Saturday, March 01, 2008

တော်ရာမှာ နေရတဲ့အခါ ...(၃)

အမေရိကန် နိုင်ငံမှာ ကမ္ဘာအရပ်ရပ်ကနေ ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေးအတွက် အကူအညီပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ (LSS လို အဖွဲ့မျိုး) ဆယ်ဖွဲ့ရှိပါတယ်။ အဲဒီ အဖွဲ့ဆယ်ဖွဲ့ဟာ ၀ါရှင်တန်မြို့မှာ တပတ်တကြိမ် အမြဲ အစည်းအဝေးထိုင်ပြီးတော့ အမေရိကန်ကို ရောက်လာကြမယ့် ဒုက္ခသည်တွေကို အဆင်ပြေ သင့်တော်ရာ ပြည်နယ်တွေမှာ နေရာချပေးဖို့ တာဝန်ခွဲဝေ ယူကြပါတယ်။

ဒုက္ခသည် အတော်များများ ထင်မှတ်လေ့ ရှိတာကတော့ တတိယနိုင်ငံဆိုတာဟာ သူတို့ရဲ့ အတိတ်ဟောင်းက ဒုက္ခ၊ သုက္ခတွေ အားလုံးရဲ့ ချုပ်ငြိမ်းရာနေရာ ဒါမှမဟုတ် အပူအပင်အားလုံး မှန်သမျှ ဘာမှမရှိတော့တဲ့ နေရာလို့ ထင်လေ့ ရှိတတ်ပါတယ်။ အမှန်တကယ်မှာကတော့ တတိယနိုင်ငံဆိုတာဟာ သုည ဖြစ်နေတဲ့ ဘ၀တခုကို တစ်ကနေ ပြန်စနိုင်ဖို့အတွက် ယုံကြည်မှု အစပျိုးပေးလိုက်တဲ့ နေရာသာ ဖြစ်ပါတယ်။ အဲဒီအချက်ကို တခြားသော နိုင်ငံတွေထက် ပိုမိုသိသာ ထင်ရှားပေါ်လွင်စေတာကတော့ အမေရိကန် နိုင်ငံပါပဲ။

နော်ဝေလို နိုင်ငံမျိုးကို ရောက်သွားတဲ့ ဒုက္ခသည်တယောက်အနေနဲ့ ဘယ်တုန်းကမှ မရင်းနှီးဖူးတဲ့ နော်ဝေ ဘာသာစကားကို သင်ယူခြင်းသည်သာ ပထမဦးဆုံး အရေးကြီးတဲ့ အချက်ဖြစ်ပေမယ့် အမေရိကန် နိုင်ငံကို ရောက်တဲ့ ဒုက္ခသည်အတွက်ကတော့ မိမိခြေထောက်ပေါ် မိမိ မြန်နိုင်သထက် မြန်မြန် ရပ်တည်နိုင်အောင် ကြိုးစားခြင်းဟာ အဓိက အရေးအကြီးဆုံးပါ။

အမေရိကန် နိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည် တယောက်ကို အစိုးရစရိတ်နဲ့ တကယ်တမ်း တရားဝင် ထောက်ပံ့ပေးတာဟာ သုံးလတာမျှသာ ဖြစ်ပါတယ်။ ချွင်းချက်အားဖြင့်တော့ ကျနော် အထက်က တင်ပြခဲ့တဲ့ အဖွဲ့ဆယ်ဖွဲ့အပြင် ဘုရားရှိခိုးကျောင်းတွေရဲ့ ထောက်ပံ့ပေးခြင်းကိုပါ ရရှိတဲ့ မိသားစု တချို့ကတော့ အဲဒီ ဘုရားရှိခိုးကျောင်းတွေရဲ့ အနီးကပ် စောင့်ရှောက်ခြင်းကို ခံရလေ့ရှိတာမို့ တခြားသော မိသားစုတွေထက် အခွင့်အရေး ပိုမို သာလွန်တာ ရှိပါတယ်။ နော်ဝေကတော့ သုံးနှစ်ကနေ ငါးနှစ်အထိ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

***

ဒီနေ့ဟာ ကျနော့် အလုပ်ရဲ့ ပေးဒေးပါ။

ညနေစောင်းလုတော့ အလုပ်ရှင်က ကျနော့်ကို ချက်လက်မှတ်လာပေးရင်းနဲ့ သူ မနေ့ညက ကြည့်ခဲ့ရတယ် ဆိုတဲ့ တီဗွီ အစီအစဉ် တခုကို အခုလို ပြောပြပါတယ်…

`မနေ့ညက ကြည့်ရတဲ့ အစီအစဉ်တခုမှာ ငါတွေ့ခဲ့တာ မင်းတို့ နိုင်ငံက ဒုက္ခသည် တယောက်ရဲ့ အင်တာဗျူးတခုကွ´

