Saturday, July 14, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း… (၂)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ကားက ဟိုကွေ့ ဒီကောက်နဲ့ မောင်းနေတာ သတိထားမိတယ်။ အကွေ့တွေကို လိုက်မှတ်ကြည့်တယ်။ များလိုက်တာ။ ကြာတော့ မမှတ်မိတော့ဘူး။ (ထောက်လှမ်းရေး စာအုပ်တွေထဲမှာ ပါလေ့ရှိတဲ့ အတိုင်း ကားထဲ ဖမ်းလာသူ နေရာ မမှတ်မိအောင် လုပ်နေတာလားလို့ တွေးမိတယ်)။

နှစ်နာရီလောက် ကြာတော့ ကားရပ်သွားတယ်။ မေးမြန်း အော်ဟစ်သံတချို့ ကြားရတယ်။ အစောင့်ဂိတ် တခုနဲ့ တူပါရဲ့။ နောက်တော့ ကားက ခြံဝင်းတခုထဲ မောင်းဝင်လိုက်တယ်လို့ ထင်မိတယ်။ ခဏကြာတော့ ရပ်သွားတယ်။

`ထစမ်း´

`သွား´

ခေါင်းစွပ် မည်းမည်းထူထူကြီး စွပ်ထားတာဆိုတော့ မျက်လုံးထဲမှာ မှောင်ပိန်းနေတာ။ ဒီကြားထဲ လက်ထိပ်ကလဲ ခပ်သေးသေးဆိုတော့ ကားအနောက်ဖက်ကို ခြေထောက်နဲ့ စမ်းပြီးသွားရတယ်။ အောက် ပြုတ်ကျသွားမှာ စိုးလို့ပါ။ တကယ်တော့ စိုးရိမ်စရာ မလိုပါဘူး။ အဲဒီလို ကားကြမ်းပြင်ကို စမ်းစမ်း သွားနေချိန်မှာပဲ ထောက်လှမ်းရေး တယောက်က နောက်ကနေ ကျနော့်ကို တအားဆောင့်ကန်ထည့်လိုက်တာ ကားပေါ်ကနေ အောက်ကို ဘယ်လို ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ အောက်ရောက်လို့ အလန့်တကြား လူးလဲ ထမယ်ကြံရုံရှိသေး။ အောက်မှာ အရန်သင့် စောင့်နေတဲ့ လူတွေက အော်ဟစ်ဆဲဆိုရင်း ကျနော့်ကို ၀ိုင်းကန်ကြပါလေရော။ လူ ဘယ်နှစ်ယောက်လည်း မသိဘူး။ သူတို့ ၀ိုင်းကန်ကြတာ ဘယ်လောက်ကြာမှန်းလည်း မသိဘူး။ ကျနော် သတိရနေသလား။ သတိလစ်နေသလား။ ကျနော့်ကိုယ်ထဲမှာပဲ ကျနော် ရှိနေသေးလား။ ဒါမှမဟုတ် တခြား တနေရာရာမှာလား။

ကျနော့်ကိုယ်ထဲမှာပဲ ကျနော်ရှိနေတာ သေချာချိန်မှာတော့ ကျနော့်ကို သူတို့ လမ်းတလျှောက် ဒရွတ်တိုက် ဆွဲသွားနေကြပါပြီ။ နောက် ကျနော့်ကို အခန်းတခန်းထဲကို အထုပ်တထုပ် ပစ်ထည့်လိုက်သလို ပစ်ထည့်လိုက်တယ်။ အခန်းထဲ ကျနော် ပုံလဲနေတယ်။

`ထ ထိုင်စမ်း´

`နံရံကို မှီစမ်း´

ကျနော် အလန့်တကြား လူးလဲထ၊ နံရံကို မှီရင်း ဆောင့်ကြောင့် ထိုင်နေရတယ်။ သူတို့ အပြင်ထွက်သွားကြပြီး တံခါးပိတ်သံ ကြားရတယ်။ တကိုယ်လုံး ဆတ်ဆတ်တုန်အောင် နာပြီး ကျနော် မောနေတယ်။ စိုးရိမ်ပူပန်စိတ်လဲ တစိမ့်စိမ့် ၀င်လာတယ်။ ဒီကောင်တွေ လုပ်ပုံကိုင်ပုံက သောက်ရမ်းကြီးပါလား။ ဘာတွေ ဖြစ်လာဦးမလဲ။ မှန်းမရတာက ပို ဆိုးတယ်။ ခေါင်းစွပ်ကြီးကလည်း စွပ်ထား၊ ခေါင်းစွပ်ထဲမှာလည်း မှောင်မည်းနေတော့ အားငယ်သွားသလိုပဲ။ လူက ဒီမျက်လုံး ဒီအလင်းကိုပဲ အားကိုးနေရတာ မဟုတ်လား။ မျက်လုံး ရှိပေမဲ့လဲ မမြင်ရ၊ မှောင်မည်းမည်းကြီး ဖြစ်နေတော့ စိတ်က ငယ်သွားတာနဲ့ တူပါရဲ့။ မရေရာ၊ မသေချာသလိုကြီး ခံစားရတယ်။

(ခေါင်းစွပ် စွပ်တဲ့ကိစ္စမှာ လူနဲ့ နေရာတွေကို မမှတ်မိအောင် ဆိုတဲ့အပြင် အဲဒီလို စိတ်ထားမျိုး ၀င်သွားအောင်လည်း ရည်ရွယ်ပုံရပါတယ်။ ထောက်လှမ်းရေး စ ရောက်ရောက်ခြင်း ဖမ်းဆီးလာသူတွေကို လူ အဆင့်အတန်းမပေးဘဲ အောက်တန်းစား သတ္တ၀ါ တကောင်လို၊ တိရိစ္ဆာန်တကောင်လို နှိမ်ချ ရိုင်းပျပြီး ဆက်ဆံတာကလည်း စိတ်သိမ်ငယ်သွားအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်သွားအောင် လုပ်တာပါပဲ။ အဲဒီတုန်းကတော့ အဲဒါတွေ ကျနော် မသိပါဘူး)။

အခန်းထဲမှာတော့ ကျနော် တယောက်ထဲ။ တိတ်ဆိတ်လို့၊ မောဟိုက်လို့၊ လှောင်အိုက်လို့၊ ခြောက်ခြားလို့။ ပြီးတော့ စိတ်တွေရှုပ်ထွေးလို့လည်း နေသေးတယ်။ ကျနော့်အထင် တနာရီလောက်လား၊ နှစ်နာရီလောက်လား အကြာမှာ တံခါးကို `ဒိုင်း´ခနဲ ဆောင့်ကန် ဖွင့်သံ ကြားရတယ်။ လန့်သွားတယ်။ `ဟေး´ `ဟေး´ နဲ့ ညာသံတွေ ပေး၊ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ အခန်းထဲ ပြေးဝင်လာကြတာ။ တောမှာ နွားအုပ်ပြိုင်ကျသလိုပဲ။ ညစ်ညစ်ပတ်ပတ်တွေ အော်ဟစ်ဆဲရေး၊ ကျနော့်ကို စစ်ဘိနပ်တွေနဲ့ ၀ိုင်းကန်ကြ၊ ၀ိုင်းနင်းကြ။ မှတ်မှတ်ရရ၊ တယောက်က `ငါ´ နဲ့ ကိုင်တုတ်ပြီး မျက်နှာကို ရှေ့တည့်တည့်ကနေ ဖြတ်ရိုက်ထည့်လိုက်တာ ကျနော့်မျက်လုံးထဲ မီး ၀င်းဝင်းတောက်သွားတယ်။ လက်ထိပ်က နောက်ပြန်ခတ်ထားတာ ဆိုတော့ မျက်နှာကို လက်နဲ့ ပိတ်ကာလို့ မရဘူးပေါ့။ နောက်တခါ အဲဒီလိုပဲ ဖြတ်ရိုက်ပြန်တယ်။ မျက်လုံးထဲ ၀င်းခနဲ။ နောက်တခါ။ ၀င်းခနဲ။ နောက်တခါ…

အား။ မျက်လုံးတွေ။ မျက်လုံးတွေ ရှိသေးရဲ့လား။ လွင့်စင်ထွက်များ ကျသွားပြီလား။ မျက်လုံးထဲက စေးစေးပြစ်ပြစ် အရည်တွေ စီးကျလာတယ်။ သွေးတွေလား။

`ဟင်း။ မင်းတို့က မင်းတို့ကို မင်းတို့ လည်လှပြီ ထင်နေလား။ လွှတ်ပေးထားလို့ ထားမှန်းမသိ။ မအေ- တွေ´

ကျနော် ငြိမ်နေတယ်။ အသံမထွက်အောင် မနည်း ကြိုးစားနေရတယ်။ မညည်းနဲ့။ မအော်နဲ့။

`လမ်းတုန်းကလို စကားတွေ ဘာတွေ ပြောအုံးလေကွာ´

`တရားဟောအုံးလေကွာ´

`-ီး Non-violence လားကွ´

`တကယ့် Non-violence က ဒီမှာကွ´

ရိုက်တယ်။ ထပ်ရိုက်တယ်။ ကန်တယ်။ ရိုက်…

မရပ်ကြတော့ဘူးလား။ မရပ်ကြတော့ဘူးလား။ ယဉ်ကျေးတဲ့ ဟောဒီ ရာစုကြီးမှာ။ ပညာတတ်တယောက်၊ အရပ်ရှည်ရှည် ပိန်ပိန်ကိုင်းကိုင်း။ သူရဲကောင်းဖြစ်ဖို စိတ်မ၀င်စားသူ။ ဒါပေမယ့် အဓိပ္ပာယ် တစုံတရာနဲ့ အသက်ရှင်လိုသူ၊ လူ့သိက္ခာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ ယုံကြည်သူ။ အဲဒီ လူတယောက် …

အလို…။ ကျနော် ဘယ်ရောက်နေပါလိမ့်။ ကျနော် မောနေတယ်။ အသံထွက်ကြည့်တယ်။ မရဘူး။

စစ်ဘိနပ်တွေ၊ စစ်ဘိနပ်တွေ…။ ရှေ့မှာ၊ နောက်မှာ၊ ၀ဲမှာ၊ ယာမှာ၊ တခါတခါ ရင်ဘတ်ပေါ်မှာ။ အဲဒီအချိန် လူတယောက်ရဲ့ ဘ၀ဟာ ဘာမှ မသေချာတော့ဘူး။ အသက်ရှင်မှု၊ အနာဂတ်၊ လူ့ဂုဏ်သိက္ခာ…။ ဘာမှ မသေချာတော့ဘူး။

ကျနော် အော်မိသလား၊ မအော်မိသလား။ သံမံတလင်း ကြမ်းပြင်ပေါ်မှာ ကျနော် လိမ့်နေတာပဲ။ နောက် ကျနော့်ကို ဆွဲထူပြီး နံရံမှာ ကပ် ထိုင်ခိုင်းတယ်။ ဒါပေမယ့် ထိုင်လို့ မရဘူး။ ပုံလဲကျသွားတယ်။ တယောက်က ဆွဲထူပြီး ကိုင်ပေးထားတယ်။ အဲဒီအချိန် တယောက်က ရိုက်ရ၊ ကန်ရတာ အားမရရှာသေးဘူး ထင်ပါရဲ့။ ကျနော့်လည်ပင်းကို ဖြတ်ရိုက်လိုက်တာ ကျနော် အသက်ရှုမရ ဖြစ်သွားတယ်။ ကျနော် ခဏ သတိလစ်သွားသလားပဲ။ (လည်ပင်းကို အဲဒီလို ဖြတ်ရိုက်ထားတဲ့ ဒဏ်ကြောင့် နောက်ပိုင်း ရေသောက်တာတောင် ခက်နေတယ်။ နင်နေတယ်။ နာနေတယ်)။

