Tuesday, November 18, 2008

နည်းရွေ့များဟူ...

ကျနော့်ရဲ့ အသက်ခပ်ငယ်ငယ် ပြန်အမှတ်မိနိုင်ဆုံးသော ကာလတခုကို ပြန်တွေးကြည့်ရင် ကျနော် အသက် ခပ်ငယ်ငယ်တုန်းက မိဘများက ကလေးကဗျာလေးတွေ သင်ပေးခဲ့တာ၊ ကျောက်သင်ပုန်းပေါ်မှာ ၀လုံးကလေးတွေ ဆွဲခိုင်းလို့ ကျနော်ဆွဲလာတဲ့ ၀လုံးလေးတွေက ၀ပြားလေးတွေပဲဖြစ်ဖြစ်၊ ၀ပြတ်လေးတွေပဲ ဖြစ်ဖြစ် မိဘတွေက ပီတိအပျော်တွေနဲ့ ကြည်နူးနေကြတာကို စိတ်ထဲမှာ ရေးရေးပြန်မြင်မိတယ်။

ကျောင်းနေရမယ့် အရွယ်ရောက်တော့ ကျောင်းစိမ်းဝတ်စုံ အသစ်လေးကို ကြွကြွရွရွ ၀တ်လို့ မိဘတွေလက်ကို ခပ်တင်းတင်းဆွဲပြီး ကျောင်းကို ပျော်ပျော်ကြီး သွားခဲ့တာ...။ ခဲတံတွေ ပျောက်လွန်းလို့ လည်ပင်းမှာ ခဲတံဆွဲကြိုးလေး တန်းလန်းနဲ့ ကျောင်းတက်ခဲ့ရတဲ့ အချိန်တွေ။ ကျောင်းမှာ ဆရာမ အဆိုခိုင်းတဲ့ ကလေးကဗျာတွေကို သူတကာထက် အသံပိုကျယ်အောင် အားပါးတရ အော်ဆိုခဲ့တဲ့ ကလေးဘ၀ကို တမ်းတမ်းတတနဲ့ ပြန်သတိရမိပါရဲ့...။

***

အခုတော့ ကလေးဘ၀ဆိုတာဟာ စိုင်းထီးဆိုင် ဆိုခဲ့တဲ့ သီချင်းထဲကလိုပဲ ဘယ်တော့မှပြန်မရနိုင်တဲ့ `ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ´ ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။

ဒါပေမယ့် ... ... ...။

ကလေးတွေ...၊ အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကလေးလေးတွေ။ တခုခုကို မျှော်လင့်နေတဲ့ မျက်လုံးလေးတွေနဲ့ ကလေးလေးတွေ။ သူတို့လေးတွေရဲ့ မျက်နှာထားပေါ်မှာ အတ္တတွေ၊ မာန်မာနတွေ၊ စောင်းမြောင်းငြူစူခြင်းတွေ၊ အညိုးအတေးတွေရဲ့ အရိပ်အယောင်တွေ ရှိဖို့ဝေးလို့ ကူညီကယ်မမယ့်သူ တယောက်တလေကို ကျေးဇူးအတင်ကြီး တင်ချင်နေကြတဲ့ မျက်နှာထားလေးတွေ။

ကျနော့် ငယ်ဘ၀ကို ပြန်သတိရမိရင် ကလေးဘ၀ဆိုတာကို တမ်းတမ်းတတ သတိရမိတာ မှန်ပေမယ့် သူတို့လေးတွေရဲ့ မျက်နှာလေးတွေကို အမှတ်တမဲ့နဲ့ဖြစ်ဖြစ် တွေ့မိ၊ မြင်မိရင်တော့ ကျနော်တို့ ပြန်ပြန် တမ်းတနေတဲ့ အပူအပင်ကင်းကင်းနဲ့ ကျောင်းနေခဲ့ရတဲ့ ဘ၀မျိုးကို သူတို့မှာတော့ မပိုင်ဆိုင်ကြရရှာပါလားဆိုတဲ့ အသိနဲ့ ကရုဏာသက်စိတ် ဖြစ်ရတယ်။

တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ သက်ဆိုင်ရာ အစိုးရတွေက ဒါကို အာရုံစူးစူးစိုက်စိုက်နဲ့ အလေးထားပြီး အဲဒီလို ကလေးတွေရဲ့ အနာဂတ်ရေးအတွက် စောင့်ရှောက်ရေးဌာနတွေ အသေအချာဖွင့်လှစ်ထားလေတော့ သူတို့ဆီက ကလေးတွေမှာတော့ ပျော်လို့ပါးလို့ပါပဲ။ ကျနော်တို့ဆီမှာကတော့ ... ... ...။

