Monday, June 04, 2007

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်….



၁၉၉၃ ခုနှစ်က ဖြစ်ပါတယ်။

ကျနော့်ညီလေး အိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၁၅ နှစ် စွန်းစွန်းသာ ရှိပါသေးတယ်။

သူသွားလည်လေ့ရှိတဲ့ ဦးလေးတွေ၊ အဒေါ်တွေ အိမ်ကိုစုံစမ်းတော့လဲ မရှိ၊ သူငယ်ချင်းတွေ အိမ်ကိုလဲ မလာနဲ့ နောက်တော့ သတင်းတခုရပါတယ်။ `ရဲဘော်တယောက်နဲ့ သင်္ဘောဆိပ်ကို ဆင်းသွားတာ တွေ့လိုက်တယ်´ တဲ့။ (ကျနော်တို့ အရပ်မှာ စစ်သားတွေကို `ရဲဘော်´ လို့ ခေါ်ပါတယ်)။

ကိုးတန်းတက်နေဆဲ ညီလေး အခုလို ပုံစံနဲ့ အိမ်ကပျောက်သွားတော့ အစပထမတော့ ဖေဖေနဲ့ မေမေဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။ နောက်တော့ ဖေဖေ့မိတ်ဆွေ တယောက်ရဲ့ အကြံပေးချက်အရ အဲဒီတုန်းက စစ်သားစုဆောင်းရေး ဌာနချုပ်ဖြစ်တဲ့ မင်္ဂလာဒုံ စုဆောင်းရေးကို သွားစုံစမ်းရပါတယ်။ ဟိုကိုရောက်တော့ ညီလေးရဲ့ နာမည်ကိုတော့ စုံစမ်းလို့ရပါရဲ့..။ ဒါပေမယ့်.. `သင်တန်းကျောင်းကို ပို့လိုက်ပြီ´ တဲ့..။

ညီလေး တပ်သားသစ်သင်တန်း တက်ဖို့ ပို့လိုက်တဲ့ အမှတ်(၄) လေ့ကျင့်ရေးတပ်၊ သင်တန်းကျောင်း ရှိတဲ့ နေရာက ပင်လောင်းမှာပါ။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆိုတော့ ဝေးလွန်းလှတဲ့ နေရာပေါ့။ သားသမီးဇောကြောင့် ဝေးမှန်းမသိအားဘဲ အဲဒီကို လိုက်သွားဖို့ မိဘတွေမှာ ပြင်ဆင်ရပြန်ပါတယ်။ ကံကောင်းထောက်မလှစွာပဲ အဲဒီသင်တန်းကျောင်းရဲ့ တပ်မှူးက ဖေဖေနဲ့ သိကျွမ်းနေပါတယ်။

နောက်ဆုံး.. ပင်လောင်းကို ရောက်တော့ တပ်မှူးရဲ့ သူ့တပ်ရေး ဗိုလ်ကြီးဆီ ရေးပေးလိုက်တဲ့ `တပ်ရေးဗိုလ်ကြီး၊ အခုလာတဲ့ ဦး…… လိုအပ်တာကို ကူညီပေးလိုက်ပါရန်´ ဆိုတဲ့ စာလေးတကြောင်းနဲ့တင် ညီလေးကို မိဘရင်ခွင် အရောက် ပြန်ခေါ်နိုင်ခဲ့ပါတယ်။ တောင်ကြီးဆေးရုံမှာ ဆေးရုံအတက်ပြ၊ စစ်သားလုပ်နိုင်လောက်တဲ့ ကျန်းမာရေး အနေအထားမရှိပါဘူးလို့ မှတ်ချက်ရယူပြီး ပြန်ခေါ်ခဲ့ရတာပါ။

***

တကယ်တော့ မြန်မာနိုင်ငံမှာ စစ်သားတယောက်အဖြစ် စစ်မှုထမ်းဖို့အတွက် အငယ်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ အသက်က (၁၈)နှစ်ပါ။ ဒါဖြင့် ဘာဖြစ်လို့များ အသက် (၁၅)နှစ်အရွယ် လူမမယ်လေးတယောက်ကို စစ်တပ်ထဲ သွတ်သွင်းပြီး ကျောင်းဝတ်စုံအစား စစ်ဝတ်စုံကို ဆင်မြန်းစေပါသလဲ…။

