Monday, June 11, 2007

ပျင်းရိစရာ နေ့တွင်...

ဒီနေ့ တနင်္လာနေ့ ..။

ပို့စ်တခုမှာ ကျနော်ရေးဖူးပါတယ်။ `အမုန်းဆုံးနေ့မှာ တနင်္လာနေ့´ လို့..။ အမှန်ကတော့ ဘာရယ်မဟုတ်၊ အလုပ်ပြန်ဆင်းရတဲ့ ပထမဦးဆုံးနေ့ ဖြစ်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ် အပျင်းထူတာကို ဖုံးကွယ်လိုတာနဲ့ပဲ တနင်္လာနေ့က နေရင်းထိုင်ရင်းနဲ့ အချောင် အမုန်းခံရရှာတာပါ။ ကျနော့်လို တနင်္လာနေ့ကို မုန်းကြသူတွေ နည်းမှာတော့ မဟုတ်ဘူးလို့ ဘာမဆိုင်ညာမဆိုင် တွေးမိရင်း ပျင်းရိလေးတွဲ့လှစွာနဲ့ အလုပ်ဝင်ပါတယ်။

လောကကြီးမှာ ကျနော် အားအကျဆုံး လူတန်းစား တရပ်ရှိပါတယ်။ အဲဒါကတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တထပ်တည်း ကျနေတဲ့ လူတွေကိုပါ။ တနည်းအားဖြင့် သူတို့ရဲ့ အလုပ်က သူတို့ဝါသနာနဲ့ အကိုက်ဖြစ်နေတာမျိုးကိုပါ။ သူတို့တွေအတွက်ကတော့ အလုပ်ဆိုတာကြီးက ဖိစီးမှု ပေးနေတဲ့ အရာကြီးလို့ မြင်မှာ မဟုတ်ဘဲ ကိုယ်ဝါသနာပါတာကို လုပ်ချင်လို့ကို လုပ်နေရင်း အသက်မွေးဝမ်းကျောင်းနေရလို့ အားကျမိပါတယ်။

တခါတခါကျတော့လဲ တယောက်တည်း စိတ်ကူးယဉ်မိပါတယ်။ မြန်မာပြည် ပြန်ရောက်ခဲ့ရင် စာအုပ်ဆိုင်ကလေးဖွင့်၊ စာအုပ်ထုတ်တဲ့ လုပ်ငန်းလေးလုပ်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲပေါ့..။ စာလဲဖတ်ရ၊ စီးပွားလဲ လုပ်ရ..။ ဖတ်ရတဲ့ စာတွေထဲကမှ တဆင့် မဖြစ်ညစ်ကျယ် စာလေးတွေလဲ ရေးနိုင်သေး…။

အလုပ်ထဲမှာ `မင်းက ဘယ်အလုပ်မျိုး ၀ါသနာပါလဲကွာ´ လို့ တယောက်ယောက်က မေးလာရင် ကျနော်ဖြေမယ့် အဖြေအတွက် ထရိုက်နိုင်ပါတယ်။ `အလုပ်´ ဆိုတဲ့ နာမည်ကြီးကိုက ကြားရတာ အဆင်မပြေသလိုလို..။ ငပျင်းလို့ ပြောရင်တော့လဲ ငြိမ်ခံရုံရှိပါတယ်။ ကျနော်က ဂစ်တာလေးတီးလိုက်၊ သီချင်းလေးရေးလိုက်၊ စာလေးဖတ်လိုက်၊ ဟိုဟိုဒီဒီ လျှောက်ရေးလိုက် နေချင်တာ..။ ဒါပေမယ့် အဲဒါတွေကို အမှီပြုပြီး ဘ၀ရပ်တည်ချက် ခိုင်မာလောက်အောင်လဲ မစွမ်းဆောင်နိုင်တော့ မလုပ်ချင်တဲ့ အလုပ်ကိုပဲ အားကြိုးမာန်တက် လုပ်ချင်ယောင်ဆောင်ပြီး လုပ်နေရတော့တာပါပဲ။

အလုပ်ခန်းထဲမှာ အဲယားကွန်း ဖွင့်ထားပေးလို့ နေရတာတော့ သက်သောင့်သက်သာ ရှိပါရဲ့..။ ခက်တာက ဆူညံလွန်းလှတဲ့ စက်သံ….။ ၀ူးဝူး ဝေါဝေါနဲ့ အလွန်နားညည်းပါတယ်။

