မနက်မိုးလင်းလေပြီ။
မြူခိုးကဝေ့ဝေ့၊ နှင်းရောင်ဖြိုးဖြောက် မရှိတတ် ရှိတတ် နံနက်ခင်းမှာ တောဈေးသည်၊ မြို့ဈေးဝယ်၊ မြို့မုန့်သည်၊ တောကုန်သည်တွေနှင့်အတူ မြို့လယ်လမ်း တ၀ိုက်သည်လည်း လှုပ်လှုပ်ရွရွ ဖြစ်လို့နေချေပြီ။ `ဘာစားမလဲ၊ မုန့်တီလား၊ ခေါက်ဆွဲလား၊ သင်္ကြန်ထမင်းလား၊ ထမင်းကြော်လား´ ဟူသော အသံများ၊ သားစိမ်းငါးစိမ်းသည်တို့ရဲ့ စီစီထနေသော ဈေးရောင်းသံများနှင့် အတူ ရောင်စုံမျိုးစုံလင်သော ဈေးကလေးရဲ့ ဟိုမှာဘက် လမ်းထောင့်တခုမှာတော့ မှုံတေတေ မျက်နှာထားနှင့် လူတယောက်က သူ့ဆိုင်ကို ခင်းကျင်းလို့ ကောင်းနေတုန်းပင်...။ ထိုဆိုင်ကတော့ ... ...၊
`အောင်ကြည် လက်ဖက်ရည်ဆိုင်´ ...တည်း။
***
အောင်ကြည် လက်ဖက်ရည်ဆိုင်။
ဆိုင်နာမည်ပေးထားတာကိုက ဂျစ်ကန်ကန်နိုင်လွန်းလှ၏။ သူတကာ လက်ဖက်ရည် ဆိုင်တွေလို `ရှင်သန်ခြင်း´ `လရိပ်´ `ကံကော်ပင်´ `ခရေရိပ်´ ဆိုသည့် ကဗျာဆန်ဆန် နာမည်မျိုး မဟုတ်။ ဆိုင်ရှင် အောင်ကြည်က ဖွင့်ထားတာမို့ `အောင်ကြည် လက်ဖက်ရည်ဆိုင်´ ဆိုပြီး သစ်သားပြား ခပ်ကြီးကြီးပေါ်မှာ သင်္ဘောဆေးနဲ့ ခပ်သော့သော့ရေးလို့ သွပ်နန်းကြိုးနဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ ဆိုင်ဖွင့်တော့လဲ မနက်စောစော စီးစီး မဖွင့်တတ်သလို ညနက်သန်းခေါင်အထိလဲ မဖွင့်တတ်ပေ။ ဆိုင်ဖွင့်ထားတာကလဲ လမ်းထောင့်က ပရိဘောဂဆိုင်ရဲ့ အနောက်ဘက် ခပ်ကျကျနေရာမှာ အဖီလိုလို ထပ်တိုးဆောက်ပြီး ဖွင့်ထားခြင်းမျှသာ...။
လက်ဖက်ရည်ဆိုင် အတော်များများမှာ ရှိနေတတ်သည့် ဆူညံအော်ဟစ်နေတတ်သည့် စားပွဲထိုးတွေလဲ အောင်ကြည့် ဆိုင်မှာ မရှိပေ။ အောင်ကြည်နဲ့ တူသားတော်စပ်တဲ့ တောက ကောင်လေး တယောက်ရယ်၊ လက်ဖက်ရည်ဖျော်တဲ့ အောင်ကြည်ရယ်၊ ငွေသိမ်းတဲ့ သူ့မိန်းမရယ်၊ လက်ဖက်ရည်ဆိုင် ကောင်တာ ခပ်ကြီးကြီးနားမှာ မုန့်ဗီရို ခပ်ကြီးကြီးတခုရယ်၊ ဆိုင်ထဲမှာ ခင်းထားတဲ့ စားပွဲဝိုင်း ၇ ခုလောက်ရယ်၊ ကောင်တာနောက် ခပ်လှမ်းလှမ်းမှာ တည်ထားတဲ့ လက်ဖက်ရည်အိုး ခပ်ကြီးကြီး တလုံးရယ်၊ တခါတလေမှာ အောင်ကြည် စိတ်ကောင်းဝင်ပြီး ဖွင့်ထားတတ်တဲ့ ကက်ဆက်သံ ချောက်ချက်ကနေ လာတတ်တဲ့ စတီရီယိုတေး တပုဒ်တလေလောက်ရယ်။ ဒါပဲ။
