Tuesday, June 12, 2007

ပြစ်မှုကြွေးကို ... ???

လူမိုက်တွေရဲ့ လက်သုံးစကားလားတော့ မသိ…။ အရပ်ထဲမှာ ပြောကြတာကို ကျနော် ကြားဖူးတာ တခုရှိပါတယ်။ အဲဒါကတော့ `ထောင်အပြင် တန်းမရှိ´ တဲ့။

ထောင်ကျသွားပြီးမှတော့ ဘာများထူးအုံးမှာလဲ ဆိုတဲ့ သဘောသဘာဝကို ပြောချင်တာ ထင်ရဲ့။ ဒါပေမယ့်….။

***

၁၉၉၂ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ်အနှံ့ ထိုးစစ်တွေ တရစပ်ဆင်ခဲ့ပါတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်မှာတော့ ထိုးစစ်တွေကို ငြိမ်းချမ်းရေး အလို့ငှာ အကြောင်းပြပြီး ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီထိုးစစ်တွေရဲ့ တန်ဆာခံ ဖြစ်ခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ ပေါ်တာအဖြစ် အသုံးချခံခဲ့ရတာတွေကို ကျနော့်ကိုယ်တွေ့နဲ့ ယှဉ်ပြီး အတန်အသင့် ရေးခဲ့ပြီးပါပြီ။

အလျဉ်းသင့်တုန်း တင်ပြချင်တာ တခုရှိပါတယ်။ မြန်မာစစ်တပ်တွေ ရှေ့တန်း စစ်ဆင်ရေး ထွက်ကြတဲ့ အခါ ဘာဖြစ်လို့ သူတို့ဝန်စည်တွေကို သူတို့ မသယ်ဘဲ အရပ်သားပြည်သူတွေကို အသယ်ခိုင်းရပါသလဲ ဆိုတာပါ။
ကျနော် မြင်မိသလောက် တင်ပြရရင်-

(၁) လက်နက်ကြီး/ လက်နက်ငယ် များရဲ့ ကျည်များကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။
(၂) စားရေ ရိက္ခာများကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။
(၃) တပ်တွင်း အခွင့်ထူးခံ အရာရှိကြီးငယ်များရဲ့ ၀န်စည် စလယ်များကို အခြားအဆင့် စစ်သည်များက သယ်ယူရန် မတတ်နိုင်ခြင်း။

အဲဒီအချက်တွေအပြင် ပိုဆိုးတာတခုကတော့ သူတို့မှာ ပါလာတဲ့ ဒုတိယကမ္ဘာစစ်လက်ထက်ကတည်းက မြေပုံက လက်ရှိမြေပြင် အနေအထားနဲ့ ကွာဟနေလို့ အသုံးမတည့်လှတာကြောင့် နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတယောက်ယောက်ကို လမ်းပြ အလို့ငှာ အသုံးချခြင်းပါ။ အဲဒီလမ်းပြတွေက အသက် အန္တရာယ်နဲ့လဲ ပိုနီးစပ်ပါတယ်။ ရှေ့ဆုံးက သွားရတဲ့အပြင် မြေမြုပ်မိုင်းအန္တရာယ်ကလဲ ရှိပါသေးတယ်။

၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ အရပ်ထဲက ပြည်သူတွေကို ပေါ်တာအဖြစ် အသုံးချတာ အတော်ကြီးကို နည်းသွားခဲ့ပါတယ်။ အိုင်အယ်လ်အို အဖွဲ့ရဲ့ ဖိအားကြောင့် ရပ်ကွက်/ ကျေးရွာ ရအဖ ရုံးတွေမှာဆိုရင်လဲ `အတင်းအကျပ် လုပ်အားပေး ဆင့်ခေါ် စေခိုင်းမှု´ နဲ့ ပတ်သက်တဲ့ အမိန့်စာလေးတွေကို ဟိုတစ ဒီတစ တွေ့လာရပါတယ်။ အဲဒီတုန်းကတော့ ဟုတ်တုတ်တုတ်တော့ ရှိလာပြီလားလို့ ထင်မိသား။ သို့သော်…။

