Thursday, June 21, 2007

မရယ်ရသော ပြက်လုံး…

ကျနော်က မြန်မာဇာတ်ကားတွေကို နှစ်သက်လေ့ရှိပါတယ်။ မြန်မာကား ကြိုက်တဲ့အကြောင်းကို ပို့စ်တခုတောင် ရေးခဲ့ဖူးပါတယ်။ များသောအားဖြင့် ဇာတ်သိမ်းခန်းကို ကြိုသိနှင့်နေလဲ နားလည်ပေးစွာနဲ့ မြန်မာကားကိုသာ များသောအားဖြင့် အကြည့်များခဲ့ပါတယ်။ သို့သော်….။

***


မနေ့က ညနေစာစားပြီးတော့ တီဗွီရှေ့မှာ ခဏထိုင်ရင်းနဲ့ သူငယ်ချင်းတယောက်ဆီက ယူလာတဲ့ မြန်မာကားတခွေကို စက်ထဲ ထည့်ကြည့်မိပါတယ်။ ကားနာမည်က `အမုန်းကြွေး´ ပါ။ သူထူးစံ၊ ကြည်လဲ့လဲ့ဦး၊ ချိုပြုံးတို့ သရုပ်ဆောင်ထားတာပါ။

မိဘမေတ္တာကို သရုပ်ဖော်ထားတဲ့ အဲဒီကားက ဇာတ်လမ်း၊ ဇာတ်ကွက်အရ ဘာမှ မထူးခြားပါဘူး။ အမေအသက်ရှင်စဉ်က အမေ့စကားနားမထောင်တဲ့ သားဆိုးတယောက် အမေမရှိတော့မှ ဒုက္ခပေါင်းစုံ တွေ့ရတာကို မြန်မာကားပေါင်းများစွာရဲ့ ပုံသေနည်းအတိုင်း ရိုက်ပြထားတာပါပဲ။

ထူးခြားတာက အဲဒီဇာတ်လမ်းမလာမီက ကြော်ငြာပါ။ အဆိုတော်၊ သရုပ်ဆောင် ဇော်ဝမ်း ဦးစီးပြီး ခွန်းဆင့်နေခြည်က ခေါင်းဆောင် မင်းသမီးလုပ်တဲ့ `တို့သင်္ကြန်အငြိမ့်၊ 2007´ ကြော်ငြာက လူရွှင်တော်တွေရဲ့ ပြက်လုံး တချို့ကို အမြည်းသဘောတင်ဆက်ထားတာပါ။ လူရွှင်တော်တွေက ကောင်းကျော်၊ ထက်ထက်၊ ရှဲဒိုး တို့ အဖွဲ့ပါ။ သူတို့ရဲ့ ပြက်လုံး သီချင်းကို အောက်မှာ ရှုပါ။

(ဇော်ဝမ်း) `ဒေါ်လာတွေ လိုချင်တုန်း ~~~ သွားကြ သွားကြ ~~~ မြန်မာပြည် အလုပ်မရှား ~~~ ပြည်ပ သွားကြ ~~~ တို့ပြည်တွင်းမှာ စတိုင်လ်တွေထွား ~~~ နိုင်ငံခြားမှာ အလုပ်ကြမ်းသမား ~~~ စားပွဲထိုးနေတာ အောက်တန်းကျ ~~~ လူတကာ အနှိမ်ခံ လုပ်စားရ ~~~ မရှက်ဘူးလား မရှက်ဘူးလား ~~~ ရှိုးဂျော့သမား ဘ၀ ~~~ ချွေးဒီးဒီးကျ ပြေးရလွှားရ ~~~ ဒုက္ခ၊ သူ့ဘ၀ ဂုဏ်ငယ်လှ ~~~´