အလုပ်ချိန်စလို့ တနာရီလောက် အကြာမှာတော့ အတန်ငယ် ညောင်းညာဟန် ရှိလာတာနဲ့ ခါးကို နည်းနည်းဆန့်၊ ဘေးဘီကို ငဲ့ကြည့်လိုက်တော့ လားလား၊ မက္ကဆီကန်တယောက် အပီကို အိပ်ငိုက်နေတယ်..။ အလုပ်ရှင် မြင်သွားမှာ စိုးတာနဲ့ သူ့ခါးကို အသာလှမ်းတို့လိုက်တော့ ဆတ်ခနဲ မျက်စိပွင့်လာပြီး ကျနော့်ကို ရယ်ကျဲကျဲနဲ့ ပြန်ကြည့်တယ်။ ပြီးတော့ `ငါ လေးနာရီလောက်ပဲ အိပ်ခဲ့ရတယ်ကွာ´ လို့ ညည်းပြောပြောပါတယ်။ သူက တနေ့ကို အလုပ်နှစ်ခု၊ ဆယ့်လေးနာရီ လုပ်တော့ ကြည့်ရတာ တော်တော်နွမ်းနယ်နေပုံပါပဲ။ မရှက်ခြင်းသုံးပါးထဲက ငိုက်မရှက်ကို အပီအပြင်ကို ပုံဖော်နေတော့တာပါပဲ။

နားညည်းသက်သာအောင် နားကျပ်တပ်ပြီး ရေဒီယိုနားထောင်လိုက်တော့ မကြာခဏ လွှင့်ပေးလေ့ရှိတဲ့ Akon ရဲ့ Don’t matter သီချင်းလာနေတယ်။ အဲဒီသီချင်း သံစဉ်ကို သဘောကျလို့ ရသလောက် လိုက်ညည်းမိတယ်။

~~~ Nobody wanna see us together but it don’t matter no~~~ (Cause I got u babe)
~~~ Cause we gonna fight, oh yes we gonna fight~~~ Believe we gonna fight, fight for our right to love yea~~~

ဒီက ရေဒီယိုအစီအစဉ်မှာလဲ ကြော်ငြာတွေက များလှပါတယ်။ ခရက်ဒစ်ကဒ် ကုမ္ပဏီကြော်ငြာ၊ ကားကြော်ငြာ၊ အိမ်ကြော်ငြာကနေ အ၀တ်လျှော် ဆပ်ပြာရည်ကြော်ငြာ အထိ ကြော်ငြာပါတယ်။ စက္ကန့်အပိုင်းအခြားနဲ့ ကြော်ငြာခပေးရလို့ ထင်ရဲ့..၊ တချို့ကြော်ငြာတွေမှာ စကားပြောသွားလိုက်တာ ပါးစပ်မှာ စက်သေနတ်တပ်ထားတဲ့ အတိုင်း ဘာမှတောင် နားမလည်လိုက်ပါဘူး။

လောကမှာ အမြန်ဆုံးအရာဟာ စိတ်…တဲ့။ ဟုတ်ပါ့..။ စိတ်ကို ဘယ်သူတားလို့ရတာမှတ်လို့..။ ခန္ဓာကိုယ်က အလုပ်လုပ်နေရပေမယ့် စိတ်နဲ့ မြန်မာပြည်ကို သွားနိုင်သေးတာပဲ..။ ကဲ.. သွားကြမယ်ကွာ၊ ရွှေတိဂုံ၊ ဆူးလေ၊ ချောင်းသာ၊ မဟာမြတ်မုနိ၊ ပုဂံ။ နေရာအနှံ့ကို စိတ်နဲ့ လျှောက်သွားပြီးတော့မှ တခုစဉ်းစားမိတယ်။ ဘယ်အချိန် မြန်မာပြည် ပြန်ဖြစ်မလဲ မသိ…။

အနားက ဖြတ်သွားလိုက် ဖြတ်လာလိုက် လုပ်နေတဲ့ အလုပ်ရှင်ကို ကြည့်ရတာ စကားပြောတတ်တဲ့ ငွေထုတ်လုပ်ရေး ယန္တရားငယ် တခု ရွေ့လျားနေတာလားလို့ ထင်မိတယ်။ အလုပ်၊ ငွေ၊ အချိန်…။ ဘယ်အချိန်ဆိုရင် ဘယ်အော်ဒါလာယူမယ်..။ မနက်ဖြန်မှာ ဘယ်မြို့ကို ပို့ပေးဖို့ရှိတယ်။ ဒါက ဘယ်နှဒီဂရီ၊ ဟိုဟာတွေက ဘယ်နှစ်လက်မ ချန်ဖြတ်ရမှာ…။ အလုပ်ရုံထဲမှာ ဟိုဘက်သွားလိုက်၊ ဒီဘက်လာလိုက်နဲ့ သူ့အစား မောမိပေမယ့် ပြန်စဉ်းစားကြည့်တော့လဲ သူဒီလိုလုပ်နေလို့သာ ဒီလောက်ချမ်းသာတာနေမှာ..။ တခါတုန်းက သူ ပြောဖူးပါတယ်။ သူဒီအလုပ်လုပ်နေတာ အနှစ်သုံးဆယ်ရှိပြီတဲ့။ တပတ်မှာ ၇၂ နာရီလောက် အလုပ်လုပ်တယ်တဲ့..။