၁၉၉၇ ခုနှစ်မှာ ကရင်ပြည်နယ် အနှံ့အပြားမှာ ထိုးစစ်တွေ ထပ်မံပြုလုပ်ပြန်ပါတယ်။ ကျနော်တို့ မြို့ကလေးမှာဆိုရင် ဘောလုံးကွင်းထဲမှာလဲ စစ်ကားတွေ အပြည့်၊ မြို့ထဲ လမ်းမပေါ်မှာလဲ စစ်ကားတွေ အစီအရီနဲ့ တမြို့လုံး အစိမ်းရောင်တွေနဲ့ အုံ့မှိုင်းနေခဲ့ပါတယ်။ ကရင်အကိုကြီး တယောက်ရဲ့ အဲဒါနဲ့ ပတ်သက်လို့ ပြောစကားကို အခုထိ မှတ်မိနေပါသေးတယ်။ `ရဲဘော်တွေ များတာတော့ လက်ကုန်ပဲဟေ့၊ ရဲဘော်စစ်ကြောင်းက ခေါင်းက ရှေ့တန်းရောက်ပေမယ့် အမြီးက တို့မြို့မှာ ရှိတုန်း..´ …တဲ့။

***

`ကျနော်တို့ကို ဒီအိမ်ဝင်းမှာ တည်းခွင့်ပြုပါ´

တည်းခွင့်ပြုပါ သာ ပြောတယ်။ အိမ်ဝိုင်းထဲကို ရောက်နှင့်နေကြပြီ ဖြစ်တဲ့ အစိမ်းရောင် လူတစုကို မေမေက ဘာမှ မတတ်နိုင်တဲ့ဟန်နဲ့ မေးအသာဆတ်ပြလိုက်ပါတယ်။ တပ်မနဲ့ ချီပြီး များပြားလှတဲ့ စစ်သားတွေရောက်နေတာကြောင့် နယ်ခံတပ်ရင်းမှာ နေရာမဆန့်ပေလို့လားတော့ မသိ..။ ကျနော်တို့ မြို့လေးရဲ့ စစ်တပ်နဲ့ အနီးဆုံးရပ်ကွက်က အိမ်တော်တော်များများမှာ အခုလိုပဲ စစ်သားတွေ ဟိုတစု ဒီတစု ၀င်တည်းကြပါတယ်။ တညတန်သည်၊ နှစ်ညတန်သည် တည်းပြီးရင်တော့ ရှေ့တန်းထွက်ကြပါတယ်။

`ကျနော်တို့ အိမ်အောက်မှာပဲ အိပ်ကြမှာပါ´

ခေါင်းဆောင် ဖြစ်ဟန်တူသူ သုံးရစ်နဲ့ ပုဂ္ဂိုလ်က ပြောပြောဆိုဆိုနဲ့ ပါလာတဲ့ သူ့လူတွေကို ခြံထောင့်မှာ နေရာချထားပေးပါတယ်။ တဆက်တည်းမှာ သူ့တပည့်တွေကို `ကင်းချဟေ့´ လို့ အမိန့်ပါ တခါတည်းပေးလိုက်တော့ ကျနော်တို့ အိမ်ဝင်းလေးလဲ နေရင်းထိုင်ရင်းနဲ့ အစောင့်နဲ့ ဘာနဲ့ လုံခြုံရေးအပြည့် ဖြစ်သွားသလိုလို…။ အဲဒီမှာတင် သတိထားမိတာကတော့….။

မီးသတ်ဝတ်စုံအရောင် အင်္ကျီအပြာ၊ ဘောင်းဘီအပြာနဲ့ လူတချို့..။ မျက်နှာထားတွေကလဲ စိုးရွံ့နေသလိုလို မျက်နှာငယ်လေးတွေနဲ့..။ နောက်တော့မှ သိရတာက အဲဒါ `ထောင်သားတွေ´ တဲ့..။

***

စစ်တပ်အကြီးအကဲ အုပ်ချုပ်သူများရဲ့ ရွှေဉာဏ်တော် စူးရောက်ချက်လားပဲ ပြောရမလား မသိ..။ အရပ်ထဲက ပြည်သူတွေကို လူမြင်သူမြင် ပေါ်တာဆွဲဖို့ အခြေအနေမပေးတော့တဲ့ အခါမှာ သူတို့ရဲ့ ၀န်စည်တွေကို သယ်ပိုးသမားအဖြစ် အသုံးချဖို့ သူတို့ မျက်စိကျတာကတော့ ထောင်တွေထဲမှာ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေပါ။