ဗိုလ်ချုပ်အောင်ဆန်း စတင်ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဟိုတုန်းကတော့ ပြည်သူတွေရဲ့ ချစ်မြတ်နိုးခြင်းကို အတိုင်းမသိအောင် ခံစားခဲ့ရဖူးပါတယ်။ စစ်ယူနီဖောင်း ကြော့ကြော့၊ ဆံပင်တိုတိုနဲ့ အသားကလဲ ညိုမောင်းမောင်းနဲ့ `အားကိုးလောက်စရာ့ အမေ့သား´ ဆိုသလိုပါပဲ။ `သားကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မှာ´ လို့များ ကလေးငယ်ငယ်က ပြောလိုက်ရင် မိဘတွေမှာ ကျေနပ်လို့မဆုံး…။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ စစ်တပ်ကို ပြည်သူက သတိနဲ့ ဆက်ဆံလာပါတယ်။ ဆရာထက်တပည့် လက်စောင်းထက်တဲ့ ၁၉၈၈ နောက်ပိုင်း စစ်တပ်ကတော့ မြန်မာ့တပ်မတော်ကို သုံးမရအောင် နာမည်ပျက်စေခဲ့တဲ့ တပ်မတော်ပါပဲ။ လူတွေ အများကြီးကို ပစ်သတ်ပြီး တိုင်းပြည်ကို ချောက်ထဲ မကျသွားအောင် ကယ်တင်ခဲ့တာပါဆိုတဲ့ စစ်တပ်က ၁၉၉၀ခုနှစ်၊ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှုပြီး ခပ်တည်တည် မျက်နှာပြောင်တိုက်လို့ အာဏာကို ဆက်လက်ထိန်းသိမ်းလိုက်တဲ့ အခါမှာတော့ စစ်တပ်ကို လူထုက တော်တော်ကြီးကို အယုံအကြည် ကင်းမဲ့သွားပါတော့တယ်။ `စစ်ဆိုရင် ရေတောင် စစ်မသောက်ဘူးဟေ့´ ဆိုတဲ့ အရပ်စကားဟာ စစ်တပ်ကို လူမုန်းများနေတာ ထင်ရှားစေတဲ့ ပြယုဂ်တခုပါ။

အဲဒီလို အယုံကြည်မဲ့ပြီး မုန်းတီးလာတဲ့ နောက်ပိုင်းမှာ စစ်တပ်ထဲကို ၀င်ရောက်တာဝန် ထမ်းဆောင်လိုစိတ်လဲ ကင်းမဲ့သွားပါတယ်။ ဒီကြားထဲကမှ စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ စစ်အင်အားကို ကြီးသထက်ကြီးအောင် တိုးချဲ့ချင်ပါတယ်။ အကြောင်းရင်းကတော့ မကြာခဏဆိုသလို ကတောက်ကဆဖြစ်လေ့ရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို အင်အားပြလိုမှု၊ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်လိုမှုနဲ့အတူ မိုးဦးကျမှိုများလို ပေါများလာတဲ့ စစ်ခေါင်းဆောင် လက်သစ်များအတွက် ရာထူးနေရာ ခပ်များများ တိုးမြှင့်လိုမှုကြောင့် ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံရဲ့ ဒေသ အနှံ့အပြားမှာ စစ်ဌာနချုပ်အသစ်၊ တပ်သစ်များကို ထပ်မံဖွင့်လှစ်ပါတယ်။ အများအားဖြင့် နယ်စပ်ဒေသတွေမှာ ပိုဖွင့်ပါတယ်။ သူတို့အခေါ်ကတော့ `တပ်ခြံစည်းရိုး ကာတယ်´ လို့ ခေါ်ပါတယ်။ သာဓကအားဖြင့် နဂိုက နယ်မြေခံတပ်ရင်း တခုတည်းသာ ရှိခဲ့တဲ့ ကျနော်တို့ မြို့လေးမှာ အခုဆိုရင် ခြေလျင် တပ်ရင်း သုံးရင်း၊ အမြောက်တပ်ရင်း တရင်း နဲ့ စစ်ဗျူဟာ တခု ရှိနေပါပြီ။

မြန်မာ့စစ်တပ်ရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် ၁၉၉၅ ခုနှစ်မှာ ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံအရ ခြေလျင်/ ခြေမြန် တပ်ရင်း တရင်းမှာ ရှိရမယ့် သန္ဓေစစ်သည် အင်အားက (၇၈၆) ဦး ဖြစ်ပါတယ်။ တွဲဖက် စစ်သည် အင်အားက (၃၀) ဦး၊ အဲဒီတော့ စုစုပေါင်း (၈၁၆) ဦး ရှိရပါမယ်။ သာမန်အားဖြင့် စစ်ဌာနချုပ်တခုကို ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းနဲ့ အခြေခံ ဖွဲ့စည်းလေ့ ရှိတာကြောင့် စစ်ဌာနချုပ်တခုမှာဆိုရင် စစ်သည် ရှစ်ထောင်ကျော် ရှိပါတယ်။ ဒါဟာ စစ်ဌာနချုပ်တခုမှာ ပါဝင်ရမယ့် လက်ရုံးတပ်လို့ ခေါ်တဲ့၊ ဆက်သွယ်ရေး၊ ဆေး၊ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး၊ အင်ဂျင်နီယာ၊ အမြောက် စသဖြင့် တပ်တွေရဲ့ အင်အားကို ထည့်မတွက်ရသေးပါဘူး။ အဲဒီတပ်တွေရဲ့ အင်အားကိုပါ ထည့်တွက်ရင်တော့ စစ်ဌာနချုပ်တခုရဲ့ အင်အားဟာ စစ်သည် တသောင်းကျော် ရှိရပါမယ်။

