Thursday, July 26, 2007

လွန်ဆွဲပွဲမှာ...

`တောက်´

မခံချင်စိတ်၊ ခံပြင်းစိတ်တို့နဲ့ လူက တကိုယ်လုံး ဆူပွက်လောင်မြိုက်နေရတဲ့ နေ့တနေ့တုန်းကပါ။

`ဒါ၊ သက်သက် ငါ့စေတနာကို စော်ကားတာ´

လူက စိတ်တိုလာတော့ ဟိုးအရင့်အရင်က ကိစ္စတွေပါ ပြန်စဉ်းစား၊ ပြီးတော့ ဘာတခုမှ အကောင်းဆိုတာ မမြင်လောက်အောင် အားရပါးရကြီးကို အပြစ်မြင်မိပါတော့တယ်။

***

အဖြစ်က ဒီလိုပါ။

လွန်ခဲ့တဲ့ ၈ လခန့်လောက်က ကျနော့်အိမ်နားကို မြန်မာ မိသားစု အသစ်ရောက်ပါတယ်။ တိုင်းရင်းသားပါ။ ဒီနိုင်ငံမှာ အခြေချပြီး သူတို့ ဘ၀ကို အသစ်ပြန်စဖို့ ရောက်လာကြတယ် ဆိုပေမယ့် ဘာသာစကား၊ ဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေမှာ ဘာကိုမှ ပြင်ဆင်ခဲ့ရဟန် မတူပါဘူး။ အားလုံးကို သုညကနေ ပြန်စရပါတယ်။

ဒီလိုနဲ့ပဲ ဒီမှာ ရောက်နှင့်နေတဲ့ ကျနော်က သူတို့လိုမယ်ထင်တာတွေ ကူညီပေး၊ သူတို့ကို တာဝန်ယူခေါ်တဲ့ စပွန်ဆာနဲ့ သူတို့အကြား ကြားခံဘာသာပြန်အဖြစ် လုပ်ပေး၊ နောက်ဆုံး ကျနော့်အလုပ်မှာပါ သွင်းပေး။

အလုပ်သွင်းပေးတုန်းကများ ဆိုရင် သူ့စပွန်ဆာရော သူတို့ မိသားစုပါ ကျနော့်ကို ကျေးဇူးတင်လို့ မဆုံး…။ ထားပါတော့…။

ရောက်တာကြာလို့ သုံးလကနေ လေးငါးလလောက်လဲ ကြာရော အလုပ်ထဲမှာ ရှိနှင့်နေတဲ့ သူတို့အချင်းချင်း လူမျိုးစုတူ မြန်မာတယောက်နဲ့ တဖြည်းဖြည်း အဖွဲ့ကျလာတယ် ဆိုပါတော့…။ ဒါကလည်း သေသေချာချာ စဉ်းစားကြည့်ရင် သူ့အတွက် ၀မ်းသာစရာပါ…။ သို့သော်…။

နောက်ပိုင်းကျတော့ ဒီလူက ကျနော့်ကို ရှောင်ဖယ်ဖယ် ဖြစ်လာသလား ကျနော့်စိတ်ထဲ ထင်လာတယ်။ ဟိုတယောက်နဲ့ပဲ တ၀ါးဝါးတဟားဟား အဖွဲ့ကျလို့ ကျနော့်ကို မေးထူးခေါ်ပြောတောင် မရှိတော့ဘူးလိုလိုပဲ။ အဲဒီလိုနဲ့ပဲ နေ့တခုရဲ့ နေ့လည်ခင်း အလုပ်နားချိန်မှာ…

`မင်းစဉ်းစားကြည့်၊ ငါတို့ အချင်းချင်းလောက်များ အဲဒီ ဗမာက မင်းအပေါ် ပိုကောင်းမှာလား´

`အင်းပါ´

သူတို့က ကျနော်နားမလည်လောက်ဘူး အထင်နဲ့ ပြီးတော့ ကျနော် မရှိဘူးအထင်နဲ့ ပြောနေကြတာကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် သွားကြားမိလေတဲ့ အဖြစ်…။

