ည အတော်မှောင်နေပါပြီ။ ကောင်းကင်ကို မော့ကြည့်မိတော့ ဘယ်နှစ်ရက်မြောက်မှန်း မသိသော လဆန်းက တိမ်တိုက်ကြားမှ လွတ်လိုလွတ်ငြား တိုးထွက်နေသည်။ တိုးထွက်သော လရောင်အောက်တွင်ကား ပြန်ဆုံလုနီး မိဘနှင့်သားတို့ တဦးရှိရာ တဦးလာဖို့ ကြိုးစားနေကြသည်။ ကျနော်က သူတို့၏ ပြန်ဆုံခြင်းအတွက် ပါရမီဖြည့် ကူညီခွင့်ရသူ…။ တနည်းအားဖြင့် သူတို့နှင့်အတူ အပျော်တွေ မျှဝေခံစားမည့်သူ…။
လေဆိပ်ကိုရောက်တော့ မှောင်ရီသော ညချမ်း၏ အောက်တွင် ထွက်ခွာမည့်သူ၊ ရောက်လာသည့်သူတို့ကို ဟိုပို့ ဒီသယ် လုပ်နေသော လေယာဉ်တချို့က ပျင်းရိလေရော့သလားမသိ၊ အမှောင်နှင့်အပြိုင် ငြိမ်သက်လွန်းလှ၏။ ဒီထဲက လေယာဉ်တစီးစီးနဲ့ မြန်မာပြည်ကို အခုနေ ပြန်လိုက်ရရင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲဟု ဟိုဟိုဒီဒီ တွေးမိသေးတော့…။
လေဆိပ်အတွင်းပိုင်းမှာလည်း လူတွေက ခြောက်ကပ်ကပ် ဟိုတစ၊ ဒီတယောက် စောင့်သူကစောင့်၊ လျှောက်သူက လျှောက်နဲ့…။ ဖွင့်ထားပေးသော တီဗွီအစီအစဉ် တခုရှေ့မှာ ကြောင်အမ်းအမ်းနဲ့ သွားရပ်ကြည့်မိတော့ အခုပင် အလကားပေးတော့မည့်အလား ကုန်ပစ္စည်းကြော်ငြာမျိုးစုံအတွက် ဖြူဖြူ၊ ၀ါဝါ၊ မည်းမည်း၊ ညိုညို ကောင်မလေးတွေ ဟန်ရေး အမျိုးမျိုးပြနေ၏။
အပင်ပန်းရဆုံးသော အရာများထဲတွင် စောင့်ဆိုင်းရခြင်းလည်း တမျိုးပါဝင်မည်လား မသိ…။ နာရီကို ကြည့်လိုက် လေယာဉ် အ၀င်အထွက် စာရင်းကိုကြည့်လိုက်၊ လက်ရှိ ပျံသန်းနေဆဲ လေကြောင်းပြ မြေပုံကို ကြည့်လိုက်နှင့် အချိန်တွေကို ဆွဲဆန့်ရသည်မှာ ခက်ခဲလှပါဘိ…။
ဟိုးရှေ့က လာနေကြတဲ့ လူတွေများလား မသိ…၊ ဟင့်အင်း…၊ မဟုတ်ပြန်ဘူး။ လေယာဉ်ဆိုက်ချိန်ခြင်း တူသည့် တခြား ဖလိုက်က လူတွေဖြစ်နေပြန်သည်။
ဒီလိုနဲ့…။
ဟော၊ လာကြပါပြီ။
အမိုး(((((
အပါး (((((((
သားအမိ၊ သားအဖ၊ မောင်နှမတွေရဲ့ ခွဲခွာခြင်း နိဂုံး…။ ပြန်ဆုံကြတော့လဲ မျက်ရည်တွေ ၀ဲ၊ အားရပါးရ ဖက်ယမ်းလိုက်ကြတာ အဖေလုပ်သူကလဲ တပြုံးပြုံး၊ အမေလုပ်သူက အသံတွေတောင် တုန်လို့..။
ဓာတ်ပုံက ၀ိုးတ၀ါး ဖြစ်သွားသည်။ ပုံကြည်ကြည်လင်လင်ရဖို့ လက်ကို ငြိမ်ငြိမ်လဲ မထားနိုင်တော့…။ အမျိုးအမည် မဖော်ပြတတ်သော ခံစားချက်တခုက ရင်ဝကို ခပ်ချွန်ချွန် အရာတခုနှင့် ကြိမ်ဖန်များစွာ လာဆွသလို ခံစားလာရသည်။
