အဲဒီနေရာမှာကတော့ ရေတံခွန်ရဲ့ အောက်ခြေအထိ ရောက်အောင် ဥမင်ဖောက်၊ ဓာတ်လှေကားနဲ့ ဆင်းပြီး ရေတံခွန်အပေါ်က ကျလာတဲ့ ရေမှုန်ရေမွှားတွေကို မိုးရေချိုးရတဲ့ အလား အရသာခံစေခြင်း ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော စင်ယော်ငှက်တွေရဲ့ အသိုက်များစွာကိုလဲ အနီးကပ် လေ့လာနိုင်ပါတယ်။
အောက်ကို မဆင်းမီမှာ မိုးကာအင်္ကျီအဖြူ၊ ချော်မလဲစေဖို့အတွက် တခါစီး ညှပ်ဖိနပ်တွေ ထုတ်ပေးပါတယ်။
ဥ ဥနေဆဲ ငှက်မရဲ့ အသိုက်၊ အကောင်ပေါက်ခါစ ငှက်သားပေါက်လေးတွေ၊ အပျံသင်စ အတောင်မစုံငှက်လေးတွေနဲ့ မြူးတူးပျော်ပါးနေတဲ့ ငှက်စုံတွဲ ထောင်ပေါင်းများစွာကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။
Horseshoe falls ရဲ့ ထိပ် အစပ်နားမှာ ရေတံခွန်ကို အနီးကပ် ကြည့်လို့ရအောင် Terrapin Point ဆိုပြီး ဖန်တီးပေးထားပါတယ်။ လက်ရန်း ခပ်ကျဲကျဲတွေဆောက်ထားတဲ့ ဒီနေရာမှာ ရဲတချို့က ရေတံခွန်အောက်ကို ခုန်ချမယ့်လူ တဦးတလေနဲ့ ကလေးသူငယ်တွေ အောက်ကို ပြုတ်ကျမယ့် ရန်ကို စောင့်ကြည့်နေပေမယ့် ဘတ်ဖလိုမြို့နေ မြန်မာတချို့ရဲ့ အရပ်စကားအရ ABSDF မှ ရဲဘော်ဟောင်း မြန်မာတဦး ဒီနေရာကနေ အောက်ကို ခုန်ချဖူးပါသတဲ့။ အလောင်းကိုတော့ ကနေဒါဘက်ခြမ်းကနေ ပြန်ရခဲ့တယ်လို့ သိရပါတယ်။ အသဲယားစဖွယ် မြင်ကွင်း တချို့ကို ခံစားကြည့်ပါအုံး။ ရေတံခွန်ထဲကို တိုးဝှေ့ ၀င်နေတဲ့ သင်္ဘောငယ်လေးကိုလဲ ရေမှုန်တွေ ကြားမှာ မြင်နိုင်ပါတယ်။
ဟောဒီနေရာလေးမှာလဲ ရေတံခွန်အလှကို ခံစားသူ၊ ကြည့်ရှုလေ့လာသူ အတော်များပါတယ်။
ချွင်ချွင် ချွမ်ချွမ် အသံတွေနဲ့ တလှုပ်လှုပ် လျှောက်လာတဲ့ အဲဒီ အင်ဒီယန်း သုံးယောက်ကို တွေ့တော့ ဆတ်ဆတ်ဆော့ဆော့နဲ့ ဓာတ်ပုံရိုက်ခွင့် သွားတောင်းတော့ သဘောကောင်းလှစွာပဲ ရိုက်ခွင့်ပြုခဲ့ပါတယ်။ ကျနော်က စလိုက်တဲ့ အဲဒီဇာတ်လမ်းကြောင့် သူတို့ခဗျာ အချိန်အတော်ကြာကြာ တိုင်အောင် ခရီးသွားတွေရဲ့ ဓာတ်ပုံတွဲရိုက်တာကို ခံလိုက်ရပါတယ်။ ရိုးရာ အကနဲ့ သူတို့ သွားရောက် ဖျော်ဖြေမှာကတော့ Casino ရုံမှာပါတဲ့။
ပန်းခြံတနေရာက အလှစိုက်ထားတဲ့ ငရုတ်ပင်တွေပါ။ ခူးမိရင်တော့ ဒဏ်ငွေက မနည်းဘူး။
အပေါ်တက်လာလိုက်၊ အောက်ဆင်းသွားလိုက်နဲ့ အဲဒီ မိုးပျံပူဖောင်းကြီးကိုတွေ့တော့ သွားစီးကြည့်ချင်စိတ် ပေါက်လာပါတယ်။ လူတယောက် ၂၅ ဒေါ်လာဆိုတော့ လူက တွန့်ခနဲ ဖြစ်သွားတယ်။ စီးရင်ကောင်းမလား၊ မစီးရင် ကောင်းမလားနဲ့ ချီတုံချတုံဖြစ်နေတာ အတော်ကြာသွားပါတယ်။ နောက်ဆုံးတော့ မြင်ကွင်းတွေကို အပေါ်စီးက ကြည့်ချင်ဇောက အနိုင်ယူသွားပါတယ်။
တခေါက်ကို လူဆယ်ဦးသာ တင်ဆောင်တဲ့ ဒီမိုးပျံပူဖောင်းကြီးဟာ ပေလေးရာ အမြင့်အထိရောက်အောင် တက်ပါတယ်။ တကျပ်လုံးပတ်ခန့်ရှိတဲ့ သံကြိုးအကြီးကြီး တချောင်းတည်းနဲ့ ဆွဲယူထားပြီး တဖြည်းဖြည်းခြင်း ကြိုးလျှော့လို့ အပေါ်ကို တက်စေတာပါ။ ကြိုးပြတ်သွားရင်တော့ ဒီပူဖောင်းကြီးက ဟိုးအပေါ်ကို တက်သွားတော့မှာပဲလို့ တွေးလိုက်မိပါသေးတယ်။
ကနေဒါဘက်ခြမ်းက မြင်ကွင်း တချို့ကို ဒီမှာ မြင်နိုင်ပါတယ်။ (တပြည်သူရေ၊ ကနေဒါပုံ တင်ပေးတယ်နော်။ :) ) သေသေချာချာ သတိထားမိရင် တံတားပေါ်မှာ ကနေဒါဘက်ကို အ၀င်မှာ ကားတွေက ရှင်းလင်းနေသလောက် အမေရိကန်ဘက်ခြမ်းကို အ၀င်မှာ စုပြုံပိတ်ဆို့နေတဲ့ ကားတွေကို တွေ့နိုင်ပါတယ်။ ဒါဟာ အမေရိကန်တွေ သူ့နိုင်ငံထဲကို အ၀င်မှာ လုံခြုံရေးကို ဘယ်လောက်တောင် စိစစ်တယ်ဆိုတာ ပြသနေတဲ့ ပြယုဂ် တခုပါပဲ။
နိုင်ယာဂရာ ရေတံခွန်ရဲ့ အပေါ်စီး မြင်ကွင်းနဲ့ ခပ်ဝေးဝေးက မှုန်ပျပျနဲ့ မြင်ရတဲ့ ကနေဒါနိုင်ငံ မြင်ကွင်း။ ထိုးထိုးထောင်ထောင် အဆောက်အဦးတွေက အမေရိကန်နဲ့ ပုခုံးချင်းယှဉ်လို့ တိုးတက်မှုခြင်း ပြိုင်နေလေရဲ့။
ဟိုး
လေဟုန်စီးရင်းနဲ့ မြင်ခဲ့ရတဲ့ မြင်ကွင်းတချို့ပါ။
နိုင်ယာဂရာ ရေတံခွန် ခရီးစဉ် ပို့စ်တွေကို အခု ပို့စ်နဲ့ အဆုံးသတ်ပါတော့မယ်။ တကယ်တော့ ရိုက်လာခဲ့တဲ့ ပုံတွေ မြောက်များစွာ ရှိနေသေးပေမယ့် ဒီအကြောင်းအရာချည်းပဲ တင်နေတော့ ဖတ်ရသူမှာ အီနေတော့မှာမို့ ဒီလောက်နဲ့ပဲ အပြီးသတ်ပြီးတော့ နောက်နေ့တွေမှာ တခြားသော အကြောင်းအရာတွေကို ဆက်လက် တင်သွားပါမယ်။ လာရောက် ဖတ်ရှုသူအားလုံး ပျော်ရွှင်နိုင်ကြပါစေ။
ကလိုစေးထူး
3 comments:
hello kosayhtoo
your pictures are real nice from sky. thanks for sharing . you are good catcher ' how to take pictures '
စာရေးကောင်းတဲ့ ကိုကလိုစေးထူးရေ
ဓာတ်ပုံတွေနဲ့ အတွေ့အကြုံတွေ share လုပ်တာ ကျေးဇူးပါ။
လူငယ်တစ်ယောက်ရဲ့ မှတ်တမ်းမဲ့မှတ်တမ်းလေးကို စောင့်ဖတ်နေတယ်နော် .. ကိုစေးထူး
Post a Comment