Tuesday, March 11, 2008

နှောင်းလုလု ဆောင်း…



တဆောင်း ယွန်းလုခဲ့ပြန်ပါပြီ။

အရည်ပျော်လက်စ နှင်းဖြူလွှတွေက ဟိုတကွက် ဒီတစဖြင့် အားခဲ မာန်တင်းနေဆဲမှာပဲ နေ့အပူချိန်၊ ညအပူချိန်တို့ကလည်း နွေးထွေးမှုဘက်ကို ပိုလို့ အားသာလာခဲ့ပါတယ်။ နေရာင်လင်းချင်းတဲ့ ရက်တွေ ပိုများလာတာနဲ့ အမျှ နှင်းတွေရဲ့ လက်မြှောက် အရှုံးပေးရတဲ့ သင်္ကေတ မျက်ရည်စက်တွေက လမ်းမပေါ်မှာ ဟိုမှာ ဒီမှာ စီးဆင်းလို့ နောက်ဆုံးမှာတော့ ရေနုတ်မြောင်းတွေ ရှိရာကို စီးဆင်းလို့ နေပါတယ်။

မီးလောင်ပြင် တစလို ဖြစ်နေတဲ့ သစ်ပင်ခြောက်တွေမှာတော့ အဖူးအငုံတခုတလေမှ မတွေ့ရသေးပါဘူး။ သစ်ကိုင်းခြောက် ပရပွနဲ့ တောတန်းထဲမှာ ဟိုဟိုဒီဒီ ပြေးလွှားနေတတ်တဲ့ ရှဥ့်တချို့နဲ့ ယုန်ညိုညိုလေး တကောင်တလေကတော့ ဆောင်းတွင်းကာလကို ငြီးငွေ့နေပြီလား မသိနိုင်ပါ။ အစာတခုခု တွေ့လို တွေ့ငြားနဲ့ နှင်းဖတ်တွေကို ယက်ဖယ်လိုက် အပင်ခြေ တခုခုမှာ တဂျစ်ဂျစ်နဲ့ အလုပ်ရှုပ်နေလိုက်နဲ့…။

တလောက ဟိုဘက်မြို့ကလေးကို သွားတော့ လမ်းမှာ သမင်နှစ်ကောင်က ကားလမ်းကို ဖြတ်ကူးနေခိုက်နဲ့ ဆုံလိုက်ပါသေးတယ်။ သူတို့ အသက်အန္တရာယ်ကို ရန်ရှာမယ့် ပုဂ္ဂိုလ်တွေကို ဥပဒေနဲ့ တားမြစ်ထားတာမို့ လွတ်လပ်ပေါ့ပါးနေတဲ့ အဲဒီ သမင်နှစ်ကောင်က ကားလမ်းကို အေးဆေးစွာပဲ ဖြတ်ကူးနေတာကြောင့် လမ်းပေါ်မှာ ကားတွေ အတန်ကြာအောင် ပိတ်သွားပါသေးတယ်။ တခါတလေကျရင်တော့လဲ စိတ်မရှည်တဲ့ ကားသမားတချို့ရဲ့ လက်ချက်ကြောင့် ကားတိုက်ခံရပြီး ဇီဝိန်ကြွေရရှာတဲ့ တိရစ္ဆာန်ငယ်လေးတွေရဲ့ အသက်မဲ့ ခန္ဓာကို ကရုဏာသက်ဖွယ် မြင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ စနေညမှာ ဒီနိုင်ငံက စံတော်ချိန်တွေကို တနာရီ အရှေ့ကို ပြန်တိုးလိုက်ပါတယ်။ တနှစ်ကို အခုလိုပဲ ရှေ့တိုးတာ တကြိမ်၊ နောက်ဆုတ်တာ တကြိမ် ပုံမှန်လုပ်လေ့ ရှိတဲ့ စနစ်ကို ဒီနိုင်ငံကို ရောက်စတုန်းကတော့ ထူးဆန်းနေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့လဲ တိုးဆိုတော့လဲ အလုပ်ကို တနာရီ စောပြီးသွားလိုက်၊ ဆုတ်ဆိုတော့လဲ တနာရီ နောက်ကျသွားလိုက်ရုံလို့ တွေးရင်းနဲ့ နေသားကျသွားတော့တာပါပဲ။