***

`အလကားဟာတွေ´

ဒေါသက တော်တော်နဲ့ မပြေ။ ရောက်ခါစက ကျနော့်အိမ်မှာ ဖုန်းလာပြောတော့ အားနာနာနဲ့ ပြောပါစေဆိုပြီး လွှတ်ထားပေးလို့ ဒေါ်လာလေးရာကျော်လောက် ဘီလ်ပေးလိုက်ရတာကိုလည်း (အဲဒီတုန်းက စိတ်မဆိုးပါဘဲ) စဉ်းစားရင်း စိတ်က ပြန်တိုလာတယ်။ အချိန်အခါမရွေး သူသွားလိုရာကို လိုက်ပို့ပေးခဲ့ရတာတွေကိုလဲ အခုမှ ငြိုငြင်လာတယ်။

သူ့မိဘတွေ လာတုန်းက လေဆိပ်မှာ အိပ်ရေးပျက်ခံ သွားကြိုပေးခဲ့ရတာကိုလည်း အခုမှပဲ တွေးရင်း ပင်ပန်းရကောင်းမှန်း သိလာသလိုလို..။

`တောက်၊ အဲဒီတုန်းက ဆီဖိုးတောင် မပေးဘူး´

ဒီလိုနဲ့ သူတို့နဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားသမျှတွေက အကုန်လုံး အဆိုးမြင်တာတွေချည်း ဖြစ်လို့ ဒေါသက ထွက်ပြီးရင်း ထွက်နေပါတော့တယ်။

***

`ဒေါက် ဒေါက် ဒေါက်´

တံခါးခေါက်သံ ကြားလို့ ချောင်းကြည့်ပေါက်ကနေ အရင် ကြည့်လိုက်တော့ အဲဒီလူရဲ့ အမေ၊ ပြီးတော့ အဖေ၊ နောက်… ကလေးလေးတွေ။ အင်း… ဗွီဒီယိုလာကြည့်ကြတာ ထင်တယ်။ မဖွင့်ပေးဘူးကွာ။ တနေ့လဲ မဟုတ် နှစ်နေ့လဲ မဟုတ်၊ အားအားရှိ ငါ့ဆီမှာပဲ ဗွီဒီယို လာကြည့်နေကြတယ်။ ငါ့မှာ အအေးတိုက်ရ၊ ခွေထိုးပေးရ၊ ဟိုကလေးတွေကလဲ ငါစာရိုက်နေတုန်း နောက်ကနေ ခုံကို လာလာလှည့်။ ရှုပ်ကို ရှုပ်တယ်။

စိတ်က မကြည်လင်တော့ သူတို့နဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေကိုပါ နေရင်းထိုင်ရင်းနဲ့ ကြည့်မရတော့ဘူး..။ စိတ်ထားကောင်းလဲ ထားလို့ မရတော့ဘူး။ ဒါပေမယ့် လူကတော့ တံခါးနားက ခွာမသွားမိသေးဘဲ အသာလေး ကပ်ပြီး သူတို့ အသံတွေကို နားထောင်မိနေသေးတယ်။

`ဖိုးခွားနေမကောင်းဘူး ထင်တယ်´

`xxxxxxxxxxx´

စကားသံတွေက ကြားတချက် မကြားတချက်။ တချို့ကိုတော့ နားမလည်ဘူး။ အင်းလေ၊ သူတို့ စကားကို ကျနော်က အကုန်မှ နားမလည်တာကိုး။ ဒါပေမယ့် အဲဒီ အမယ်ကြီး ပြောလိုက်တဲ့ `ဖိုးခွားနေမကောင်းဘူး ထင်တယ်´ ဆိုတဲ့ စကားကိုတော့ ပီပီသသကြီး ကြားလိုက်မိတယ်။ ခဏနေတော့ သူတို့ အောက်ထပ်ကို ပြန်ဆင်းသွားကြတယ်။ သူတို့ အခန်းကို သူတို့ ပြန်သွားတယ်ထင်တယ်။

***

စက်ရှေ့ကို ပြန်ထိုင်။ ဟိုဟိုဒီဒီ လိုက်ဖတ်၊ အင်း… ပို့စ်အသစ်အတွက် စာလေးဘာလေး ရေးမှ။ ဒေါသတွေတော့ ပြေသွားသလိုလို။ အို… ဒင်းတို့ အကြောင်း မတွေးတာကောင်းတယ်။ ကဲ… စာရေးမယ်ကွာ။