(ကောင်းထက်) `ဒေါ်လာ ဒေါ်လာ တဒေါ်လာတဲ့~~~ အော်ကာ မျှော်ကာ မက်နေကြတဲ့ ~~~ လူတွေအကြောင်း ပြောပြမယ်~~~ (ပြောပြစမ်းပါကွယ်) ~~~ ငါတို့ မြန်မာပြည်တွင်း တလွှား ~~~ အလုပ်အကိုင်တွေ များမှများ~~~ ပြည်တွင်း အလုပ်ကို အလုပ်မထင် ~~~ ရှိုးဂျော့သွားဖို့ပြင် ~~~ အရင်ပေးရမည် သိန်းဆယ်ချီ ~~~ ကြံဖန်ပေးကြသည် ~~~ ဟိုကိုရောက်တော့ အလုပ်ကြမ်းလုပ်ရ အောက်ကျ နောက်ကျ အနှိမ်ခံဘ၀~~~

***

မြန်မာ ဇာတ်ကားတော်တော်များများကို ကြည့်လိုက်ရင် နိုင်ငံခြားပြန် ဇာတ်ကောင်နေရာက အဓိက ဇာတ်ဆောင်မင်းသားဆိုရင်တော့ တော်ပါသေးရဲ့၊ ဇာတ်ပို့ဇာတ်ရံ ဟာသသရုပ်ဆောင် တယောက်ယောက်ကို နိုင်ငံခြားပြန် အဖြစ် သရုပ်ဆောင်စေပြီ ဆိုရင် အဲဒီနိုင်ငံခြားပြန်က အင်္ဂလိပ်စကားကို မပီမသ ကိုးယို့ကားယား ပြောပြလား ပြရဲ့၊ အ၀တ်အစားကိုးယို့ကားယား ၀တ်ပြလား ပြရဲ့ တွေ့ရလေ့ရှိပါတယ်။

ကျနော် စဉ်းစားကြည့်ပါတယ်။ အထက်က လူရွှင်တော်တွေ ပြက်လုံးထုတ်သလို နိုင်ငံခြားကို အလုပ်ထွက်လုပ်သူ မြန်မာတိုင်းဟာ ဒေါ်လာမက်လို့ပါလား။ သူတို့ပြောတဲ့ ရှိုးဂျော့ဆိုသူတိုင်းဟာ ပြည်တွင်းက အလုပ်ကို အလုပ်လို့ မထင်သူများပါလား။

ကျောင်းသာ ပြီးသွားတယ်၊ ဘယ်မှာမှ အလုပ်လျှောက်လို့ မရလို့ ဒီအတိုင်း ထိုင်နေရတဲ့ ဘွဲ့ရ အလုပ်လက်မဲ့တွေ၊ ဆိုက်ကားနင်းနေရတဲ့ ဘွဲ့ရတွေ၊ ပန်းရံလုပ်နေရတဲ့ ဘွဲ့ရတွေ၊ အဲဒီလူတွေ စတိုင်လ်ထွားနိုင်ဖို့အတွက် သူတို့သင်ထားတဲ့ ပညာနဲ့တန်တဲ့၊ တနည်းအားဖြင့် သူတို့နဲ့ ထိုက်တန်တဲ့ လစာငွေပေးနိုင်လောက်တဲ့ အလုပ်တွေ မြန်မာပြည်မှာ တကယ်ပဲ ပေါများပါရဲ့လား။

တကယ်တော့ နိုင်ငံခြားကို ထွက်လာကြတဲ့ မြန်မာလူငယ်တိုင်း ဘယ်သူကမှ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်တိုင်းပြည်ကို နေရင်းထိုင်ရင်းနဲ့ စွန့်ခွာချင်ကြမယ်လို့ ကျနော်မထင်ပါဘူး။ သူဌေးသူကြွယ်မဖြစ်နိုင်ရင်တောင် တော်ရုံတန်ရုံ တင့်တောင်းတင့်တယ်နဲ့ နေနိုင်စားနိုင်မယ့် အနေအထားမျိုး ရှိနိုင်တဲ့ အလုပ်ကလေးသာ ရှိနေရင် ဘယ်သူ့ဘယ်သူကမှ သူများနိုင်ငံမှာ တကူးတကနဲ့ မျက်နှာလာအငယ်ခံကြမှာ မဟုတ်ပါဘူး။