ဒီတော့ အောင်ကြည့်ဆိုင်က အပြင်ပန်းအားဖြင့် အကဲဖြတ်ရရင်တော့ လက်ဖက်ရည်ဆိုင်ထဲမှာ စုတ်ချာချာဆိုင်လို့ ပြောလို့ရလောက်သည်။ ခရေပင်ရိပ်အောက်က စားပွဲဝိုင်းကလေးတွေ၊ တိုးတိုးလေး ဖွင့်ပေးထားတတ်တဲ့ အချစ်သီချင်းလေးတွေ အောင်ကြည့်ဆိုင်မှာ မရနိုင်။ ပြောရရင် အောင်ကြည့်ဆိုင်ဟာ စာရေးဆရာတွေ ရေးဖွဲ့နေတတ်ကြ ကဗျာဆန်ဆန် လက်ဖက်ရည်ဆိုင်စာရင်းထဲ မ၀င်။ ဘောလုံးစကားနှင့် ပြောရရင်တော့ အောက်အသင်း ပေါ့။
***
ဒါပေမယ့် အောင်ကြည့်ဆိုင်မှာ ဘယ်သူနဲ့မှ မတူတဲ့ အားသာချက် တခုတော့ ရှိနေ၏။ အဲဒါကတော့ အရသာ ကောင်းကောင်း လက်ဖက်ရည်ကို ရနိုင်နေခြင်းပင် ဖြစ်သည်။ အောင်ကြည် ကိုယ်တိုင် သေချာနှပ်ထားတဲ့ လက်ဖက်ခြောက်နှပ်နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ကိုမှ တရှိုက်မက်မက် သောက်ချင်သူတွေက မနည်းလှ။ အောင်ကြည်ကလဲ ဆိုင်အပြင်အဆင်ကိုသာ အလေးမထားရင် နေရမည်၊ လက်ဖက်ရည်ကောင်းကောင်း ဖျော်ဖို့ကိုတော့ သေသေချာချာ ဂရုစိုက်သည်။ လက်ဖက်ခြောက်ကိုလဲ သူသုံးနေကျ တံဆိပ်၊ သူဝယ်နေကျ ဆိုင်ကသာ သုံးသလို လက်ဖက်ရည် အရသာကောင်းဖို့ အရေးအကြီးဆုံးသော အရာဖြစ်တဲ့ လက်ဖက်ခြောက် နှပ်တာကိုလဲ သူကိုယ်တိုင်သာ လုပ်သည်။
ဘယ်လက်ဖက်ရည်ဆိုင်ကတော့ ဘယ်နားမှာ အသစ်ထပ်ဖွင့်ပြန်ပြီ၊ ဆိုင်အပြင်အဆင်လေးက ဘယ်လိုလှတာ၊ ဘယ်သီချင်းတွေ ဖွင့်ပေးတတ်တာ ဆိုတာမျိုး အောင်ကြည့် ရှေ့မှာ သွားပြောလို့ အောင်ကြည် ဘယ်တော့မှ စိတ်မ၀င်စား။ ဟော...၊ `ကိုလှတင် ဖွင့်ထားတဲ့ သီတာကဖေးက လက်ဖက်ရည်ကတော့ အရသာ မဆိုးဘူးဟ´ ဆိုတာမျိုး တယောက်ယောက်က အောင်ကြည့်ရှေ့မှာ ပြောမိရင်တော့ `ဟေ၊ ဟုတ်လားကွ´ ဆိုပြီး စိတ်ဝင်တစားနဲ့ မေးတော့သည်။ ပြီးရင် သူ့ဆိုင်ပိတ်ချိန်လိုမျိုး၊ လူပါးချိန်လိုမျိုးမှာ အဲဒီ လက်ဖက်ရည် အရသာကောင်းတယ် ဆိုတဲ့ ဆိုင်ကို စိုက်စိုက် စိုက်စိုက်နဲ့ ရောက်အောင် သွားတော့၏...။
