Tuesday, June 26, 2007

မွေးကျေးဇူး…သို့

ဒီနေ့…။

အလုပ်က ခါတိုင်းထက် ပို၍အတန်ငယ် ပင်ပန်းလှသည်။ ခါတိုင်း လုပ်နေကျထက် ပိုမိုအာရုံစိုက်ရသောကြောင့် ထင့်၊ အလုပ်ချိန်ပြီး၍ အိမ်ပြန်ရောက်သောအခါ စိတ်ရော လူပါ အတော်ပန်းနေ၏။

အိမ်ပြန်ရောက်တော့…။

ကျောပိုးအိတ်ငယ်ကို အခန်းထောင့်သို့ `ဘုန်း´ ခနဲ ပစ်လိုက်ပြီး ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် လှဲချပစ်လိုက်မိသည်။ တစစ်စစ် ကိုက်ချင်ချင် ဖြစ်နေသော ခေါင်းက ဝေဒနာ အတန်ငယ်သက်သာသည် အထိ မှိန်းနေလိုက်သည်။ တချက် မှေးခနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ လူက နုံးချိချိလို ဖြစ်နေ၏။

ခဏနေတော့…၊ တီဗွီကို ဖွင့်ကြည့်ပြီး Channel တွေကို ဟိုဟိုဒီဒီ လိုက်ပြောင်းကြည့်နေလိုက်သည်။ Discovery Health Channel အရောက်…၊ `မွေးဖွားရန် ခက်ခဲသော ကလေးများ´ အမည်ဖြင့် အစီအစဉ်တခု လာနေသည်။ သာမန်မဟုတ်သော သို့တည်းမဟုတ် ထွားလွန်းသော သန္ဓေသားများကို ဆေးရုံတွင် ဆရာဝန်၊ သူနာပြုများ အကူအညီဖြင့် ခက်ခဲစွာ မွေးဖွားကြရသော အစီအစဉ် ကို လွှင့်ထုတ်ပေးနေသည်။

ကလေးမွေးသည် ဆိုခြင်းက ကျနော်တို့ မြန်မာလူမှု နယ်ပယ်တွင်တော့ ယောက်ျားများ၊ ကြည့်အပ် မြင်အပ်သည်ဟု မခံယူကြ။ ဒီနိုင်ငံမှာကတာ့ မွေးခန်းထဲအထိ သူတို့၏ ခင်ပွန်းသည်များက ဇနီးသည်များကို လိုက်လံ အားပေးကြသည်။ အားပေးခွင့်လဲ ပြုထားကြသည်။ ထို့အပြင် အများပြည်သူထံသို့လဲ ကြည့်သာ၊ မြင်သာနိုင်သည့် အနေအထားများ အထိ ရိုက်ကူးပြီး ရုပ်သံမှတဆင့် ပြသသည်။

`အခု ရောက်လာတဲ့ ကိုယ်ဝန်ဆောင်သည်ဟာ အရင်ကလေးတုန်းကလဲ ၄၈ နာရီကြာအောင် ဗိုက်နာပြီးမှ ခက်ခဲစွာ မွေးဖွားခဲ့ရပါတယ်´

ဆရာဝန် ရော်ဂျာက ပြောလည်းပြော၊ လိုအပ်သည်များကိုလဲ ပြင်ဆင်နေသည်။ ဘေးနားတ၀ိုက်တွင်တော့ သူနာပြုတချို့က လိုအပ်သည်များကို ကူညီပံ့ပိုးရင်း အလုပ်များနေကြ၏။ ခဏနေတော့ ကိုယ်ဝန်ဆောင် မိခင်၏ ခါးကို ဆေးတမျိုး ထိုးသည်။ ဆေးထိုးမည့် နေရာတ၀ိုက်ကိုသာ အပေါက်ငယ်ဖြင့် ဖော်ထားပြီးဘေးပတ်ပတ်လည်တွင် အ၀တ်များဖြင့်ကာရံထား၏။

