ကျနော် ဘလော့ဂ် စရေးခါစ တလကျော်ကျော်လောက်တုန်းကပေါ့။
ဆောင်းပါး တပုဒ်ကို အားတက်သရော ရေးနေတုန်း ဂျီတော့ခ်မှာ ပြောမနာဆိုမနာ သူငယ်ချင်း စစ်သားတယောက် အွန်လိုင်း တက်လာတုန်း သူက `ဘာလုပ်နေတုန်းကွ´ လို့ မေးတော့ `မင်းတို့ လူကြီးတွေကို ဆော်ပလော်တီးတဲ့ စာတွေ ရေးနေတာကွ´ လို့ စိတ်ပေါက်ပေါက်နဲ့ ဖြေလိုက်မိတယ်။ ဒါနဲ့ သူကလဲ `အေး၊ ချကွာ´ လို့ ပြောပြီး ငြိမ်သွားတယ်။ တော်တော်လေး ကြာတော့မှ သူက စကားတခွန်းကို ကောက်ကာငင်ကာ ထပြောတယ်...။
`ဒါပေမယ့် မင်းဟာက ၁% လောက်တောင် မထိရောက်ဘူးကွ´ ...တဲ့။
ဘယ်ရမလဲ၊ အဲဒီတုန်းက သူတပြန် ကိုယ်တပြန် ငြင်းလိုက်ခုန်လိုက်ရတာ၊ ဒါနဲ့တင် အားမရလို့ ကဗျာတပုဒ်ထဲတောင် အဲဒီ စကားကို ထည့်စပ်လိုက်မိဖူးသေးတယ်။
***
ဘလော့ဂ်ရေးတဲ့အခါ၊ ဒါမှမဟုတ်လဲ စာစောင် တခုခုမှာ စာတိုပေစလေးတွေ ရေးမိတဲ့အခါ သာမန်အားဖြင့် ရသ၊ သုတတွေ၊ ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးနေရင် သိပ်မသိသာလှပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ရသစာစုလေးတွေ ရေးတဲ့အခါမှာ အဓိက ထိုးနှက်ခံရတဲ့ အချက်တွေ ရှိတယ်။ အဲဒါတွေကတော့...
`ဒို့ကတော့ လက်တွေ့သမားပဲ၊ လက်တွေ့ မလုပ်နိုင်ဘဲ ဘာမှမပြောဘူး´
`စာလုံးတွေနဲ့ ပြောနေမယ့် အစား လက်တွေ့လုပ်ပါလား´
`ကျနော်/ကျမကတော့ ကိုယ်မလုပ်နိုင်တော့ အသာငြိမ်နေတာက ပိုကောင်းမယ်ထင်တာပဲ၊ အထဲမှာ လုပ်နေသူတွေကိုတော့ လေးစားပါတယ်´
အထက်မှာ ကျနော် တင်ပြတဲ့ စကားတွေဟာ တချို့တ၀က်မျှသာ ဖြစ်ပါတယ်။ ပြန်ရေးပြဖို့ သိပ်မသင့်တော်လှတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ အထိုးနှက်အတိုက်ခိုက်ခံရတာတွေကလဲ အပုံအပင်။ ဒါတောင် အဲဒါတွေဟာ ကျနော်တို့က `နအဖ´ လို့ ခေါင်းစဉ်တပ်ထားတဲ့ အစုအဖွဲ့က လူတွေက ပြန်တုံ့ပြန်တဲ့ စကားမဟုတ်သေးဘူး။
နအဖ လို့ သတ်မှတ်ထားတဲ့ လူတချို့ပြောလေ့ ရှိတဲ့ `ဟေ့၊ ငါတို့လို နိုင်ငံ့တာဝန်ကို လက်တွေ့မထမ်းဆောင်ဘဲနဲ့ ဘာမှပြောမနေနဲ့၊ မင်းက နိုင်ငံအတွက် ချွေးဘယ်နှစ်စက်များ ထွက်ပြီးပြီမို့လို့လဲ´ ဆိုတဲ့ စကားမျိုးကတော့ ရိုးလို့တောင် နေပါပြီ။
***
ပြောချင်တာက သာမန်အားဖြင့်တော့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေ၊ စာတွေ ရေးတဲ့ ဘလော့ဂါတွေ၊ စာရေးသူတွေဟာ ဒီ့ပြင် ဘလော့ဂါတွေ စာရေးသူတွေထက် အတိုက်အခိုက်ခံရတာ ပိုများသလို လူမုန်းလဲ ပိုများပါတယ်။ အရေးမတတ်ရင် `အလကား၊ လေကျယ်နေတာ´ လို့ သိမ်းကြုံးပြောသွားတာ ခံရနိုင်သေးတယ်။
