Monday, November 10, 2008

ချစ်မေတ္တာသည်...

တခုသော စနေနေ့ တရက်၏ ညနေခင်း...။

ရောင်စုံရွက်ကြွေတွေ ပြန့်ကျဲနေသော ကားလမ်းထက်တွင် ကားတစီးက ရွက်ကြွေတွေကို ဖျောခနဲ နင်းဖြတ်လိုက်၊ လေအဟုန်ကို တိုးဝှေ့လိုက်နှင့် သခင်လိုရာကို အပြေးနှင်နေ၏။

***

Western Union ဌာနခွဲ တခုကိုရောက်တော့ ငွေလွှဲပို့ရမည့် လိပ်စာနှင့် လွှဲမည့် ပမာဏကို သေချာစွာ ဖြည့်စွက်ပြီး ...

`အမိုး...၊ ပို့ခက ၃၆ ဒေါ်လာ ဆိုတော့ အားလုံး ၅၃၆ ဒေါ်လာကျမယ်´

အမိုးက လွယ်ထားသည့် ကရင်လွယ်အိတ်သေးသေးလေးထဲမှာ တသေတချာ သိမ်းထားဟန်တူသည့် သားရေအိတ် ခပ်ရွယ်ရွယ် တလုံးကို ဆွဲထုတ်လိုက်သည်။ သားရေအိတ် ဇစ်ကို ဆွဲဖွင့်လိုက်တော့ ငွေစက္ကူရောရာလေးတွေ တထပ်ကြီးထွက်လာသည်။ အကြီးဆုံး အတန်က တဆယ်တန်...၊ ကျန်တာတွေက ငါးဒေါ်လာတန်တချို့နှင့် တဒေါ်လာတန် ငွေစက္ကူသက်သက်...။ တဆယ်ခေါက် တခေါက်စီ သေသေသပ်သပ် ခေါက် သိမ်းထားသော ငွေတွေကို အမိုးက စေ့စေ့စပ်စပ် ပြန်ရေနေတာကို ငွေလက်ခံကောင်တာက စာရေးမရော သူပါ စိတ်ရှည်လက်ရှည်နှင့် စောင့်ပေးရသည်။

ငွေရေပြီးလို့ စာရေးမကို ပေးလိုက်တော့ စာရေးမက ခပ်သွက်သွက်ပင် စာရင်းသွင်းလိုက်သည်။ ပရင်တာမှ လက်ခံဖြတ်ပိုင်း ပြန်ထွက်လာသံ တချောက်ချောက်ကို အမိုးက အငေးသားလေး ကြည့်နေသေးသည်။ စာရေးမ ပြန်ပေးလာသော ထိုဖြတ်ပိုင်းပေါ်မှ ဂဏန်းဆယ်လုံးကို သေချာ ထင်ရှားအောင် ဘောပင်နှင့် ၀ိုင်းပြပြီး ... `အမိုး၊ အဲဒါ မမှားစေနဲ့နော်´ လို့ မှာရသည်။

***

`ဒီတခါ လွှဲတာက ဘုရားကျောင်း ပိုက်ဆံတွေလေ ဖိုးခွား´

အပြန်လမ်းမှာတော့ အားရပျော်ရွှင်ပုံရနေသည့် အမိုးက သူ ဘာမှ မမေးရသေးခင်မှာပင် ပြောပြနေ၏။

`ဟုတ်လား၊ ပိုက်ဆံတွေက အကြွေတွေချည်းပဲနော်...၊ အမိုး စုထားတာလား´
`မဟုတ်ဘူး ဖိုးခွား၊ တပတ်တခါ ဘုရားရှိခိုးကနေ ကောက်ထားတာတွေလေ´

သူနေထိုင်ရာ ရပ်ကွက်ငယ်လေးထဲမှာ နောက်ထပ် အသစ်အသစ် ရောက်လာကြသည့် ကရင်မိသားစုတွေ မနည်းလှတော့ပါ။ တခါတရံမှာ အိမ်တအိမ်အိမ်မှာ လူစုပြီး ခရစ်ယာန် ဘာသာအစဉ်အလာ ဘုရားရှိခိုး အစီအစဉ်လေးတွေ လုပ်တတ်တာကို တွေ့မိပေမယ့် အခုလို ငွေကောက်တာ ဘာညာတော့ သူမသိခဲ့...။ တခါတရံ ရောက်ဖူးတဲ့ ဘုရားကျောင်းတွေက တနင်္ဂနွေနေ့ ဘုရားရှိခိုး အစီအစဉ်တွေမှာ ဗန်းငယ်ကလေးတွေနဲ့ အလှူငွေသဘော ကောက်တတ်တာကိုတော့ တွေ့ဖူးသား...။

