ကျနော် ငယ်ငယ်က တော်တော်လေး ခက်ခဲတဲ့ အရာတခု ရှိဖူးတယ်။ အဲဒါကတော့ ငွေစုဖို့ ကြိုးစားတာပါပဲ။
မှတ်မှတ်ရရ...၊ ကျောင်းစနေတုန်းက ပထမဆုံး ရတဲ့ မုန့်ဖိုးက တနေ့မှ ဆယ်ပြား...။ ငွေရောင် လေးထောင့် ဆယ်ပြားစေ့လေး တစေ့ကို မေမေက အိပ်ကပ်ထဲ ထည့်ပေးလိုက်ရင် အိပ်ကပ်လေး တပွတ်ပွတ်နဲ့ ကျောင်းကို ကော့လန်ကော့လန် သွားတော့တာပဲ။ ဆယ်ပြားက ကျောင်းမှာရောင်းတဲ့ ဟင်းရည်ကျဲကျဲနဲ့ မုန့်ဟင်းခါးဖတ် မပါ့တပါ တပွဲတော့ ရတယ်။ ကန်စွန်းဥပြုတ်တလုံး ဖြစ်ဖြစ်၊ ရွှေအိုးကြီး ဇီးထုပ်တထုပ်ဖြစ်ဖြစ်လဲ ရနိုင်သေးတယ်။
နှစ်တန်း ကျောင်းသားဖြစ်တော့ မေမေက မုန့်ဖိုးတိုးပေးတယ်။ တနေ့ကို ပြားနှစ်ဆယ် ... ...။ တနေ့ကို ဆယ်ပြားနှုန်းနဲ့ တပတ်မှာ ငါးရက်၊ ငါးမူးတိတိ ၀င်ငွေ ရှိနေရာကနေ နှစ်တိုးပြီး တပတ်ကို တကျပ်ဝင်လာတာပေါ့...။
ဒီလိုနဲ့ တရက်ကျတော့ မေမေနဲ့ ဈေးအတူ လိုက်သွားရင်း ဈေးထဲမှာ ၀ါးဆစ်ဘူး ရှည်လမျောလေးတွေကို ထိပ်မှာ အပေါက်ဖောက်ပြီး စုဗူးလုပ်ရောင်းတဲ့ အသည်ကို သွားတွေ့တယ်။ ဒါနဲ့ပဲ မေမေ့ကို `မေမေ စုဘူးဝယ်ပေး´ လို့ ပူဆာတော့ မေမေကတော့ ငါ့သားကြီးက စုချင်ဆောင်းချင်စိတ် ရှိသားလို့ တွေးပုံနဲ့ အားတက်သရော ၀ယ်ပေးပါလေရော...။
အစပိုင်းတုန်းကတော့ ဟုတ်တုတ်တုတ်...။ တနေ့ကို ဆယ်ပြားစေ့လေး တစေ့တစေ့နဲ့ ၀ါးစုဗူးထဲ ထည့်လာလိုက်တာ ၀ါးစုဘူးထဲ အကြွေစေ့လေး ထည့်လိုက်၊ ဂလောက် ဂလောက်နဲ့ နားထောင်လိုက် အဆင်ကိုပြေလို့...။ ဒါပေမယ့် အဲဒီ ခံစားချက်က တလလားပဲ ခံလိုက်တယ်။ ဂလောက် ဂလောက်နဲ့ အကြွေစေ့တွေကို သွားကြားထိုးတံနဲ့ ထိုးထိုးပြီး အပြင်ကို ပြန်ကလော်ထုတ်တာပဲ။ ကလော်ထုတ်ရင်း ထုတ်ရင်းနဲ့ အားမရလာတော့ ဓားမနဲ့ ခွဲလိုက်တာ ၀ါးစုဘူးပါ နှစ်ခြမ်းကွဲသွားတယ်။
ပြောချင်တာက စုချင်ဆောင်းချင်စိတ် နည်းပါတာ...။ ငွေကို ဟိုတတိ ဒီတတိ စုရတာကို သိပ်ပြီးတော့ ခုံမင်တဲ့အထဲမှာ ကျနော် မပါခဲ့ဘူး။
***
ခြောက်တန်း ကျောင်းသား ဖြစ်တော့ တနေ့ကို တကျပ် မုန့်ဖိုးရနေပြီ။ ကားခက အသွားအပြန် ပြားလေးဆယ် ကုန်တော့ ပြားခြောက်ဆယ်က ကိုယ့်အတွက်ပေါ့...။ အဲဒီတုန်းကလဲ ငွေစုဖို့ ကြိုးစားလိုက်သေးတယ်။ စုဗူးနဲ့တော့ မဟုတ်တော့ဘူး။ မေမေ့ကို ဘဏ်အဖြစ် သဘောထားပြီးတော့ တချို့ရက်တွေမှာ မုန့်ဖိုး မယူဘဲနဲ့ အကြွေးမှတ် စုတာ...။ စုတဲ့နေ့ကျရင် ကျောင်းသွား ကျောင်းပြန်အတွက် တက်စီးမိတဲ့ ဘတ်စ်ကားလဲ ကံဆိုးတာပဲ။ `ကောင်လေး၊ ကားခရော´ လို့ စပယ်ရာက လာတောင်းရင် သွားလေးဖြဲပြပြီး `ဟီး...၊ မပါဘူးခင်ဗျ၊ မုန့်ဝယ်စားလိုက်တယ်´ လို့ ပြန်ပြောတာ...။ တခါတလေ အပေါက်ဆိုးတဲ့ စပယ်ရာနဲ့ တိုးရင် `ကားခမပါရင် ဆင်းကွာ´ ဆိုပြီး ပြန်မောင်းချတာ ခံရသေးတယ်။
ဗလာစာအုပ်လေးထဲမှာ ငွေစုစာရင်းကို ကိုယ့်ဘာသာကိုယ်လုပ်ပြီး `မေမေ၊ သား မေမေ့ဆီက ရမှာ ဘယ်လောက်ရှိနေပြီနော်´ ဆိုပြီး သတိခဏခဏ ပေးရသေးတယ်။ မေမေကတော့ `အင်း...၊ မေမေလဲ အကြွေးတော်တော် ထူနေပြီပဲ´ ဆိုပြီး ချစ်စနိုးနဲ့ ပြန်ကျီစယ်တတ်တယ်။
သုံးလလောက်လဲ စုပြီးရော မေမေ့ဆီမှာ ငွေစုထားတာ ငွေ အစိတ် ပြည့်ပါလေရော...။ အဲဒီနေ့က မေမေက မှတ်မှတ်ရရ အစိတ်တန် အသစ်ကျပ်ချွတ်လေး တရွက် ထုတ်ပေးတယ်။ ကွန်ပါဘူးထဲကို အဲဒီ အစိတ်တန်လေးကို ခေါက်ထည့်ပြီး ကျောင်းကို သွားတာ နေ့လည် ကျောင်းဆင်းချိန်လဲ ရောက်ရော အဲဒီ အစိတ်တန်က သုံးလို့ မရတဲ့ ပိုက်ဆံ ဖြစ်သွားရော...။ တရားမ၀င်ငွေစက္ကူအဖြစ် ကြေညာခံရတဲ့ အထဲ အစိတ်တန်ပါ ပါသွားတာလေ...။
အဲဒီ နောက်ပိုင်းတော့ တခါမှ ငွေမစုဖြစ်တော့ဘူး။
***
ဒီနိုင်ငံရောက်တော့ ကျနော့်စပွန်ဆာရဲ့ အိမ်မှာ တခုထူးခြားတာကို သွားသတိထားမိတယ်။ အဲဒါကတော့ ပလတ်စတစ်ဘူး ခပ်လတ်လတ်လေးထဲမှာ အကြွေမျိုးစုံကို တွေ့တာ...။ ဘူးက သိပ်တော့လဲ မကြီးပါဘူး။ ဒါနဲ့ သဘောကျတာနဲ့ ကျနော်လဲ အဲဒါကို အတုလိုက်ခိုးပြီး ငွေအကြွေတွေကို ဗူးတဗူးထဲမှာ စုထည့်ထားတဲ့ အကျင့်ကို လိုက်လုပ်ဖြစ်တယ်။
ဒီနိုင်ငံမှာ တနေရာရာကို လမ်းလျှောက်ထွက်ရင် လမ်းမှာ အနည်းဆုံးတော့ ငွေအကြွေစေ့ နှစ်စေ့၊ သုံးစေ့လောက် ကောက်ရလေ့ ရှိတယ်။ များသော အားဖြင့်ကတော့ ပဲနိစေ့၊ ငါးဆင့်စေ့၊ တခါတလေလဲ ဆယ့်ဆင့်စေ့လေးတွေပေါ့...။ အဲဒါတွေ တွေ့တဲ့အခါလဲ ကောက်...၊ ဈေးတွေဘာတွေ ၀ယ်လို့ အကြွေစေ့တွေ ပြန်အမ်းတဲ့အခါမှာလဲ သိမ်းနဲ့ ဘူးထဲမှာ အကြွေစေ့တွေက တဖြည်းဖြည်းနဲ့ များလာတော့ သွားလဲလိုက်တာ ဒေါ်လာ တရာကျော်ကျော် ရတယ်။
အဲဒီမှာတင် ရောဂါက စတော့တာပဲ...။
ပလတ်စတစ်ဘူးကြီးကြီး တဗူးကို ၀ယ်...၊ ချက်လက်မှတ်ထုတ်တဲ့ သောကြာနေ့တိုင်းဆိုရင် ၂၅ဆင့်တန် အကြွေစေ့ နှစ်တောင့်ကို အပတ်တိုင်းလဲ...။ အဲဒီ အကြွေစေ့တွေထဲကမှာ အ၀တ်လျှော်စက်မှာ တချို့ကို သုံးပြီး ကျန်တာမှန်သမျှ ဗူးထဲမှာ ထည့်၊ လမ်းမှာ တွေ့တဲ့ အကြွေစေ့ဆိုရင်လဲ အကုန်ကောက်...။ အဲဒီလိုနဲ့ တစတစ စုလာလိုက်တာ နှစ်နှစ်လောက်ကြာလာတော့...။
စကားပုံတခု ကြားဖူးတယ်။ ချွေတာစုဆောင်း သူဌေးလောင်းတဲ့...။ ကျနော်ကတော့ သူဌေးလောင်းတော့ မဟုတ်တာ သေချာတယ်။ ချွေလဲ မချွေမှမချွေတာတာ...။ ဒါပေမယ့် အခုတလောတော့ အဲဒီ အကြွေဘူးကြီးကို ကြည့်ပြီး လူက မြောက်ကြွကြွ ဖြစ်ချင်နေတယ်။ ငယ်ငယ်တုန်းက ၀ါးစုဘူးကို ဓားမနဲ့ နှစ်ခြမ်းခွဲသလို စိတ်မျိုးပေါ်ချင်သလိုလို...။ ဘူးပြည့်အောင်လဲ စုချင်သေးတယ်။ ကဲ...၊ ဒီအကြွေဘူးကြီးကို ဘဏ်မှာသွားလဲပြီးရင် စာဖတ်သူ မိတ်ဆွေများကို မုန့်ဝယ်ကျွေးမယ်လေ။ မကောင်းဘူးလား။ :) ပေါ့ပေါ့ပါးပါး ခန့်မှန်းရအောင်လား...။ ဒါကြီးကို သွားလဲရင် ဘယ်လောက်ရမယ် ထင်လဲ...။
***
ကလိုစေးထူး

24 comments:
Wow! a lot huh! I think may have around $500 to $600. ha ha....
maybe 800 dollar..
good habit...
နည်းနည်းနော်နော် မဟုတ်ပါလားဗျို့ ။ လဲလိုက်ရင် ဘယ်လောက်ရမလဲဆိုတာ မှန်းတာ မှန်တဲ့လူကို အဲပိုက်ဆံတွေပေးမှာလား? ၁၀၀၀ ဗျာ
၂၀၀ ဗျာ .. အလွန်ဆုံး...
ကျနော်ကတော့ အကြွေတွေကို ခွဲပြီး သားတွေရဲ့ saving account ထဲ ထည့်ပစ်တယ်....
အကြွေစေ့ ဒေါ်လာ မမြင်မှမမြင်ဖူးတာ မှန်းတက်ဘူးဗျ =) မုန့် ဝယ်ကျွေးရင်တော့ကျေးဇူးတင်မယ် ။
ကျနော်ထင်တာကတော့ ၇၀၀ နဲ့ ၈၀၀ ကြားလောက်ရမယ်ထင်တယ်နော့်
Ko sayhtoo yay, i think it's about 500.
I feel like I want to count it... hee hee... It will be very interesting to count such a lot of coin..... Lol
၆၀၀ နနင့် ၇၀၀ ကြားရှိပါမည်။
စကားမစပ်။ ။အကြွေစေ့က ဘယ်မှာ လဲရတာလဲဟင်....
ငါးပြားစေ့ဘူးကြီး ၁ ဘူး နဲ့ ကျန်အကြွေစေ့များ ( ငါးမူးအောက်) ၁ ဘူးရှိနေပါသည်။ ဟီဟိ..ပေါင်းလိုက်ရင် ၁၀၀ လောက်ပဲ ရှိမှာ။
ငါးမူးစေ့ကတော့ ၂ စေ့ကို ရေခဲချောင်း ၁ ချောင်းရသဖြင့် ၀ယ်စားပစ်လိုက်ပါပြီ..
ကဲ ပေါ်တော်မူ ကိုစေးထူးရေ
ပျောက်ချက်သားကောင်းလိုက်တာ။ ပေါ်မဲ့ ပေါ်လာတော့လဲ မေးခွန်းက မေးလိုက်သေး။
ဘယ်ရမလဲ မဖြေသေးဘူး။ :))
ကိုစေးထူး
ခင်ဗျားရေးလိုက်တော့၊ အိမ်ကိုသတိရလိုက်တာ၊ မှန်တာပေါ့၊ ငယ်ငယ်ကအကြောင်းတွေ၊ မျက်ရည်တောင်လည်လာတယ်၊ ငယ်ငယ်က ရတဲ့မုန့် ဖိုး ၅ပြားတို့ ၁၀ပြားတို့ ဆိုတာကို မြန်မာပြည်က ခုခေတ်လူငယ်တွေ မသိကြတော့ဘူး၊လွမ်းစရာတွေဗျာ၊
ဘာပြောပြော ခင်ဗျားကိုတော့ လေးစားတယ်၊ ကျွှန်တော်တို့ မစဉ်းစားမိတဲ့ အကြောင်းအရာတွေကိုပေါ့။
ဘိုဘို
အ၀တ်တစ်ခါလျှော် ၁ ကျပ် ၂ ကျပ်ပဲထား။ ကျန်တဲ့အကြွေတွေက အသေးတွေပဲများမယ်။ တွက်ကြည့် တာ USD ၆၀ က ၈၀ ကြား လောက်ပဲရှိမယ်။ လွန်ရောကျွံရော အများဆုံး USD ၁၂၀ခန့်  ပဲ။
ကိုစေးထူး
ခင်ဗျားရေးလိုက်တော့၊ အိမ်ကိုသတိရလိုက်တာ၊ မှန်တာပေါ့၊ ငယ်ငယ်ကအကြောင်းတွေ၊ မျက်ရည်တောင်လည်လာတယ်၊ ငယ်ငယ်က ရတဲ့မုန့် ဖိုး ၅ပြားတို့ ၁၀ပြားတို့ ဆိုတာကို မြန်မာပြည်က ခုခေတ်လူငယ်တွေ မသိကြတော့ဘူး၊လွမ်းစရာတွေဗျာ၊
ဘာပြောပြော ခင်ဗျားကိုတော့ လေးစားတယ်၊ ကျွှန်တော်တို့ မစဉ်းစားမိတဲ့ အကြောင်းအရာတွေကိုပေါ့။
ဘိုဘို
ကျွန်တော်လဲ ၁ဒေါ်လာစေ့နဲ့ ဆင့်50စေ့ဆိုရင်မသုံးဘဲစုထားတာ..
မိန်းမတောင်းမလို့ :D
စတာပါ.. ဘာလုပ်ဖို့ရယ်တော့ဟုတ်ဘူး..
အခုနှစ်ရာကျော်ရသွားပြီ..
အခုကိုစေးထူးဟာ 350လောက်ရှိမယ်ထင်တယ်..
may have 1 million dollars..
US$200 လောက်ရှိမယ်။ More or Less ပဲ။ ဝင်ဖြေလိုက်ပြီ။
မှန်ရင် အိမ်လိုက်ခဲ့ပြီး မုန့်ဝယ်ကျွေး ဒါမှမဟုတ် ဒီမှာ ဟိုတခါလို ဟင်းချက်ကျွေး...Okay!!
SMNTL
ဒီကို ပို.လိုက် အတိအကျ ပြောမယ်....
ကျွန်မကတော့ ၅တန်းမှ မုန့် ဖိုးစရတာ… စရတဲ့နှစ်ပဲ ကိုယ့်မုန့် ဖိုးစုငွေလေးနဲ့  နာရီတလုံးဝယ်လိုက်တာ… ၃၀၀ကျပ်လေ… ငယ်တုန်းက လိမ္မာပေမယ့် ကြီးတော့မိုက်တာ… ကိုစေးထူးရဲ့ အကြွေဗူးကြီး အားကျတယ်… ၂၀၀လောက်တော့ ရှိမလားလို့ …
လက်ဆောင်ဝယ်ပေးပါ..
ကိုစေးထူး
၁ ထောင်ကျော်မယ်ဗျ။ ၂ ထောင်တော့ မကျော်လောက်ဘူး။
ဟဲ ဟဲ ။ ကျွန်တော်လည်း အကြွေစေ့စုတာ ဝါသနာပါတယ်။ ကိုစေးထူးလိုပဲ ဗူးနဲ့ စုထားတာ။ ဗူးပုံစံတောင် ခပ်ဆင်ဆင်ပဲ။ နောက်မှ ဓါတ်ပုံရိုက်ပြီး ကြွားရမယ်။ :D
You won't get anything because you will not go and change it, isn't it?
အကြွေတွေလဲပြီးပြီလား ...............
ကျွန်တော်ကြည့်ရတာတော့ ၃၀၀ နဲ့ ၅၀၀ ကြားရမယ်ထင်တယ်...။ ဒါနဲ့ ပြောရအုံးမယ် ကျွန်တော့်မှာလဲ Nescafe ဘူးနဲ့စုတထားတဲ့ အကြွေစေ့တွေ ရှိခဲ့ဖူးတယ်...။ အခုတော့ အဲ့ဒီ့ အကြွေစေ့တွေနဲ့ ဧရာဝတီတိုင်းကလူတွေကို မုန့် ၀ယ်ကြွေးလိုက်ပြီ :) ဟီး ဟီး
p.s- ခန့်မှန်းလို့ မှန်ရင် ဘာဝယ်တိုက် (အဲလေမှားလို့) ဘာဝယ်ကျွေးမှာလဲ? :P
အင်း အိမ်မှာတော့ ရေဗူးကြီးကြီးကို စုဗူးလုပ်ထားတယ်။ တဗူးပြည့်သွားတော့ နောက်တစ်ဗူးထပ်စုမယ်။
Post a Comment