သာမန်အားဖြင့် မြန်မာပြည်မှာ လူသိများလေ့ရှိတာက အမှတ်(၁၁)၊ (၂၂) (၃၃)… …. စသဖြင့် တပ်မဌာနချုပ်တွေနဲ့ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ စသဖြင့် တိုင်းစစ်ဌာနချုပ်တွေပါ။(စကားချပ်၊ တိုင်းစစ်ဌာနချုပ်တွေက တပ်မဌာနချုပ်တွေထက် တပ်ရင်း အင်အားပိုများလေ့ရှိသလို တိုင်းမှူးတယောက်ရဲ့ အာဏာကလဲ တပ်မမှူးထက် ပိုမြင့်မားပါတယ်)။ ဒါပေမယ့် အဲဒီ စစ်ဌာနချုပ်တွေအပြင် လူသိ အတန်ငယ်နည်းပြီး တပ်မဌာနချုပ်နဲ့ ဖွဲ့စည်းပုံ အလားသဏ္ဍာန်ဆင်တူတဲ့ အမှတ်(၁) မှ (၁၆) အထိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တွေကိုလည်း ၁၉၈၈ခုနှစ်နောက်ပိုင်း၊ မြန်မာပြည် တနံတလျားမှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံ အင်အားအရ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားပေါင်း (၈၁၆) ဦး ရှိရမယ်လို့ ဆိုထားပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ဘယ်တပ်ရင်းမှာမှ ဖွဲ့စည်းပုံအတိုင်း အတိအကျ အင်အား မရှိကြပါဘူး။ သာမန်အားဖြင့် သုံးရာမှ လေးရာအထိသာ အင်အား ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြုန်းတီးအင်အားကြောင့် ဖြစ်ပါတယ်။

စစ်တပ်မှာ ပြုန်းတီးအင်အား လေးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ စစ်ပြေး၊ ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး အင်အားတွေပါ။ အဲဒီလေးမျိုးမှာ အများဆုံး ဖြစ်လေ့ရှိတဲ့ ပြုန်းတီးအင်အားကတော့ စစ်ပြေးပါ။ ဒါဟာလဲ တကယ်တော့ ထူးဆန်းလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စစ်သားများရဲ့ အား(၁၀)ပါး အနက်၊ `အမိန့်နာခံမှု´ ဆိုတဲ့ အချက်ကို စစ်တပ်တွင်း အရာရှိတော်တော်များများက အလွဲသုံးစားပြုလုပ်မှု နဲ့ အထက်ပိုင်း ခေါင်းဆောင်များရဲ့ ခြစားမှုများကြောင့် ဒီဘက်ခေတ် စစ်တပ်တွေရဲ့ စစ်ပြေးမှုများဟာ ဘယ်ခေတ်နဲ့မှ မတူအောင် အများဆုံးပါ။

အဲဒီတော့ စစ်ခေါင်းဆောင်တွေ အဓိက အကြံအိုက်ရတာကတော့ စစ်အင်အားပါပဲ။ အသစ်ဖွင့်လှစ်တဲ့ တပ်တွေအတွက်လဲ အင်အားကလို၊ နဂိုရှိပြီးသားထဲက ပြုန်းတီးတာတွေအတွက်လဲ ထပ်ဖြည့်ဖို့ အင်အားကလို ဖြစ်ရပါတယ်။ အဲဒီမှာတင် ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေ၊ အမိန့်တွေထုတ်ပြီး စစ်သားစုဆောင်းရေး နည်းလမ်းကို မျိုးစုံ သုံးကြပါတော့တယ်။