`တပတ် တပတ်ဆို ဘယ်လောက်ရလဲ အမိုး´
`ဒီလိုပါပဲ၊ နည်းနည်း နည်းနည်း စုရတာပေါ့´

ကားထဲမှာ အသံတို့က တိတ်ဆိတ်သွားပြန်သည်။ နောက်တော့ ... ... စိတ်ထဲမှာ အတွေးတခုက ရလာသည်။

`အမိုး´
`အင်း´
`ကျနော့် အိမ်မှာ ဘုရားရှိခိုး လုပ်လို့ရော ရလား´
`ရတာပေါ့´
`ဟိုလေ၊ ကျနော်က ခရစ်ယာန် မဟုတ်တော့ ... ... ...´
`ဒါတွေက အရေးမကြီးပါဘူးကွယ်´
`ဟုတ်၊ ဒါဆို နောက်တပတ်ကျရင် ကျနော့်အိမ်မှာ ဘုရားရှိခိုးပွဲ လာလုပ်လေ´
`အင်း၊ အမိုး တခြားသူတွေကို ပြောထားလိုက်မယ်´

***

ဗုဒ္ဓဘာသာဝင် တယောက်ရဲ့ အိမ်မှာ ခရစ်ယာန် ဘုရားရှိခိုးပွဲ လာလုပ်တာကို သာမန်အားဖြင့်တော့ ကြားရသူအဖို့ အထူးအဆန်း သဖွယ် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ ဒါပေမယ့် သူ့အိမ်ခန်းရဲ့ တနင်္ဂနွေ ညနေခင်းလေးကတော့ မေတ္တာ တေးသံများ၊ ဆုတောင်းစကားသံများဖြင့် ဝေစည်နေခဲ့သည်။ ကလေးတွေက တရုန်းရုန်း၊ လူကြီးတွေက တပြုံးပြုံးနှင့် ပျော်စရာကောင်းနေတဲ့ အခန်းလေးမှာ မတူညီပေမယ့် တူညီသောလူတွေ စုစည်းခဲ့ကြပါသည်။

အနီးအနားက ကရင်မိသားစုလေးတွေမှ တဦးစီ တဦးစီ ကရင်ဘာသာတမျိုး၊ ဗမာတဘာသာ တလှည့် ဆုတောင်းပေးကြသည်မှာ ပီတိဖြစ်ဖွယ် ကောင်းလိုက်ပါဘိ...။ အထူးဧည့်သည် ကရင် တရားဟော ဆရာလေး စောဆင်မျူရယ်က `မဇ္ဈိမပဋိပဋာ´ တရားကို ဂေါတမ မြတ်စွာဘုရားရှင်၊ ဘုရားရှင် အဖြစ်သို့ ရောက်တော်မမူမီ ဒုက္ကရ စရိယာ အကျင့်ကို ကျင့်ခဲ့စဉ်အခါက တရားထူး မရခဲ့ပါဘဲ အလယ်အလတ်လမ်းကို လိုက်ခဲ့ပါမှ ဘုရားအဖြစ်သို့ ရောက်ခဲ့တော်မူပုံနဲ့ ဥပမာပြ ပြောဟောသွားသည်ကိုက သူ့ဘက်ကိုယ့်ဘက် ဘာသာတရားကို လေးစားမှု ရှိကြောင်း ပြသနေလေဟန်...။

`ဖိုးခွားရော...၊ တခုခု ဘာပြောချင်သေးလဲ´

ဆုတောင်းပွဲ အစီအစဉ် အားလုံး ပြီးလုနီးမှာ အမိုးက မေးလာတော့ စိတ်ထဲမှာ အရမ်းပြောချင်နေသည့် စကားတချို့ကို ပီတိသံစွက်ပြီး ပြောဖြစ်မိသည်။

`ကျနော် မြန်မာပြည်က ထွက်လာတော့ ကျနော့် မိဘတွေ၊ မောင်နှမတွေနဲ့ ခွဲရပြီလို့ စိတ်ထဲမှာ ခံစားခဲ့ရတယ်။ ခွဲလဲ ခွဲခဲ့ရတာပါပဲ။ ဒါပေမယ့် ဒီနေ့ ဒီနေရာ၊ ဒီအချိန်လေးဟာ ကျနော့်ကို မိဘ၊ မောင်နှမတွေနဲ့ အတူတူ ရှိနေခွင့် ရစေလိုက်တဲ့ တခဏလို့ ကျနော်ခံစားရပါတယ်။ ဒီမှာရောက်နေတဲ့ အမိုးနဲ့ အဘိုးကို ကျနော့် မိဘတွေလို စိတ်ထဲမှာ ခံစားခဲ့ရသလို တခြားသော မိသားစုတွေကိုလဲ ကျနော့် ညီအကို မောင်နှမတွေလိုပဲ ခံစားရပါတယ်။ ကျနော်ပြောမှား ဆိုမှားတွေ ရှိခဲ့ရင်လဲ ခွင့်လွှတ်ကြပါ။ တခုခု အပြန်အလှန် လိုအပ်တာရှိရင်လဲ ကျနော် နိုင်သလောက်တော့ ဖြည့်ကူပါမယ်။ ကျနော်တို့တွေ အားလုံးဟာ ကိုးကွယ်တဲ့ ဘာသာ မတူပေမယ့်လဲ တဦးနဲ့ တဦး အပြန်အလှန်ထားတဲ့ မေတ္တာတရားကတော့ အတူတူပါပဲ´

အဲဒီနောက်တော့...



