Wednesday, June 20, 2007

မိုးနှင့်အတူ...

၁၉၈၂ ခုနှစ်၊ ဇွန်လ…။

ပတ်ဝန်းကျင် တခွင်မှာ မှုံ့မှိုင်းမှိုင်း…။ ကောင်ကင်ဆီက ပြာလဲ့လဲ့အရောင်က ဘယ်ဆီရောက်နေသည်မသိ၊ တခုခုကို အလိုမကျစိတ်ဖြင့် မျက်မှောင်များ ကုပ်နေရော့သလားထင့်…။

တစုံတခု အဝေးမှ ပြေးလာသလို အသံတခုက တိုးတိုးလေး ကြားနေရာမှ တဖြည်းဖြည်းနှင့် ကျယ်လောင်လာသည်။ တဝေါဝေါ တဖျောဖျော အသံနှင့်အတူ အမည်မဖော်ပြတတ်သော ရနံ့သင်းသင်းတခုကိုပါ ရလိုက်သည်။ အိမ်ခေါင်မိုးကို ရေစက်ရေပေါက်များ ထိခတ်သံ တဗြန်းဗြန်းကလဲ ငါတို့လာပြီဟေ့ ဟု တပ်လှန့်လိုက်သယောင်ယောင်။

မိုးရွာပေပြီ…။

ညီလေးက အခန်းထောင့်မှ ဘောလုံးလေးကို ပြေးယူသည်။ မေမေ့က ကျနော်တို့ ညီအကိုကို ပြုံးကြည့်နေ၏။

`မေမေ၊ သားတို့ မိုးရေထွက်ချိုးမယ်နော်´
`အေး၊အေး အကြာကြီးတော့ မရဘူးနော်´

`ဟုတ်ကဲ့´ ကို ဒရောသောပါး ပြောရင်း ညီအကိုနှစ်ယောက် မိုးရေထဲသို့ အပြေးလေး ထွက်လာခိုက် ခါတိုင်း ဘောလုံးကစားနေကျ မြေကွက်ကလေးက အပြုံးပရပွနှင့် ဆီးကြိုသည်။ မြေကွက်လေးမှာက ကျနော်တို့ ညီအကို နှစ်ယောက်တည်း…။

`ပယ်နယ်တီ ကန်တမ်း ဂဂျားမယ် ကိုကို´

ဒီလိုနဲ့ ညီလေးနှင့် ကျနော် တလှည့်စီ ကန်လိုက်တာ မိုးရေထဲမှာ ပျော်လိုက်သည့် ဖြစ်ခြင်း၊ ခါတိုင်းဆို ထစ်ခနဲရှိ အငိုသန်လှသည့် ညီလေးက အခုလို မိုးရေထဲမှာ ကစားရရင်တော့ တော်ရုံတန်ရုံ ဘိုင်းခနဲ လဲသွားရင်တောင် တဟီးဟီးနှင့် အလွန်ပျော်တတ်သည်။ မေမေက `သားတို့၊ လာကြတော့လေ´ ဟု ပြန်ခေါ်သည့် အချိန်တွင်တော့ နှုတ်ခမ်းတွေက ပြာနှမ်းနေပြီ။

***

၁၉၉၃ ခုနှစ်၊ ဇူလိုင်လ…။

ဆယ်တန်း အောင်စာရင်း ကြေညာမည့်ည…။ အောင်စာရင်းကို ည ၁၂ နာရီနောက်ပိုင်း ဖွင့်မည်အထင်ဖြင့် ကျောင်းသားတချို့က ညဦးကတည်းကပင် ကျနော်တို့ မြို့ကလေး၏ တခုတည်းသော အထက်တန်းကျောင်းရှေ့တွင် ဇွဲကောင်းနှင့်နေကြသည်။ အချိန်တွေက တရွေ့ရွေ့နှင့် ည တနာရီ ထိုးခါနီးတွင်မတော့ ကျောင်းထဲမှ အသံ တစုံတခုထွက်လာ၏။ ဟော…၊ အောင်စာရင်း ဖောက်ပြီထင်တယ်။

ကျောင်းခန်းမရှေ့ ကြေညာသင်ပုန်းရှေ့ရောက်တော့ ကျောင်းသားတချို့က စုစု စုစုနှင့်၊ တချို့ကလည်း ဓာတ်မီးလေး တ၀င်းဝင်း…။ ညစောစောပိုင်းကတည်းက ရောက်နှင့်နေကြသော ဆရာ/ဆရာမ တချို့ အကြားတွင် မေမေ့က အတက်ကြွဆုံး ဖြစ်နေ၏။ ကျောင်းအုပ်ဆရာကြီးက ချိတ်ပိတ်စာအိတ်ကလေးထဲမှ အောင်စာရင်းကို ထုတ်အယူလိုက်တွင် ဓာတ်မီးရောင်များက ဖြာကနဲ ဝေသွားသည်။