ဒီနှစ်အတွက် ကျနော်တို့ ပြည်နယ်ရဲ့ နှင်းကျတဲ့ စံချိန်ဟာ မနှစ်ကထက်စာရင် နှစ်ဆကျော်ကျော် ပိုများခဲ့ပါတယ်။ တခါများဆိုရင် တရက်တည်းကို ၁၄ လက်မလောက် အထိ နှင်းကျခဲ့ပါတယ်။ ကျောင်းတွေ အားလုံးပိတ်ခဲ့ပြီးတော့ အလုပ်အတော်များများလဲ ပိတ်ရက်ပေးခဲ့ပေမယ့် လောဘသမား ကျနော့် အလုပ်ရှင်ကတော့ အလုပ် မပိတ်ပေးခဲ့ပါဘူး။ ထူထဲ သိပ်သည်းစွာ ကျနေတဲ့ နှင်းထုတွေကလည်း ဘယ်လိုမှ ခံစားလို့မရနိုင်အောင်ကို အငြိုးကြီးလွန်းတာမို့ တချို့လူတွေမှာ အတော်လေး ဒုက္ခရောက်ရပါတယ်။

နှင်းတွေ အရမ်းကျတာကို ဂုဏ်ယူစွာနဲ့ပဲ ကျနော့်အလုပ်ရှင်က တရက်မှာ အလုပ်သမားအားလုံးကို နေ့လည်စာ ကျွေးခဲ့ပါသေးတယ်။ ကျနော်တို့ အမြင်မှာတော့ အထူးအဆန်း ဖြစ်နေပေမယ့် သူတို့ကတော့ နှင်းတွေ အများကြီးကျတာကို တကယ်ပဲ ပျော်ပါသတဲ့…။


အဲဒီပုံထဲမှာ မြင်ရတဲ့ ရေခဲပန်းဆိုင်းကြီးကလည်း ကျနော့် အိမ်တံစက်မြိတ်မှာ ကာလ အတန်ကြာအောင် နေရာယူခဲ့ပါသေးတယ်။ ဟိုတနေ့ကမှ ချွင်ကနဲ ပြုတ်ကျသံ ကြားလို့ ထွက်ကြည့်တော့မှ မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ ရေခဲတုံးတွေကို ဖွေးခနဲ တွေ့ရပါတယ်။

နောက်တလလောက် ဆိုရင်တော့ ၀န်းကျင်တခွင်မှာ ဖူးသစ်စ အရွက်၊အငုံတွေနဲ့ လှနေပါတော့မယ်။ စိမ်းလန်းတဲ့ မြက်ခင်းတွေက နှင်းတွေရဲ့ ဖိသိပ်ထားမှု အောက်ကနေ နိုးထလာကြပါဦးမယ်။ နေမင်းရဲ့ အလင်းရောင်က ရှည်လျားတဲ့ နေ့တာနဲ့အတူ လောကတခွင်ကို ထွန်းတောက်နေခွင့် ပိုလို့ ရနေဦးတော့မှာပေါ့…။


ကလိုစေးထူး

7 comments:

တန်ခူး said...

ကိုစေးထူးရေ...ရာသီတွေနဲ့ နေခွင့်ရတဲ့ ဘဝတွေ အားကျမိတယ်။ ဒီမှာတော့ ဘာမှန်းပြောလို့မရတဲ့ ရာသီ။ တနေ့ထဲမှာပဲ နေပူလိုက် မိုးရွာလိုက်။ ခုရက်ပိုင်းတော့ တနေကုန် မစဲပဲ မိုးက အငြိုးကြီးနေပြန်တယ်။ "နှောင်းလုလု ဆောင်း…" ဆိုတာမျိုးလေး တခါတလေခံစားချင်တယ်။

M.Y. said...

ကိုစေးထူး..
စာတွေအားလုံးစုဖတ်သွားတယ်။ အလွမ်းရှုခင်း ပို့ စ်က ဆားချက်တာဆိုပေမယ့် ကျွန်တော်မရောက်ဘူးတဲ့နေရာတွေက ရှုခင်းတွေကိုလွမ်းမောစရာစေတဲ့၊ မြန်မာပြည်တောအလှ ဖိုတိုအက်ဆေးတစ်ပုဒ်ပါ၊( နွားလှည်းပုံလေးယူသွားလို့ ရမလား၊)။

သံလွင်တေးသံရှုင်ရဲ့ သံလွင်ချောင်းခြားကဘိုထီးရဲ့  ဂန္ဒ္ဓ၀င် တစ်ပုဒ်ဖြစ်မယ်ထင်တယ်။မောင့်အရိုင်းပန်း နဲ့ ထပ်တူပါပဲ။မြန်မာ့ဂီတလောကရဲ့ ဆုံးရှုံးမှုပါ။

နှောင်းလုလုဆောင်းကဆောင်းပီသပြနေပုံများနှင်းတွေထူထဲနေတဲ့ပုံလေး က ခွင့်ပြုရင်ယူချင်တယ်။ပန်းချီဆန်လွန်းနေလို့ ။အားရင်ပြန်ဆွဲနိုင်မလားလို့ပါ။ ရေးအားကောင်းပြီးရေးလက်စွမ်းနေတာ..congratulations…

မောင်ရင်

ကလိုစေးထူး said...