ထွင်းဖောက်မြင်နေရသော မှန်ချပ်ကြီးများရဲ့ ဟိုမှာဖက်ကို လှမ်းမျှော်ကြည့်တော့ ကျနော့်အမြင်အာရုံတွင် `ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်´ ဟူသော စာတန်းကို မြင်ယောင်သလိုလို ဖြစ်လာလိုက်၊ လက်ရှိပုံရိပ်တွေက ပြန်ပေါ်လာလိုက်…။
အိမ်အပြန်လမ်းမှာတော့ သားအမိ၊ သားအဖတွေရဲ့ တယောက်တပေါက် ပြောသံ ဆူဆူညံကြားတွင် ကျနော် သူတို့နဲ့ အတူ တကယ်ပျော်မိသလား မပျော်မိသလား မဝေခွဲမိတော့ပါ။ သေချာသည်ကတော့ ည ၂ နာရီ ထိုးလုနီးမှ အိမ်ပြန်ရောက်ခဲ့သော ကျနော်တယောက် တော်တော်နဲ့ အိပ်ပျော်ခြင်းကို မရရှိခဲ့ပါ…။
ကလိုစေးထူး
10 comments:
အင်းး အဲဒီနေရာမှာ
ကျမသာဆိုရင်တော့ ငိုပီ။
ကိုကြီးရေ...နောက်တကြိမ် ကိုကြီးအလှည့်ပေါ့ကွာ...:)
ဟုတ်တယ် မမဆိုးဝှက်ပြောသလိုပဲ နောက်တစ်ခါကိုကြီးအလှည့်ပေါ့။ =)
ကိုစေးထူးရေ ဘယ်လိုဖြေသိမ့် ရမှာလဲနော်
ဝမ်းနည်းလိုက်တာလေ
သူတကာတွေပျော်နေချိန်မှာ..သူတကာတွေပြုံးနေချိန်မှာ..
ရင်ထဲမှာ ဟာတာတာ
ချစ်အစ်ကိုလဲ အမေတို့ နဲ့ အမြန်ပြန်ဆုံပါစေကွာ
ကိုစေးထူး
ရင်ထဲမှာ ဟာတာတာလိုလို အမျိုးအမည်မသိ ခံစားရပါတယ်။
ဆရာကြီးရွှေဥဒေါင်းရေးတဲ့ အဖေတို့ အမေတို့ကို ဖတ်ရသလိုပါပဲ။
အားပေးစကား ပြောကြတဲ့အတွက် ကျေးဇူးပါပဲ။ မနေ့ညက သူများ မိသားစုတွေ ပြန်ဆုံကြတဲ့ မြင်ကွင်းကို လေဆိပ် လိုက်ပို့ပေးရင်းနဲ့ တွေ့လာတော့ ရေးမိတာ။ :)
ကိုစေးထူးရေ.
အခုလိုမျိုး post တွေကို ဖတ်မိရင် ထူးအိမ်သင် သီချင်းကိုပဲ အော် အော် ပြီးသာ ဆိုလိုက်ချင်တော့တယ်.. ဒီလိုပို့စ်လေးများ~~ ဖတ်ရရင် အိမ်ပြန်ချင်တဲ့~~ စိတ်လေး~ တားမရဘူး။ ငိုချင်လာပြီ။ ဘာပဲဖြစ်ဖြစ် ကိုစေးထူးလည်း မိသားစုနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကိုစေးထူးရေ ဒီလိုပါပဲ ဗျာ .. လေယဉ်ဆိပ် ပို့ရတဲ့ အလုပ်က ၊ မလွယ်ပါဘူး။။ ဒါပေမဲ့ ဟို လေယဉ် ဘယ်က နေဘယ်အထိရောက်နေတယ်ဆိုတာ ပြတဲ့ Screen က မိုက်တယ်ဗျ.. ဟဲ ငါ့ မေမေ ငါ့ မေမေ ရောက်တော့မယ်ဆိုတာကို ပြောနေသလိုပဲ..
i feel sad, i think u will be enjoy with ur mum oneday,
afteer u got a citizen.
I'll encourage to u always.
Don't feel sad to much.
ခွဲခွာခြင်း ပြန်ဆုံခြင်း ဆိုတာတွေဖတ်မိတိုင်း ရင်မှာခံစားရတယ်၊ သူများတွေကကိုချစ်တဲ့လူတွေနဲပြန်ဆုံဖို့အားတင်းနေကြမယ်
ရီတာ ကတော့ခွဲခွာခြင်းဆိုတာကိုရင်ဆိုင်ဖို့အားမွေးရဦးမယ်။ ဟူးးး
Post a Comment