နေ့လည်ပိုင်းရောက်လာတော့ အလုပ်လုပ်ရတာ ကိုယ့်အချိန်ဘက်ကို ပါလာသလို ခံစားလာရတယ်။ ဘေးက မက္ကဆီကန်ဆီက စပိန်စကား နည်းနည်းထပ်သင်မှ…။

ငပျင်း ကိုေ၀၀န်း
အများကြီးကို မူးချို
ကောင်းတယ် ဆိုရင် ဘွေးနို
မကောင်းဘူးဆိုရင် နိုးဘွေးနို
မိုက်မဲတဲ့ကောင် ဆိုရင် ပါဘိုးစို
အခြောက် (Gay) ကို ဖလာ့ကို
ဟုတ်တယ် (yes) ဆိုရင် စီး

အပင်ပန်းရဆုံးသော အရာဟာ စောင့်ဆိုင်းရခြင်း..တဲ့။ ကိုမောင်မောင်ဇော်လတ်ကတော့ `ရပ်စောင့်´
သီချင်းနဲ့ ခံစားဖွဲ့ဆိုပါတယ်။ အခုလဲ အလုပ်ချိန်ကုန်ဖို့ကို စောင့်လိုက်ရတာ တကမ္ဘာ…။

ဒီလိုနဲ့..။ ညနေသုံးနာရီခွဲတော့……။

ကလင်(((((((((((((((

နားဝင်အချိုဆုံး အသံ၊ စောင့်လိုက်ရတဲ့ အသံ၊ လုပ်လက်စတွေ အကုန်ရပ်၊ သန့်စင်ခန်းထဲဝင်၊ ကိုယ်လက်သန့်စင်ပြီးတော့ အထွက်ကဒ်ကို နှိပ်အပြီးမှာတော့….။

နွေးခနဲနေအောင် တိုက်ခတ်လိုက်တဲ့ လေနုနွေးနဲ့ အတူ…

`သက္ကရာဇ်များ ပြောင်းသွားလဲ ~~~ ကျနော်ကတော့ဖြင့် ရပ်စောင့်ဆဲ~~~~´

ရိပ်ခနဲ၊ ရိပ်ခနဲ ကျန်ခဲ့တဲ့ ကားတွေ လူတွေနဲ့အတူ သီချင်းသံတွေ လွင့်ပျံ့နေခဲ့လေရဲ့….။

ကလိုစေးထူး

5 comments:

s0wha1 said...

အလုပ်သွားဖို့ ပျင်းတဲ့ထဲမှာ ညီမလေးလည်း ထိပ်ဆုံးကပါတယ်...၀ါးးး...ခုတောင် အိမ်ပြန်နှပ်ချင်ပြီ...:P

မျက်လုံး said...

စာလေးရေးလိုက်၊ သီချင်းလေးဆိုလိုက်၊ ကဗျာလေး ဖွဲ့လိုက်၊ အချိန်တန်ရင် ၀င်ငွေလေး အထိုက်အသင့်ရလိုက်ဆိုရင် တယ်ကောင်းမှာပဲခင်ဗျ...

Min Min said...

hhaa. Why dont you carry out your dream wth ma May huh. since both of you are in the same boat. hheheh;) ..just a suggestion.. ma so what, i am looser here since you have become top commentor in ko say blog.

Maydarwii said...

“အလုပ်ထဲမှာ `မင်းက ဘယ်အလုပ်မျိုး ၀ါသနာပါလဲကွာ´ လို့ တယောက်ယောက်က မေးလာရင် …”
ကျမကတော့ …
အလုပ်ပါဆိုမှ ၀ါသနာပါစရာလား လို့ ပြန်ဘုတောလိုက်မယ် … :P
အဲ .. ဒီလိုဆို ကိုယ့်ကိုယ်ကို “ေ၀၀န်း”လို့ ဆိုရမလား ..
“ပါဘိုးစို”လို့ ဆိုရမလား ..
တခုမှတော့ “နိုးဘွေးနို” ပဲ …
“စီး” .. နော် ..

May Nyane said...

အော်..တကယ်တော့ ကွန်မင့်ရေးရတာလဲ ပညာပါပဲ..
ကျမကတော့ ကိုစေးထူးရေးတာကို ကွန်မင့်မပေးဘဲ ကိုယ်ပြောချင်တာပဲပြောနေမိတယ်ထင်ပါရဲ့။
ခုလဲ ငါကတော့ တနင်္လာကို မမုန်းပေါင်လို့ စဉ်းစားနေမိတယ်။
မုန်းလို့လဲ မဖြစ်ဘူးလေ.. ကျမက တနင်္လာသမီးကိုး။
ပြီးတော့ ကျမကလေးတွေ ကျောင်းပြန်တက်တဲ့နေ့ဆိုတော့
ဟဲဟဲ.. တအားတောင် ပျော်သေးတာ..ဟီးး