ကျနော် ကြည်ကြည်လင်လင် သတိထားမိချိန်မှာတော့ အခန်းထဲမှာ ကျနော် တယောက်ထဲ။ သူတို့ မရှိကြတော့ဘူး။ ကျနော်လည်း ပုံလဲနေတယ်။ အရုပ်ကြိုးပြတ်ဆိုတာ ဒါမျိုးကို ခေါ်တာ ထင်ပါရဲ့။ နံရိုးတွေ ကျိုးကုန်ပြီလား။ မျက်လုံးတွေရော ရှိသေးလား။ အသက်ရှူလို့ မ၀ဘူး။ မျှင်းပြီး နည်းနည်း ရှူနေရတယ်။ (ထောင်ထဲရောက်လို့ တလကြာထဲအထိ ညာဘက် နံရိုးတွေက အောင့်နေတယ်။ အသက်ကို နည်းနည်းချင်း ခွဲပြီး ရှူရတယ်။ အပြည့် ရှူလို့ မရဘူး။ ဟိုဘက် ဒီဘက် လှည့်ဖို့ ကိစ္စလောက်ကိုပဲ ဖြည်းဖြည်းချင်း ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်လောက် ကြာအောင် လှည့်ယူရတယ်။ ဒါတောင် မအော်ဘဲ၊ မညည်းဘဲ လှည့်လို့ မရဘူး။ ထောင်က ဆေးကု မပေးဘူး။ အိမ်ကနေ ဆေးမှာပြီး ကုယူရတယ်)။

အတော်ကြာတော့ တံခါးဆောင့်ဖွင့်သံ၊ ခြေသံတွေ ကြားရပြန်တယ်။ ဆော်ကြဦးမှာပဲ ထင်ပါရဲ့။ သတိလစ်သွားလိုက်စမ်းပါ။ ဟေ့ကောင်။ ၀င်းနိုင်ဦး။ သတိလစ်လိုက်စမ်း။ ဟုတ်တယ်။ ကျနော်လန့်နေတယ်။ မလန့်အောင် ကြိုးစားကြည့်တယ်။ မအောင်မြင်ဘူး။ မျက်လုံးကလည်း မမြင်ရဘူး။ နားနဲ့ပဲ ကြည့်နေရတာ။

ဒါပေမယ့် ဒီတခါတော့ မရိုက်ဘူး။ မေးခွန်းတွေ စမေးတယ်။ ကိုယ်ရေး အချက်အလက်တွေကို အရင် စမေးတယ်။ ပြီးတော့ တခြားမေးခွန်းတွေ …။

ဆက်ရန်…

3 comments:

ဂျစ်တူး - gyit_tu said...

ဒီစာအုပ်ရဲ့ စာမျက်နှာတိုင်းမှာ မျောပါနေပြီး ၊ ကျောင်းသားရဲဘော်တွေတွက် ၀မ်းနည်းစာနာမိတယ်.. သူတို့ သတ္တိကို ဂုဏ်ယူမိတယ်.. သူတို့ ယုံကြည်ချက်ကို လေးစားမိတယ်.. ။

loimwethu said...

Ko KSH, do u know someone who translate this book in english? I think it would be nice if it is in english so that not only burmese can read but also some foreigners who are interested about burma and political prisoners.

PeTi said...

ရက်စက်လိုက်ကြတာနော်…ဒီလူတွေဟာ မြန်မာတွေ လို့ပြောရင် လူမျိုး ကိုထိခိုက်တယ်၊ ဘာ ဘာသာဝင် ပဲဖြစ်ဖြစ် အဲဒိ ဘာသာထိခိုက်တယ်။ ကျောင်းသားတွေရဲ့ ရဲရင့်တဲ့ သတ္တိ၊ ဖြူစင်တဲ့စိတ်ဓာတ် နဲ့ မှန်ကန်သော ယုံကြည်မှုကို လွယ်လွယ်နဲ့ ရိုက်ချိုးလို့မရနိုင်ပါဘူး။ ယုံကြည်မှုအတွက် ဘ၀တွေ စွန့်ခဲ့ကြသူအားလုံးကို အလေးပြုလျှက်ပါ။