ဒီလိုဆိုရင်ဖြင့် အဲဒီလူတွေဟာ ဘာလို့များ အားအားယားယားနဲ့ နိုင်ငံရေး (အထူးသဖြင့်) လက်ရှိ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ စာတွေကို တစိုက်မတ်မတ် ရေးနေရသလဲလို့ တွေးစရာ ဖြစ်လာတယ်။
***
ဒီ့ပြင်လူတွေကိုတော့ ဘယ်သို့၊ ဘယ်ဝါသို့နဲ့ ကောက်ချက်ကြီးကြီးတွေ ဆွဲပြီး သုံးသပ်ချက်တွေ ကျနော် မရေးလိုပါ။ (ရေးရင်လဲ ၀ိုင်းတီးမှာ သေချာတယ်) ကျနော် တဦးတည်းရဲ့ ခံယူချက်အနေနဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာတွေကို ရေးရေးဖြစ်နေတဲ့ အကြောင်းကိုတော့ ပြောပြချင်မိတယ်။
နံပါတ်တစ် အချက် ဒီလိုစာတွေ ရေးနေရတာဟာ စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လွတ်လပ်စွာ ခင်းကျင်းချပြနိုင်စရာ တခုတည်းသော နေရာက ကျနော့် ဘလော့ဂ်ဖြစ်နေလို့ ဒါတွေကို ဒီမှာ ရေးဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ လက်ရှိအာဏာပိုင်ကို ဆန့်ကျင်တဲ့ စာတပုဒ်ကို ရေးလိုက်ရင် ထိရောက်မှုဟာ ဘယ်လောက် ရာခိုင်နှုန်းရှိနိုင်မလဲ ဆိုတာကို ကျနော် မတွေးပါဘူး။ တခါတလေမှာ ဆိုလိုတဲ့ အချက်ကို ထိမိအောင် မရေးနိုင်ရင်၊ နောက်တချက်က ကိုယ့်လိုပဲ ခံစားထင်မြင်တဲ့သူ နည်းပါးရင် ရေးလိုက်တဲ့ စာဟာ ဘာမှ မထိရောက်ဘူးလို့ သတ်မှတ်လို့ ရနိုင်တယ်။ ဒါပေမယ့် ကျိုးကြောင်းပြချက် ခိုင်လုံပြီး ရေးထားတာလဲ ထိမိပြီးတော့ အများစုက ပြောချင်နေတဲ့ စာကို ကိုယ်ရေးထားတဲ့ စာက ကိုယ်စားပြုနေသလို ဖြစ်ရင်တော့ စာတပုဒ်တပုဒ်ရဲ့ ထိရောက်မှုက အတော်လေး တာသွားပါတယ်။
နိုင်ငံရေးကို ၀ါသနာ လုံးဝမပါပါဘူး ဆိုတဲ့ လူတယောက်ကို တခါမှာတော့ ကျနော်က အချက်တခုကို သတင်းအနေနဲ့ ပေးလိုက်တော့ သူက အံ့သြစရာကောင်းလှစွာပဲ စိတ်ဝင်တစားနဲ့ ပြန်ဆွေးနွေးလာတာကို ကြုံရဖူးတယ်။ အဲဒီတုန်းက ကျနော်ပေးတဲ့ သတင်းတခုက `ငါတို့ နိုင်ငံတော် အလံတွေကို ဟောဒီလို ပုံစံကို ပြောင်းပစ်တော့မယ်တဲ့´ ဆိုတဲ့ သတင်းပါ။ ဒီ့ပြင်အချိန်တွေမှာတုန်းက နိုင်ငံရေးတွေ ၀ါသနာမပါဘူး လို့ တွင်တွင် ပြောခဲ့သူက နိုင်ငံတော် အလံကို ပြောင်းပစ်တော့မယ် ဆိုတဲ့ သတင်းကြားတော့ ရှူးရှူးရှားရှားတွေ ဖြစ်ပြီး သတင်းတွေ လိုက်ဖတ်၊ တခြားသော မသိသေးသူတွေကိုပါ သတင်းလိုက်ပေးနဲ့ လိုက်လုပ်နေတာကို တွေ့ခဲ့ရဖူးတယ်။