`အား´

ဆေးက အတော်နာသည် ဖြစ်မည်၊ မိခင်၏ အံကြိတ်အော်သံ တချက်ထွက်လာသည်။ ဘေးမှ သူ့ခင်ပွန်းက ဗွီဒီယိုရိုက်ကူးစက်ငယ်လေးဖြင့် မှတ်တမ်းလိုက်တင်နေ၏။ ဒီကလေးငယ် ကြီးလာရင် အမှတ်တရ ဖြစ်ရန် ရိုက်ကူးလေသလားတော့ မသိ။ ပါးစပ်မှလဲ ဟန်နီခြင်း ထပ်နေအောင် ခေါ်ပြီး သူ့ဇနီးသည်ကို တတွတ်တွတ်ဖြင့် အားပေးနေသည်။

`ငါ့အရင် ကလေးတုန်းကလဲ ဒီလိုပဲ၊ သိပ်နာတာပဲ၊ အခုလဲ နာနေတယ်၊ ဒါပေမယ့် ငါအားမလျှော့ဘူး။ မကြာခင်မှာ ငါ့သားလေးကို အပြင်ရောက်အောင် ငါမွေးထုတ်ပြမယ်´

စောစောက ထိုးဆေးက နာကျင်တာ သက်သာစေသည့် ဆေးလားဘာလားတော့ မသိ၊ မိခင်က စကားတတွတ်တွတ်ပြောနေသည်။ နာကျင်သည်ဟု ပြောနေသော်လည်း ဆိုးဝါးစွာတော့ မညည်းတွားလှ။ ဆရာဝန်များ၊ သူနာပြုများနှင့် သူ့ခင်ပွန်းကလဲ ဝေဒနာကို မေ့လျော့စေရန် အာရုံပြောင်းသည့် အနေဖြင့် စကားပြောပေးနေကြသည်။ ဒီလိုနှင့်…။

Push ((((((((

1 2 3 4 5 6 7 8 9 10

ဘေးမှ သူနာပြု ဆရာမကြီးက အထက်ပါအတိုင်း အော်လိုက်၊ မိခင်ဖြစ်သူက အင့်ခနဲ အားယူလိုက်နှင့် ကလေးငယ် အပြင်သို့ ရောက်စေရန် စည်းချက်ညီညီ အားထုတ်နေကြသည်။ ကလေးက အတော်ထွားဟန် ရှိသောကြောင့် မိခင်ဖြစ်သူမှာ သူနာပြုဆရာမကြီးက Push ဟု တခါအော်လိုက်တိုင်း ချွေးသီးချွေးပေါက်ကြီးများ ပြိုက်ပြိုက်ကျအောင် အားယူ ညှစ်ထုတ်နေရသည်မှာ ကရုဏာသက်ဖွယ် ကောင်းလှ၏။ နောက်တော့…။

Ok Ok, this is the last time, we get it now.

ဆရာဝန်၏ စကားသံနှင့်အတူ မိခင်၏ ခန္ဓာကိုယ် အောက်ပိုင်းမှ မည်းမည်းသဏ္ဍာန်တခုက ဖန်သားပြင်တွင် ပေါ်လာသည်။ ကလေးငယ်၏ ဦးခေါင်း အပြင်သို့ ထွက်စပြုလာပီကော…။

Push ((((((((((((

သူနာပြုဆရာမကြီး၏ အားတက်သရော အအော်…၊ မိခင်၏ အားရပါးရ ညှစ်ထုတ်ဟန် မျက်နှာ၊ ဆရာဝန်က ကလေး၏ ဦးခေါင်းကို လက်ဖြင့်ထိန်းကိုင်ရင်း ဆွဲအထုတ်…။

ကလေးငယ်က အပြင်သို့ ရောက်သည်နှင့် `အဲ့´ ခနဲ အသံထွက်လာသည်။ အချင်းတထွေးကြီးက ကလေးကို ရစ်ပတ်လျက် အပြင်သို့ ထွက်လာသည်။ ကလေး အပြင်သို့ ရောက်သည်နှင့် ဘေးမှ အဆင်သင့် စောင့်နေကြသည့် သူနာပြုတွေက အ၀တ်စများဖြင့် ချက်ချင်း ထွေးပွေ့၏။

`ငါ့သား၊ ငါ့သား၊ ငါမွေးလိုက်နိုင်ပြီ။ ငါ့သားလေး၊ ငါ့သားလေးကို အမြန်လာပြပါ´

မိခင်က အမောဖြေမအား…၊ သူ့အသက်နှင့် ရင်း၍ မွေးထုတ်လိုက်သော သူ့သားငယ်ကို ကြည့်ချင်ဇောဖြင့် တတွတ်တွတ် ဆက်ပြောနေသည်။ ထိုအခိုက်…။

ဘေးမှ မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးနေသော ခင်ပွန်းဖြစ်သူ၏ ရှိုက်သံတချက် ထွက်လာသည်။ နောက်တော့ စိတ်မထိန်းနိုင်သည်ထင့်၊ ကင်မရာကို ဘေးသို့ချပြီး သူ့ဇနီးသည်ပေါ်တွင် မျက်နှာအပ်လျက် ရှိုက်ကြီးတငင်ဖြင့် အားရပါးရ ငိုချပစ်လိုက်တော့သည်။ ပါးစပ်မှလည်း-

`သားလေး၊ ငါတို့ရဲ့သားလေး၊ မင်းမွေးပေးတာ၊ ဟန်နီ၊ မင်းမွေးလိုက်တဲ့ ငါတို့ရဲ့သားလေး´

***

ထိုအခိုက်အတန့်လေးတွင်…။

တီဗွီဖန်သားပြင်မှ တဆင့် ကြည့်နေသော ကျနော်…၊ မျက်ရည် စို့ခနဲ ဖြစ်လာသည်။ မေမေ…၊ ငါ့မေမေလဲ ငါ့ကို မွေးတုန်းက ဒီလိုပဲ ခက်ခဲစွာ မွေးခဲ့ရလေသလား…။

သေချာသည်ကတော့ ကျနော့်မေမေ ကျနော့်ကို မွေးတုန်းက အခု ကျနော်တီဗွီမှာ ကြည့်ရသည့် မိခင်လို အထောက်အကူပစ္စည်း စုံစုံလင်လင်၊ ဆရာဝန်၊ သူနာပြုတွေ တလှေကြီး အကူအညီဖြင့် မွေးခဲ့ရသည်မှာတော့ မဟုတ်နိုင်။ ဖေဖေက ပြန်ပြောပြခဲ့သည်မှာ မေမေသည် ကျနော်တို့ မောင်နှမသုံးယောက်လုံးကို ညည်းညူခြင်း မရှိ၊ အော်သံ တစက်ကလေးမှ မထွက်ဘဲ မွေးခဲ့သည်တဲ့။

ဟုတ်သည်…။ ညီမလေးကို မွေးစဉ်က ကျနော့်အသက် ဆယ့်လေးနှစ်၊ စတင် ဗိုက်နာသည်မှ မွေးဖွားသည်အထိ မေမေ့ညည်းသံ တချက်ကလေးမှ မကြားခဲ့…။ ဒီလောက် ခက်ခဲ ပင်ပန်းလှသည့် အလုပ်ကို မေမေက တချက်ကလေးမှ မညည်းဘဲ ကျနော်တို့ကို လူ့လောကထဲ ရောက်ခွင့်ပေးခဲ့တာပါလား…။

တီဗွီရှေ့တွင် ငူငူကြီးထိုင်ရင်း ကျနော်တယောက် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ မေမေရှိမည် ထင်သော အရပ်သို့ လက်အုပ်ချီရင်း ရေရွတ်မိသည်။

`မေမေ…၊ သားတို့ကို လူဖြစ်ခွင့်ပေးခဲ့တဲ့ ကျေးဇူးအတွက် အမြဲ သတိရဦးညွှတ်လျက်ပါ မေမေ၊ တချိန်ချိန်မှာ မေမေနဲ့ ပြန်ဆုံပါရစေ´

***

တီဗွီထဲတွင်တော့ နောက်ထပ် ကလေးပေါင်းများစွာကို မိခင်တွေက မွေးနေကြဆဲ။ အောင်မြင်စွာ မွေးထုတ်လိုက်သော သားသမီးငယ်လေးများကို ကြည့်ရင်း ပြုံးနေသော မိခင်များစွာ၏ အပြုံးက လူဖြူ၊လူမည်း မဟူ ကြည်လင်စွာ တောက်ပနေ၏။

တီဗွီအပြင်ဘက်မှာတော့…။

လူငယ်တယောက်…၊ ဟိုး..ကမ္ဘာတဖက်ခြမ်းက သူ့မိခင်ကို လွမ်းဆွတ်လျက်…။

(ကမ္ဘာပေါ်မှ မိခင်ပေါင်းများစွာသို့ ဦးညွှတ် လေးစားစွာဖြင့်…)


ကလိုစေးထူး

7 comments:

s0wha1 said...

ကိုကြီးစာ ဖတ်ပြီး လူတောင် ရှုပ်မဲ့မဲ့ ဖြစ်လာတယ်...

Chocolaier said...

ယောက်ျားလုပ်တဲ့သူကို မွေးခန်းထဲခေါ်တဲ့ ကိစ္စကိုတော့ သဘောကျတယ်။ ဒါမှ မိန်းမတွေရဲ့ ဒုက္ခကိုသိမှာ။ ပြီးတော့ ကလေးကိုလည်း ပိုချစ်မယ်ထင်တယ်...
အစကတော့ ဖတ်ဖူးတဲ့ဟာသလေးရေးပြမလို့။ အခုတော့ မေမေ့ကို သတိရတာနဲ့ပဲ ဟာသလဲမရေးချင်တော့ပါဘူး။ မေမေလဲ ချိုကို့ကိုမွေးရတာ ခက်တာပဲ။ ည၄နာရီလောက်က ဗိုက်နာတာ နောက်နေ့ ညနေ၅နာရီခွဲမှ မွေးနိုင်တာ... အားမရှိတော့လို့ ညှပ်နဲ့ဆွဲမွေးခဲ့ရတာ... ဒီပို့စ်လေးအတွက် ကျေးဇူးပါနော်

ကိုကြီးရဲ့ ညီမလေး said...

ဒီဟာလေး ဖတ်ပြီး မျက်ရည်ကျနေတဲ့ကိုကြီးကို ပိုစိတ်မကောင်းအောင် လုပ်ခဲ့မိတာတွက် ခွင့်လွှတ်နိုင်ပါစေလို့ စိတ်ထဲ ရေရွတ်လိုက်တယ် ။

May Nyane said...

အမလေး..ကိုယ်တိုင်၃ခါ နာခဲ့တာတောင် ခု ကိုစေးထူးစာဖတ်နေရသလောက် နာတယ်မထင်ဘူး။လူ့ကို မောသွားတာပဲ။ အင်းးး ဒါမဲ့..ဒီလိုသားမျိုးတွေ့တော့လဲ အမောပြေရပါတယ်။(အဟဲ)
တကယ်ပဲ သားသမီးတွေ အားလုံး အဲလို တွေးမိရင် ကောင်းမယ်နော်။

Min Min said...

ကိုစေးကတော့ လုပ်လိုက်ပြီဗျာ. သားသား ၁၈ နှစ်ပြည့်သေးဘူးလေ။ ဒါတွေ ကြည့်လို့ မရသေးဘူး။ နောက် မြန်မာပြည်က ယောင်္ကျားလေးဆိုတော့ ဒါမျိုးတွေ မကြည့်ရဘူးလေ။ Tv မှာပဲ ကြည့်တယ်။ ကလေးမွေးတာ ကျွန်တော့ အမ မွေးတာကိုတော့ အပြင်ကနေ ထိုင်စောင့်ဖူးတယ် ။။ ယောက်္ဖကတော့ မွေးခန်းထဲ ၀င်လိုက်ထွက်လိုက်နှင့် မျက်ရည်တွေလည်း ထွက်လို့ . သူမကြည့်ရဲဘူးလို့ လဲ သူ့အမေကိုလာပြောရှာတယ် ။ကျွန်တော်ကတော့ တူလေးကိုပဲ မြင်ချင်နေတော့တယ်။ ကလေးကထွက်လာတော့ ခေါင်းလေးက ရှည်နေတယ်။ နောက်တော့ လုံးသွားမယ်လို့ အမကပြောတယ်။ ဆုပ်ခွက်နှင့် ခေါင်းကိုဆုပ်လိုက်လို့ ဖြစ်တာလို့ ပြောတယ်။ မချိုကို ကို ညှပ်နဲ့ဆိုတော့ ။ ဟီး ခေါင်းမရှည်ပဲ ..ဘယ်လိုပုံပေါက်နေမလဲ မသိ. ကျွန်တော်တူလေ မွေးမွေခြင်းဗီဒီယိုကိုမကြာခင် ဝေငှလိုက်ပါ့မယ်။

စာဖတ်ရင်း အမေ့ကို အရမ်းသတိရပါတယ်။ အမေနှင့် မတွေ့ရတာလဲ ကြာရောပေါ့..

Yangon-Thu said...

ကိုစေးထူးရဲ့ ဒီပို့စ်အသစ်က တကယ်ကို ဖတ်လို့ကောင်းသလို တကယ်လည်း မျက်ရည်ကျမိပါတယ်။ အမေက ကျွန်မတို့မောင်နှမ ၃ ယောက်စလုံးကို ဗိုက်ခွဲမွေးခဲ့ရတာဆိုတော့ သူ့ပြောစကားနားမထောင်ရင် ဗိုက်ခွဲတာကို ပြပြီး ငါနင်တို့ကို ဘယ်လို ဒုက္ခခံပြီးမွေးခဲ့ရသလဲဆိုတာ ဒီမှာကြည့်ဆိုပြီး အမြဲပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကို တင်ပေးတဲ့ ကိုစေးထူးကို ကျေးဇူးအများကြီးတင်ပါတယ်။

မျက်လုံး said...

ကိုကလိုစေးထူးရေ မင်္ဂလာပါခင်ဗျာ

ကိုကလိုစေးထူးရဲ့ ပို့စ်ကတော့ တကယ့်ကို မိဘမေတ္တာကို သိသိသာသာ မြင်စေပါတယ်ခင်ဗျာ..

ကျွန်တော်တို့ မြန်မာပြည်မှာတော့ ရှားရှားပါးပါး မွေးခန်းထဲထိ ၀င်ပြီး မိန်းမကိုလည်း အားပေး ကိုယ့်ရဲ့ ပထမဆုံး သားဦးကိုလည်း အမိဝမ်းက ကျွတ်ကျွတ်ခြင်း ကြည့်ဖူးတဲ့ ဖခင်တွေထဲမှာတော့ ကျွန်တော်လည်း ပါပါတယ်ခင်ဗျ..

ဘာဖြစ်လို့ မွေးခန်းထဲ ၀င်တာလဲဆိုတော့ မိန်းမက အသက်နဲ့ရင်းပြီး ကိုယ့်သွေးသားကို မွေးနေတဲ့အချိန်မှာ ကျွန်တော်က အပြင်ဘက် ထိုင်ခုံမှာ သက်တောင့်သက်သာ (အနည်းဆုံး လူတော့ မပင်ပန်းဘူးဗျာ။ စိတ်ကတော့ ပင်ပန်းမှာပေါ့လေ) ထိုင်မနေချင်လို့ပါ။

မိခင်တွေရဲ့ မေတ္တာကို ကိုယ်တိုင် မွေးခန်းထဲမှာ မြင်ဖူးမှလည်း ပိုပြီး ကိုယ်ချင်းစာတတ်မယ်လို့ ထင်ပါတယ်ခင်ဗျာ..

ကိုယ့်ရဲ့ ဇနီး ဘယ်လို အခက်အခဲထဲမှာ ပင်ပန်း ဆင်းရဲစွာ ရင်သွေးတွေကို မွေးထုတ်ရတယ်ဆိုတာ အိမ်ထောင်ရှင်အမျိုးသား ဖခင်များ လက်တွေ့ သိမြင် ခံစားစေချင်တယ်ဗျာ..

အဲဒီအကြောင်း ရေးရင် ပို့စ်တစ်ခု ရေးလို့ရလောက်တယ်ခင်ဗျ..

အင်း.. ကိုယ်ပိုင် ကင်မရာမရှိတော့လည်း ဘယ်လိုမှ မှတ်တမ်း တင်မထားလိုက်နိုင်တာကိုတော့ ၀မ်းနည်းသလိုပဲဗျာ..