နိုင်ငံခြားကို ထွက်လာကြသူ သူတို့အခေါ် ရှိုးဂျော့သမားတိုင်းလဲ အလုပ်ကြမ်းချည်း လုပ်နေရတာ မဟုတ်ပါဘူး။ သင်ထားတဲ့ ပညာနဲ့ သက်တောင့်သက်သာလုပ်လို့ လစာကောင်းကောင်း ရနေကြတဲ့ ပြည်ပရောက် မြန်မာတွေ အများကြီးပါ။ အခုတော့ နိုင်ငံခြားထွက် အလုပ်လုပ်တာနဲ့ပဲ နေရင်းထိုင်ရင်းနဲ့ အောက်ကျနေသယောင်ယောင်…။

အောက်ခြေသိမ်း အလုပ်လုပ်ပြီး နိုင်ငံခြားမှာ ငွေရှာနေရတဲ့ မြန်မာတွေဟာလဲ ကိုယ့်တိုင်းပြည်က အလုပ်ကို အထင်မကြီးလို့ အဲဒီလို မျက်နှာငယ်ခံ လုပ်နေကြတယ်လို့ ကျနော်မထင်ပါဘူး။ အခြေအနေက မတတ်သာလွန်းလို့သာ သူများနိုင်ငံမှာ ကာလတခုတာဖြစ်ဖြစ်ဆိုပြီး မျက်နှာ လာအငယ်ခံနေရတာပါ။ သူများတိုင်းပြည် ဘယ်လောက်ပဲ တိုးတက်နေပါစေ၊ အချိန်တန်ရင် လူတိုင်း ကိုယ့်တိုင်းပြည်ပဲ ကိုယ်ပြန်ချင်ကြသူချည်းပါပဲ။

အခုတော့ ထစ်ခနဲရှိ ဒါတွေပဲ ပြက်၊ အင်မတန် စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဆင်ဆာတွေ ရှိနေလို့ အကန့်အသတ်နဲ့ ပြက်ရတာကို နားလည်ပေမယ့် တကယ့်အခြေအနေမှန်ကို မျက်ကွယ်ပြုထားတော့ သူတို့ပြက်လုံးတွေက မရယ်ရတဲ့ အပြင် စိတ်ညစ်ညူးစရာတောင် ကောင်းလှပါတယ်။

တခါတခါကျတော့လဲ ကျနော်ကပဲ အတွေးချော်သလားမသိ…။ အဲဒီလို တကယ့်အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး မရယ်ရတဲ့ ပြက်လုံးတွေ ထုတ်တဲ့ လူရွှင်တော်တွေက ပိုလို့တောင် အောင်မြင်နေသလားပါပဲ။ ဟိုပြဇာတ်ပြကွက်ထဲကလို `အကျအဆုံးတွေ များနေတယ်၊ ဖားတက်တက်၊ ဖားတက်တက်´ ဆိုတဲ့ ပုံစံကိုများ ကျင့်သုံးနေသလားတော့ မဆိုနိုင်။ သို့သော်…။

သို့သော်ပေါ့ဗျာ…။


ကလိုစေးထူး


10 comments:

Anonymous said...

ကိုကြီးစေထူး.. ဂျစ် အမြင်ကတော့ ၊ globalization ဖြစ်နေတဲ့ ဒီကမ္ဘာမှာ လူတွေ နိုင်ငံ ပြောင်းနေကြတာကို သမရိုးကျ အနေနဲ့ မြင်တတ်ပြီး ၊ အဓိကက.. ကိုယ်ဘယ်နေရာ ရောက်ရောက်.. ဘယ်လိုပဲ ဖြစ်ဖြစ်.. ကိုယ့်သမိုင်းကိုယ် ကိုယ့်သွေးကိုယ် ကိုယ်ဖြတ်သန်းခဲ့ရတာကို မမေ့ဖို့က အဓိကပါ ။

Anonymous said...

