Monday, March 03, 2008

ဖူးတံဝင့်လို့ မချီနိုင်သော…

`အမေရေ…၊ ဟောဒီမှာ … … …´

နောက်ဖေး လမ်းကြားတခုထဲ ချိုးအ၀င် သူ့ကို မြင်တာနဲ့ စူးကနဲနေအောင် အော်လိုက်သော ကလေးတယောက် အသံက အိမ်တအိမ်ဆီမှ ပေါ်ထွက်လာ၏။ သိပ်မကြာလိုက်…၊ အိမ်ကြိုအိမ်ကြားမှ ခွေးဝဲစားတချို့၏ အသံတွေက တ၀ူးဝူး တ၀ုတ်ဝုတ်ဖြင့် ပွတ်လောညံသွားတော့သည်။ အိမ်အတော်များများမှ လူတချို့က သတိအနေအထားဖြင့် တမျိုး၊ မလိုလားဟန် တဖုံ၊ ရွံရှာဟန် တနည်းဆောင်သော အကြည့်တွေဖြင့် သူသွားလေရာကို လိုက်ကြည့်နေ၏။ တချို့ကတော့ လှမ်းလို့ပင် အော်ပြောလိုက်ပါသေးသည်…

`ဟဲ့…၊ ပလတ်စတစ် ကောက်ရင်လဲ ပလတ်စတစ်ပဲကောက်နော်၊ အ၀တ်တွေ၊ ထဘီတွေတော့ ရုတ်မသွားနဲ့´

တချို့ကလည်း…

`သွားသွား…၊ ဒါ ပလတ်စတစ်ကောက်တဲ့ နေရာမဟုတ်ဘူး´

သူကတော့ ကြားပါများလို့ ရိုးနေပြီဖြစ်သော စကားလုံးတွေကို လစ်လျူရှုလို့ မျက်လုံးတွေ ကျီးကန်းတောင်မှောက် အလုပ်ပေးရင်း လက်ထဲက သံစူးတပ် တုတ်ချောင်းရှည်လေးဖြင့် တွေ့သမျှ ပလတ်စတစ်စုတ်တွေကို ဆတ်ခနဲ ဆတ်ခနဲ ထိုးယူလို့ ပိုးလာသော ပီနန်အိတ်ထဲ ခပ်သွက်သွက် ထိုးသွင်းလိုက်သည်။

သိပ်တော့ မဆိုးလှ…။ ဒီနောက်ဖေးလမ်းထဲမှာ ပလစ်စတစ်စုတ် အတော်များများရလိုက်သလို အင်ဂျင်ဝိုင် ဗူးခွံအစုတ်တလုံး နဲ့ ပုလင်းခွံ သုံးလေးလုံးပါ ရလိုက်သည်။ နောက်ဖေးလမ်းကြားထဲက ပြန်ထွက်လာတော့ တယောက်ယောက်ရဲ့ အော်သံ တခုက နောက်မှာ ကပ်ပါလိုက်ပါသေးသည်။

`နောက်တခါ ဒီလမ်းကြားထဲ ၀င်လာကြည့်၊ ခဲနဲ့ထုပစ်မယ်´

***

သူ့နာမည်က ဖိုးတေ…။ ဟိုးငယ်ငယ်ကတော့ သူ့အမေက သူ့ကို မောင်လပြည့်လို့ ခေါ်တာ ရေးတေးတေး မှတ်မိသေးသည်။ နောက်တော့ ဘယ်လိုက ဘယ်လိုဒီနာမည် တွင်လာတယ်မသိ။ အခုတော့ သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို `ဖိုးတေ´ လို့ပဲ နှုတ်ကျိုးနေကြပြီ။

သူတို့တတွေ နေတော့ မီးရထားခုံးကျော် တံတား တခုအောက်မှာ…၊ တခါတလေလဲ ကားလမ်းခုံးကျော် တံတား တခုခုအောက်မှာ…။ ၀တ်စုံအပြာရင့်ရင် လူတွေဖြစ်ဖြစ်၊ ကာကီရောင် လူတွေဖြစ်ဖြစ် လာမမောင်းထုတ်သရွေ့တော့ တံတားတခုခုအောက်က အုတ်ဘောင်တန်း အဖီတခုခုဟာ သူတို့ရဲ့အိမ်။ အဲဒီနေရာမှာပဲ စား၊ အဲဒီနေရာမှာပဲ အိပ်။ သူ့အဖေကတော့ မီးရထားလမ်းပေါ်မှာ အအိပ်ကောင်းလို့ သေပြီတဲ့…။