တန်ခူးရေ…၊ ကျနော်တော့ အေးလွန်းလှလို့ နှောင်းလုလုဆောင်းကို ဂျောင်းစေချင်နေပြီလေ။ :)
ကိုမောင်ရင်…၊ လာဖတ်သွားတာတွေ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ လှည်းပုံလေးကို အကြိုက်ချင်းလဲ တူနေတယ်ဗျ။ ယူသာသွားပါဗျာ။ :) ပန်းချီဆွဲပြီးလို့ရှိရင်လဲ ကြည့်ချင်ပါတယ်။

မြရွက်ဝေ said...

ကိုစေးထူးရေ ဒီမှာလဲ နွေဦးစဝင်နေပြီ။ ဒီမှာ အဲဒီကလောက် မအေးတော့ တော်သေးတယ် ပြောရမယ်။ အဲလောက်သာ နှင်းတွေနေ့တိုင်းကျနေရင် ကျမတော့ အပြင်ထွက်တော့မှာ မဟုတ်ဘူး။ နှင်းတွေအများကြီးကျတာ အေးတာကို ဂျပန်တွေလဲ ပျော်ကြတယ်။ သူတို့အဖို့ အေးတာ ကောင်းတဲ့သဘောပဲ။ ခုနွေဦးစဝင်လာတော့ ပူတယ်လုပ်နေကြပြီ။ ဆာခူရာပန်းတွေ ပွင့်တော့မယ်ဆိုတော့ "ဟာနမိ" (ဆာခူရာပင်အောက်မှာ ဆာခူရာပန်းကြည့်ရင်း ဂျပန်အရက်သောက်ဖို့)ပြင်နေကြပြီ။ ကိုစေးထူးကိုလဲ "ကန်ပိုင်း!!" (cheers) :D

စူး said...

မြတ်နိုးကတော့ အဲလိုမျိုးအေးတာ ကြိုက်တယ်..
မိုက်တယ်နော်. အခု မြတ်နိုးတို့ဆီမှာလဲ ပူလာပီ.ဒါပေမဲ့
နွေရောက်တော့လဲ တမျိုးလှပေမဲ့ အရမ်းပူရင်တော့ မနေနိုင်ဘူး။
ဟုတ်တယ်နော် မြတ်နိုးလဲသူငယ်ချင်းနဲ့ လျှောက်သွားနေတုန်း ရေခဲ အချပ်လိုက်ပြုတ်ကျသံကို လန့်ပီး ထခုန်မိသေးတယ်။ ကံကောင်းလို့..တည့်တည့်မဟုတ်လို့။

Anonymous said...

ကိုစေးထူးရေ့ ဆောင်းရာသီးမှာအရမ်းအေးတာကိုလေးခံစားကြည့်ချင်တယ်ဗျာ။ ပူလွန်းလို့  ပုံထဲကအတိုင်းဆိုရင်တော့တော်၂ကြီးကိုအေးမှာပဲ ဒီမှာကတော့ မနှစ်ကဆောင်းတွင်းမှာအေးပေမယ့် ဒီနှစ်တော့ ဘာမှန်းတောင်မသိဘူး။ ပို့ စ်က အောက်ဆုံးစာပိုဒ်လေးကို သဘောကျတယ်ဗျာ ။ ပုံလေးတွေကြည့်ပြီး လွမ်းသလိုလိုလဲ ခံစားရတယ်။

Anonymous said...

နေ့တာရှည်လာတော့ နေမင်းနဲ့ ဆုံနိုင်ခွင့် ပိုပြီး ရနိုင်ပြီပေါ့။
လူတွေအတွက် လိုအပ်တဲ့ အလင်းရောင် ကို ပေးစွမ်းတဲ့ နေမင်းကြီး လူတွေအနားမှာ ကြာကြာနေမယ့် နေ့ရက်တွေကို ကြိုဆိုရင်း
မှောင်မိုက်နေတဲ့ ညတွေ အေးစက်တဲ့ နေ့တွေ လွန်မြောက်ပြီး
သာယာလှပတဲ့ နေ့ရက်လေးတွေကို နေမင်းကြီး ဖန်တီးနိုင်ပါစေ ... လို့ ဆုတောင်းပါတယ်။