အောင်ကြည် အမြဲတမ်း ပြောတတ်သည့် စကားတခွန်း ရှိသည်။ `လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကောင်းကောင်း ရနိုင်တာကိုက လက်ဖက်ရည်ဆိုင် ပီသနေပါပြီကွာ´ ...တဲ့။
`သီချင်းကောင်းကောင်း ဖွင့်ပေးတာဟာ လက်ဖက်ရည်ဆိုင်ရဲ့ ဆွဲဆောင်မှု တခု ဖြစ်နိုင်တယ်၊ နေရာထိုင်ခင်း ကောင်းတာဟာလဲ လူတွေ ကြိုက်ချင်စရာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် မင်းတို့ စဉ်းစားကြည့်စမ်း၊ လက်ဖက်ရည်ဆိုင်လို့ နာမည်တပ်ပြီးခါမှ လက်ဖက်ရည်ကို ဖြစ်ကတတ်ဆန်း ဖျော်ရောင်းတဲ့ ဆိုင်ဟာ လက်ဖက်ရည်ဆိုင်လို့တောင် ခေါ်ဖို့သင့်ပါ့တော့မလား´
သူပြောတော့လဲ ဟုတ်တုတ်တုတ်လိုလို။ ဒါပေမယ့် ကောင်လေးတယောက်က...
`ခင်ဗျားဟာက လက်ဖက်ရည် တခုထဲကောင်းရုံလောက်နဲ့ လက်ဖက်ရည်ဆိုင်ကောင်းလို့ ပြောလို့ရမလားဗျ၊ ဒီတမျိုးထဲ ကောင်းတာကို လူတွေက မငြီးငွေ့နိုင်ဘူးလား´
အောင်ကြည်က...
`ငါ လက်ဖက်ရည် ရောင်းတဲ့ကောင်ကွ၊ ကက်ဆက်ခွေ ရောင်းတဲ့ကောင်မဟုတ်သလို အိမ်ခြံမြေ ကြော်ငြာတဲ့ကောင်လဲ မဟုတ်လို့ ငါ့ဆိုင်မှာ လက်ဖက်ရည် သောက်ချင်တဲ့စိတ်သက်သက်နဲ့ လာသောက်တဲ့သူတွေ ရှိနေတာနဲ့တင် ငါ့အတွက် လုံလာက်ပြီ။ နောက်ဆုံး အရင်းပြုတ်ခါမှ ပြုတ်ရော...၊ လက်ဖက်ရည်ကောင်းကောင်းကိုပဲ ငါဖျော်ရောင်းနေမှာပဲ၊ လက်ဖက်ရည်ကို ကောင်းအောင် မဖျော်နိုင်တဲ့နေ့ ငါ့ဆိုင်ပိတ်တဲ့နေ့ပဲ၊ မင်းငြီးငွေ့ရင်လဲ ဒီ့ပြင်ဆိုင်သာ သွားထိုင်ပေတော့´
***
အောင်ကြည့်ကို တော်တော် ဘုဂလန့်နိုင်တဲ့ကောင်လို့ သတ်မှတ်တဲ့သူက သတ်မှတ်ကြသည်။ တချို့ကတော့ `ဒီကောင့်ဆိုင်ထက် ပိုဆွဲဆောင်နိုင်တဲ့ ဆိုင်တွေ အများကြီးပါကွာ´ ဆိုပြီး တခြားဆိုင် သွားထိုင်ကြသည်။ `လက်ဖက်ရည်ဆိုင်များ ပေါလွန်လွန်းလို့´ လို့ ပြောတဲ့သူကလဲ ပြောလေ၏။ `သောက်ကြီးသောက်ကျယ် နိုင်လို့ကွာ´ လို့ ပြင်းပြင်းထန်ထန် ပုတ်ခတ်သူကလဲ ပုတ်ခတ်သေးသည်။
