Sunday, July 29, 2007

ရောက်ခဲ့ပြန်ပေါ့…

ဒီတပတ်ပိတ်ရက်မှာတော့…။

စနေနေ့ညက အလည်လွန်ထားတဲ့ ဒဏ်ကြောင့် အိပ်ရေးတွေပျက်ပြီး တနင်္ဂနွေနေ့လည်ခင်း တခုလုံးကို အိပ်စက်ခြင်းတွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ညနေစောင်းမှ အိပ်ရာက နိုးလာတော့ ပူအိုက်တဲ့ ရာသီဥတုကြောင့် လူက ချွေးစေးတွေနဲ့ စေးကပ်ကပ်ဖြစ်လို့…။ ညက ရီဝေေ၀အရသာရဲ့ လက်ကျန်ကြောင့် ခေါင်းတခုလုံးလဲ အုံခဲနေတာနဲ့ ရေချိုးပစ်လိုက်တော့မှ အတန်ငယ် သက်သာပါတယ်။

အိမ်ရှေ့ ၀ရန်တာကို ထွက်ပြီး ဟိုဟိုဒီဒီ ငေးမျှော်ကြည့်တော့ အိုက်စပ်သော်ငြား သာယာနေတဲ့ ရာသီဥတုအောက်မှာ ကစားသူ၊ ကစား၊ နားသူနား၊ မြင်ကွင်းတွေကလဲ စိမ်းစိမ်းစိုစို။ ကျနော်လဲ စိတ်ထဲမှာ လမ်းလျှောက်ချင်လာတယ်။ ဒီလိုနဲ့ပဲ…။


လမ်းကလေးဆီ မရောက်ခင် အဖြူရောင် ပန်းခင်းလေးတခုပါ။ အပူအပင်ကင်းတဲ့ ယုန်ငယ်လေးက သူ့ကို ဓာတ်ပုံရိုက်နေတဲ့ ကျနော့်ကို မမြင်ခင်ကတော့ ဘယ်ကိုမှန်း မသိ ငေးမောလို့…၊ ကျနော့်ကိုမြင်တော့ လှစ်ခနဲ ခုန်ပေါက် ပြေးထွက်သွားပါတယ်။


ဒီအပင်ရုံလေးကို မြင်တော့ ဟိုးငယ်ငယ် ကလေး ဘ၀တုန်းက ကျောင်းခြံစည်းရိုးမှာ စိုက်ထားလေ့ရှိတဲ့ အသီးနီရဲရဲလေးတွေ သီးတတ်တဲ့ အပင်ရုံလေးကို ပြန်သတိရမိပါတယ်။ အဲဒီတုန်းကတော့ အဲဒီအသီး နီနီလေးတွေကို ခူးစား၊ အာတွေ လျှာတွေက ညိုညစ်ညစ်တွေဖြစ်လို့…၊ ဆရာမတွေနဲ့ လူကြီးတွေက တွေ့ရင် အဆူခံရလေ့ရှိပေမယ့် ကျနော်တို့ ကလေးတွေကတော့ လူကြီးတွေ လစ်တာနဲ့ အဲဒီ အသီးလေးတွေကို အမြဲလိုလို ခူးစားတာပါပဲ။

အခု ဒီအပင်က အသီးလေးတွေကလည်း နီတျာတျာလေးပါပဲ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံက အပင်လို စားလို့ရလား မရလား မသိပါဘူး။ စားလည်း မစားကြည့်ရဲဘူး။


ဟောဒီမှာ…၊ ပြုံးနေတဲ့ မိန်းမပျိုလေးနဲ့ တူတဲ့ လမ်းကလေး။ နေရောင် ဟိုတပြောက် ဒီတစက်က စိမ်းစိုတဲ့ အပင်တွေကြားက အတင်း ရုန်းထွက်ပြီး လမ်းကလေးပေါ်ကို ဖြာကျဖို့ ကြိုးစားတော့ သူ့ရဲ့ ရောင်ခြည်နဲ့ တောအုပ်ရဲ့ အမှောင်ကိုပါခွင်းလို့ လင်းဟပ်နေတာ ဒီအချိန်ဟာ အလှဆုံးအချိန်လို့ ပြောမယ်ဆိုရင် လွန်မယ်မထင်။ ဆောင်းတွင်းတုန်းကတော့ အေးခဲလှတဲ့ နှင်းဖတ်တွေရဲ့ ဖိသိပ်မှုတွေ၊ အဲဒီနှင်းဖတ်တွေကို ဖယ်ရှား ခြစ်ထုတ်ပစ်တဲ့ လက်ကြမ်းကြီးတွေကြောင့် ငိုမဲ့မဲ့ ဖြစ်နေဟန် လမ်းကလေးနဲ့ အခု လမ်းကလေး ယှဉ်ကြည့်ရင် အလှကွာမှုကို ပိုသိမယ်ထင်ပါရဲ့။