နောက်တချက်ကတော့ ကျနော်တို့ ပြောလိုက်၊ ရေးလိုက်တဲ့ စာတကြောင်း၊ ဆောင်းပါး တပုဒ်ကို ဖတ်ပြီးရင် လူတယောက်စ၊ နှစ်ယောက်စကပဲ ဖြစ်ဖြစ် စိတ်ထဲမှာ `ဒါတော့ဖြင့် ငါလုပ်နိုင်တယ်၊ ငါလဲ ပါဝင်ရမယ်´ ဆိုတဲ့ အတွေးမျိုး ၀င်သွားပြီဆိုရင် ကျနော်တို့ ရေးရကျိုးက နပ်ပါတယ်။ တရာစ၊နှစ်ရာစကနေ ထောင်သောင်းသိန်းသန်း ချီတဲ့အထိ ပါဝင်လာတာမျိုးဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့...။
လူတွေဟာ ပရိယေသန၀မ်းစာရေးကြောင့် အရပဲဖြစ်ဖြစ်၊ တခြားသော လူမှုရေးရာ ပုဂ္ဂလဗျာပါ အပူတွေကြောင့်ပဲ ဖြစ်ဖြစ် `နိုင်ငံရေး´ ဆိုတာကြီးကို လှည့်မကြည့်နိုင်အား၊ နားမထောင်နိုင်အားတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလူတွေ အားလုံးကို `ဒီလူတွေ နိုင်ငံကို မချစ်ဘူး´ လို့ သတ်မှတ်လို့တော့ မရနိုင်ပါဘူး။ အခိုက်အတန့်အားဖြင့် ငုပ်စိတ်ဖြစ်နေရတဲ့ နိုင်ငံရေး နိုးကြားမှုကို ပါးနပ်လိမ္မာစွာ စည်းရုံးရေးသားတဲ့ စာရေးသူဟာ တစတစနဲ့ ဆွဲခေါ်နိုင်စွမ်း ရှိတယ်လို့တော့ ကျနော် ယုံကြည်တယ်။ ဒီတော့ စာရေးနေသူတွေရဲ့ ကြိုးစားမှုတွေဟာ လက်တွေ့ကျတဲ့ နေရာမှာ ရှိမနေဘူးလို့ သတ်မှတ်လို့ မရနိုင်တော့ပါဘူး။
ဥပမာ တခုပြောပါမယ်။
စစ်သားတွေကို စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတဲ့နေရာမှာ စစ်ချီသီချင်းတွေနဲ့၊ ရုပ်ရှင်စစ်ကားတွေနဲ့ စည်းရုံးကြတာကို တွေ့ဖူးကြမှာပါ။ အဲဒီ စစ်ချီသီချင်းတွေနဲ့ စစ်ကားတွေရဲ့ လက်ချက်ကြောင့် စစ်ထဲရောက်သွားကြတဲ့ လူငယ်တွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီ စစ်ချီသီချင်းတွေနဲ့ စစ်ကားတွေကို ရေးသား၊ ရိုက်ကူး ထုတ်လုပ်သူတွေအားလုံးဟာ စစ်သားတွေ မဟုတ်ကြပါဘူး။ သူတို့ကို ဘယ်သူကမှလဲ `မင်း၊ စစ်မတိုက်ဖူးဘဲနဲ့ စစ်သီချင်းတွေ ရေးမနေနဲ့´ လို့ မပြောပါဘူး။
ပြောချင်တာက တင်ပြတဲ့ အကြောင်းအရာ၊ ရေးသားချက်ဟာ ဆိုလိုရင်းကို ထိရောက်မှု ရှိတယ်ဆိုရင် အချည်းနှီးဖြစ်တယ် ဆိုတာ မရှိပါဘူး။ ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာ ရပ်ပြီး တစိုက်မတ်မတ် လုံ့လပြုတာဟာ လက်တွေ့ကျခြင်း တမျိုးပဲ မဟုတ်ပါလား။ လယ်သမားက လယ်ကွင်းထဲမှာ လယ်ထွန်နေသလို စာရေးတဲ့သူ တယောက်က စာတွေ ရေးနေတာကိုက လက်တွေ့ကျတဲ့ အလုပ်ကို လုပ်နေတာ မဟုတ်ပါလား။
***
တကယ်က ဒါတွေနဲ့ ပတ်သက်လို့ တော်တော်တန်တန်ကြီးကို ရေးခဲ့ပေါင်းလဲ မနည်းတော့ပါဘူး။ ဒါပေမယ့် အခု ထပ်ရေးမိပြန်တယ်။ နောင်လဲ ထပ်ရေးချင် ရေးနေမိဦးမှာပဲ။ အဲဒီလို ရေးနေတာကိုက လက်တွေ့ကျတဲ့ အလုပ်တခုကို လုပ်နေတာလို့ ကျနော် ယုံတယ်။
ကလိုစေးထူး

8 comments:
အကိုစေးထူးရေ ဆက်လက်အားပေးနေပါတယ်နော့်
အစ်ကိုရေ..
စေတနာမှန်တယ် ရပ်တည်ချက်မှန်တယ်ဆိုရင် ဘယ်သူ့ကိုမှဂရုစိုက်မနေပါနဲ့... ရှေ့ဆက်ပါ..
အမြဲအားပေးလျှက်ပါ..
နိုင်ငံအတွက်ချွေးထွက်မှနိုင်ငံကိုချစ်တယ်လို့ထင်နေတဲ့လူတွေကိုစာရင်းထဲကထုတ်ထားလိုက်ပါ..
သူတို့အတွေးတိမ်လို့တွေးတာပြောတာပြောစမ်းပါစေ..
ကိုစေးထူး…..
သဘောတူပါတယ်။ ကိုယ့်အမြင်ကို ၁ ရာခိုင်နှုန်းက လက်ခံသွားတယ်ဆိုလဲ ထိရောက်မှုရှိတယ်။ အမြတ်ဘဲပေါ့။ ဘယ်သူမှ လက်မခံလည်း အရင်းပါဘဲ။ အရှုံးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ကိုယ့်အမြင်ကို သဘောတူချင်မှ တူကြမှာ မဟုတ်လား။ အယူအဆကို ဝေဖန်ဆွေးနွေးချင်တာဆိုရင်တော့ တတ်နိုင်သမျှ အကျိုးသင့်အကြောင်းသင့် ပြန်လည်ဖြေရှင်းဆွေးနွေးဘို့ ဆန္ဒရှိပါတယ်။ အဓိကက ကိုယ့်လမ်းကြောင်းနဲ့ ကိုယ့်ဦးတည်ချက်ကနေ မသွေဖီသွားဘို့ပါဘဲ။
ကိုယ့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောကြားတာတွေကတော့ ဥပေက္ခာပြုလိုက်ရုံပါဘဲ။ တဖြည်းဖြည်းနဲ့ ဒါတွေကို အရေထူလာမှာဘဲ။ သူများတွေတော့မသိ။ ကျနော်တစ်ဦးတည်းသဘောပြောရရင် ကျနော် ဘလော့ဂ်ရေးနေတာက လူချစ်လူခင်များအောင် မိတ္တဗလ အတွက် ရေးတာမျိုးမဟုတ်ဘဲ ကိုယ့်အမြင်၊ ကိုယ့်သဘောထားကို ထုတ်ဖော်လိုတဲ့ ဆန္ဒနဲ့ ရေးတာဆိုတော့ လူအများအမြင်နဲ့ မတိုက်ဆိုင်တာ၊ လူမုန်းများတာနည်းတာက သိပ်တော့ မူလဦးတည်ချက်ကို မထိခိုက်လှပါဘူး။ ဒါပေမယ့် လောကဓံအရကတော့ လူဘဲဗျာ…. လူချစ်လူခင်များတာကိုဘဲ သူသူကိုယ်ကိုယ် နှစ်သက်တတ်ကြတာ လူ့သဘာဝဆိုတော့ တခါတလေတော့လည်း လောကဓံကို ခံနိုင်အောင် နှလုံးသွင်းရတာပေါ့ဗျာ။း-)
ကိုယ့်အမြင်ကို လက်ခံတာနဲ့ အမြတ်လို့ ဘာကြောင့်ပြောရသလဲဆိုတော့…..