ဒါပေမယ့် အောင်ကြည် လက်ဖက်ရည်ဆိုင်ကတော့ လက်ဖက်ရည် စားပွဲဝိုင်းလေးတွေမှာ လက်ဖက်ရည်သောက်သူ အနည်းအကျဉ်းမျှ ရှိနေသေးသည်ကိုပင် အောင်ကြည်တယောက် ကျေနပ်စွာဖြင့်ပင် သူ့ဆိုင်ကို ဖွင့်နေတုန်းပင်...။
***
ကလိုစေးထူး
(မြို့ငယ်လေးက လက်ဖက်ရည်ဆိုင်ငယ်လေး တခုကို မှတ်မှတ်ရရ)

19 comments:
တခုခုကို ရည်ရွယ်ထားတယ်ဟုတ်
ဟုတ်တယ်။ လဖက်ရည်ဆိုင်က လဖက်ရည်ကောင်းဖို့က အဓိကပါပဲ။ ဒါပေမဲ့ လဖက်ရည်ဆိုင် တဆိုင် အောင်မြင်ဖို့ကျတော့ အခင်းအကျင်း နေရာထိုင်ခင်း၊ ဆိုင်ရှင် (သို့) စားပွဲထိုးတွေရဲ့ ဆက်ဆံရေး ပြေပြစ်မှု၊ လဖက်ရည်ကောင်းကောင်းအပါအ၀င် မုန့်မျိုးကလဲ စုံမှ။ လဖက်ရည်ချည်း သက်သက် ငုတ်တုတ် သောက်တာထက် မုန့်ကလေးနဲ့ သောက်တတ်တဲ့သူတွေလဲ ရှိသေးတယ် မို့လား။ စားသုံးသူတွေ စိတ်ကျေနပ်မှုရှိတဲ့ ၀န်ဆောင်မှုမျိုး ပေးနိုင်ရင်တော့ အောင်မြင်တဲ့ လဖက်ရည်ဆိုင် ဖြစ်ပြီပေါ့။
ဒါကိုဖတ်ပြီး ဘလော့လောကနဲ့ ယှဉ်တွေးကြည့်ပါတယ်။ (စာရေးဆရာရဲ့ ရည်ရွယ်ချက်ကလဲ ဒါပဲလို့ ထင်ပါတယ်။)
ဘလော့တခု ဖန်တီးတဲ့အခါလည်း စာအရေးအသားကောင်းဖို့၊ (သို့မဟုတ်) ရေးတဲ့စာ/ တင်တဲ့ပို့စ် ဆွဲဆောင်မှုရှိဖို့က အဓိကပါပဲ။ ဒါပေမဲ့ ဘလော့နောက်ခံ အပြင်အဆင်၊ ဘလော့ရှင်ရဲ့ ဆက်ဆံရေး၊ သုတ-ရသ အစုံအလင် တင်ဆက်မှုရှိပြီး စာဖတ်သူ/ လာရောက်လည်ပတ်သူများ စိတ်ကျေနပ်မှု တစုံတရာရှိရင် အောင်မြင်တဲ့ ဘလော့တခု ဖြစ်ပြီပေါ့။
ဆရာ့ဘလော့က အောင်မြင်ပါတယ်။ လဖက်ရည်သောက်သူ (အဲလေ) စာလာဖတ်သူ အများသားပဲ။
မနက်မိုးလင်းလေပြီ။
မြူခိုးကဝေ့ဝေ့၊ နှင်းရောင်ဖြိုးဖြောက် မရှိတတ် ရှိတတ် နံနက်ခင်းမှာ ဘလော့ဖတ်သူ၊ ဘလော့ရေးသူ၊ သတင်းစနည်းနာသူ၊ ဘာရယ်ညာရယ်မဟုတ် လာရောက်လည်ပတ်သူ တွေနှင့်အတူ ဘလော့လောက တ၀ိုက်သည်လည်း လှုပ်လှုပ်ရွရွ ဖြစ်လို့နေချေပြီ။
"လာလည်သွားတယ်နော်/ အားပေးပါတယ်/ အမြဲလာဖတ်ပါတယ်/ မတွေ့တာကြာပြီ ဘာတွေလုပ်နေလဲ/ နေကောင်းရဲ့လား အဆင်ပြေရဲ့လား"