ညီလေးကို စည်းရုံးသွားတဲ့ စစ်သားဟာ သူ ခွင့်ရဖို့အတွက် `တပ်သားသစ် တယောက်ရအောင် စုဆောင်းပါမယ်´ လို့ သူ့တပ်ရင်းမှာ ကတိပေးခဲ့ရတယ် လို့ သိရပါတယ်။ ခြေလျင်/ခြေမြန် တပ်ရင်းတွေအနေနဲ့ တလကို တပ်သားသစ် အနည်းဆုံး ဘယ်ရွေ့ဘယ်မျှ စုပေးရမယ်ဆိုတဲ့ အထက်ဌာနအဆင့်ဆင့်ရဲ့ အမိန့်ကလဲ ရှိနေပါတယ်။ မပြည့်မီတဲ့ တပ်ရင်းက တပ်မှူးတွေဟာ သူတို့ရဲ့ လေးလပတ်အစည်းအဝေးတွေမှာ မျက်နှာကောင်း မရကြရှာပါဘူး။ နောက်ဆုံး..၊ သူတို့ရဲ့ ရာထူးတက်လမ်းတွေအထိပါ ဒီကိစ္စက ထိရောက်ပါတယ်။ အကြောင်းရင်းကတော့ `စည်းရုံးရေး စွမ်းရည် အားနည်းလို့ပါ´ ..တဲ့။

ဒီတော့ ကျနော့်ညီလေး စစ်တပ်ထဲကို အရွယ်မတိုင်မီ ၀င်ရောက်သွားတာဟာ သူ့ကို စည်းရုံးသူ စစ်သားမျက်နှာသာရဖို့၊ ဒီထက်ပိုပြီး အဲဒီတပ်ရဲ့ တပ်မှူး မျက်နှာသာရဖို့၊ ရာထူးတိုးဖို့ ဖြည့်ဆည်းပေးချက် တမျိုး ဖြစ်လို့ နေပါတယ်။ ဒါတောင်မှ ညီလေးက ကံကောင်းထောက်မလို့၊ တနည်းအားဖြင့် အလိုက်ကောင်း၊ အကပ်ကောင်းလို့ မိဘရင်ခွင်ထဲ ပြန်ရောက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ညီလေးလိုပုံစံမျိုးနဲ့ စစ်တပ်ထဲ ရောက်သွားပြီး မိဘရင်ခွင်ထဲ ပြန်မရောက်တော့တဲ့ လူမမယ်လေးတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ ဆိုတာကလဲ အဖြေမရနိုင်တဲ့ ပုစ္ဆာတပုဒ်ပါ။

မြန်မာပြည်ရဲ့ လူစည်ကားရာ ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်တွေမှာ တခါတရံမှာ `တာဝန်´ဆိုတဲ့ လက်ပတ်အနီနဲ့၊ တခါတရံတော့လည်း အရပ်ဝတ်နဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် ရပ်လို့ ဥဒဟို သွားလာနေတဲ့ လူတွေထဲကို သားကောင်ရှာတဲ့ မုဆိုးရဲ့ မျက်လုံးမျိုးနဲ့ ရှာနေတတ်တဲ့ လူတချို့ကို သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။ သူတို့ရဲ့ အဓိက သားကောင်ကတော့ အရပ်တပါးသို့ သွားရောက် အလုပ်လုပ်ကိုင်မယ့် ပုံစံ လူငယ်များ၊ အိမ်ခြေမဲ့ ဖြစ်ဟန်တူသူများ နဲ့ အိမ်ပြေးဖြစ်ဟန်တူသူ လူမမယ်ကလေးများ ဖြစ်ပါတယ်။

`မှတ်ပုံတင် တဆိတ်လောက် ပြစမ်းပါ´ ဆိုတဲ့ စကားဟာ သိပ်တော့ မထူးဆန်းသယောင် ရှိပေမယ့် စစ်သားမြင်ရင် နဂိုကတည်းကမှ အလိုလိုကြောက်နေတဲ့ ကလေးငယ်တယောက်ကို ခြိမ်းခြောက်ဖို့တော့ အလွန် အသုံးတည့်ပါတယ်။ အဲဒီ မေးခွန်းကိုပဲ တခြားသော သားကောင်များကိုလဲ အသုံးချပါတယ်။ မှတ်ပုံတင် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အိမ်ပြေး ကလေးတော်တော်များများကတော့ အဲဒီစစ်သားနောက်ကို ပါသွားတော့တာပါပဲ။

စစ်တပ်ထဲကို ညီလေးကဲ့သို့ လူမမယ်ကလေးငယ်များ ရောက်သွားလေ့ရှိတာအပြင် တပ်မတော်ကို အလွန်အင်မတန် နာမည်ပျက်စေပြီး ပြည်သူလူထုအတွက်ပါ အန္တရာယ်သိပ်ကြီးတဲ့ စစ်သားစုဆောင်းတာ တခု ရှိပါသေးတယ်။ အဲဒါကတော့ ရာဇ၀င်လူဆိုးတချို့နဲ့ ရဲဘက်ပြေး၊ ၀ရမ်းပြေးတချို့ကို စည်းရုံးမိတာပါ။ ရာဇ၀တ်မှု တခုနဲ့ ရှောင်တိမ်းနေရတဲ့ လူဆိုးတယောက်ဟာ စစ်တပ်ထဲ ၀င်လိုက်တော့ တော်ရုံအားဖြင့် ရဲက လိုက်ဖမ်းဖို့ ကွင်းဆက် ပြတ်သွားလေ့ရှိပါတယ်။ အဲဒီလူဆိုးက စစ်တပ်ထဲ ၀င်ပြီးတော့လဲ သူ့နဂိုဗီဇကိုက မကောင်းခဲ့တော့ ဇာတိပြန်ပြလေ့ရှိပါတယ်။ အသေးဆုံး ပြစ်မှုအဖြစ် စစ်တပ်က ပေးတဲ့ စစ်ပစ္စည်းတွေကို ရောင်းစား၊ ထွက်ပြေး၊ နောက်ထပ်တခါ စစ်တပ်ထဲကို ထပ်ဝင်တာကနေ အကြီးဆုံး ပြစ်မှုအဖြစ် ပြည်သူကို နှိပ်စက်ကလူပြုတာ၊ ပြည်သူ့သမီးပျိုများကို မုဒိမ်းကျင့်တာမျိုးတွေအထိပါ လုပ်ဆောင်ပါတယ်။ ဒီနည်းအားဖြင့်လည်း စစ်တပ်ဟာ ရာဇ၀တ်သားတွေကို အကာအကွယ်ပေးရာ ကျနေပါတယ်။

ရရာလူကို စစ်တပ်ထဲ ဆွဲထည့်တဲ့ မတော်တရော် စည်းရုံးမှု နောက်တခုကတော့ အသက်ကြီးရင့်သူ အိမ်ခြေမဲ့ တချို့ကို စစ်တပ်ထဲ အတင်းအဓမ္မ၀င်ခိုင်းစေတာပါ။ မြန်မာတပ်မတော်မှာ အနည်းဆုံး အသက်(၁၈)နှစ်ပြည့်မှ စစ်တပ်ထဲ ၀င်လို့ရမယ်လို့ စည်းကမ်းသတ်မှတ်ထားသလို အသက်(၂၅)နှစ်အထက်ဆိုရင်လဲ တာဝန်ထမ်းဆောင်ခွင့် မရှိပါဘူး။ ဒါပေမယ့် သတ်မှတ်ဦးရေ ပြည့်မီရေးကိုသာ အဓိကထား စုဆောင်းကြတာကြောင့် အသက် ၃၀ မှ ၄၀ အကြား အိမ်ခြေမဲ့များဟာ စစ်တပ်ထဲ ရောက်လာလေ့ ရှိပါတယ်။

စစ်သားတယောက်က ပြောဖူးပါတယ်။ `စစ်သားလုပ်လို့ သူဌေးမဖြစ်ဘူး၊ သူဌေးဖြစ်ချင်လို့လဲ စစ်တပ်ထဲကို ၀င်လာတာ မဟုတ်ဘူး´ တဲ့။ ဟုတ်ပါတယ်။ အဲဒီအချက်တွေကြောင့် ဒီဘက်ခေတ်ကာလမှာ တော်ရုံလူက စစ်တပ်ထဲကို မ၀င်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အရပ်ထဲမှာ ဘယ်လိုမှ နေလို့မရတော့တဲ့လူ၊ အိမ်နဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာသူ လူငယ်တချို့၊ ဘာမှ မသိနားမလည်တဲ့ ကလေးငယ်တချို့နဲ့ ကျနော်အထက်က တင်ပြခဲ့တဲ့ ရာဇ၀တ်မှု ကျူးလွန်ဖူးသူ လူဆိုးများနဲ့ အခြေအနေမဲ့များသာလျင် အများအားဖြင့် စစ်တပ်ထဲကို ၀င်ပါတယ်။ အဲဒါတွေရဲ့ ရလာတဲ့ အကျိုးဆက်ကတော့ စစ်တပ်ကို လူအထင်သေးတာ၊ မုန်းတီးတာတွေပါပဲ။

စစ်တပ်ထဲကို အကွက်ကျကျနဲ့ ရည်မှန်းချက်ကောင်းကောင်းတွေ ထားပြီးဝင်လာကြတဲ့ လူတန်းစားတရပ်ကတော့ အရာရှိလောင်းတွေပါ။ ယနေ့ခေတ် အရာရှိလောင်း အများစုရဲ့ ရည်ရွယ်ချက်တွေက ဘယ်အချိန်မှာ ဗိုလ်သင်တန်းဆင်းရင်၊ ဘယ်အချိန်လောက်ဆို ဗိုလ်အဆင့်ဖြစ်မယ်၊ ဗိုလ်မှူးဖြစ်မယ်။ တပ်မှူးဖြစ်မယ်၊ တပ်မမှူးဖြစ်မယ် စသဖြင့် ရည်မှန်းချက်တွေနဲ့ပါ။ အဲဒီရည်မှန်းချက်တွေအတွက် ငွေကိုလိုသလို ပုံအောသုံးနိုင်အောင်လည်း သူတို့မိဘတွေက ရာထူးကြီးကြီး အရာရှိကြီးတွေ၊ သို့တည်းမဟုတ် စီးပွားရေးကောင်းတဲ့ သူကြွယ်ကြီးတွေ ဖြစ်နေလေ့ရှိပါတယ်။ ဒီတော့ သူတို့တတွေကလဲ `သူဌေးဖြစ်ချင်လို့ စစ်တပ်ထဲ ၀င်လာတာ မဟုတ်ဘူး´ လို့ ၀င့်ကြွားစွာ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် မြန်မာပြည် အနေအထားအရ စစ်တပ်ရာထူးကို သွားရည်ယိုလို့ စစ်တပ်ထဲ ၀င်လာတာကတော့ မြေကြီးလက်ခတ်မလွဲပါ။

အဲဒီလိုနဲ့ အရာရှိကလဲ အရာရှိအလျှောက် အခြားအဆင့်ကလဲ အခြားအဆင့်အလျှောက် ပုံမှန် မဟုတ်တဲ့ အနေအထားတွေနဲ့ ၀င်လာကြတဲ့ လူတွေရဲ့ အင်အားရာခိုင်နှုန်းက တဖြည်းဖြည်းနဲ့ များလာတော့ နှစ်တွေကြာလေလေ တပ်မတော်ကြီးက ဂုဏ်သိမ်ညှိုးနွမ်းလေလေ ဖြစ်ရပါတော့တယ်။ ဒီလိုနည်းနဲ့ အင်အားရှိလာတဲ့ တပ်မတော်ကြောင့် တိုင်းပြည်မှာလဲ ဘယ်လိုမှ အင်အားမရှိတော့ပါဘူး။ ပြည်သူတွေမှာလဲ သားဆိုးကို မွေးမိတဲ့ မိဘများနှယ် တပ်မတော်ရဲ့ ဆိုးမွေကို ခါးစည်းခံရပါတယ်။ ဆိုးလွန်းတဲ့ သားကြောင့် မိဘတွေမှာ ပတ်ဝန်းကျင်မှာလဲ မျက်နှာငယ်ရပါတယ်။

အခု တင်ပြခဲ့တဲ့ အချက်အလက်တွေကို ဖတ်ပြီးတော့ `ဒါဖြင့် စစ်တပ်ကြီး တခုလုံး မကောင်းတော့ဘူးလားကွာ၊ စစ်သားတွေ အကုန်လုံးက ဒီလို ဖြစ်နေပြီလား၊ စစ်တပ်ထဲကို ရောက်လာသူတိုင်း ဒီပုံစံနဲ့ အားလုံးရောက်လာကြတာလား´ လို့ မေးစရာ ရှိပါတယ်။ အဲဒီမေးခွန်းကို ပြန်ဖြေရမယ်ဆိုရင်တော့ `ကျနော်ကိုယ်တိုင်လဲ တိုင်းပြည်ကို တကယ်ချစ်လို့ ငါ့ပြည်သူအတွက် ကာကွယ်ပေးဖို့၊ ငါ့ပြည်သူကို အလုပ်အကျွေးပြုဖို့ စစ်တပ်ထဲကို ဖြူစင်တဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ၀င်လာတဲ့ ပြည်သူ့တပ်မတော်သား အစစ်အမှန်ကို လိုလိုလားလား ကြိုဆိုချင်ပါတယ်´ လို့ ပြန်ဖြေပါမယ်။ ပြည်သူကို အမှန်တကယ် တကယ်ချစ်တဲ့ စစ်သားတွေသာ တပ်မတော်မှာ နေရာများများရလာရင် ကျနော်တို့ လက်ရှိနေနေရတဲ့ အခြေအနေကနေ တစုံတရာ ပြောင်းလဲလာမှာကို ယုံကြည်မိလို့ပါ။ ဒါပေမယ့် လက်ရှိ တပ်မတော်အနေအထားကတော့ အခြေအနေမကောင်းလှတာ အသေအချာပါပဲ။

***

`ကဲ၊ ညီလေး မင်းနောက်တခါဆိုရင် မိဘမသိဘဲ စစ်ထဲ ၀င်လို့မရတော့ဘူးနော်´

ညီလေးကို ပြန်ခေါ်လာတော့ သူ့သင်တန်းကျောင်းက သင်တန်းမှူးဗိုလ်ကြီးက ခပ်တည်တည်နဲ့ အဲဒီလို မှာလိုက်ပါတယ်။ ဒါပေမယ့် ကျနော့်ညီလေးနဲ့ ရွယ်တူကလေးလေးတွေ သူ့သင်တန်းမှာ အဲဒီတုန်းက အများကြီး ကျန်နေခဲ့ပါသေးတယ်။ နောက်ထပ်လဲ ညီလေးလို လူမမယ်လေးတွေ ဘယ်လောက်များများ စစ်ထဲ ရောက်ခဲ့ကြသေးသလဲ ကျနော်မခန့်မှန်းတတ်ပါ။

တီဗွီတွေ၊ ရေဒီယိုတွေထဲမှာ `တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ~~~ တပ်မတော်အင်အားရှိမှ တိုင်းပြည်သာယာမည်´ ဆိုတဲ့ သီချင်းကို ကြားနေရတာ ကြာပါပြီ။ ဘယ်လို အင်အားမျိုးပါလိ့မ်လို့ ပြန်မေးရင်……။


ကလိုစေးထူး


(ဒီဆောင်းပါးရေးဖို့ ချိန်ရွယ်ခဲ့တာ အတန်ငယ်ကြာပါပြီ။ အချက်အလက်တွေ စုဆောင်းနေတာနဲ့ ကြာသွားခဲ့တယ်။ တချို့အချက်အလက်တွေကို ကျနော့်အရင်ဆောင်းပါးတပုဒ် `မြန်မာပြည်မှ ကလေးစစ်သားများ (လေလွင့်သွားသော နိုင်ငံ့သည်းချာများ) ဆောင်းပါးကနေ ပြန်လည် ကောက်နှုတ်ပါတယ်)



8 comments:

Anonymous said...

ခုလို အချက်အလက် အပြည့်အစုံနဲ့ ၊ ကိုယ်တွေ့ ပါ မျှဝေခံစားထားတဲ့ ပို့စ်လေးတွက် ကျေးဇူးပဲ ကိုစေးထူးရေ ။

Anonymous said...

တယူသန်တယ်လို့တော့ မထင်စေချင်ဘူး။ စစ်တပ်ထဲမှာ အမုန်းဆုံးက စစ်သားတွေမဟုတ်ပဲ အကွက်ကျကျစဉ်းစားပြီးမှ ၀င်လာတယ်ဆိုတဲ့ အရာရှိတွေပဲ။

s0wha1 said...

ကောင်းပါလေ့...စာစောင်ထဲမှာ ပါဦးမယ် ထင်တယ်...:P

Thelay said...

သဲလေးတို့ မြို့ မှာ ရှိတဲ့ တောင်းတဲ့ ကလေးလေးတွေ.. (သူတောင်းစားလေးတွေ ) အကုန်လုံး ဟာ.. မွေးပြီးတာနဲ့ ယောင်္ကျားလေးဆို နာမည်ကောက်ထားပြီး စစ်တပ်စုဆောင်းရေး ထဲကို ထည့်ထားတယ်.. သူတို့ နည်းနည်း အရွယ်ရောက်လာတာနဲ့ စစ်တပ်ထဲ ထည့်လိုက်တာပါပဲ.

Anonymous said...

အရာရှိ လောင်းတွေထဲမှာ နယ်ကနေ အထက်တန်းအောင်ပြီး တစ်ခြား ရွေးစရာ မရှိတော့လို့  ၀င်လာသူတွေလဲ ရှိပါတယ်။ ဘာကြောထောက်နောက်ခံမှ မရှိပါဘူး။ ရည်ရွယ်ချက်ကြီးလဲ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေအရ မိဘကျေးဇူးဆပါဖို့ ၊ လောက မှာ နေရာတစ်နေရာ ရဖို့ က ဒါဘဲ ရှိလို့ ပါ။

Thet Htoo@Myat Lone said...

