Wednesday, October 08, 2008

ဒါဖြင့် ဒီလိုလုပ်တာပေါ့

ဆောင်းပါးတပုဒ်ကို ရေးပြီးခါစတုန်းကပေါ့...။

ရင်းနှီးတဲ့ မိတ်ဆွေတယောက်ကို အဖတ်ခိုင်းပြီး ထင်မြင်ချက်ပေးခိုင်းတော့ သူပြန်ပြောတဲ့ မှတ်သားစရာ စကားကို ကျနော် မှတ်မိနေပါသေးတယ်။

`ခင်ဗျားရေးတာ မျှတပါတယ်။ ဒါပေမယ့် ပြဿနာတွေကို ချခင်းပြနေတာနဲ့ပဲ တူနေတယ်´

***

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံးမှာ ပြန်ရေးခဲ့သမျှတွေရဲ့ အများစုတွေက အဲဒီအတိုင်းချည်းပဲလို ဖြစ်နေခဲ့တယ်။ မတရားမှုတွေ၊ နိုင်လိုမင်းထက် ပြုမှုတွေ၊ သာတူညီမျှမရှိမှုတွေ၊ ခြစားမှုတွေ အစရှိတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဘက်ပေါင်းစုံကနေ ကျနော် တင်ပြခဲ့တယ်။ ဒါပေမယ့် ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပေးတဲ့နေရာမှာတော့ တော်တော်လေးကို အားနည်းခဲ့တာကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။

ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုတော့ ပုံဖော်တင်ပြခဲ့ပါရဲ့...။ အဲဒီ တင်ပြချက်တွေချည်းသက်သက်ဟာ ထိရောက်တဲ့ အဖြေကောင်းတခုတော့ မဟုတ်သေးဘူးလို့တော့ ထင်လိုက်မိတယ်။

သို့သော်...။

***

မြန်မာပြည်မှာ ထင်ရှားကျော်ကြားတဲ့ နာမည်ရ စာရေးဆရာကြီး တယောက်က သူ့ဆောင်းပါး တပုဒ်မှာ `ဒါဖြင့် ဘာလုပ်ကြမလဲ´ ဆိုပြီး မေးခွန်းပြန်ထုတ်တဲ့ စာကို ဖတ်မိလိုက်ရပါတယ်။

အဲဒီ စာရေးဆရာကြီးရဲ့ သဘောက သူကတော့ အဲဒီ လမ်းကြောင်းကို လက်ခံပြီ။ ဒီတော့ လက်ရှိ အခြေအနေကို လက်မခံရင် ဘာဆက်လုပ်ကြမလဲ လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြဖို့သာ ရှိတယ်လို့ ဆိုတယ်။

အဲဒီဆရာကြီး ရေးထားသလို လက်ရှိအခြေအနေဟာ ကျနော်တို့အတွက် လက်ခံစရာ အနေအထားမဟုတ်တာကလဲ သေချာနေတယ်။ ဒါပေမယ့် သူက ပြန်မေးထားတာက `ဒါဖြင့် ဘာလုပ်ကြမလဲ´ ...တဲ့။

***

တကယ်တော့ အဖြေက ရှင်းနေပြီးသားပါ။

ဒါကြီးကို ကျနော်တို့ မကြိုက်မှတော့ မကြိုက်ကြောင်း ပြတ်ပြတ်သားသား သဘောထားပြဖို့က နံပါတ်တစ်ပါ။ အဲဒီ အဆင့်ကို ပြတ်ပြတ်သားသား ပြပြီးရင်တော့ နောက်တဆင့်အနေနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ ဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ကန့်ကွက်ဖို့အတွက်ကတော့ ဆန့်ကျင်ချင်တဲ့ စိတ်တွေ ပေါ်လာအောင် လှုံ့ဆော်ရတော့မှာပေါ့။

မပြန်လမ်းကြောင်းကို အခိုင်အမာခင်းတော့မယ့် လူတွေရဲ့ စေတနာမဲ့ လုပ်ရပ်တွေ ပုံပေါ်လာအောင် သူတို့ရဲ့ တရားမမျှတမှု၊ နိုင်လို မင်းထက်ပြုမှု၊ ခြစားမှု၊ လူသားမဆန်မှုတွေကို ဖော်ထုတ်ရတော့မှာပဲပေါ့။ ဒါမှလဲ ဟန်ဆောင်ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကို ပြည်သူတွေ သိတော့မှာပေါ့။ လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ မတရားမှုတွေကို အဲဒီလိုမှ မဖော်ထုတ် မရေးသားရင် သူတို့ပြောသမျှတွေနဲ့ပဲ အဟုတ်ထင်ပြီး ရေစုန်မျောတော့မှာပေါ့။