`ဟုတ်လား၊ ပြောပြပါအုံး´

`သူက ထိုင်းနယ်စပ် ဒုက္ခသည် စခန်းကနေ ထွက်လာရတာတဲ့၊ တချိန်လုံးလုံး ဒုက္ခသည် စခန်းမှာပဲ နေခဲ့ရတော့ တို့နိုင်ငံကို လာခွင့်ရလို့ အပြင်လောကကို ထွက်လိုက်ရတဲ့ အချိန်မှာ မြင်မြင်သမျှအရာ အားလုံးဟာ သူ့အတွက် အံ့သြစရာ၊ ထူးဆန်းစရာပဲ ဖြစ်နေတယ်တဲ့။ ဗန်ကောက် လေဆိပ်ထဲကို ရောက်သွားတဲ့ အခါမှာဆိုရင် သူတွေ့ရတဲ့ အဆောက်အဦတွေဟာ သူ့တသက်မှာ တခါမှ မမြင်ဖူးခဲ့ဘူးတဲ့။ အမေရိကန် ရောက်တဲ့အခါမှာလဲ တွေ့သမျှ၊ မြင်သမျှ အရာရာတိုင်းဟာ သူ့အတွက် အထူးအဆန်းချည်းပဲ ဖြစ်နေတယ်တဲ့´

ဟုတ်ပါတယ်။ သုံးစွဲတဲ့ အသုံးအဆောင်က စလို့ တွေ့သမျှ၊မြင်သမျှ အရာအားလုံးလိုလိုဟာ အသစ်အဆန်းတွေချည်းသာ ဖြစ်နေတဲ့ ဒုက္ခသည်တွေအဖို့ မိမိရောက်သွားတဲ့ နေရာမှာ အခြေကျဖို့၊ တနည်းအားဖြင့် အဲဒီမှာ ရှိနှင့်ပြီးသား လူနေမှုစရိုက်နဲ့ အံဝင်အောင် နေထိုင်ရတာဟာ အခက်အခဲပေါင်း မြောက်များစွာတော့ ရှိပါတယ်။

ဘယ်နိုင်ငံကို ရောက်တဲ့ ဒုက္ခသည်ပဲ ဖြစ်ဖြစ် အရင်ဦးဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ဘာသာစကားပါ။ တတိယနိုင်ငံရောက် ဒုက္ခသည် အများစုအနေနဲ့ အခြေခံအလုပ်တွေမှာသာ များသောအားဖြင့် အလုပ်ရလေ့ရှိတဲ့ အချက်ဟာလည်း ရောက်သွားတဲ့ နိုင်ငံမှာ သုံးစွဲနေတဲ့ ဘာသာစကားကို မတတ်ကျွမ်းခြင်းဟာ အဓိကအချက် တချက် ဖြစ်ပါတယ်။ ကျနော့်အလုပ်ရှင်က တခါပြောဖူးတာကတော့…

`လူတယောက်ကွာ၊ အလုပ်သိပ်လုပ်တယ်။ အလုပ်လဲ ပုံမှန်လာဆင်းမယ်။ ဒါပေမယ့် သူက ငါပြောတာ နားမလည်ရင် ငါက ဘာကို သွားခိုင်းလို့ရမလဲ´

ဘာအလုပ်ပဲ လုပ်ရလုပ်ရ၊ လုပ်နိုင်တယ် ဒါပေမယ့် သူတို့ဆီက စကားတော့ မတတ်ဘူးဆိုရင်တော့ အကောင်းဆုံး နည်းလမ်းဟာ အဲဒီဘာသာစကားကို တတ်အောင် သင်ခြင်းပါပဲ။ ကျနော့်အလုပ်ထဲမှာဆိုရင် ကျနော် အလုပ်သွင်းပေးထားတဲ့ ကရင် အကိုကြီး နှစ်ယောက်ဟာ အင်္ဂလိပ်စကားကို လုံးဝမပြောတတ်တဲ့ အတွက် နည်းပညာနဲ့ ဆိုင်တဲ့ အလုပ်မှာ မလုပ်ရဘဲ ပိုပြီးပင်ပန်းတဲ့ အလုပ်ကိုပဲ လုပ်ရပါတယ်။ အလုပ်ဝင်တာ တနှစ်ကျော်ကြာသည့် တိုင်အောင် အလုပ်ဝင်ခါစက လုပ်ရတဲ့ ပင်ပင်ပန်းပန်း အလုပ်မှာပဲ လုပ်နေရဆဲပါ။ လုပ်ခတိုးပေးဖို့ကိုလဲ အလုပ်ရှင်က အင်တင်တင် လုပ်ချင်ပါတယ်။ မတိုးမဖြစ် တိုးပေးလိုက်ရတဲ့ အချိန်မှာတောင် တနာရီကို လုပ်ခ တဒေါ်လာ တိုးပေးရမယ့် နေရာမှာ ၇၅ ဆင့်ပဲ တိုးပေးတာမျိုး လုပ်ပါတယ်။ ဘာသာစကားမတတ်ခြင်းကြောင့် ဆုံးရှုံးရတဲ့ မြောက်များစွာသော အချက်တွေ ရှိပါသေးတယ်။