သူ့အသက် ဆယ်နှစ်သား အရွယ်ရောက်တော့ သူ့အမေက အဟောင်းနဲ့ အသစ်လဲသော အရုပ်အလဲသည် လူကြီးတယောက်နောက် လိုက်သွားသည်။ အဲဒီ အလဲသည် လူကြီးက ကျူးကျော်ရပ်ကွက်တခုမှာ နေတော့ ခုံးကျော်တံတားတွေ အောက်မှာသာ နေရတာကို စိတ်ပျက်နေပုံရသော အမေက အားကိုးရှာပုံပေါ်သည်။

ကျူးကျော်တဲအိမ် ခပ်စုတ်စုတ်က နတ်ဘုံနတ်နန်းလဲမဟုတ်၊ သူ့ပထွေး အလဲသည်ကြီးကလည်း သူ့ကို တင်ကျွေးမထားနိုင်တော့ သူသည်လည်း ပီနန်အိတ်ဆွဲလို့ ပလတ်စတစ် ထွက်ကောက်ရတော့သည်ပေါ့…။

***

ပလတ်စတစ် ကောက်သမား ဆိုတာက ဘာကြောင့်ရယ်တော့ မသိ…။ မြင်သူတိုင်းက တွေ့လိုက်တာနဲ့ သူခိုးတယောက်ကို ကြည့်တဲ့ အကြည့်မျိုးဖြင့် ကြည့်တတ်တာက များသည်။ ဘယ်လိုမှ ခိုးနိုင်လောက်တဲ့ နေရာမျိုးမှာ မဟုတ်တဲ့ လမ်းမကြီး နံဘေးလို နေရာမျိုးမှာတောင် စူးချွန်တုတ်ကလေးဖြင့် ဟိုဟိုဒီဒီ ထိုးဆွရင်း ပလတ်စတစ်ကောက်နေတဲ့ သူ့ကို ကွင်းရှောင် သွားသူကသွား၊ မသတီတဲ့ အကြည့်နဲ့ ကြည့်သူက ကြည့်နဲ့ သူတို့မှာ လူထက် တဆင့်နိမ့်သော လူဘ၀ကို ရောက်နေရသလိုလို…။

တချို့ အကျင့်မကောင်းသူ တယောက်တလေကတော့ လက်ဆော့ခြေဆော့နဲ့ အ၀တ်တွေ ရုတ်သွားတာမျိုး ရှိတတ်လေတော့ နဂိုကတည်းကမှ နုံချာလှတဲ့ သူတို့ကို ပိုလို့ နှိမ်ချင်စရာ ဖြစ်နေတာလားတော့ မသိပါ။ ပြောခွင့်ကြုံခဲ့ရင်တော့ လူတွေကို ဖိုးတေ ပြောပြလိုက်ချင်သည်။ ဘ၀ပေး အခြေအနေကြောင့် ဒီအလုပ်လုပ်နေရပေမယ့် သူတို့တွေ အားလုံးဟာတော့ သူခိုးဂျပိုးများ မဟုတ်ရပါ…လို့။

***

ဒီနေ့တော့ ဖိုးတေ တယောက် ကံနည်းနည်းကောင်းနေသည် ဆိုရမည်။ ခါတိုင်းဆိုရင် တနေကုန်အောင် ကောက်ပါမှ မပြည့်တတ်သော ပီနန်အိတ်ငယ်လေးက ဒီနေ့တော့ စောစောစီးစီးပင် ပြည့်သွားသည်။ ဒါ့အပြင် ရေသန့်ဗူးခွံတွေလည်း အတော်များများ ရလိုက်သေးသည်။

မောမောပန်းပန်းနဲ့ လျှောက်လာရင် ဗန်ဒါပင်ကြီး တပင်အောက်ရောက်တော့ ပီနန်အိတ်လေးကို ဘေးမှာချရင်း ခဏထိုင်နေခိုက်…