`အောင်တယ်၊ အောင်တယ်၊ သားကြီးအောင်တယ်´

ဝမ်းသာစိတ်၊ စိတ်လှုပ်ရှားစိတ်တို့ကြောင့် တုန်ယင်နေသော အသံဖြင့် အရင်ဆုံး ထအော်လိုက်သူက မေမေ…။ အတ္တကြီးတယ်ပဲ ဆိုကြလေမလား…၊ အောင်စာရင်း အလယ်နားခပ်ကျကျရှိ ကျနော့်နာမည်ကို မေမေအရင်မြင်၏။

တခြားလူ ဘယ်သူတွေများ အောင်သေးလဲ အတွေးဖြင့် လိုက်ရှာ၊ လိုက်မှတ်ပြီး အားရ၀မ်းသာဖြင့် ကျောင်းရှေ့သို့ ပြေးထွက်ခဲ့တော့ ဘယ်အချိန်က ရွာနှင့်နေမှန်းမသိသော မိုးက သည်းသည်းမည်းမည်းရွာလျက်သားဖြင့် ကျနော့်အောင်မြင်မှုကို ဂုဏ်ပြုဆီးကြို၏။

စက်ဘီးစုတ်လေးဖြင့် မိုးသည်းလေသည်း မှောင်မည်းမည်းထဲမှာပင် စာမေးပွဲအောင်သူ သူငယ်ချင်းများ၏ အိမ်သို့ မောရကောင်းမှန်းမသိ အပျော်တွေ ဖြန့်ဝေခဲ့ဖူးတာက မမေ့နိုင်စရာ…။ မိုးရွာသံ တ၀ုန်းဝုန်းအောက်တွင် ပျော်မဆုံးမော်မဆုံးသော ရယ်သံတအုန်းအုန်းများက မှိတ်တုတ်တုတ် မီးရောင်လေးကို အားပြု၍ ပျော်ခဲ့ကြပုံများ…။

***

၁၉၉၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့…။

`သားကြီး၊ လိမ်လိမ်မာမာနေခဲ့နော်၊ ညီလေးနဲ့ ညီမလေးကိုလဲ သေချာထိန်း´

တည်ငြိမ်အောင် မနည်းကြိုးစားထားရသော လေသံဖြင့် ဖေဖေ့မှာစကား…။ ဒီအိမ်ကလေးကို ဖေဖေခွဲသွားတော့မည်။ နောက်ထပ် ဘယ်တော့မှ လာတော့မည် မထင်တော့…။ မေမေနှင့် လမ်းခွဲခြင်းနှင့် အတူ ကျနော်တို့ကိုပါ ထားခဲ့တော့မည်။ မေမေ့ကို လှမ်းငဲ့ကြည့်တော့ ဖေဖေနှင့် အပြီးတိုင် လမ်းခွဲရခြင်း၏ ခံစားရချက်ကို ဖုံးဖိထားလေသလားမသိ၊ ကျနော် ပုံမဖော်တတ်သော မျက်နှာဖြင့် တုံဏိဘာဝေ ခပ်မဆိတ်နေလျက် …။

`ဖေဖေ့ကို သားလိုက်ပို့မယ်လေ´

ရွာနေသော မိုးသည်းထဲတွင် မလုံ့တလုံထီးလေးဖြင့် သားအဖနှစ်ယောက် နှုတ်ဆိတ်လှစွာ လေးလံသော ခြေလှမ်းများကို သယ်ဆောင်လျက်…။ သင်္ဘောဆိပ်သို့ရောက်တော့ ဖေဖေ့ကို တင်ဆောင်သွားတော့မည့် သင်္ဘောက မိုးရွာထဲတွင် ခပ်ငူငူကြီး စောင့်နေသည်။

`သားပြန်ရင် ဒီထီးလေး ဆောင်းပြန်သွားလေ´

ကျနော့်လက်ထဲသို့ ထီးကလေးကို ထည့်ပေးပြီး မိုးရေထဲသို့ တရွေ့ရွေ့ဖြင့် လျှောက်သွားသော ဖေဖေ့ကျောပြင်ကို ကြည့်ရင်း မိုးသည်းသည်းကြားမှာ မျက်ရည်တွေ ရွှဲခဲ့ရသော နေ့..။

***

၂၀၀၇ ခုနှစ်၊ ဇွန်လ(၁၉)ရက်…။

`ဒေါက်၊ ဒေါက်၊ ဒေါက်´

အခန်းတံခါးခေါက်သံ ခပ်ကျယ်ကျယ်ကြောင့် တံခါးဖွင့်ပေးလိုက်တော့ ဘေးအခန်းမှ ဇိုးသမား ပုဂ္ဂိုလ်ကြီးကို ပုလင်းခပ်ကြီးကြီးတခု ကိုင်လျက်သားဖြင့် တွေ့လိုက်ရသည်။