`၀န်ဆောင် တပ်ရင်း´ လို့ အမည်ပေးပြီးတော့ ရဲဘက်စခန်းအချို့က အကျဉ်းသားတွေကို ပေါ်တာအလို့ငှာ အသုံးချတဲ့ စနစ်ကို (ကျနော်တွေ့ရှိ မှတ်သားမိသလောက်) အဲဒီနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ အစပထမပိုင်းမှာတော့ သူတို့ အများဆုံး အသုံးပြုလေ့ရှိတဲ့ အကျဉ်းသား အမျိုးအစားကတော့ စစ်ပြေးမှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု အစသဖြင့် ပြစ်မှုတွေနဲ့ စစ်တပ်မှ ထုတ်ပယ်ရန် အလို့ငှာ အရပ်ထောင် အချခံရတဲ့ အကျဉ်းသားတွေပါ။

စကားချပ်။ (စစ်သားတွေကို ထောင်ဒဏ်အပြစ်ပေးနည်း နှစ်နည်းရှိပါတယ်။ စစ်ထောင်နဲ့ အရပ်ထောင်ပါ။ စစ်ထောင်ကတော့ စစ်တပ်မှ နှုတ်ထွက်စရာ မလိုပါဘူး။ အများဆုံး စစ်ထောင်အပြစ်ဒဏ်ကလဲ တနှစ်အထိသာ ချလေ့ရှိပါတယ်။ အရပ်ထောင်ကတော့ စစ်တပ်ကနေပါ ထုတ်ပယ်တဲ့ အပြစ်ဒဏ်ကျူးလွန်ရင် ပေးတဲ့ အပြစ်ဒဏ်ပါ။ နှစ်မျိုးလုံးကို စစ်ခုံရုံးကနေ အမိန့်ချတာပါ။)

စစ်ဆင်ရေး ပမာဏက ကြီးလွန်းတော့ နောက်ပိုင်းမှာ စစ်ပြေး အကျဉ်းသားတွေနဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီမှာ တဆင့်တက်ပြီး လွတ်ရက်စေ့ နှစ်ရှည် အကျဉ်းသားတွေကို အသုံးချပြန်ပါတယ်။ ကျနော်တို့ အိမ်မှာ လာတည်းသွားကြတဲ့ စစ်သားတွေနဲ့ အတူ ပါလာတဲ့ အကျဉ်းသား ပေါ်တာ တယောက်ကို စပ်စုကြည့်မိတော့ သူက လူသတ်မှုနဲ့ ထောင်ဒဏ် ဆယ့်သုံးနှစ် ကျခဲ့တာ ထောင်ထဲမှာ ဆယ်နှစ်နေခဲ့ပြီးပါပြီတဲ့။ ကျန်တဲ့ သုံးနှစ်ကို အခု ပေါ်တာအဖြစ် လိုက်ရင် ပြန်ရောက်တာနဲ့ ထောင်ကနေ လွှတ်ပေးမယ်ဆိုလို့ စွန့်စားတဲ့ အနေနဲ့ လိုက်ခဲ့တာလို့ ပြောပါတယ်။ သူ့စိတ်ထင် တခေါက်ကို အလွန်ဆုံးကြာလှ လေးငါးလပေါ့လို့ ထင်ခဲ့မိပါတယ်တဲ့။

စစ်ပြေး အကျဉ်းသားတွေကိုတော့ စစ်သားလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိပြီးသားမို့လို့ အသုံးချတယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမယ့် အရာရှိ ဘ၀ကနေ အရပ်ထောင်ကျသွားတဲ့ အကျဉ်းသားပေါ်တာတွေတော့ မတွေ့ခဲ့ရပါဘူး။ အခြားအဆင့်ကနေ ထောင်ကျတဲ့ စစ်သားဟောင်း အကျဉ်းသားတွေပဲ ပါလာတာ တွေ့ပါတယ်။

`၀န်ဆောင်တပ်သားများ´ လို့ ခေါ်ဝေါ်တဲ့ အဲဒီ အကျဉ်းသားတွေရဲ့ အသက်တန်ကြေးဟာ ရှေ့တန်း စစ်မြေပြင်ကို ထွက်လိုက်တာနဲ့ ဖက်ရွက် တခုလောက်တောင် တန်ဖိုးမရှိတော့ပါဘူး။ ခန္ဓာနဲ့ဝန် မျှသည် မမျှသည်ကိုလဲ လူသားချင်း စာနာတဲ့ အသိနဲ့ စစ်သားတွေက သူတို့ အတွက် ထည့်တွက်လေ့ မရှိပါဘူး။ ထွက်ပြေးရင်လဲ အသေသာ ပစ်သတ်လေ့ရှိပါတယ်။ သေသွားတော့လဲ ခွေးသေတကောင်လောက်တောင် တန်ဖိုးမထား ပစ်စလတ်ခတ် ပစ်ထားလိုက်တာပါပဲ။ `ခွေးကမှ ချက်စားလို့ ရသေးလို့ မင်းတို့ထက် အဖိုးတန်သေးတယ်´ လို့ စစ်သားတယောက်က ပြောတယ်လို့ အကျဉ်းသားပေါ်တာကြီးတယောက် ရင်ဖွင့်ခဲ့ဖူးပါတယ်။

