အမှန်တော့ ဒီပို့စ်ကို တင်ဖို့ ကျနော် ချိန်ရွယ်နေတာ ကြာပါပြီ။ ချိန်ရွယ်နေတာနဲ့ပဲ အခုတော့ ဟိုဘက်ဘလော့ဂ်က မမေဓာဝီက အကြံဦးလို့ ဟာသပို့စ်တင်တာ နှစ်ခါကြီးများတောင် ရှိသွားပါပြီ။ ဒါပေမယ့် သူတင်တာက စာအုပ်ထဲကပေါ့။ ကျနော်ကတော့ ပုံစံတမျိုးနဲ့ တင်ဆက်ကြည့်ချင်ပါတယ်။ အပြင်လောကက တကယ့်အဖြစ်အပျက်လဲပါ၊ သူငယ်ချင်း မျှဝေတာလဲ ပါပေါ့။ ဒီပို့စ်နာမည်ကိုတော့ `မရယ်ချင်ရင်လဲ ပြုံးနိုင်ပါစေ´ လို့ အမည်ပေးပါရစေ။ ကဲ…။ စလိုက်ကြပါစို့…။
ဘာများပါလိမ့်
ဒီဟာသလေးကိုတော့ ကျနော်တို့ မြို့ကလေးက တကယ့် အဖြစ်အပျက်တခုကို အခြေခံပြီး တင်ဆက်ပါတယ်။
ကျနော်နေတဲ့ ရပ်ကွက်က မွန်လူမျိုး အများစု နေထိုင်ပါတယ်။ မြို့ရဲ့ အစွန်လည်း ကျတဲ့အပြင် နယ်ခံတပ်ရင်းနဲ့လဲ အတော်နီးကပ်ပါတယ်။ ကျနော်ရေးခဲ့ပြီးတဲ့ ပို့စ်တချို့တွေ အတိုင်းပါပဲ။ ကျနော်တို့ မြို့ကလေးမှာ စစ်သားအ၀င်အထွက် သိပ်များပါတယ်။ ရှေ့တန်းထွက်လိုက်၊ နောက်တန်းပြန်ဝင်လိုက်နဲ့ပေါ့…။
မွန်လူမျိုးတွေ ဗမာစကားပြောရင် တလုံးတခဲနဲ့ အားရပါးရကြီးပြောတတ်လေ့ ရှိတဲ့အပြင် ၀ဲတဲတဲနဲ့ တမျိုးလဲ နားထောင်ကောင်းပါတယ်။ ကျနော်တို့ ရပ်ကွက်ရဲ့ အစွန်အဖျားနားက မွန်မိသားစု နေတဲ့အိမ်တအိမ်မှာပေါ့။ တခုသော ရက်ရဲ့ ညမှောင်ရီပျိုးစမှာပါ။
အိမ်အောက်ဘက်က ချိုးချိုးချွတ်ချွတ် အသံကြားတာနဲ့ အမေဖြစ်သူက သူ့သမီးကို ပြောပါတယ်-
`သမီး၊ အိမ်အောက်မှာ အသံကြားတယ် သွားကြည့်စမ်း။ ဘယ်သူလဲ´
သမီးဖြစ်သူက သွားကြည့်တော့ ကင်းလှည့်ဟန်တူတဲ့ စစ်သားတစု အိမ်နားက ဖြတ်သွားတာတွေ့တော့ အိမ်ပေါ်ကို ပြန်တက်လာပြီး အမေကို ဒီလိုပြောလိုက်ပါသတဲ့-
`အယ်၊ အမေ၊ လူးမှ မဟုတ်၊ ရဲ့ဘောတွေ၊ ရဲ့ဘောတွေ´
`အမေရေ၊ လူမဟုတ်ဘူး၊ ရဲဘော်(စစ်သား)တွေ´ ဆိုတဲ့ အဲဒီအမှတ်မထင် စကားက ကျနော်တို့ မြို့မှာတော့ ဗန်းစကားတခုလို အမှတ်ထင်ထင် တွင်သွားလေရဲ့။
ငါမဆဲချင်ပါဘူးဆိုနေ
ဒီအဖြစ်အပျက်ကိုတော့ ကျနော့်မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတယ် ဆိုပါတော့။ ကျနော် လိုက်ခဲ့ဖူးတဲ့ ခြောက်ရက်ကြာ ပေါ်တာခရီးစဉ်မှာ ဖြစ်ပါတယ်။
အတော်အတန် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အထမ်းသမား တယောက်က ခရီးလမ်းတာရှည်လာတာနဲ့ အမျှ ခြေလှမ်းတွေက မသယ်နိုင်ရှာတော့ပါဘူး။ ရှေ့မှာကလဲ တောင်တက်ခရီး၊ စတက်ပြီ ဆိုတာနဲ့ သူ့ခမျာ နည်းနည်းသွားလိုက်၊ အထုပ်ကို `ဖုတ်´ ခနဲ ပစ်ချပြီး နားလိုက်၊ နည်းနည်းသွား၊ နား နဲ့ ဖြစ်နေပါတော့တယ်။ အဲဒီမှာ သူ့ကို စောင့်ကြပ်လိုက်ပါရတဲ့ အစောင့်စစ်သားက အလွန်အင်မတန် ကြင်နာဟန် လေသံနဲ့-
`အဘရယ်၊ ရှေ့နားဆို ရောက်တော့မှာပါ၊ ကြိုးစား သွားလိုက်နော်´
အဘိုးကြီးက `အေး၊ အေး´ ဆိုပြီး ကြိုးစားလျှောက်လိုက်နဲ့ ခဏအကြာတော့ ထပ်နားပြန်ပါတယ်။ စစ်သားက-
`အဘ၊ ရှေ့မှာ လူတွေပြတ်ကုန်မယ် အဘရဲ့၊ ထထ´
အဘိုးကြီးက ထလျှောက်ပြန်၊ သုံးလေးလှမ်းပြီးတော့ တခါ ထပ်နားပြန်-
`အဘ၊ ထပါဗျ၊ လူတွေပြတ်တော့ပါမယ် ဆိုနေ´
တခါ ထလျှောက်၊ နောက်ဆုံးတော့ ခြေပစ်လက်ပစ် လှဲချ။ အဲဒီမှာတင် စစ်သားဖြစ်သူက-
`ဟာ၊ ဒီငါ- အဘတော့ ထပါဆိုနေ၊ ငါမဆဲချင်ပါဘူးဆိုမှ၊ ထကွာ၊ ထကွာ´
မောပန်းရတဲ့ ကြားက အဲဒီစစ်သားရဲ့ ဒေါသထွက်ပုံကို မပြုံးချင်ဘဲ ပြုံးခဲ့ရပါရဲ့။
မြန်မာပြည်က အချမ်းသာဆုံး…
ဒီဟာသကိုတော့ မြန်မာချက်ထဲက ခင်စရာကောင်းတဲ့ သူငယ်ချင်းတယောက် ဖောက်သည်ချပါတယ်။ သူပြောတဲ့ ဟာသကို ကျနော်က အဆင်ပြေသလို ပြန်လည် ဖောက်သည်ချပါတယ်။
ပန်းခြံတခုမှာပါ။ ရုရှနှစ်ယောက်က ခုံတန်းတခုမှာ ထိုင်နေပါတယ်။ ခပ်လှမ်းလှမ်းမှာတော့ မြန်မာတယောက်…။
`သေချာတယ်၊ ငါတို့ ရုရှဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ဖြစ်သွားပြီ´ အတွေးအခေါ် သမားဖြစ်ဟန်တူသူ ရုရှတယောက်က အဲဒီစကားကို ပြောတော့ အံ့အားသင့် နားမလည်ဟန်နဲ့ တခြား ရုရှတယောက်က-
`ဟာ၊ မဖြစ်နိုင်လိုက်တာကွာ´
`ဟုတ်တယ်ကွ၊ သေချာသမှ သိပ်ဟုတ်၊ ငါတို့ ရုရှက ကမ္ဘာမှာ အချမ်းသာဆုံး…´
မြန်မာကတော့ ခပ်လှမ်းလှမ်းကနေ နားစွင့်နေတာပေါ့။ ပထမစကားကို ပြောတဲ့ ရုရှကပဲ-
`မင်းစဉ်းစားကြည့်လေကွာ၊ ငါတို့ ရုရှမှာ ခိုးခဲ့ကြတာ အနှစ် (၇၀) ကျော်၊ အခုထိတောင် မကုန်ဘူး၊ ဒီနိုင်ငံမှ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံမဟုတ်ရင် ဘယ်နိုင်ငံ ဖြစ်မလဲ´