ဟူသော အသံများ၊ တချို့တချို့သော ကြော်ငြာလင့်ခ့်များ စီဘောက်တကာတွင် စီစီထနေပြီး ရောင်စုံမျိုးစုံလင်သော ဘလော့ရပ်ဝန်း၏ ဟိုမှာဘက် အပြာရောင်ခပ်မွဲမွဲ ဘလော့တခုမှာတော့ မှုံတေတေ မျက်နှာထားနှင့် လူတယောက်က သူ့ဘလော့တွင် ပို့စ်အသစ် တင်ရန် အသဲအသန် စာရေးလို့ ကောင်းနေတုန်းပင်...။ ထိုဘလော့ကတော့ ... ...၊
ကလိုစေးထူး ဘလော့ပင်တည်း။
***
:)
ဆက်မရေးတော့ဘူး။ ပျင်းလို့။ ရေးရင် တပုဒ်လုံး ရေးလို့ရတယ်။ ဟဲဟဲ။
နောက်တာနော်။ ခင်လို့။ စိတ်မဆိုးဘူးမှတ်လား။
ဖိုးအောင်ကြည်ရေ…. မင်းလက်ဘက်ရည်က ပြင်းလိုက်တာကွာ။ ဟိုလိုလေးဖျော်လိုက်ပါ့လား။
အောင်ကြည်ရေ….. မင်းလက်ဘက်ရည်က အချိုနည်းတယ်ကွာ။ လူတွေက သကြားများမှ ကြိုက်တာကွ။
ဟဲ့….မောင်အောင်ကြည်ရေ….. ကိုယ့်လက်ဘက်ရည်ဆိုင် လူစည်ဘို့ဆိုတာ နင်ကလည်း သူများဆိုင်တွေမှာ သွားပြီး တပြန်တလှည့်အားပေးဦးမှပေါ့ဟဲ့။ ဒီအတိုင်း ကိုယ့်ဆိုင်မှာဘဲ ဖင်ကျောက်ချ ထိုင်နေလို့ရမလား။ မိတ္တဗလ လိုတယ်ဟဲ့။
အောင်ကြည်ကြီး... မိတ်များဘို့ဆိုတာ နှုတ်ချိုပြီး လက်တိုဘို့ လိုတယ်သိလား။ လူတွေက ချိုချိုသာသာပြောရင် အလေးခိုးတာတောင် ခွင့်လွှတ်တတ်ကြတယ်။
ကိုကြီးအောင်ကြည်….. လက်ဘက်ရည်ဆိုင်မှာ ပိုစတာလေးတွေ ကပ်ပါဦးဗျ။ ဖိုဘီကိတ်တို့။ ကိတ်ဝမ်းစက်လက် လို့ ရဲ့ အမိုက်စားပုံလေးတွေ။ ဒါမှ လူငယ်ပိုင်းနဲ့ ကိုက်မှာပေါ့။
ကိုအောင်ကြည်ကြီး…. ခင်လို့လာတာနော်။ မီးတို့ဆိုင်လဲလာအားပေးဦး။
စသဖြင့် အမျိုးမျိုးသော အကြံပြုချက်များကို အလုံးစုံလိုက်လုပ်သဖြင့် တနှစ်ခန့်ကြာသောအခါ
မူလ အောင်ကြည်လက်ဘက်ရည်ဆိုင်အဖြစ်မှ အီကြောင်လက်ဘက်ရည်ဆိုင်အဖြစ်သို့လည်းကောင်း၊ နောက်လအနည်းငယ်ထပ်ကြာသောအခါ အူကြောင်လက်ဘက်ဆိုင်အဖြစ်သို့လည်းကောင်း၊ ကြာသောအခါ အူကြောင်ကျားလက်ဘက်ရည်ဆိုင်ဘ၀သို့ ဆိုက်ရောက်သွားလေသတည်း….သွပ်သွပ်သွပ်။း-)
လက်ဖက်ရည် ချိုခါးသောက်ချင်ရင်တော့ လာခဲ့ဗျို့
း)