တပ်ရင်းက ရှေ့တန်းကို ထွက်ကြတဲ့ အခါ အရာရှိလုပ်သူတွေက ပစ္စတိုလေး ခါးချိတ်လို့ ဘာဝန်စည်စလယ်မှ မပါ၊ အိုက်တင် အခန့်သား၊ တပ်မှူးဆိုရင် တုတ်ကောက်လေး တထောက်ထောက်နဲ့ ဟန်ပါပါသွားနိုင်ပေမယ့် သူတို့ရဲ့ ၀န်စည်စလယ်တွေကို ၀န်တင်လားများသဖွယ် မနိုင့်တနိုင် ထမ်းပိုးလိုက်ပါသွားရတဲ့ အကျဉ်းသား ပေါ်တာတွေရဲ့ ပုံရိပ်က ရင်ဆို့စရာ ကောင်းလှပါတယ်။ ဘယ်နှယောက် ရှေ့တန်း စစ်မြေပြင်မှာ သေဆုံးပြီး၊ ဘယ်နှယောက် အသက်မသေဘဲ လျှောလျှောရှူရှူနဲ့ နောက်တန်းကို ပြန်ရောက်တယ်၊ လွတ်မြောက်ခွင့်ရတယ် ဆိုတာကတော့ တွက်ချက်ဖို့ အတော်လေးကို ခဲယဉ်းတဲ့ ပုစ္ဆာတခုပါပဲ။

`ဘယ်တော့ ပြန်ရမယ်ထင်လဲ´

အိမ်မှာလာတည်းတဲ့ အကျဉ်းသားပေါ်တာတယောက်ကို လူလစ်တုန်း အဲဒီမေးခွန်းကို တိုးတိုးတိတ်တိတ် မေးကြည့်လိုက်တော့ သူ့မျက်လုံးမှာ မျက်ရည်တွေ စို့ခနဲ တက်လာပါတယ်။ ဟိုးအဝေးကြီးကို ခပ်ငေးငေးကြည့်ရင်း မျက်ရည်တွေ ပေါက်ခနဲ ကျလာတယ်။ ပြီးတော့ တိုးဖွဖွနဲ့ တခွန်းတည်း ပြန်ဖြေပါတယ်။

`မသိသေးဘူး´ ….. တဲ့။ ဒါပေမယ့် ကျနော်လဲ သူ့ကို ဘာမှ အကူအညီ မပေးနိုင်ခဲ့ပါဘူး..။

တကယ်တော့ တပ်ရင်းတရင်းရဲ့ စစ်ဆင်ရေးကာလဟာ များသောအားဖြင့် ခြောက်လခန့်သာ ကြာမြင့်လေ့ရှိပေမယ့် လှုပ်ရှားသွားလာနေတဲ့ အဲဒီခြောက်လအတွင်း ၀န်စည်တွေကို ထမ်းပိုးပြီး ဖြတ်သန်းရမယ့် အကျဉ်းသားပေါ်တာတွေရဲ့ ၀ဋ်ဒုက္ခကို ခြောက်ရက်တာမျှသာ ပေါ်တာငရဲခံဖူးတဲ့ ကျနော့်ကိုယ်တွေ့နဲ့ ယှဉ်ပြီး ကိုယ်ချင်းစာမိလှပါတယ်။ လူ့ခန္ဓာကိုယ်က ရှိသမျှ အားအင်အကုန်လုံးကို ထုတ်ယူပစ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်လှပြီး ကိုယ့်အသက်ကိုလဲ တန်ဖိုးထားခြင်း တစက်ကလေးမှ မခံရတဲ့အထဲ တပ်ရင်းတရင်းက နောက်တန်းပြန်နားတဲ့ အခါ နောက်ထပ်ရှေ့တန်း တာဝန်ထမ်းဆောင်မယ့် တပ်ရင်းအတွက် အဲဒီအကျဉ်းသားတွေကို ထပ်မံလွှဲပြောင်းလို့ ထပ်ခါတလဲလဲ ခိုင်းစေကြပြန်တော့ စစ်သားတွေကမှ ခြောက်လတခါ နားရတယ်၊ သူတို့ခမျာမှာတော့ စစ်ဆင်ရေးကြီး မပြီးမချင်း ၀န်စည်တွေကို ထပ်တလဲလဲ ထမ်းပိုးနေရသလို ဖြစ်နေပါတယ်။