***



မင်္ဂလာသာစည် ကျောင်း...တဲ့။

သာစည်မြို့မှာ မြေပြိုပြီး မြို့သစ်အသွင်ဖြစ်နေတဲ့ ကျေးရွာကလေးမှာ တည်ထားတဲ့ အဲဒီကျောင်းကလေးမှာ ပညာသင်နေကြတဲ့ ကလေးလေးတွေရဲ့ ပုံပါ။

ဒီကလေးတွေဟာ သေချာတာကတော့ ကျနော့်ငယ်စဉ် ကလေးဘ၀တုန်းကလို ပျော်ရွှင်စရာ ဘ၀မျိုးကို ပိုင်ဆိုင်မနေတာကတော့ သေချာပါတယ်။ မိဘတွေက ချို့ငဲ့ရှာလေတော့ အခမဲ့ပညာသင်လို့ရနိုင်ရာ ဘုန်းတော်ကြီးကျောင်းမှာပဲ ပညာသင်ကြရသူလေးတွေပါ။ ဒီကြားထဲ ပညာ့တန်ဖိုးကို နားလည်အားဖို့ထက် ၀မ်းရေးအတွက် ကိုယ့်ရင်သွေးကိုကိုယ် အရွယ်မတိုင်မီ ဖားရှာငါးရှာ အထွက်ခိုင်းနေရတဲ့ မိဘတချို့ကို ဘုန်းတော်ကြီးက သင်္ဃန်းကြီး တလွှားလွှားနဲ့ စည်းရုံးပြီး ကလေးတွေကို ကျောင်းအတက်ခိုင်းရတာ ရှိပါသေးတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း ရင်သွေးငယ်လေးတွေရဲ့ နောင်ရေးအတွက် လောကုတ္တရာရေးထက် လောကီရေးရာအတွက် ရတက်မအေးနိုင်ရတဲ့ ဘုရားသားတော် ဆရာတော်များရဲ့ စေတနာတရားကို ဦးခိုက်မိပါရဲ့...။

`ကျနော် ငွေနည်းနည်းလောက် အဲဒီကျောင်းအတွက် လှူချင်လို့ပါ´ လို့ ပြောခိုက်မှာ အဲဒီကျောင်းက ကလေးတွေအတွက် တခုခုသော အလှူငွေ ရလိုရငြား ဘလော့ဂ်လေး တခု လုပ်ထားသူက ၀မ်းသာအားရနဲ့ `ကျေးဇူး အရမ်းတင်လိုက်တာ´ လို့ ပြောရှာတယ်။ သူတင်တဲ့ ကျေးဇူးဟာ ကျနော့်ကို ကျေးဇူး တင်တာသက်သက်ထက် ဟိုဘက်က ကလေးတွေအတွက် တခုခုသော အကူအပံ့လေးတော့ ရပြီဆိုပြီး ပျော်နေမယ့် ပီတိအပျော်လို့ စိတ်ထဲကနေ ခံစားမိပါတယ်။ `ကျနော့် ဘလော့ဂ်ပေါ်မှာလဲ ဒီကျောင်းအကြောင်းကို တင်ထားပြီး တခြားလှူလိုသူတွေ ရှိလိုရှိငြား တင်ပါရစေ´ လို့ ထပ်ပြောတော့ `ဒါဆိုရင်တော့ သာဓု ခြောက်ခါခေါ်ပြီး ကျေးဇူးတင်လိုက်မယ်´ လို့ ပြန်အရွှမ်းဖောက်ပါတယ်။

ငွေလှူမယ့် အကြောင်း ပြောနေခိုက်မှာတင်ကို ကျနော်ရဲ့ အလှူငွေဟာ ကလေးတွေအတွက် ထမင်းတလုပ်များ ဖြစ်လေမလား၊ ခဲတံ တယောက်တချောင်းစီလောက်များ ဖြစ်မှာလား၊ အ၀တ်ကလေး တထည်စီလောက် ရနိုင်မလားလို့ တွေးနေရတာကိုက ကြည်နူးနေခဲ့ရပါတယ်။

***

`အားလုံး ပြီးပါပြီ။ ငွေလွှဲကုဒ်နံပါတ်ကိုတော့ သေသေချာချာမှတ်ပါ´

ငွေလက်ခံ စာရင်းသွင်းတဲ့ စာရေးမ ပြန်ပေးတဲ့ ဖြတ်ပိုင်းပေါ်က ဂဏန်းဆယ်လုံးကို မမှားရအောင် အသေအချာမှတ်လိုက်တယ်။ ကျေနပ်သွားတဲ့ စိတ်နဲ့အတူ အပြင်မှာ အေးစက်နေတဲ့ ရာသီဥတုကိုတောင် ဂရုမစိုက်အားနိုင်တော့ပါဘူး။ ငွေလွှဲဌာနထဲကနေ ပီတိစိတ်နဲ့ ပြန်ထွက်လာတဲ့သူကို အေးစက်စက်လေတွေက ချီးကျူးဂုဏ်ပြုနေသလိုလို ... ... ...။