အဲဒီမှာတင် အသာငြိမ် နားထောင်နေတဲ့ မြန်မာက-
`ခင်ဗျားတို့ အားလုံးမှားတယ်၊ ကျနော်တို့ မြန်မာနိုင်ငံကမှ ကမ္ဘာ့အချမ်းသာဆုံး´
`ဟေ…´
ရုရှတွေ အံ့အားသင့်နေဆဲမှာပဲ-
`ခင်ဗျားတို့ ရုရှက ခိုးခဲ့တာ အနှစ် ၇၀၊ ကျနော်တို့ နိုင်ငံက ခင်ဗျားတို့လောက် ခိုးသက်မကြာပေမယ့် ခင်ဗျားတို့ ထက် ခိုးစွမ်းထက်တယ်၊ ခိုးတာလဲ ခင်ဗျားတို့ထက် ပြောင်မြောက်တယ်။ ဒါတောင် မကုန်သေးဘူး၊ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံကမှ ကမ္ဘာ့ အချမ်းသာဆုံး´
ရုရှနှစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့လေရဲ့…။
ဖတ်ရတာ ဟာသမမြောက်ရင် ကိုယ့်ကိုယ်ကိုယ် ကလိထိုးပီးသာ ရယ်လိုက်ကြပါကုန် ...။
ကလိုစေးထူး
7 comments:
အချမ်းသာဆုံးနိုင်ငံသား ဖြစ်ရတဲ့အတွက် ဂုဏ်ယူရမလားဟင်။ ဟာသလေးတွေ ပြုံးမိပြီး အတွေးလေးတွေလဲ ယူသွားတယ်နော်။
ကလိထိုးစရာမလိုပါဘူး အစ်ကိုသံလွင်. အလုပ်မှာ ဖတ်တာဆိုတာ ဒီပိုစ်ဖတ်ပြီး ပြုံးလိုက်မိပါတယ်။
မပြုံးပဲ ၀ါးလုံးကွဲရယ်ချင်သော်ငြားလည်း ရုံးမှာမလို့ ရယ်ချင်တာလေး အောင့်ထားတယ်
အိမ်ကျရင်တော့ ပြန်ပြောပြပြီး ရယ်ရဦးမယ်
အရယ်သန်တဲ့လူကိုမှ လာစနေပြန်ပြီနော်။
ချိုကို… သိပ်လဲ မတွေးနဲ့အုံး။ ခေါင်းဖြူသွားမယ်။ :P ညီမနေနေ… ပျောက်လှချည်လားကွ။ အခုမှ ပေါ်လာတော့တယ်။ :) မယ်လိုဒီ။ အိမ်ရောက်လို့ ဖောက်သည်ချရင်လဲ ရပ်ကွက်လူကြီး မကြားစေနဲ့နော်။ :D သိုးမလေး အရယ်သန်တယ်လား။ :)
ကျမက အကြံဦးတယ်ဆိုပေမဲ့ အကြံတူရင်တောင် နောက်လူသာစမြဲ ဆိုစကားလည်း ရှိသားပဲမဟုတ်လား။ တကယ်တော့ ကျမက ဦးတယ်သာဆိုတာ သူများဟာသတွေပါ။ သူများတွေကြားဖူးပြီးသား ဖတ်ဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မှာ။ ကိုသံလွင်ရဲ့ ဟာသတွေကတော့ အသစ်တွေပဲ … ရယ်လည်းရယ်ရပါတယ်။
ဟင်.. ပထမဟာက ရယ်စရာလား.. ဘာလိုမရယ်မိသလဲ မမေးပါနဲ့.. ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ပါဘူးကွယ် ။
ဟဲဟဲ.. ဟိုတခါ ကဗျာကိုပြောသွားလို့ ပြန် ရန်လာစတာ ။
Post a Comment