ရေးမယ်သာ ပြောတယ်။ ခေါင်းထဲကို အဆင်ပြေပြေ စာသားတွေက တခုမှ ရောက်မလာ။ နားထဲမှာ `ဖိုးခွား နေမကောင်းဘူး ထင်တယ်´ ဆိုတာကြီးပဲ ထပ်ခါထပ်ခါ ကြားနေတယ်။ ဖိုးခွား၊ ဖိုးခွား၊ ဖိုးခွားဆိုတော့… ဒါ… ငါ့ကို သားလေးလို့ သူ ခေါ်တာပဲ။ အင်းလေ ငါကလဲ သူ့ကို စတွေ့ကတည်းက အမိုးလို့ ခေါ်တာပဲဟာ။ သူ့အရွယ်ကလဲ မေမေနဲ့ ရွယ်တူလောက်ပဲ ရှိမယ်ထင်တယ်။

တလောဆီက Wal-mart အသွားမှ သူတို့ကို အဲဒီ ခေါ်သွားတော့ ဖန်စီလေးတွေ ရောင်းတဲ့ ကောင်တာမှာ အမယ်ကြီးက လက်ဝါးကပ်တိုင် ပုံလေးနဲ့ လည်ဆွဲ တခုကို တကြည့်ကြည့်နဲ့။ `အမိုး လိုချင်လို့လား´ လို့ မေးတော့ အသာအယာ ပြုံးပြတယ်။ `ကျနော် လက်ဆောင်ပေးမယ်နော်´ လို့ ပြောပြီး အဲဒါလေး ၀ယ်ပေးလိုက်တော့ သူ့ယောက်ျားကို `ဖိုးခွားလက်ဆောင်ပေးတာလေ၊ အရမ်းသဘောကောင်းတာပဲ´ လို့ ပြောခဲ့ဖူးတာကိုလဲ ပြန်ကြားယောင်မိလာတယ်။

ဒီလိုနဲ့ သူ့သားကို ထွက်တဲ့ ဒေါသစိတ်နဲ့ သူ့အမေကို ထားတဲ့ မေတ္တာစိတ်က ကျနော့်ခန္ဓာကိုယ် တခုထဲမှာ လွန်ဆွဲနေတယ်။ စာလည်း ရေးလို့မရတော့ဘူး။

နောက်ဆုံးတော့….။

***

အင်းလေ…၊ ငါ့အိမ်မှာ သူတို့ ဗွီဒီယိုလာကြည့်တော့လဲ ငါက ဘာမှ သိပ်ကုန်ခန်းတာမှ မဟုတ်တာ။ ကလေးတွေကလဲ ဆော့တော့ ဆော့မှာပဲ၊ ငါငယ်ငယ်ကဆို သူတို့ထက်တောင် ဆိုးသေး။ သူ့သားကို ဒေါသထွက်တာနဲ့ သူတို့ အားလုံးကို ရောထွေး မကောင်းမြင်တာတော့ မဟုတ်သေးပါဘူးလေ။

အဲဒီလို တွေးလိုက်တော့ စိတ်က ကြည်ကြည်လင်လင် ပြန်ဖြစ်လာတယ်။ နောက်နေ့ကျ သူတို့လာရင်တော့ တံခါး ဖွင့်ပေးလိုက်ပါမယ်လေ…။ အဲဒီလို တွေးနေတုန်း…။

`ဒေါက် ဒေါက် ဒေါက်´

တံခါးခေါက်သံ ထွက်လာပြန်တယ်။ မချောင်းကြည့်တော့ဘဲ တံခါးဖွင့်ပေးလိုက်တော့…။ အမယ်ကြီးနဲ့ ကျနော် ဒေါသထွက်ခဲ့ရတဲ့ သူ့သား…။

`ဖိုးခွား၊ နေကောင်းရဲ့လား´

`ဟုတ်၊ ကောင်းပါတယ် အမိုး´

`အင်း… အမိုးတို့ စောစောက လာသေးတယ်´

`…………´

အသာ နှုတ်ဆိတ်နေလိုက်မိတယ်…။ အမယ်ကြီးက ဘာမှမပြောဘူး။ ဒါပေမယ့် ကြည့်ရတာ တခုခုပြောချင်နေသလိုလို…။ ဒါနဲ့…

`အမိုး…၊ ထိုင်လေ၊ ကျနော် ဇာတ်လမ်းခွေ ထိုးပေးမယ်´

`ဟို…´

ခဏ နှုတ်ဆိတ်နေပြီးမှ…

`ဟို… အမိုးတို့ အိမ်မှာ စားစရာ ကုန်နေလို့…´

`ဟင်´

`ဟုတ်တယ်၊ စပွန်ဆာလဲ မလာဘူး။ အဲဒါ…´

ဘယ်နှခါမြောက်မှန်း မသိ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိရင်း စိတ်ထဲကနေ အမိုးကို အထပ်ထပ် တောင်းပန်လိုက်မိတယ်။ စောစောက ဒေါသတွေလဲ ကြက်ပျောက်၊ ငှက်ပျောက်။

