အတော်ပဲ… ကျေးဇူးပါ…
ကောင်လေးနဲ့ ကောင်မလေးရယ်…ဟန်းကောသံရယ်…ရင်ခုန်သံတွေရယ်…ကန်စွန်းပွင့်ရယ်နဲ့ …ဆွဲခေါ်သွားတော့… အင်း…အဲဒီလို အဆုံးသတ်လိမ့်မယ် မထင်ဘူး…
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ခိုင်နဲ့ ပြန်တွေ့ တာ သတိရမိတယ်… ဘာပဲဖြစ်ဖြစ် ဒါပဲ ပထမဆုံးရင်ခုန်သံမိုလား… ခုထိမှတ်မိနေသေးတာ ကြည့်လေ…
ဟားး ဟားး ကန်စွန်းရွက်ပန်း ပန်ခိုင်းတယ်တဲ့လား :lol

http://athayelay.iblogger.org/
http://athayelay.iblogger.org/
အဲဒီဇာတ်လမ်းလေးက သနားစရာကောင်းသလို သင်ခန်းစာယူစရာလဲကောင်းပါရဲ့။
ဖတ်ကြည့်လိုက်ပါလား
တော်သေးတာပေါ့ ကန်စွန်း ပလိန်း အချစ်မဟုတ်လို့ :P
:)
Post a Comment