***

အမိုးတို့ တအုပ် ပြန်သွားပေမယ့် သူ့အခန်းလေးထဲမှာ သူတို့ ဗမာသံ မပိတပီနဲ့ ဆိုသွားကြတဲ့ သီချင်းသံက လွင့်ပျံ့လို့ ကျန်နေခဲ့လေသည်။

`~~~ ချစ်မေတ္တာသည်~~ ကမ္ဘာကြီး ဖုံးလွှမ်းပါစေ~~~ ချစ်မေတ္တာသည်~~~ လူသားအကျိုးပြုပါစေ~~~ ချစ်မေတ္တာသည် ကမ္ဘာကြီး ငြိမ်းချမ်းပါစေ~~~~´

အမိုးက ပြန်ခါနီး သူ့ကို ပြောသွား၏။ `ဖိုးခွားအိမ်မှာ ဒီနေ့ အလှူငွေ အများကြီး ရတယ်´ ...တဲ့။ `ကျနော်လဲ အလှူငွေထည့်ပေးလိုက်တယ် အမိုးရဲ့´ ဟုတော့ သူပြန်မပြောဖြစ်လိုက်တော့ပါ။

***


ကလိုစေးထူး

8 comments:

Anonymous said...

ချစ်ခြင်းမေတ္တာဆိုတာ
ဘာသာတရားနဲ့မဆိုင်ပါဘူး
အကိုရဲ့Post စိတ်ဝင်စားစွာဖတ်
သွားပါတယ်

tututha said...

ကျမတို့သန်လျင်မြို့လေးက ဘုရားကျောင်းလေးရယ် အဲ့ကသူငယ်ချင်းတွေရယ်ကိုလွမ်းနေတာ။ ကွာယာနားထောင်သွားပါတယ်။ ကျမလွမ်းတဲ့ထဲမှာ အဲဒီကွာယာအဖွဲ့လည်းပါတယ်။ ဒီအချိန်က ကျမတို့ သီချင်းသံတွေနဲ့ ဝေစည်နေရမယ့်အချိန်ပေါ့။ ချစ်မေတ္တာ ... ကမ္ဘာကြီးကို ဖုံးလွှမ်းပါစေ။
ခင်မင်စွာဖြင့်
tututha

Anonymous said...

:)

kay said...

ကိုစေးထူးရေ- မနှုတ်ဆက်ဖြစ်တာတောင် ကြာပေါ့.
အခု ချစ်မေတ္တာ ပို့စ်ထဲက..ခံစားချက်လေးမျိုး- ကျမ လည်း ခဏခဏ ခံစားဖူးပါတယ်။ တစုံတခု ရဲ့ တို့ထိ မူ ကို တကယ်ခံစားရပါတယ်။

Anonymous said...

ရေးတော့ရေးတယ် ပြန်ဖျက်လိုက်ပါတယ်
သူတော်ကောင်းကြီးရေ

MANORHARY said...

အမအိမ်မှာလည်း တစ်လတစ်ခါ အဲလိုဘုရားရှိခိုးတယ်..
တစ်စုံတစ်ခုရဲ့တို့ထိမှုကို ကေ့လိုပဲ ကလိုစေးထူးလည်း
ရမယ်လို့ယုံကြည်ပါတယ်...

Moe Cho Thinn said...

ရှေ့က KK ပြောသွားသလိုပါပဲ၊ မေတ္တာတရားက ဘာသာတရားတံတိုင်းတွေကို ပယ်ဖျက်လိုက်ပါတယ်။
ကိုစေးထူး ကြည်နူးချမ်းမြေ့ရသလို အမတို့လဲ ဒီစာဖတ်ပြီး စိတ်ထဲမှာ အေးချမ်းသွားတယ်။
အမတို့လဲ အင်းစိန်မှာ နေခဲ့တာဆိုတော့ ခရစ်ယန် ဓမ္မတေးလေးတွေနဲ့ အမြဲရင်းနှီးနေခဲ့ရတာ။

Phyo Evergreen said...

ကိုစေးထူးရေ ဖတ်ရတာစိတ်ချမ်းသာစရာကောင်းပါတယ်။
မေတ္တာနဲ့ ယှဉ်လာရင်တော့ စည်းတွေ နံရံတံတိုင်းတွေ ခွဲခြားမှုတွေ မရှိတော့ဘူးလို့ ထင်မိပါတယ်..။