ရထားဥသြသံလေးများ ကြားရင် ~~~ အိမ်ပြန်ချင်တဲ့ စိတ်ကလေး ~~~ တားမရဘူး…တဲ့။ ကိုထူးအိမ်သင်ရဲ့ တေးသွားတစထဲက ခပ်ဆင်ဆင် ဒီရထားကြီးက တ၀ူးဝူးတဝေါဝေါ အသံတွေ ပေးလို့ လမ်းကလေးပေါ်ကနေ ဖြတ်သွားတယ်။ သံလမ်းနဲ့ ဘီး ပွတ်ကြိတ်သံ တကျွိကျွိက စည်းချက်ညီညီ ပေါ်နေတာကို နားထောင်ရင်း ဘာရယ် မဟုတ် ရထားဘီးတွေ ဘယ်နှစ်ဘီး ဖြတ်သွားတာပါလိမ့်လို့ ခပ်ကြောင်ကြောင်တွေးပြီး ဖြတ်မောင်းနေတဲ့ ရထားဘီးကို ရေတွက်မိနေသေးတယ်။




လမ်းကလေးရဲ့ တောအုပ်ငယ်လေးရဲ့ မြင်ကွင်းအလှပါ။ ဖြတ်ခနဲ ပြေးသွားကြတဲ့ အကောင်ငယ်လေးတွေ၊ တခါတလေဆိုရင် သမင်တွေလဲ လာလေ့ရှိပါသေးတယ်။





တောအုပ်လေး ဘေးက မြစ်ပါ။ ဒီတခါတော့ မြစ်ရေတွေက ဟိုတခေါက်တုန်းကလို အေးစက်စက် မနိုင်တော့ဘူး။ ကျောက်တုံးငယ်လေးတွေ ဟိုတစ ဒီတစနဲ့ တသွင်သွင် စီးနေတဲ့ မြစ်ရေကို ထိုင်ကြည့်နေရတာဟာ စိတ်ထဲမှာ ကဗျာတပုဒ်ကို ရွတ်နေရသလို ခံစားမိပါတယ်။

ကျောက်တုံးတွေပေါ်ကနေ ဟိုဟိုဒီဒီ လိုက်လျှောက်ကြည့်တာ လှုပ်လီလှုပ်လဲ့နဲ့ အသဲယားစရာ…။ တခါမှာတော့ ကျနော် ခြေချော်သွားတယ်။ ရှေ့ကို ဟပ်ထိုးလဲ မတတ်ကို ချော်သွားတယ်။ အနားမှာ မှီတွယ် ကိုင်စရာလဲ ဘာမှ မရှိတော့ အသည်းအေးခနဲ ဖြစ်ပြီး မနည်း ပြန်ထိန်းလိုက်ရတယ်။ လှုပ်လီလှုပ်လဲ့ ကျောက်တုံးတွေပေါ်ကနေ ဖယ်ဆင်းပြီး မြေကြီးပေါ်မှာ ပြန်လျှောက်မှပဲ လူလဲ မတ်မတ်ရပ်ပြီး လျှောက်လို့ရတော့တယ်။ နောက်တော့…။ ကျနော် လမ်းကလေးပေါ် ပြန်ရောက်လာတယ်။ လမ်းကလေးကတော့ ခပ်ပြုံးပြုံးနဲ့ပဲ ကြည့်နေသလိုလို…။


ဘ၀ဆိုတာ တသမတ်တည်း မရှိသလို လမ်းဆိုတာလည်း တဖြောင့်တည်း မရှိပါဘူး။ ဒါပေမယ့် သွားလာရမယ့် အနေအထားအရ ကွေ့ကောက်နေတဲ့ လမ်းတိုင်းမှာ ပန်းတိုင်တော့ ရှိရမှာပေါ့။ အဲဒီပန်းတိုင် မရောက်ခင်မှာ ဒီလို စိမ်းလန်းတဲ့ မြက်ခင်းလေးတွေလဲ တွေ့နိုင်တယ်။ ခလုတ်လည်း တိုက်နိုင်တာပဲ။ အဓိကက လျှောက်ဖို့ပဲ မဟုတ်ပါလားဗျာ။


ကလိုစေးထူး

2 comments:

Maydarwii said...

ဓာတ်ပုံဆုတောင်း
ပုံ (၁)
ဖြူစင်တဲ့ ပန်းကလေးတွေလို မိမိစိတ်နဲ့ ခန္ဓာကို သန့်ရှင်း စင်ကြယ်စွာ စောင့်ထိန်း နိုင်ပါစေ … ။
အပူအပင်မဲ့ ယုန်ငယ်ကလေးလို ပူပင်စရာတွေ ကင်းစင် ပပျောက်ပါစေ … ။

ပုံ (၂)
ဒီ အသီးကလေးတွေဟာ နီတျာတျာအဆင်းနဲ့ လှပတဲ့ အသွေးအရောင်ရှိပေမဲ့ စားကောင်းသလား အဆိပ်လား မသိနိုင်တာကြောင့် ဆင်ခြင်ပြီးမှ စားသင့်သလို အရောင်အဆင်းလှပ၊ အပေါ်ယံ ဟန်ကျ ပန်ကျနဲ့ ဆက်ဆံကြပေမဲ့ အဆိပ်သင့်စေ နိုင်တဲ့ မိတ်ဆွေတုများနဲ့ မတွေ့စေဖို့လည်း ဆင်ခြင်ဉာဏ်နဲ့ သုံးသပ်နိုင်ပါစေ …။

ပုံ (၃) နှင့် (၄)
သက်မဲ့ဖြစ်တဲ့လမ်းကလေးတောင် အချိန်အခါ ရာသီနဲ့လိုက်ပြီး ပြောင်းလဲ တတ်တဲ့ သဘာဝကို ကြည့်ပြီး သက်ရှိလူသားတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်သဘောကို နားလည်နိုင်ပါစေ … ။

ပုံ (၅)
ခုတ်မောင်းနေတဲ့ ရထားကြီးဟာ နောက်ဆုံးဘူတာ မရောက်မချင်း မမောမပန်းနိုင် ဘူတာစဉ် ခုတ်မောင်းသွားနိုင်သလို … မိမိရည်ရွယ်ရာ ပန်းတိုင်မရောက်မချင်း အားတင်းလို့ လျှောက်လှမ်းနိုင်ပါစေ … ။

ပုံ (၆)
အရိုင်းဆန်တဲ့ တောအုပ်ကလေးလို လန်းဆန်းစိုပြေပြီး သဘာဝနဲ့ နီးစပ်တဲ့ အတွေးအမြင် စိတ်ထားများ ထားနိုင်ပါစေ … ။

ပုံ (၇)
ကျောက်စိုင် ကျောက်တုံးပေါ် လျှောက်လှမ်းတဲ့အခါ မယိုင်မလဲစေဖို့ ကိုယ်ခန္ဓာ ဟန်ချက်ညီမှု ရှိဖို့လိုအပ်သလို … ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးကို လျှောက်လှမ်း တဲ့အခါ မယိုင်လဲစေဖို့ စိတ်ဓာတ်နဲ့ ခန္ဓာ ဟန်ချက်ညီညီ ရှိနိုင်ပါစေ … ။

ပုံ (၈)
လမ်းတိုင်း မဖြောင့်ဖြူးတတ်သလို … ဘ၀တိုင်းလည်း သာယာ ပျော်ရွှင်မှု မရှိ တတ်ပါဘူး။ မဖြောင့်ဖြူးတဲ့ လမ်းကိုလျှောက်တဲ့အခါ ပိုပြီးသတိထားရသလို ကိုယ့်ဘ၀မှာ သာယာမှုကင်းမဲ့ ပျော်ရွှင်မှုဆိတ်သုဉ်းခြင်းမျိုး ကြုံလာတဲ့အခါ သတိတရားလက်ကိုင်ထားပြီး အမြဲဆင်ခြင်နိုင်ပါစေ … ။

မေဓာဝီ
၃၀၊ ဇူလိုင်၊ ၂၀၀၇၊
ည ၇ နာရီ ၁၅

pandora said...

အပေါ်မှာ မမေပေးထားတဲ့ ဆုတောင်းတွေအားလုံး ပြည့်ပါစေ။

ပန်းတိုင်ရှိတာကိုသိတယ် လမ်းကလေးရှိတယ်
လျှောက်ဖို့သာလိုရင်း.. ဟုတ်တယ်ဟုတ်..
ဆက်လျှောက်..ဆက်လျှောက်.. မောရင်ပြော..ရေလိုရင်ပြော...
(ရေသန့်ဗူးရောင်းသည်.. ၁ ဗူး ၁၀ ဒေါ်လာ..)