ကိုကလိုစေးထူးရေ။ အချို့ ဗိုလ်မှူးအဆင့်ရှိသူတွေတောင် ပိုက်ဆံအတွက် မဟုတ်ပဲနဲ့ စစ်သားစုဆောင်းရေး လုပ်ပါတယ်။ ဘာကြောင့်ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ အချို့ အခြားအဆင့်တွေက တပ်သားသစ်တစ်ယောက်အတွက် နှစ်သောင်း သုံးသောင်း ရလို့ လုပ်တာက ပိုက်ဆံအတွက်လုပ်တာပါ။ ကလေးသူငယ်တွေဆိုတာ အရောင်မရှိပါဘူး။ တီဗွီထဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပုံတွေ၊ လူဆိုးသူခိုး သူပုန်တွေကို တိုက်နေတဲ့ စစ်သားတွေ အဲဒီလို ၀ါဒဖြန့် အရှက်မရှိ ဇတ်လမ်းတွေကိုပဲ ကြည့်ရတဲ့ ကလေးသူငယ်တွေဟာ စစ်ထဲ ကို အရမ်းဝင်ချင်ကြပါတယ်။ သူတို့လေးတွေကို အသုံးချချင်တဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးနဲ့ အခြားအဆင့်တွေ အများကြီးပါ။ ကျွန်တော်ကိုယ်တိုင် မကြုံဖူးပေမယ့် ကျွန်တော့် အသိမိတ်ဆွေတွေကိုယ်တိုင် အဲဒီလို ဓါးစာခံ ကလေးတစ်ယောက်ကို ဗိုလ်မှူးတစ်ယောက်စီကနေ ကယ်ပေးဖူးပါတယ်။ အဲဒီကလေးက သူ့ရွာကို ပြန်ပို့ပေးတာတောင် မလိုက်ချင်ပါဘူး။ ကျွန်တော့် မိတ်ဆွေများက အတင်းအကျပ် သူ့မိဘတွေဆီကို ပြန်ခေါ်လာရတာပါ။ သူ့မိဘတွေက ပြန်တွေ့တော့ ကလေးကို ဖက်ပြီး ငိုကြတဲ့ပုံ ကျွန်တော့်ကို ပြန်ပြောပြတာ တော်တော် ၀မ်းနည်းဖို့ကောင်းပါတယ်။ သနားစရာပါပဲ။ တစ်ခုပါပဲ။ အရာရှိတွေရဲ့ သားသမီးတွေတော့ ပါချင်မှ ပါမှာပေါ့လေ။ အခြားအဆင့်က တပ်မတော်သားများခင်ဗျာ။ ခင်ဗျားတို့ရဲ့ သားသမီးတွေကို အဲဒီလို လုပ်ရင် ခံနိုင်ပါ့မလား။

ကလိုစေးထူး said...

ဂျစ်တူးရေ..၊ အချိန်ယူပြီး လာဖတ်ပေးတာလဲ ကျေးဇူးပါပဲ။ s0wha1 ဒါတော့ မသိသေးဘူး.. မကြာမီလာမည်မျှော်.. :P
သဲလေး… ကျနော်တို့ ညီလေးကို ပြန်ထုတ်ဖို့ မင်္ဂလာဒုံ စုဆောင်းရေးကို လိုက်သွားတုန်းကလဲ ကလေးခပ်ငယ်ငယ် ဆယ်နှစ်သာသာလေးတွေကို တွေ့ခဲ့တယ်။ မွေးထားတာတဲ့..။ စစ်ထဲ သွင်းဖို့အတွက်လေ။
အမည်မသိ မိတ်ဆွေ ပြောတဲ့ အရာရှိလောင်းတွေလဲ တပ်မတော်မှာ ရှိမှာပါ။ တခုပါပဲဗျာ၊ ဒါပဲ ရှိလို့ဆိုပြီး ရွေးချယ်လိုက်တယ် ဆိုတဲ့ နေရာကို ရတဲ့အခါ သူဘာဆက်လုပ်မလဲ..။ ကျနော့် အယူအဆကို ပြောရရင်တော့ဗျာ၊ တပ်ထဲဝင်ပြီးမှ မိဘကျေးဇူး ဆပ်ရမယ်ဆိုတာကတော့ တယ်မနိပ်လှပါဘူး။ ရည်ရွယ်ချက်ကြီးလဲ မဟုတ်ပါဘူးလို့ မိတ်ဆွေပြောပေမယ့် နေရာတနေရာရဖို့က ဒါပဲရှိလို့ပါ ဆိုတာနဲ့တင် အဖြေပေါ်သလိုဖြစ်နေပါတယ်။
ကိုမျက်လုံးရေ..၊ ကိုမျက်လုံး ပြောပြတာ ရင်နင့်စရာပါ။ မှတ်ချက်ရေးပေးတာလဲ ကျေးဇူးပါ။

Anonymous said...

ရင်နင့်တယ်။