`မင်းမှာ ၀ိုင်ပုလင်း ဖောက်တံလေးရှိရင် ကူညီပါလား´
`အိုကေ´

မီးဖိုချောင်ထဲမှ ဖောက်တံကို ယူပေးလိုက်တော့ သူက-

`ကျေးဇူးပဲကွာ၊ ဒါနဲ့ ဒီနေ့ သိပ်ပူတယ်နော်´
`အင်း´
`မင်း၊ ဒီက ရာသီဥတုနဲ့ အဆင်ပြေရဲ့လား´
`မဆိုးပါဘူး၊ နေလို့အိုကေပါတယ်´
`ဒါဆို မင်းအနှစ်သက်ဆုံး ရာသီဥတုက…???´
`မိုးရာသီ´
`မနှစ်သက်ဆုံးကရော´
`မိုးရာသီပဲ´

နားမလည်သော အကြည့်ဖြင့် တချက်ကြည့်ရင်း ထိုပုဂ္ဂိုလ် ခေါင်းတယမ်းယမ်းဖြင့် ထွက်သွားတော့ ၈၂ ဒီဂရီ ဖာရင်ဟိုက် အပူရှိန်အောက်မှ ကျနော့်အခန်းလေးထဲတွင် သတိရမိုး၊ ၀မ်းနည်းမိုး၊ စိတ်ကူးမိုးတွေ ဖြိုင်ဖြိုင်ရွာနေလေတော့သည်။


ကလိုစေးထူး


(ညီမလေး ဂျစ်တူး၊ မယ်လိုဒီနဲ့ s0wha1 တို့ Tag ထားချက်အရ ကျနော့်ရဲ့ တကယ့်အဖြစ်အပျက်တချို့ကို အခြေခံရေးသားပါတယ်)

8 comments:

M.Y. said...

ကိုစေးထူး
ခပ်ဆင်ဆင် ဘ၀လမ်းကလေးမို့ နားလည်ခြင်းများစွာဖြင့်
(Reading and commented in rush during Lunch time break)
Regards
Mg Yin

ဂျစ်တူး - gyit_tu said...

ကိုကြီးစေးထူးရဲ့ အပြစ်ကင်းစင်တဲ့.. အားမာန်ပြည့်နေတဲ့.. ကြေကွဲစရာဖြစ်တဲ့ မိုးအတွေ့ အကြုံတွေကို ဖတ်ပြီး ၊ ပြန်သွားပါကြောင်း ။

နောက်ဆုံးအဖြစ်အပျက်လေးက ၀မ်းနည်းစရာ အကောင်းဆုံးပါပဲ ။

pandora said...

ဝမ်းနည်းသွားတယ် ကိုစေးထူးရာ..

MELODYMAUNG said...

အစ်ကိုစေးထူးရေ ညီလေးနဲ့ ဘောကန်တော့ မိုးရေထဲမှာ ပျော်လိုက်သည့် ဖြစ်ခြင်း ဆိုတော့ လဲ လိုက်ပျော်ရတယ်။
၁၉၉၃ ခုနှစ် ဆယ်တန်းအောင်စာရင်းထွက်တော့ မိုးသည်းလေသည်း မှောင်မည်းမည်းထဲမှာပင် စာမေးပွဲအောင်သူ သူငယ်ချင်းများ၏ အိမ်သို့ မောရကောင်းမှန်းမသိ အပျော်တွေ ဖြန့်ဝေခဲ့ဖူးတာလေးကလဲ အဲဒီနှစ်က ကိုယ်အောင်ခဲ့ တာလေး သတိရလိုက်တာ။
ဖေဖေ့ကျောပြင်ကို ကြည့်ရင်း မိုးသည်းသည်းကြားမှာ မျက်ရည်တွေ ရွှဲခဲ့ရသော နေ့လေးကိုတော့ ဘယ်လိုဖြေသိမ့် ပေးရမယ်မှန်းတောင်သိဘူးနော်။
ဇွန်လ ၁၉ရက်ရဲ့ သတိရမိုး၊ ၀မ်းနည်းမိုး၊ စိတ်ကူးမိုးတွေကတော့ မေမေစုအတွက်ပါ ပါမလားမသိဘူးနော်။

Tag ထားချက်အရပဲ ရေးရေး ဒီပို့စ်လေးရေးတာ သိုင်းကြူးပါ။

Min Min said...

wakaka.good tae byoe..

မေဓာဝီ said...

good writing abt rain.

s0wha1 said...

မမေပို့စ် ဖတ်ပြီး စိတ်ညစ်တယ်...ကိုကြီးပို့စ်ဖတ်ပြီး ငိုချင်တယ်... ဒီနေ့ ကံမကောင်းပါလား...

ငယ် said...

အော် မိုးကိုမုန်းလည်းမုန်း ချစ်လည်းချစ်တယ်တဲ့လား။ ခံစားချက်မျိုးစုံယူပြီးပြန်သွားပါတယ်