`ကလင်…ကလင်..ကလင်´

အသံရှည်တခုကို ကြားအပြီးမှာတော့ ဖိုးတေရှေ့က မြင်ရတဲ့ အဆောက်အဦထဲကနေ ကလေးတွေ လမ်းပေါ်ကို ဖြာခနဲ ထွက်လာကြ၏။ အဖြူအစိမ်း ၀တ်စုံလေးတွေနဲ့ သူတို့ကို ဖိုးတေ တယောက်ချင်းစီ လိုက်ငေးနေမိသည်။ တချို့ကလည်း မိဘတွေက လာကြိုတဲ့လူကကြို၊ လမ်းလျှောက်ရင်း လာကြိုသူက ကြို…၊ ဘာပဲဖြစ်ဖြစ် အားလုံးကို ကြည့်ရသည်မှာ ပြုံးလို့…၊ ပျော်လို့…။

အဲဒီ အဆောက်အဦထဲမှာ တနေ့တနေ့ သူတို့တွေ ဘာလုပ်နေကြလဲ ဆိုတာ ဖိုးတေ သိချင်လှသည်။ တခါတလေ အဲဒီလို အဆောက်အဦရှေ့ကနေ ဖြတ်လျှောက်မိရင် သံပြိုင်အော်ဆိုနေကြသော အသံတွေကို ကြားရရင် သူတို့တွေလိုလိုက်ဆိုချင်မိသည်။ သူတို့ ဘာတွေ ဆိုနေပါလိမ့်။

`ဟဲ့ကောင်လေး…၊ နင့်အသက် ဘယ်နှစ်နှစ်ရှိပြီလဲ´

သူ့ရှေ့မှာ လာရပ်ပြီး သနားသလိုလို အကြည့်နဲ့ မေးလိုက်သော မိန်းမကြီးကို ဖိုးတေ မျက်လုံးလေး အကြောင်သားဖြင့် ပြန်ကြည့်မိသည်။ မိန်းမကြီးဘေးမှာက ဖိုးတေနဲ့ ရွယ်တူလောက်ရှိမည့် အဖြူအစိမ်းဝတ် ကောင်လေး တယောက်…။ မိန်းမကြီးက ဖိုးတေကို မေးလိုက်ရင်း ဘေးမှာပါလာသည့် သူ့သားကို ပြောလိုက်သည်။

`သား ကျောင်းမတက်ချင်ရင် သူ့လို ပလတ်စတစ်ကောက်မလား´

ကောင်လေးက `ဟင့်အင်း၊ မကောက်ဘူး´ ဟု ခပ်သွက်သွက်ဖြေပြီး သူ့အမေအနားကို ပိုတိုးကပ်လိုက်သည်။ မိန်းမကြီးက…

`အေး…၊ ဒါဆိုရင် သား ကျောင်းတက်ရမယ်၊ စာကြိုးစားရမယ်နော်။ စာမတတ်ရင် သူတို့လိုပဲ လမ်းဘေးမှာ သား ပလတ်စတစ်ကောက်ရမှာ´

မိန်းမကြီးက ပြောလဲပြော၊ သူ့သားကိုလည်း ခေါင်းကို ဖွဖွပွတ်ပေးတော့ ကောင်လေးက ခေါင်းငြိမ့်ပြသည်။ ခဏကြာတော့ သူတို့ ပြန်လှည့်ထွက်သွားသည်။ ပြန်လှည့်မသွားခင် မိန်းမကြီးဆီက ငါးကျပ်တန် တရွက် သူ့ဆီလွင့်ကျလာသည်။ ဖိုးတေ အားရ၀မ်းသာဖြင့် ကောက်ယူလိုက်၏။

***

ညနေ မိုးချုပ်လုပါပြီ။

အမှောင်ထုက လောကတခွင်ကို ၀ါးမျိုးလုဆဲတွင် မှိတ်တုတ်တုတ် အလင်းရောင်တချို့ဖြင့် အိမ်တချို့ဆီက ကလေးတချို့ရဲ့ စာအံသံ လမ်းပေါ်လွင့်နေသည်။

`ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ… နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း´

လမ်းပေါ်က အမှောင်ထဲမှာတော့ ဖိုးတေတယောက် ပီနန်အိတ်ခွံလေး ထမ်းလို့ လျှောက်နေဆဲ…။ ဖိုးတေ ပလတ်စတစ် ကောက်နေတာ ပညာမတတ်လို့လား…၊ ဒါမှမဟုတ်… … … …။