ကိုစေးထူး… ကျနော်ကတော့ ဒီလိုပြက်လုံးမျိုးဟာ မပျက်သင့်တဲ့ ပြက်လုံးလို့ထင်တယ်ဗျ။ ကျနော် သိသလောက်က လူရွှင်တော်ဆိုတဲ့လူတွေဟာ လက်ရှိအခြေအနေကို ဟာသဥာဏ်နဲ့ ဖော်ပြပေးကြရတဲ့လူတွေပါ။ ဒီလိုပြက်လုံးတွေကြောင့် နားမလည်မသိတဲ့လူတွေ အတွေးချော်ပြီး နိုင်ငံခြားဆိုတွာကို မကောင်းမြင်သွားနိုင်ပါတယ်။ ဒီလိုပြောလို့လည်း နိုင်ငံခြားတဲ့ဟေ့ ဆိုပြီး မျက်စိမှိတ် ကောင်းတယ်မပြောချင်ပါဘူး။ တကယ်သာ မြန်မာနိုင်ငံမှာ အလုပ် အကိုင်တွေပေါပြီး လူတန်းစေ့နေလို့ ရမယ်ဆိုရင် ဘယ်သူမှ နိုင်ငံရပ်ခြားမှာ အောက်ကျနောက်ကျခံ (ကိုယ့်နိုင်ငံမဟုတ်ရင် ဘယ်မှာပဲဖြစ်ဖြစ် အနည်းနဲ့အများ လူတန်းစား / လူမျိုးရေး ခွဲခြားခံရမှာပါ်) လုပ်မှာ မဟုတ်ပါဘူး ။ တကယ်လို့ ဆင်ဆာဥပဒေ ဘာညာတွေကြောင့်ဆိုလည်း တခြားဟာတခုခု ကိုပြက်လုံးထုတ်သင့်တယ်ထင်တယ်ဗျ။

ပီ.အက်စ်. ကျနော့်အမြင်ကိုပြောတာပါ။ : )

P.Ti said...

ကလိုစေးထူး ရေးတာတွေက ဖတ်လို့ကောင်းသလို တွေးစရာ ဗဟုသုတတွေလဲတိုးတယ်။
ဂျစ်တူးပြောတာကိုလက်ခံတယ်။ နောက်ဆိုရင် အစိးုရတွေကို လူတွေက service provider အနေနဲ့မြင်လာပြီး၊ ကောင်းတဲ့ အစိးုရ (service provider) မှာပြောင်ရွှေ့ နေကြတော့ မှာ။ အစိးုရတွေက လူကောင်းကောင်း လိုချင်ရင် service ကောင်းကောင်း ပေးပေါ့။

s0wha1 said...

ကိုကြီးရေ... ညီမလေူကတော့ စိတ်ကုန်လို့ မကြည့်တာကြာပေါ့...

ကိုပီတိ ပြောတာကို သဘောကျမိတယ်...

မေငြိမ်း said...

ကိုစေးထူးရေ..
ပြည်တွင်းမှာ ကျန်ခဲ့တဲ့ လူတွေကြားမှာ
ပြည်ပရောက်သူတွေအပေါ်ထားတဲ့
တချို့သဘောထားတွေက သိပ်ဆိုးနေပါတယ်။
အဲဒါဟာ တကယ်ပဲ အရေးကြီးလာပါပြီ။
ဒါဟာ စိတ်မကောင်းစရာ ဖြစ်သလို
အနာဂတ်အတွက် စိတ်ပူစရာလဲ ဖြစ်ပါတယ်။
တချိန်မှာတော့ ဒါဟာ အချိန်ယူပြီး
ဖြေရှင်းရမယ့် ပြဿနာ ဖြစ်လာလိမ့်မယ်ထင်တယ်။

Ma Yangon Thu said...