(ကျနော့်တဦးတည်းအတွက်ပြောရရင်) ကျနော်က ကျနော်တို့ နိုင်ငံမှာရှိတဲ့ နိုင်ငံရေးစနစ်ကို ပြောင်းလဲပစ်ချင်နေတယ်။ ပြောင်းလဲတဲ့ အခါမယ် ကိစ္စတော်တော်များများက ကိုယ်တယောက်တည်း စွမ်းဆောင်လို့မရဘူး။ အများအားရဲ့ ပါဝင်မှုကို ယူရမယ်။
ဒါပေမယ့် အများကို စည်းရုံးတဲ့အခါမယ် လှုံ့ဆော်ပုံ လှုံ့ဆော်နည်းက အကြမ်းဖျင်း ၂ နည်းရှိတယ်လို့ ကျနော်ယူဆပါတယ်။ အဲဒါကတော့ လူတွေရဲ့ စိတ်ခံစားချက်ကို အမြင့်ဆုံးရောက်အောင် ဆွဲမြှင့်တဲ့နည်း။ နောက်တချက်ကတော့ သဘောတရား၊ အယူအဆတခုကို လူတွေလက်ခံလာအောင် ကျိုးကြောင်းပြ ဆွဲဆောင်တဲ့နည်း။
ပထမတမျိုးက လူတွေ သွေးဆူလာအောင်၊ မခံချင်ဖြစ်လာအောင် စိတ်ဓါတ်ကို ဆွပေးရတာမျိုး။ အဲဒါမျိုးက ပြည်တွင်းမှဖြစ်နေတဲ့ မတရားမှုတွေ၊ ဒုက္ခဆင်းရဲတွေကို လူအများခံစားချက်နဲ့ကိုက်ညီအောင် ရသအပြည့်နဲ့ ပေါ်လွင်အောင်ရေးရတာမျိုး။ အဲသည်အခါကျရင် နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုတဲ့လူတွေတောင် ခံစားချက်တွေ ပြင်းပြလာတတ်တယ်။ ဥပမာ အလံဒီဇိုင်းပြောင်းတဲ့ကိစ္စမျိုးပေါ့။ အဲဒီကိစ္စမျိုးမှာ အနုပညာနဲ့ ခံစားချက်ကို ပီပြင်အောင် ဖွဲ့နွဲ့တတ်သူတွေဟာ အင်မတန် ထိရောက်အောင် စွမ်းဆောင်နိုင်ပါတယ်။
နောက်တမျိုးကတော့ သဘောတရား၊ အယူအဆတခုကို လူတွေ တဖြည်းဖြည်း လက်ခံ ယုံကြည်လာအောင် အကျိုးအကြောင်းဆက်စပ်ပြတဲ့နည်း။ အဲဒါကကျတော့ တော်တော်လေးအချိန်ယူပြီး ပြောင်းလဲမှ ရတဲ့နည်း။ တထိုင်တည်းနဲ့လည်း မရဘူး။ ပထမအကြိမ်မှာ လက်ခံချင်မှလည်း လက်ခံမယ်။ ကြိမ်ဖန်များစွာ ကျိုးကြောင်းဆက်စပ် ပြောပြဖန်များတဲ့အခါမှသာလျှင် ဆွေးနွေးငြင်းခုန်ကြမှသာလျှင် တဖြည်းဖြည်းနဲ့ နားလည်သဘောပေါက်ပြီး တဖြည်းဖြည်းနဲ့ ယုံကြည်တတ်လာကြတာမျိုး။ အထူးသဖြင့် မြန်မာတွေအကြားမှာ ပေါ်ပြူလာမဖြစ်တဲ့ အယူအဆမျိုးဆိုရင် ယုံကြည်လာအောင် လုပ်ယူရတာ အင်မတန်ခက်ခဲပါတယ်။ လူမုန်းများတာကို ခံရဘို့လည်း အလားအလာ များပါတယ်။ အထူးသဖြင့် ကျနော်တို့လို ပိဿလေးနဲ့ ဘေးကို ပစ်ချင်တဲ့လူတွေအဖို့ ပိုဆိုးပါတယ်။
အဲသည်နှစ်မျိုးမှာ ပထမတမျိုးက လူတွေ ခံစားချက်ကို အခြေခံတာဖြစ်လို့ သွေးဆူနေတဲ့ အချိန်မျိုးမှာ ကောင်းကောင်းကြီး အမြင့်ဆုံးအထိ ထိရောက်အောင် အသုံးချနိုင်တယ်။ ဒါပေမယ့် သွေးအေးသွားတာနဲ့ အဲသည်လူတွေကို ရွေ့အောင် မစွမ်းနိုင်တော့ဘူး။ နောက်တခုက အဲဒီနည်းနဲ့ စည်းရုံးထားတဲ့သူတွေဟာ ထင်ထားတဲ့အတိုင်း မဖြစ်လာခဲ့ရင် အလွယ်တကူလည်း စိတ်ပျက်လွယ် စိတ်ကျလွယ်တတ်တယ်။ အလွယ်တကူ လက်မြှောက်သွားတတ်ကြတယ်။