အမေရိကန်နိုင်ငံကို ရောက်လာကြတဲ့ ဒုက္ခသည် ၁၀ ယောက်အနက် ၅ ယောက်လောက်မှာ တွေ့ရလေ့ ရှိတာ နောက်တခုကတော့ ဘယ်ကမှန်း မသိတဲ့ အချက်အလက် အမှားတွေကို သူတို့က သိနှင့်နေကြတာ ဖြစ်ပါတယ်။ ဥပမာ- အမေရိကန်ရောက်ရင် ဘာမှ လုပ်စရာမလိုတော့ဘူး၊ ဆေးဆေးဆေးဆေး နေရုံပဲ။ ဟိုရောက်တာနဲ့ အလုပ်မရှိလဲ အစိုးရကျွေးတာကို အေးအေးဆေးဆေး ထိုင်စားလို့ရတယ်။ ဆိုတာမျိုးတွေအပြင် အခြားသော အချက်အလက်အမှား များစွာကို သူတို့က သိနေလေ့ရှိပါတယ်။ အမှန်တကယ်ကတော့ အဲဒီလို မဟုတ်ပါဘူး။

ဆက်ရန်…

5 comments:

Khin said...

ယခုလို ပညာပေးတင်ပြပေးတာ ကုသိုလ်ရပါတယ်။

အင်္ဂလိပ်စာကို အားလုံးသင်ကြပါလို့ အကြံပေးလိုပါတယ်။

Khin said...

ကလိုစေးထူးရေ ..ကူညီပြီးရှင်းပြပါဦးမယ်။

စကင်ဒီနေဗီးယားနိုင်ငံတွေ နော်ဝေဆွီးဒင်တို့ ကို နာနီစတိတ်လို့ ခေါ်ပါတယ်။ အမေရိကန် လီဘရယ်တွေ ခပ်ပျင်းပျင်းလူတွေ သိပ်သဘောကျတယ်။ အစိုးရက အကုန်တာဝန်ယူတယ်။

ကနေဒါလဲ ဆို၇ှယ်လစ်ဆန်တယ်။ အမေရိကားက အခွင့်အရေးရတယ် မိမိဖါသာကြိုးစားရတယ်။

၇ီဖူဂျီတွေ နားလည်ဘို့ လိုတယ်။

ဘာသာရေးသမားတွေကလည်း သူတို့ ချာခ်ျတွေမှာ အလှုငွေတွေနဲ့ စီးပွားရေးသမားတွေဘဲ။

နိုင်ငံရေးသားတွေကလဲ ကင်ပိန်းအလှုငွေတွေနဲ့ စီးပွားရေးလုပ်စားနေတယ်။

ရီဖူဂျီတွေကို စက်ရုံအလုပ်သမားရှားတဲ့နေရာမှာ ချထားပေးတယ်။

ကောင်းတာကတော့ ငွေစုပြီး ပူနွေးတဲ့ အလုပ်ပေါတဲ့နေရာတွေပြောင်းကြပါ။

အားလုံး ကူညီကြပါလို့ အကြံပြုလိုပါတယ်။

Anonymous said...

နိုင်ငံရေးသားတွေကလဲ ကင်ပိန်းအလှုငွေတွေနဲ့ စီးပွားရေးလုပ်စားနေတယ်။
အမှန်ပဲဗျာ..

San Kyi Thu said...

အစ်ကိုကလိုစေးထူး
ကျွန်တော်က Singapore မှ အောက်ခြေအလုပ်သမား သာမန် Internet User တစ်ယောက်ဖြစ်ပါတယ်။
Internet ပေါ်ရောက်တိုင်း အစ်ကို.ရဲ. blog ကိုဝင်ဖတ်ဖြစ်ပါတယ်။ တော်ရာမှာနေရတဲ.အခါ Post ကိုဖတ်မိရင်း
ကျွန်တော်.အတွက်အရေးတကြီးလိုအပ်နေတဲ.နူတ်၏စောင်မခြင်း(အကြံဥာဏ်ပေးခြင်း)အစ်ကို.ဆီကရနိုင်လိမ်.မယ်လို. မျှော်လင်.မိပါတယ်ခင်ဗျာ။အစ်ကို.ရဲ. blog page မှာ အစ်ကို.ဆီတိုက်ရိုက်ရေးနိုင်မဲ. E.mail Adds ရှာမတွေ.တာကြောင်. Comment မှဝင်ရေးနုတ်ဆက်ရခြင်းဖြစ်ပါတယ်။အစ်ကို.ရဲ.မအားတဲ.အချိန်များကြားမှ
ခဏလေးကူညီပါလို. Request လုပ်ပါ၇စေ။ကျွန်တော်. E.mail က ( aah655pk@gmail ) ဖြစ်ပါတယ်။

Anonymous said...

The explaination you wrote is very very true. I met those kind of people and they said no where is bettern than America. But after few years, they got creazy ( means mental problem) because of many stress and loads.