ကိုယ့်ကိုယ်ကို သတိထားမိတဲ့ အချိန်မှာတော့ ကျနော်တယောက် အမိုးတို့နဲ့ အတူ `အာရှဈေးဆိုင်´ ထဲကို ရောက်နေပါတော့တယ်။ နောက်နေ့တွေ ကျနော် စိတ်ဆိုးဦးမလား၊ ကျနော် မသိပါဘူး။ တွေးလဲ မတွေးချင်တော့ဘူး။


ကလိုစေးထူး

5 comments:

Anonymous said...

hey bro,
i don't know how to say...it happens all the time...i have the same stories..i neglected them if i couldn't tolerate more...don't get upset urself ...well,i hope u will do ur best to help them...may Buddha bless u ... cheers , ryan

ph said...

၁။ တတိယနိုင်ငံရောက် ဒုက္ခသည်တွေနဲ့ ပတ်သက်မှုမရှိသူဆိုရင် လွန်ဆွဲပွဲမှာ...ကို ခံစားတတ်မလား သို့မဟုတ် ချက်ချင်း နားလည်မလား မသိ။ ကျနော်ကတော့ ဒုက္ခသည်မို့ ဒီ ၀တ္ထုတိုလေး ဖတ်ပြီး ချက်ချင်းကြိုက်သွားတယ်။

၂။ ကလိုစေးထူး နာမည်ကို ကိုဝေလင်းဘလော့ဂ်စီဘောက်မှာ ကဗျာတွေ လာဖတ်သွားတယ် ဆိုပြီး အခုလေးတင် ရေးထားတာ တွေ့လိုက်သေးတယ်။ သိပြီးပြီမဟုတ်လား၊
ကိုဝေလင်း(နှင်းခါးမိုး) ဆိုတာ မှတ်တမ်းမဲ့မှတ်တမ်း စာအုပ် အခန်း ၁၊ ၃ တို့မှာပါတဲ့ အေဘီအက်စ်ဒီအက်ဖ် တာဝန်နဲ့ရန်ကုန်ရောက်နေတုန်း အဖမ်းခံရတဲ့ ဝေလင်း ဗျာ။

Min Min said...

ဟားဟား အဲဒါကတော်သေးတယ်ဗျို့. ဒီနိုင်ငံမှာ ဒုက္ခသည် စခန်းက ရောက်လာတဲ့ လူပေါ့ဗျာ၊ ၆ နှစ်ရှိပြီ ဒီနိုင်ငံမှာ အခြေချတာ. ထိုလူတွေက ၆နှစ်ရှိပြီ ပိုက်ဆံ ၁၀၀ တောင် မစုမိဘဲ နေနေတဲ့ လူတွေ ရှိနေတယ်ဗျို့ .. ပုံမှန်အတိုင်းပဲ ကျွန်တော့ဆီက လာချေးသပေါ့ဗျာ ..

Mg Yin said...

အကြိမ်ကြိမ်ကြုံဖူးပါခဲ့တယ်။ ကိုစေးထူးရေးလိုက်တော့ လူတွေရဲ့ စရိုက် က ကွင်းကွင်းကွက်ကွက်ပါဘဲ.

Maydarwii said...

အဲဒီလို လွန်ဆွဲပွဲမျိုး ကျမလည်း ဖြစ်ဖူးပါတယ်။
ကိုယ့်ရဲ့ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် အပြန်အလှန် လွန်ဆွဲသလို ဖြစ်နေရာက နောက်ဆုံးတော့ အားကြီးတဲ့စိတ်က အနိုင်ရသွားတာပါပဲ။ ကောင်းတဲ့စိတ် အနိုင်ရဖို့အတွက်ကတော့ စိတ်ထားတတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ စိတ်ထားတတ်ဖို့ကလည်း အမြဲလေ့ကျင့်နေရလိမ့်မယ်လို့ ကျမကတော့ ထင်တာပါပဲ။ စိတ်ဆိုတာက မကောင်းတဲ့ဘက် ခပ်ယိုင်ယိုင် မဟုတ်လား။
ကိုယ့်အတွင်းစိတ်ကို အမှန်အတိုင်း ခုလိုပုံဖော်ထားတာ သဘောကျတယ်။ ဒါဟာ လူတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝပါပဲ။