Friday, July 20, 2007

ဘုန်းကြီးကျောင်းကို ရောက်ခဲ့တယ်…

၂၀၀၇ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ကပါ…။

နယူးယောက် ပြည်နယ်၊ ဘတ်ဖလိုမြို့က `မေတ္တာနန္ဒ ဓမ္မရိပ်သာ´ လို့ အမည်ပေးထားတဲ့ မြန်မာ ဘုန်းကြီးကျောင်းကို ရောက်တော့ မနက် ၉ နာရီ ၀န်းကျင်ပါ။ ပြည်ပမှာ မြင်ရခဲလှ၊ ကုသိုလ်ပြုရခဲလှတဲ့ ဒီရှင်ပြု ရဟန်းခံပွဲလေးက ဟောဒီမဏ္ဍပ် မုခ်ဦးက မြန်မာပြည် အလွမ်းပြေစေခဲ့ပါတယ်။


ကျောင်းပေါက်ဝမှာတော့ ဒီကျောင်းရဲ့ ကပ္ပိယလို ဖြစ်နေတဲ့ ကိုစိုးသန်းက အပြုံးတွေ ပရပွနဲ့ အလုပ်တွေများနေပါတယ်။

ဒီကျောင်းလေးကို ဘတ်ဖလိုက မြန်မာတွေနဲ့ တခြားသော ပြည်နယ်တွေက မြန်မာတွေရဲ့ စုပေါင်း လှူဒါန်းငွေနဲ့ ထူထောင်ထားပါတယ်။ ကျောင်းဆိုပေမယ့် ဒီက လူနေအိမ်ကို ၀ယ်ပြီး ဘုန်းကြီးကျောင်းအဖြစ် သတ်မှတ်ရတာပါ။ မြေအောက်ခန်း အပါအ၀င် လေးထပ် ရှိပါတယ်။ အပေါ်ဆုံးက ထပ်ခိုးသာသာ အတန်ငယ် ကျယ်တဲ့ အထပ်ကို ဇူလိုင် ၈-ရက်နေ့မှာ သိမ်သမုတ်ပါမယ်။ ဒီကျောင်းကို ဘယ်လောက် ပေးဝယ်ရလဲ လို့ စပ်စုမိတော့ ဒေါ်လာ နှစ်သောင်းခွဲ ဆိုလို့ အံ့အားသင့်မိသွားပါသေးတယ်။ ကျနော်နေတဲ့ ပြည်နယ်မှာတော့ အခု အနေအထားနဲ့ အိမ်တလုံးကို အနည်းဆုံး ဒေါ်လာ နှစ်သိန်းဝန်းကျင်ခန့် ပေးရမှာပါ။ `ဟိုဖြည့် ဒီပြင်နဲ့ အခုဆို ခြောက်သောင်းကျော် ကုန်ပြီ´ လို့ ကိုစိုးသန်းက ဖြည့်စွက် ပြောပါတယ်။


ကျောင်းထဲကို ၀င်လိုက်တာနဲ့ ကြည်ညိုဖွယ်ရာ စေတီငယ်လေးနဲ့ မောင်ရင်လောင်းတွေကို ကြိုဆိုနေတဲ့ သင်္ဃန်းပရိက္ခရာတွေကို မြင်လိုက်ရပါတယ်။ စေတီကို အပြင်မှာ တည်ထားကိုးကွယ်ဖို့ ဒီက ရာသီဥတုအနေအထားနဲ့ မလွယ်ကူလှတာကြောင့်ရယ်နဲ့ တခြားသော ကန့်သတ်ချက်တချို့တွေကြောင့် အခုလိုသာ တည်ထားရတယ်လို့ သိရပါတယ်။


သိမ်သမုတ်မယ့် ကျောင်းရဲ့ အပေါ်ဆုံးထပ်မှာ စံပယ်နေတဲ့ ဆင်းတုတော်ပါ။ အခက်အခဲပေါင်း မြောက်မြားစွာ၊ ငွေကုန်ကြေးကျများစွာနဲ့ ဒီနေရာကို အရောက် ပင့်ဆောင်ခဲ့ရပါတယ်တဲ့။

ဘုရားရှင်ရဲ့ ရှေ့မှောက်ကို အရောက်မှာ ၀ပ်တွားခယ ဦးချပူဇော်လိုက်တော့ ပင်ပန်းလာခဲ့သမျှ ခန္ဓာကိုယ်နဲ့ နွမ်းနယ်ခဲ့သမျှ စိတ်အစဉ်က တော်တော်ကြီးကို အေးချမ်းသွားလို့ အတန်ငယ်ကြာအောင် ဘုရားရှင် ရှေ့မှာ ငူငူကြီး ထိုင်နေခဲ့မိပါတယ်။

အောက်ထပ်ကို ပြန်ရောက်တော့ ကြွလာကြမယ့် ဘုန်းတော်ကြီးများအတွက် ဆွမ်းပွဲ ပြင်ဆင်နေကြတာကို တွေ့တော့ ကျနော်လဲ အားတက်သရောနဲ့ ဘုန်းကြီးကျောင်းသား တယောက်အဖြစ် ၀ိုင်းဝန်းကူညီခဲ့ပါတယ်။ တကယ်တော့ ကျနော် ကူညီတယ်ဆိုတာက အပေါ်ယံသာသာလို့ ပြောရင် ရပါတယ်။ ဟင်းခွက်တွေ ဟိုဝိုင်းမှာ ပြင်ဆင်၊ ဟိုသယ် ဒီပို့ ဒီလောက်ပါပဲ။ တကယ်တမ်း ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ထားကြသူတွေကတော့ ဘတ်ဖလို မြို့ခံ မြန်မာတွေပါ။ သူတို့ကလဲ အလှူအတွက် တပျော်တပါး အပြုံးပန်းတွေ တပုံတပင်နဲ့ မောရကောင်းမှန်း မသိ ပြင်ကြဆင်ကြနဲ့ပေါ့။


`၀က်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန်… နှိပ်ဟ´ ဆိုတဲ့ `နားပန်းဆံ´ သီချင်းလေးကိုတောင် သတိရမိပါရဲ့။ မြင်တာနဲ့ တကျုတ်ကျုတ် ဆာလောင်လာတဲ့ ဗိုက်ကို အသာ ထိန်းချုပ်လို့ တံတွေးကို `ဂလု´ ခနဲ မြိုချလိုက်တယ်။





ဓမ္မကထိက တယောက်အလား အာပေါင် အာရင်း သန်သန်နဲ့ အလှူခံ မဏ္ဍပ်ပုဂ္ဂိုလ်အဖြစ် နိဗ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်နေတဲ့ ကိုခင်ဇော်။ မျက်မှန်လေး ၀င့်ကာဝင့်ကာနဲ့ ဌာန်ကရိုဏ်းကျကျ ရွတ်ဆို အလှူခံတဲ့ သူ့ကို အားလုံးက သဘောတကျနဲ့ ပြုံးကြည့်လို့ပေါ့…။ ငွေစတချို့ လှူကြသူတွေကို နာမည်နဲ့ တကွ ကြေညာပေးလို့ မဏ္ဍပ်ကို သူ့အသံနဲ့ မြိုင်ဆိုင်စေခဲ့တယ်။

ခဏအကြာမှာတော့ ဘုန်းဘုန်းများ ဆွမ်းစား ကြွလာကြပါတယ်။




အလှူရေစက် လက်နဲ့ မကွာ…။ `ကြွပါဘုရား´ လို့ ပင့်ဖိတ်သံတွေ၊ ဘုန်းဘုန်းတို့ကို ဆွမ်းတွေကပ်၊ ဝေယျာဝစ္စတွေ ကူညီ ဖြည့်ဆည်းပေးကြနဲ့ အားလုံးက ပြုံးလို့ ပျော်လို့။



ရဟန်းပျို သမဂ္ဂ ဥက္ကဋ္ဌ အရှင် ခေမာစာရ နဲ့ ဦးသာရပတိ တဖြစ်လဲ စာရေးဆရာ မောင်သာရ…။

ဆရာတော် အရှင်ခေမာစာရက ကျနော့်ကိုတွေ့တော့ အမှတ်ရဟန်နဲ့ ပြုံးပြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကျနော်တို့ ပြည်နယ်ကို ဆရာတော်ကြွလာတော့ ဆွမ်းကွမ်းဝေယျာဝစ္စ ကပ်လှူရင်း စကားတွေ ပြောဖြစ်ခဲ့ကြဖူးပါတယ်။ `အရှင်ဘုရား၊ အခု ဘယ်မှာ သီတင်းသုံးနေပါလဲ ဘုရား´ လို့ မေးလျှောက်မိတော့ `ဒီလိုပဲ၊ သွားလိုက်လာလိုက်ပါပဲကွာ´ လို့ မိန့်ပါတယ်။ `ညနေကျရင် င့ါဆီ လာခဲ့ပါဦး´ လို့ မိန့်တော့ `တင်ပါ့ ဘုရား´ လို့ လျှောက်ခဲ့မိပေမယ့် တကယ်တမ်းမှာတော့ သူငယ်ချင်းတွေနဲ့ အတူ နိုင်ယာဂရာ ရေတံခွန်ကို သွားတာနဲ့ ခရီးပန်းတာကို အကြောင်းပြလို့ ဆရာတော်ဆီ သွားမတွေ့ဖြစ်ခဲ့ပါဘူး။






ဘတ်ဖလိုမြို့ကို ကြွလာကြတဲ့ ဘုန်းဘုန်းများ…။ အင်္ဂလန်က ကြွလာတဲ့ ဆရာတော်လဲ ပါဝင်ပါသတဲ့။


ဟောဒီမှာ…၊ မောင်ရင်လောင်းတွေ…။ တကယ်ဆို သူတို့ ရှင်ပြုချင်တာ မြန်မာပြည်မှာ နေမှာ…၊ အခုတော့ ဒီမှာပဲ ရှင်ပြုရတာပေါ့။ စီးစရာ မြင်း မရှိ၊ ရှင်လောင်းလှည့်စရာ ရွာမရှိ။


ဘုန်းကြီးအကျန် ကျောင်းသားနှံ လို့ ဆိုရမလားပါဘဲ။ ဘုန်းဘုန်းတို့ ဆွမ်းစားပြီးတဲ့ ဆွမ်းကျန် ဟင်းကျန်တွေကို စားပွဲတွေပေါ်မှာ အစီအရီတင်၊ စနစ်တကျ စီတန်းလို့ ဘူဖေးစတိုင်လ် စားခဲ့ရတယ်။ စားချိန်ရောက်တော့မှပဲ တခြားပြည်နယ်က လာသူတွေနဲ့ မိတ်ဆက်၊ ဆွေမျိုးစပ်ရတယ်။

ဘုန်းကြီးကျောင်းက ပြန်ထွက်လာတော့ နေ့လည် ၁ နာရီ သာသာခန့် ရှိပါပြီ။ ကုသိုလ်ရခဲ့သလား မရခဲ့သလား ဆိုတာ ကျနော် မသိပါ။ ဒါပေမယ့် အဲဒီ အခိုက်အတန့်လေးမှာ ကျနော့်စိတ်တွေ တော်တော်ကို အေးချမ်းခဲ့ပါတယ်။


ကလိုစေးထူး


6 comments:

M.Y. said...

ကိုစေးထူးခင်ဗျား..
မမျှော်လင့်ဘဲ သတင်းမကြားရတာကြာပြီဖြစ်တဲ့ ကျွန်တော်အကြိုက်ဆုံးစာရေးဆရာထဲကထိပ်ဆုံးကပါတဲ့ ဆရာမောင်သာရကြီး ကို ဘုန်းကြီးအဖြစ်တွေ့ လိုက်ရ၊ ပြန်မြင်ခွင့်ရတာ အင်မတန်ကျေးဇူးတင်ပါတယ်။ ဒုလ်လဘလား၊အာဂန္ဓုလားမသိဘူးနော်..ကိုစေးထူးမေးလျှောက်ခဲ့သေးလား.
ကျေးဇူးပါဗျာ..

ကလိုစေးထူး said...

ကိုမောင်ရင် ... ကျနော့် စိတ်ထင်တော့ သူ ဒုလ္လဘ ၀တ်တာ ဖြစ်ပုံရပါတယ်။ ဘုန်းကြီး မ၀တ်ခင် တရက် သူ လူဝတ်နဲ့တုန်းက ကျနော်စကား ပြောဖြစ်သေးတယ်။ မှတ်သားစရာ တချို့တွေ ကြားခဲ့ရပါတယ်။ စာလဲ သိပ်မရေးဖြစ်တော့ဘူး လို့ ပြောတာပဲ။ ကျန်းမာရေးလဲ သိပ်အကောင်းကြီး မဟုတ်လှဘူး။ လှေကားအတက်အဆင်းမှာ တွဲပေးနေရပြီ။

ညလေး said...

ဦးစေးထူးကျတော့ ၀တ်ဘူးလား။ :P

Thet Oo said...

အလှူနေ့က လာတဲ့ ဧည့်ပရိသတ် များလွန်းလို့ ဘုန်းကြီးကျောင်းမှာ ထိုင်စရာနေရာတောင် အခက်အခဲ ဖြစ်တယ်ဆို၊ ဟုတ်လား ကိုစေးထူး။

ကလိုစေးထူး said...

ညလေး… ၀တ်မလို့ စီစဉ်သေးတယ်။ တော်တော်ကြီးကို ကတိုက်ကရိုက်ဆန်လွန်းတာနဲ့ပဲ မ၀တ်ဖြစ်ခဲ့တာကွ။ အကိုသက်ဦး… ဟုတ်တယ်အကိုရေ..။ အင်ဒီယားနားကတင် ကားဆယ့်ငါးစီးလောက် လာကြတယ်လေ။ ယူတီကာကရော… နောက်ပြီးတော့ ၀ါရှင်တန်ကရောဆိုတော့ ကျောင်းရှေ့ထောင့်က မြေကွက်လပ်လေးမှာပဲ စုစု စုစုနဲ့ နေရာယူကြရတယ်။ ကျောင်းပေါ်မှာတော့ လူကျပ်သွားတာ အမှန်ပဲ။ :)

Anonymous said...

Wanna eat pork curry. :)