***

မုတ္တမ-ရန်ကုန် ကားလမ်းဘေးက ဇင်းကျိုက်အနီးမှာ ကျောက်ထု ရဲဘက် အကျဉ်းစခန်းတခုကို ခရီးသွားရတိုင်း ဖြတ်သွားခဲ့ရဖူးပါတယ်။ အဲဒီလို ဖြတ်သန်းရတိုင်းမှာ ဟိုးခပ်ဝေးဝေးက အဖြူရောင် ၀တ်စုံ ပေညစ်ညစ်နဲ့ ပင်ပန်းကြီးစွာ ကျောက်ထုနေတဲ့ အကျဉ်းသားတွေရဲ့ ဒီမှာဘက် လမ်းဘေးအနီးက ဆိုင်းဘုတ်လေးမှာ ရေးထားတဲ့ စာတန်းကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အဲဒါကတော့..

`ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်မည်´ …တဲ့။

လူ့ဘောင် လောကကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ပြီးလို့ အဲဒီအပြစ်အတွက် ထိုက်တန်တဲ့ ပြစ်မှုကို ခံယူရတယ်ဆိုတာက ဓမ္မတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အပြစ်ဒဏ်အတွက် မြန်မာနိုင်ငံက ပေါ်တာ အကျဉ်းသားတွေ ပေးဆပ်နေရတဲ့ ပြစ်ဒဏ်ကတော့ ကြီးမားလွန်းလှပါတယ်။ ဒီအခြေအနေကို ပပျောက်ဖို့ ဘယ်လိုလုပ်ရပါ့၊ အင်မတန်လဲ စဉ်းစားရခက်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကတော့ မေးစရာတောင် လိုတော့မယ်တောင် မထင်ပါ။

ဒါကြောင့်…

ပြစ်မှုကြွေးကို ချွေးနဲ့တင်မက၊ သွေး၊ အသက်နဲ့ပါ ပေးဆပ်နေရတဲ့ ပေါ်တာအကျဉ်းသားစနစ် မြန်မာပြည်ကနေ လွင့်ပျောက်ပါစေလို့ ဆုတောင်းရုံသာ တတ်နိုင်ရင်း….။

ကလိုစေးထူး

6 comments:

May Nyane said...

ကိုစေးထူးရေ..
ကျမသိသလောက်တော့
ထောင်အပြင် တန်းမရှိဘူးဆိုတာက
ယောက်ျားလေးတွေအနေနဲ့ ဆိုးတဲ့ မိုက်တဲ့အခါ
ထောင်ကျရုံပဲ..မိန်းကလေးတွေဆိုရင်တော့
အတန်းလို့ ခေါ်လေ့ရှိတဲ့ ပြည့်တန်ဆာရပ်ကွက်လိုမျိုးကို
ရောက်သွားနိုင်တယ်ပေါ့။အဲလိုကြားဖူးပါတယ်။

s0wha1 said...

ကိုကြီးက ဦးသွားပြန်ပြီကွာ...ညီမလေးက လောပိတက ရဲဘက်တွေအကြောင်းရေးမလို့ကို...ခုတော့ ကော်ပီရိုက်ဖြစ်တော့မှာပဲ...;))

ဂျစ်တူး - gyit_tu said...

ပေါ်တာတွေအကြောင်းဖတ်ရတာ ၀မ်းနည်းစရာပဲ ။

Maydarwii said...