ဒါဆိုရင် `ဒါဖြင့် ဘာလုပ်ကြမလဲ´ ဆိုတဲ့ အမေးအတွက် အဖြေက တခုတည်း ရှိတော့တယ်လို့ ထင်တယ်။

`ဒါဖြင့် ဆန့်ကျင်ကန့်ကွက်ကြမယ်´ ...။

အဲဒီလို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် တဦးချင်းမှသည် အစုအဖွဲ့၊ အစု့အဖွဲ့မှသည် တပြည်လုံး အတိုင်းအတာ အထိ ဖြစ်လာအောင် မတရားမှုတွေကို ဖော်ထုတ်ကြရမယ်။ စည်းရုံးလှုံ့ဆော်ရမယ်။ တယောက်ပါလာရင် တယောက်၊ နှစ်ယောက်ပါလာရင် နှစ်ယောက်လို့ သဘောထားလို့ တရားမျှတမှုရဲ့ ဘက်တော်သားတွေ များသထက်များလာအောင် မတရားမှုတွေရဲ့ အညစ်အထေးတွေကို ဖော်ထုတ်ကြရမယ်။ ဒီတော့...။

`ဒါဖြင့် ဒီလိုလုပ်တာပေါ့´

***


ကလိုစေးထူး

5 comments:

Moe Cho Thinn said...

ဟုတ်တယ်။
ဒီလိုပဲ လုပ်ကြမယ်။

Anonymous said...

ဒါဖြင့် မတရားတာကို ဆက်လက်ဆန့်ကျင်မယ်၊ ဒူးထောက်ဝါဒ လက်ကိုင်စွဲပီး ရသလောက်လေး သနားသလောက်လေး ယူတာပေါ့ ဆိုပီး အဓမ္မ ကိုတော့ အရှုံးပေးစရာ မလိုဘူး။ နည်းဗျူဟာတွေ လမ်းစဉ်တွေ ၀ါဒတွေ အမျိုးအမျိုးကိုင်စွဲကြ ကြံ့ကြံ့ခံတိုက်ပွဲဝင်ကြ။ အချိန်တွေရင်းရမယ်။ နှစ် ၂၀မကလို့ နောက် အနှစ်၂၀လဲ ကြာရင်လဲ မတတ်နိင်ဘူး အဓမ္မ မတရားမှုကိုတော့ အစိုးမိုးမခံဘူး။ ဒါဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရုံပဲရှိတယ်။ ဒါဖြင့် ဒီလိုပဲ လုပ်ရမှာပဲ။
စာကြွင်း။ ဒီပို့စ်ကို အကြွင်းမဲ့ ထောက်ခံတဲ့အတွက် အစက ကွန်မန့်မပေးတော့ပဲ ခပ်ငြိမ်ငြိမ်ပဲနေခဲ့ရာက၊ ပို့စ်အသစ်က ကွန်မန့်မှာ တစ်ယောက်က ဒီမှာ ကွန်မန့်နဲလှချည်လား လို့ပြောထားတာ တွေ့တာနဲ့ ပြန်လာရေးလိုက်တာပါ။ စကားမစပ် အဲဒီပြောတဲ့ သူကိုယ်တိုင်တော့ ဒီမှာ ကွန်မန့်ပေးမထားပါလား။
မင်းနန္ဒ

ကလူသစ် said...

ဟား ဟား နှစ်ခါမပေးတော့ပဲ တခါထဲ ရေးလိုက်တာလေ။ မပေးချင်ရင် အစကထဲက မပြောပဲနေမှာပေါ့။

Anonymous said...

ပြည်သူ တော်တော် များ များ အကြောက်တရား က ကင်းလွတ်တဲ. နေ. ကတော. နအဖ စစ်ကျွန်အောက်က လွတ်မြောက်မဲ. နေ.ဆိုတာ...
ကျွန်တော်ယုံကြည်တယ်....
အဲဒီတော....အကြောက်တရား ကင်းအောင် တယောက်က အစ တစ်ရာ အဆုံး လုပ်ကြရမယ်။။။

Anonymous said...

ကိုစေးထူးရေ .. အရင်က ဖတ်သာဖတ်နေတာ မရေးဖြစ်ဘူး ကွန်းမန့် .. ဒီတခါတော့ မောင်ဇက်တို့ ရေးပီဗျို့ .. ဂွတ်တယ်ဗျာ .. အရေးအသားစတိုင်လ် ခွဲထွက် သွားတယ် ..