***

ဒီစာကို ဖတ်နေမယ့် မိတ်ဆွေတွေ အနေနဲ့လဲ ဒီလိုကလေးလေးတွေပုံမျိုး များစွာကို တွေ့ဖူးကြမှာပါပဲ။ ထူးထူးထွေထွေတော့ မပြောလိုတော့ပါဘူး။ အိတ်ကပ်ထဲကို ငုံ့ကြည့်မိလို့ အမှတ်တမဲ့နဲ့ တွေ့မိတဲ့ ငါးကျပ်တန်၊ တဆယ်တန် တရွက်ကိုပဲ ဖြစ်ဖြစ် သဒ္ဓါတရားပေါက်လာမယ် ဆိုရင်တော့ ဟောဒီ ဘလော့ဂ်လေးကနေ တဆင့်ဖြစ်စေ၊ mingalar.tharsi@gmail.com မေးလ်ကတဆင့် ဆက်သွယ်လို့ဖြစ်စေ လှူဒါန်းနိုင်ကြောင်း ထပ်ဆင့် လက်ဆင့်ကမ်းပါရစေ။

ပွင့်သောပန်းတိုင်း လှပဖို့ နည်းရွေ့များဟူ လှူကြစို့...။


ကလိုစေးထူး

5 comments:

MANORHARY said...

နိဗ္ဗာန်ဘုံပျောက်ဆုံးသွားတာမျိုးမဟုတ်ပဲ
ရှိကိုမရှိခဲ့ရကိုမရခဲ့လိုက်ကြတာလို့
မကြာခဏတွေးမိပါရဲ့.........

တန်ခူး said...

ကိုစေးထူးရဲ့ မြတ်သောအလှူအတွက် သာဓုခေါ်ပါတယ်…
Infoအတွက်လဲ ကျေးဇူးပါ… လဲနေသူကို ထူပေးကြဖို့ တိုက်တွန်းတဲ့ ဒီလိုပို့ စ်လေးအတွက် ကျေးဇူးပါ…

ဘိုးတော် said...

သာဓု ၃ကြိမ်ခေါ်ခဲ့တာကို ဘာဖြစ်လို့များ ဖျက်ချင်ရတာပါလိမ့်း(

ကလိုစေးထူးနှင့် ဇနီးခင်ထွေးရီ နောင်တွင်လည်း အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ကြပါစေဗျာ။

စိတ်ထဲရှိတဲ့အတိုင်း သာဓုခေါ်ခဲ့တာပါဗျာ။
နှောက်ယှက်တာ မဟုတ်ရပါဘူး။

ပထမအကြိမ် သာဓုခေါ်ခဲ့တာ ဖျက်လိုက်လို့ စိတ်မကောင်းစွာနဲ့ ပြန်လာရေးပါတယ် ကိုကလိုစေးထူးရေ..။

ကလိုစေးထူး said...

ဘိုးတော် အမည်ခံ...
အခုလှူတာ ခင်ဗျားလာလျှောက်ရေးနေသလို ဘာခင်ထွေးရီနဲ့မှ မဟုတ်လို့ ဖျက်လိုက်တာ၊ ခင်ဗျား ဘယ်လိုရည်ရွယ်ချက်နဲ့ လာလာရေးနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိမယ်ထင်တယ်။ ကျနော် စာလာဖတ်သူတွေကို အားနာလို့ ပြန်မပြောတာကို အခွင့်ကောင်းယူပြီး အလှူပို့စ်က အစ လိုက်နှောက်ယှက်တာကိုတော့ စိတ်ပျက်မိတယ်။ ကျနော့်ကို ပါစင်နယ်အရ အရမ်းအရမ်းကို လုပ်ချင်တယ်ဆို ကျနော် အကြံပေးပါမယ်။ ဘလော့ဂ် တခုခု လုပ်ပါ။ ခင်ဗျား ရေးချင်တာရေးပါ။ အဲဒါမျိုးတွေ စိတ်ဝင်စားတဲ့လူတွေ လာဖတ်ပါလိမ့်မယ်။
ကျနော် စိတ်သန့်သန့်နဲ့ လုပ်နေတဲ့ အလှူပို့စ်ကိုက အစ လိုက်နှောက်ယှက်တဲ့ ခင်ဗျား ဘယ်သူလဲဆိုတာတော့ သိချင်မိတယ်။

Zephyr said...

ကိုကလိုစေးထူး ...

သာဓုခေါ်ပါတယ်ဗျာ ...။
ကျွန်တော်လည်း လှူချင်ပါတယ် ... ဆက်သွယ်ပြီးလှူဒါန်းလိုက်ပါမယ် ...။
post အတွက်လည်း ကျေးဇူးတင်ပါတယ် ...။