ကိုကြီးစေးထူးရေ လက်ဖက်ရည်ဆိုင်လေးကို ဖတ်သွားပါတယ် ...ဒီထဲက ဇာတ်ကောင် ကိုအောင်ကြည်လို မှန်ကန်တဲ့ အယူအဆလေးတွေ လူတိုင်းမှာ ရှိသင့်ပါတယ်.. ဒါပေမဲ့ တခုတည်းနဲ့တော့ ဘ၀ဟာ မပြည့်စုံပါဘူး အခြား လိုအပ်ချက်လေးများလဲ ရှိတတ်နေပါတယ်နော့် တနေ့ ကျနော်တို့တွေ ကိုအောင်ကြည်ဆိုင်က လက်ဖက်ရည်လေး တူတူသွားသောင်္ကကြမယ်လေ အားလုံးပျော်ရွှင်စွာနဲ့ပေါ့
လ္ဘက်ရည်ကိုပဲ အရသာခံမြတ်နိုးတတ်တဲ့သူမို့ ကိုအောင်ကြည် ရဲ့ဆိုင်မှာဆက်ထိုင်ဖြစ်နေဦးမှာပါ ။ နေရာ ၊ အပြင်အဆင် ၊ သီချင်းတွေက လ္ဘက်ရည်ပေါ်မှာဆင့်ပွားပြီး ယဉ်ကျေးမှု့ထပ်မြှင့် ကြတာလို့ ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် လ္ဘက်ရည်လာသောက်ဖြစ်နေမှာပါဗျာ ။
အဖျော်ဆရာလက်ထွက်တိုင်းသောက်ဖို့ မလိုပါဘူး ။
ကိုယ်ကြိုက်ရာ ပုံစံတစ်မျိုးကိုမှာသောက်ခွင့်ရှိနေတဲ့
လ္ဘက်ရည်ဆိုင်ပဲဗျာ ။ ဆိုင်ရှင်နဲ့ ရင်းနှီးမှ လာသောက်တိုင်းနှုတ်ဆက်သွားမှ အားပေးသူ တစ်ယောက် ဖြစ်မှာမှမဟုတ်ပဲ ။ အရေးကြီးတာက လ္ဘက်ရည်ကြိုက်တတ်ဖို့ နဲ့ သောက်တတ်ဖို့ပါပဲဗျာ ။
ဘာပဲဖြစ်ဖြစ် အရသာရှိရှိ လ္ဘက်ရည်တစ်ကျိုက် နဲ့တင်ကျေနပ်ပါတယ် ။ ဆိုင်မပိတ်သေးသ၍ လာသောက်နေပါဦးမယ် ။ ဆက်ဖျော်ပါ အစ်ကို (ဟုတ်ပါဘူး) ဆက်ရေးပါ အစ်ကို.... အဟေးဟေး အဆင်ပြေပါစေဗျာ
အမကတော့ လက်ဖက်ရည်ဆိုင်ထိုင်ရင် လက်ဖက်ရည်စစ်စစ်၊ ကောင်းကောင်းကိုပဲ မျှော်လင့်လို့ လာထိုင်တာပါပဲ။
သစ်ရိပ်ဝါးရိပ်နဲ့ သဘာဝဆန်ဆန် သပ်သပ်ရပ်ရပ်လေးဆိုရင် ပိုထိုင်ပျော်တာပေါ့။
လက်ဖက်ရည်ပဲ ကောင်းပြီး ယင်တလောင်းလောင်းနဲ့ ညစ်ပတ်နေရင်လဲ ဘယ်သူထိုင်ပါ့မလဲ။
စားသုံးသူအကြိုက် ကိုယ်ကြိုက်ရာ ရွေးချယ်ခွင့်ရနေတာကိုက ကျေနပ်စရာပဲ မဟုတ်လား။
ကိုယ့်ဆိုင်လေး သဘောကျစရာဆိုရင် စိတ်တူသူတွေ လာရင်ကိုပဲ ကြည်နူးစရာပါလေ..။
အမသာ ကိုအောင်ကြည်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် လက်ဖက်ရည်ကောင်းကောင်းလေး ဖျော်နေ ပြုစုနေရရင်ကို တော်ပါပြီ။ သူတို့ဖာသာ ရွေးပါစေ။
အိမ်က အဖေနဲ့ အမေက လဘက်ရည်ကျိုးတွေ… ခရီးသွားရင် ဆိုင်လေး သပ်သပ်ရပ်ရပ်ဆိုရပ်လိုက်ပြီး လဘက်ရည်က အတော်ညံ့နေရင် အဖေက တဗျစ်တောက်တောက် ပြောလို့ မဆုံးဘူး... ဆိုင်ပြစားနေတာတဲ့…
ကျွန်မက လဘက်ရည်မကြိုက်တတ်ဘူး… ဒါပေမယ့် ကိုအောင်ကြည့်ဆိုင်တော့ ထိုင်ဖူးချင်တယ်… သူ့ ဦးစားပေးစံကို ကြိုက်လို့ …
ကိုအောင်ကြည်ကို ပြောလိုက်ပါ။ "ပေါ့ဆိမ့်" ကောင်းကောင်း အမြဲသောက်ချင်ပါတယ်လို့။
always come to ur blog daily and truly feel whatever u witten. but never write comment.
bcoz I like only nice tea.......
pls keep writing ur bolg........:)
ဒီလက်ကဖက်ရည်ဆိုင်ကို အမြဲလာထိုင်ဖြစ်ပါတယ်
ဆိုင်ရှင်ကိုအောင်ကြည်က လက်ဖက်ရည်ကောင်းကောင်းဖျော်ပေးနေရရင် ကျေနပ်သလို ကျနော်ကလဲ လက်ဖက်ရည်ကောင်းကောင်းသောက်နေရရင်ပဲ ကျေနပ်နေတတ်သူမို့ တခါတရံတော့ နှုတ်ခွန်းဆက်ဖို့ ပျက်ကွက်မိပါကြောင်း :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
လက်ဖက်ရည် ကောင်းတယ်ဆိုတာ ဘယ်လိုဖျော်လဲမသိခင်အချိန်ကပေါ့..။
နောက်တော့.. လက်ဖက်ရည်ကို ဘယ်လိုဖျော်တာလဲ ဘာကြောင့်ဖျော်တာလဲ ဆိုတာ သိသွား တဲ့သူအဖို့ကတော့ ဒီလက်ဖက်ရည်ဆိုင်ကို ကောင်းပါတယ်လို့ ပြောရမှာ ဝန်လေးလာတယ်ဗျာ
မသိတဲ့သူတွေကတော့ အဖျော်ဆရာရဲ့ လက်ရာကို နှစ်သက်နေကြဦးမှာပဲ
ဟီဟိ ကျမတို့လက်ဘက်ရည်ဆိုင်လေးကိုများ စောင်းပြောနေတာလားမသိဘူး။ လက်ဘက်ရည်ကလွဲရင် ကျန်တာ သိပ်မကောင်းလို့ အရင်းပြုတ်ခဲ့ဖူးတယ်ဗျို့..
မနက်တိုင်း လက်ဖက်ရည် ပါဆယ် ၀ယ်သောက်တယ်။ ဆိုင်တော့ သိပ်မထိုင်ဖြစ်ဘူး ကိုအောင်ကြည်ရေ။
ပို့စ် ရော အပေ်းက ကောမန့်တွေရော အကုန်ဖတ်ကောင်းတယ်....
post ရော comments တွေရော
အကုန်ဖတ်သွားပါတယ်
ကိုအောင်ကြည် ရေ...အဲ ကိုစေးထူးရေ..
ကိုအောင်ကြည့် စိတ်ဓါတ်ကိုတော့ကြိုက်တယ်ဗျာ။ အနှစ်သာရရှိမှု ဆိုတာ လောကမှာ အရေးကြီးဆုံးဗျ။
အဲဒီလက်ဖက်ရည်ဆိုင်ဖွင့်ရခြင်း ရည်ရွယ်ချက်ကို သိခဲ့ရင်အခုလို ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး
Post a Comment