ဘာကြောင့်လဲ ဆိုတာကတော့ ဖိုးတေတယောက် မသိနိုင်ပေမယ့် အဖြေပေါင်းများစွာကတော့ ရှိနေပါလိမ့်မည်။ ဖူးတံဝင့်လို့ မချီနိုင်တဲ့ ဖိုးတေလို ပန်းကလေးတွေကတော့…။


ကလိုစေးထူး

(ကိုယ့်တွေ့ အခြေခံတွေ ရေးလာတာများတော့ ကျနော်တို့ ပတ်ဝန်းကျင်က ဘ၀လေးတွေထဲက တခုကို ခွဲထွက် ခံစားရေးကြည့်တာပါ။ ဟာကွက်၊ လိုအပ်ချက်တွေ ရှိခဲ့ရင် ခွင့်လွှတ်ဖို့ တောင်းပန်ပါရစေ။ ထပ်ကြိုးစားပါဦးမယ်။)

11 comments:

စူး said...

ko Say Htoo,

i feel tired when i read this one.
but i know what you mean.
you are good writer.

ညီအကိုများ said...

ဒီအိပ်မက်ဆိုးတွေထဲက အမြန်ဆုံးလွတ်မြောက်ကြပါစေဗျာ

ကိုနေ(YNP)
http://www.ynp-net.info

လင်း said...

စာရေးကောင်းတယ် ကိုစေထူး။ အပို အလို မရှိဖွဲ့သွားတာ တကယ့်ဝါရင့် စာရေးဆရာလိုဘဲ။ အားကျတယ်ဗျို့  ဆက်ရေးပါ အားပေးတယ်

Anonymous said...

Did you participate in some Journals or Magazines in Myanmar? My opinion is you have those level to be a good writer. If you want to go a head.

Khin said...

ဖတ်လို့ ကောင်းပါတယ်။

ဒီလိုခလေးတွေ ကုလားပြည် ဖိလိပိုင် အာဖ၇ိက အများကြီးရှိပါတယ်။

မြန်မာပြည်က သိပ်မဆိုးလှပါ။

ဒရာမာ တော့၇ှိတာပေါ့။

လက်တွေ့ မြင်တတ်ရမယ်။

နောက်တခေတ်မှာ ပိုတိုးတက်လာကြပါမယ်။

ဒီကလေးတွေလဲ ပညာရကြပါလိမ့်မယ်။

ပိုလို့ တော့မဆင်းရဲနို်င်တော့ပါဘူး။

ဈေးကွက်တွေ ချဲ့ ကုန်ပါပြီ။

စာရေးတော်ပါတယ်။

လက်ဝဲနဲ နဲ ဆန်တယ်။ ခလေးငယ်၇ဲ့ဆင်းရဲပေမဲ့ ပိုက်ဆံရရန် အလုပ်လုပ်တဲ့စိတ်ဓါတ်ကို ဝင်ကြည့်ပါ။

လူတွေဘာပြောပြော မိမိ အလုပ်ကို ကျွမ်းကျင်စွာလုပ်တာကိုပြပါ။

သနားစရာမဟုတ်ဘဲရောက်ရာဘဝမှာ ရုန်းကန်တတ်တာကိုချီးကျူးရမယ်။

စိတ်ဓါတ်တိုးတက်သောစာပေများရေးသားနိုင်ပါစေ။

nyeinnyo said...

အကိုကြီးရေ ဘာမှတော့မပြောတတ်ပါ။ သိပ်ကောင်းလွန်းတယ်။တအားကြိုက်တယ်ဆိုတာ ပြောပါရစေခင်ဗျာ။ ဒဿနတွေထုတ်ယူဖို့မကြိုးစားခဲ့ပါဘူး။ ၀တ္တုကို ၀တ္တုတစ်ပုဒ်လိုပဲဖတ်သွားပါတယ်။ လက်ရာကောင်းတွေမျှော်နေမယ်ဗျို့။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Anonymous said...

အကိုစေးထူးရေ
ဒီ ပိုစ့်လေးကိုတော့ အရမ်းကြိုက်မိကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံပါတယ်။ စာရေးကောင်းတဲ့ အကိုစေးထူး ကျန်းမာပါစေရှင့်…. ။ စာရေးနည်း ပါ သင်ပေးမယ်ဆိုရင်တော့ တပည့်ခံပါ့မယ် ဟီးးး
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

ကလိုစေးထူး said...

မြတ်နိုး…၊ ကိုနေ၊ လင်း အားပေးတာ ကျေးဇူးတင်ပါတယ်။
အမည်မသိ၊ အကြံပေး ထောက်ပြတဲ့အတွက် ကျေးဇူးပါ။
May burma..
ကျနော် ဒီဝတ္ထုကနေ ဘာတွေ ပေးချင်လဲ ဆိုတဲ့ မက်ဆေ့တွေကို မပြောပြချင်တော့ပါဘူး။ ကျနော်တွေးလိုက်တဲ့ အတွေးက လက်ဝဲလား၊ လက်ယာလား ဆိုတာလဲ ကျနော်တကယ် မသိပါဘူး။ ကျနော့် မျက်စိရှေ့မှာ အဲဒီ ကလေးတွေကို တွေ့တွေ့နေခဲ့ရတယ်။ အခုလဲ အဲဒီလို ကလေးပေါင်းမြောက်များစွာ ကျနော်တို့ နိုင်ငံမှာ ရှိနေဆဲပဲ။ ဒီကလေးတွေ ဘာကြောင့် ဒီလိုဖြစ်နေရလဲ ဆိုတာကို တွေးကြည့်ရင်းနဲ့ ရသဟန် ပုံဖော်ကြည့်တာပါ။ ဒါကြောင့်လဲ ဇာတ်ကောင်ကို အသက်ဆယ်နှစ်ကျော်ကျော် ကလေးတယောက် နေရာမှာ ထားထားမိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်သူဟာ အမျိုးမျိုးဖြန့်ကျက် တွေးခွင့် ရှိတဲ့အတွက် ကျနော့်အနေနဲ့တော့ ဘာမှ အထွန့်မတက်လိုတော့ပါဘူး ခင်ဗျာ။ ပုံမှန်လာဖတ်ပေးနေတာကို ကျေးဇူး တင်ပါတယ်။
ကိုညိမ်းညို…
အားပေးစကားအတွက် ကျေးဇူးတင်ပါတယ်ဗျာ။
ညီမဒေါက်တာ..
မတွေ့တာတောင် ကြာပြီ။ အခုလို လာဖတ်တာရော အားပေးတာကိုရော ကျေးဇူးပါ။ ဆရာလုပ်လောက်တဲ့ အထိတော့ အကိုလဲ ပညာမပြည့်သေးဘူးလို့ ထင်တယ်။ :)

တန်ခူး said...

ကိုယ်ကိုယ်တိုင် အမေဖြစ်လာတော့ သူတို့တွေဘဝကို ပိုကိုယ်ချင်းစာတတ်လာတယ်။ ဖူးတံဝင့်လို့မချီနိုင်တဲ့ဘဝလေးတွေ ကျွန်မတို့ငယ်ငယ်ကနေ ခုထိ တွေ့နေရတုန်းပဲ ကိုစေးထူးရေ။ ရင်ထဲမှာ ဆို့နင့်လာတဲ့အထိ ခံစားရအောင် အရေးကောင်းပါတယ်။

ကိုပေါ said...

ဖတ်လို့ကောင်းသလို ရင်ကိုလည်း နင့်စေပါတယ်ဗျာ။ ကောက်ချက်တော့ မဆွဲတော့ပါဘူး။ သည်ဘူတာဘဲ ဆိုက်လာဦးမှာမို့ပါ။

Anonymous said...

ကိုကြီးစေးထူးရေ့.........ဒီဝတ္ထုတိုလေး အရမ်းကောင်းတယ်ဗျာ။ ပတ်ဝန်းကျင်မှာတကယ် မြင်နေရတဲ့ အကြောင်းအရာလေးတွေကို စာတစ်ပုဒ်အဖြစ်ပြောင်းရတာလွယ်တဲ့ ပညာတော့မဟုတ်ဘူးလေ။ လေးစားပါတယ်
အားပေးလျှက်။
မောင်မျိုး