ဒီစာကို ဖတ်ပြီး တော်တော် စိတ်မကောင်း ဖြစ်မိပါတယ်။
“ခွေးကမှ ချက်စားလို့ရသေးတယ် …” လို့ ပြောတဲ့စကား ဖတ်ရတာ ရင်ထဲနင့် လိုက်တာ။
မနုတ္တဿဘာဝေါ ဒုလ္လဘော ဆိုတဲ့စကား ဒီနေရာမှာ မှားနေသလိုပါပဲလား။

ပြုခဲ့မိတဲ့ အပြစ်နဲ့ မတန်အောင် ပြစ်မှုကြွေးကို ဆပ်နေကြရတဲ့ ချွေးတွေ … ဆပ်ခဲ့ကြရတဲ့ သွေးတွေက … မြောက်မြားစွာ …. ။
အပြစ်မရှိဘဲ ၀ဋ်ကြွေးတခုလို ဆပ်နေကြရတဲ့ … ဆပ်ခဲ့ကြရတဲ့ … ချွေးစက်ပေါင်း သွေးစက်ပေါင်း လည်း မြောက်မြားစွာ …
စီး ဆင်း နေ ဆဲ … …. ….
ဘယ်တော့များမှ ရပ်ပါ့မလဲ … ။

ကလိုစေးထူး said...

ဆရာမခင်ဗျာ..
အခုလို ထောက်ပြ ပြောဆိုပေးတာ အထူးကျေးဇူးတင်ပါတယ်။ ကျနော် ဒီစာကို စာစောင် တခုခုကို ပို့ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလို ပို့တဲ့ အခါ အခု ဆရာမ ထောက်ပြပေးတဲ့ အတိုင်း လျော်ညီတဲ့ နိဒါန်းတခုခု ပြင်ရေးပြီးမှ ပို့ပါမယ်။ အခုကတော့ ဆရာမ ထောက်ပြပြောဆိုပေးထားတဲ့ ကျနော့်လိုအပ်ချက်ကို ထင်သာမြင်သာအောင် ဒီအတိုင်းထားခွင့်ပြုပါ။ :)
S0wha1 ညီမလေးလဲ ရေးလို့ရတာပဲကွ။ နေရာချင်းမှ မတူတာ အဖြစ်အပျက်ခြင်းလဲ ကွဲပြားမှု ရှိမှာပါ။ ဒါနဲ့.. ကော်ပီရိုက်ဆိုတာ ထည့်မပြောနဲ့လို့ ပြောထားတာ ဘယ်သူလဲကွ။ :P
ဂျစ်တူး.. ဟုတ်တယ်ညီမရေ၊ ၀မ်းနည်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တာထက်စာရင် လက်လှမ်းမီသလောက် ရေးရင် ကောင်းမလားလို့ ဒီပို့စ်ကို ရေးမိတာ။
မမေ.. ဟုတ်တယ်..၊ အဲဒီစကားကတော့ အတော်ကို ဆိုးတယ်။ ဒါပေမယ့် ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့ကြဘူး။ အခုလဲ မတတ်နိုင်သေးဘူးလို့ ပြောလို့ရနေတုန်းပဲ..။

Min Min said...

ခုမှပဲ ကျွန်တော်လည်းအချိန်ပေးဖတ်နိုင်တော့တယ်။ စိတ်မကောင်းပါဘူးဗျာ.သီတင်းတွေကြားရတာ... စစ်သားကလေးတွေ ရှိတယ်ဆိုတာ၊ သူတို့က မရှိဘူးအော်နေတာ၊ ကျွန်တော်ကိုယ်တိုင် မျက်စိနှင့်တွေ့ခဲ့ရတာ..ကျွန်တော် မထင်မှတ်ပဲ ရန်ကုန်ပြန်ရောက်တော့၊ အိန္ဒိယ သံရုံးရှေ့မှာ ကျွန်တော် သူငယ်ချင်း စစ်ဝတ်စုံနှင့် သံရုံးကို လှည့်ကင်းကျတယ်ထင်တယ်။ ပုံစံကတော့ ကျွန်တော်တို့ အတန်းထဲမှာ သူ့ကို လွန်ခဲ့တဲ့ ၄နှစ်က မြင်ခဲ့တဲ့ ပုံတော့မဟုတ်တော့ဘူး။ ဒါပေမဲ့  သူမျက်နှာကို ကျွန်တော် မှတ်မိနေသေးတယ်။ သူကတော့ သိပ်မမှတ်မိတော့တဲ့ပုံ။ သေနပ်ကြီးက လူနှင့် မလွယ်အောင် လွယ်ထားရပြီး၊ အဟာရမပြည့်ဝတဲ့ ပုံ။ ကျွန်တော်သူ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ပြီး၊ ဒီလောက်တောင် ဘာကြောင့် တုန်းရသလဲဟု ထင်မိသည်။ ပြောမိခဲ့သေးသည်၊ မင်းဘာလို့ စစ်တပ်ထဲ ၀င်တာလဲ။ မင်းမို့လိုဝင်တယ်ဟု ၍ ..