ဒုတိယတမျိုးကတော့ ယုံကြည်ချက်ခိုင်မာလာအောင် တဖြည်းဖြည်းနဲ့ တည်ဆောက်ယူတာမျိုး။ ယုံကြည်ချက်ခိုင်မာသွားပြီဆိုရင် အဲသည်လူကို ယုံကြည်ချက်ကနေ ဆက်လက် မောင်းနှင်သွားတယ်။ ဆက်ပြီး အချိန်ပြည့်တွန်းနေစရာမလိုတော့တာကို တွေ့ရပါတယ်။ ဥပမာ ကျနော်တို့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့တွေဟာ ယုံကြည်မှုအားကောင်းလွန်းတဲ့အတွက် ဘယ်လိုအခက်အခဲနဲ့ တွေ့တွေ့ မတွန့်မဆုတ် ကြိုးပမ်းနေသလိုမျိုးပေါ့။
အခု ကျနော်တို့သွားနေတဲ့ ပန်းတိုင်က ရေရှည်သွားရမယ့် ပန်းတိုင်ဖြစ်တဲ့အတွက် ယုံကြည်မှုကို အရင်းခံပြီး လှုပ်ရှားကြမယ့်သူတွေ အများအပြားလိုအပ်နေပါတယ်။ လူဆိုတာ လူဘဲဖြစ်တဲ့အတွက် မည်သူမျှတော့ ခံစားချက်နဲ့ မကင်းကြပါဘူး။ ဒါပေမယ့် ရေရှည်မိုးထဲလေထဲအထိ ခရီးဆက်ဘို့ကျတော့ ခံစားချက်နဲ့မလိုလောက်၊ ယုံကြည်ချက်ပါ လိုလာတယ်လို့ ထင်မြင်မိပါတယ်။
ဘလော့ဂ်ရေးသူတွေထဲမှာ ကျနော့်ထက် အဆပေါင်းများစွာ စာရေးခြင်းအတတ်ပညာလည်းပြည့်ဝ၊ ကျိုးကြောင်းဆင်ခြင်ပြရာမှာ ကျွမ်းကျင်တဲ့သူတွေအများကြီးတွေ့ရပါတယ်။ အဲသည်သူတွေကို အဲသည်လို ယုံကြည်မှုခိုင်မာသူတွေ မွေးထုတ်နိုင်အောင် ရည်ရွယ်ရေးသားဘို့ တိုက်တွန်းလိုက်ချင်ပါတယ်။
အစ အဆုံး ကွန်မန့် ပါ မကျန် ဖတ်သွားပါတယ် ။ အောင်
ုမြင်ပါစေ ။
အဲဒီယုံကြည်ချက် ကနိုင်ငံရေး အမြင်မရှိသူတွေ အတွက်သက်သက်ပဲ ဘလော့ရေးတာလား ကလိုစေးထူး..
ယုံကြည်ချက်ကတခုထဲဆိုရင်တော့ ...
ကလိုစေးထူးကို တကယ်လေးစားရမှာပ
ကိုစေးထူး နှင့် ကိုပေါတို့ရဲ့အမြင်နဲ့
သဘောထားကိုထောက်ခံပါတယ်..
အားပေးပါတယ်အကိုတို့..
.00000000000000000000000000001% လည်း 0 ထက်အများကြီးသာပါတယ်။
ဘာမှ မလုပ်တာထက်စာရင် တစ်ခုခုလုပ်နေတာကအများကြီး သာတယ်လို့မြင်ပါတယ်
Keep up the great work.
ကလိုစေးထူး ဆိုတော့ ကရင်လူမျိုးအထင်နဲ့ ၀င်လည် မိရာက ကြုံလို့ စာတွေ ဖတ်သွားပါတယ်။
စာတွေအများကြီးရေးနိုင်တဲ့ အတွက် Congratulation ပါ။
Blogger တွေကြောင့် ကျွန်မ တရေးနိုးခဲ့ပါတယ်။
လေးစားလျှက်
NTTH
Post a Comment