ကိုစေးထူးရေးတဲ့ ပို့စ်ကို ဖတ်ပြီး ဘာကို မကျေနပ်ဖြစ်နေမှန်းမသိဘူး။ သူများနိုင်ငံမှာ အောက်ခြေသိမ်းလုပ်ရတဲ့သူတွေရဲ့ အဓိက အကြောင်းရင်းက စား၊ ၀တ်၊ နေရေးဆိုတဲ့ အခြေခံ ကျတဲ့ ၃ ခုထဲက စားဖို့ ၀မ်းစာရေးမပြေလည်လို့ လုပ်နေရတယ်ဆိုတာ ပျက်လုံးထုတ်တဲ့သူတွေ မသိကြတာလည်း သူတို့အပြစ်တော့ မဟုတ်ဘူး ကိုစေးထူးရ.. ဘာလို့လဲဆိုတော့ ကျွန်မအမြင်ပြောရရင် သူတို့က မြန်မာပြည်ရဲ့ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိကြဘူးနဲ့တူပါတယ်။ တခါတလေတော့လည်း စိတ်ကူးယဉ်ကြည့်တယ် ကိုစေးထူးရဲ့။ ကျွန်မတို့က နိုင်ငံခြားသွားဖို့ ပြင်ဆင်ကြပြီဆိုရင် ဘယ်နိုင်ငံသွားရလဲပေါ်မူတည်ပြီး အင်္ဂလိပ်စာ၊ ဂျပန်စာ၊ ထိုင်းစာ၊ ကိုးရီးယားစာ၊ တရုတ်စာတွေ သင်ရတယ်လေ.. အင်း တကယ်လို့များ ငါတို့ မြန်မာပြည်ဟာလည်း တချိန်မှာ တိုးတက်ဖွံ့ဖြိုးလာလို့ အာရှမှာ ခေါင်းမော့မော်ကြွားမဲ့အချိန်ကြရင် ဂျပန်၊ထိုင်း၊တရုတ်၊ကိုးရီးယား အစရှိတဲ့လူမျိုးခြားတွေ မြန်မာပြည်မှာ အလုပ်လာလုပ်ဖို့ မြန်မာစာကို အပြိုင်အဆိုင်သင်ကြ။ မြန်မာပြည်ကို ၀င်ချင်တဲ့အတွက် သူတို့ဆီက မြန်မာသံရုံးမှာ ကျိတ်ကျိတ်တိုးကြ၊ မြန်မာပြည်မှာ တရားဝင်နေခွင့်ရအောင် PR လျှောက်ကြ.. မြန်မာပြည်က လူတွေက တခြားလူမျိုးခြားတွေကို လုပ်ငန်းခွင်မှာ ပြန်ပြီး ဆရာပြန်လုပ်ကြ။ ဘယ်လောက်ကောင်းမလဲနော်.. လူတိုင်းက အဲဒီ့လိုြ်ဖစ်စေချင်တာပေါ့။ နေချင်တာပေါ့။

pandora said...

ကိုစေးထူးရာ ပြောပြဖို့ ခွန်အားတောင် မရှိတော့ ပါဘူး… စား ၀တ် နေရေး မပြေလည် လို့ ထွက်လုပ်ရတယ် ဆိုရင်လည်း တကယ့်တကယ် ဘယ်သူက ရှက်ရမှာလဲ.. ဘယ်သူ့ကို ပြက်ရမှာလဲ

Thet Oo said...

ကိုစေးထူးမြန်မာစာကောင်းတာ မြန်မာကားတွေအားပေးလို့နဲ့တူတယ်။
မလေးရှားကို အလုပ်လုပ်ဖို့ စစ်တပ်အသိုင်းအ၀ိုင်းက လူတွေကို အစိုးရအစီအစဉ်နဲ့ လွတ်ဘူးခဲ့ပါတယ်။ မလေးရှားမှာ သူတို့ကို “စစ်ကောလင်း” လို့ခေါ်ပါတယ်။ Calling Visa (Work Permit) နဲ့ ၀င်လာတဲ့ စစ်တပ်အသိုင်းအ၀ိုင်းက လူတွေလို့ အဓိပ္ပါယ်ရပါတယ်။ စစ်ကောလင်းတွေကို ပွဲစားလုပ်တဲ့ အဖွဲ့အစည်းက “ရွှေအင်းဝ” လို့ ခေါ်ပါတယ်။
တကယ်တော့ ပျက်လုံးနဲ့ အဆော်ခံရတဲ့သူတွေထဲမှာ တပ်မိသားစုတွေလည်း ပါတယ်ဆိုတာ သိဖို့ကောင်းပါတယ်ဗျာ။

Hteink Min said...

မှန်ပါတယ် မှန်ပါတယ်။ အားလုံးပြောတာမှန်ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့လူတွေတော်တော်များများဟာ knowledge တွေ တော်တော်များများကို ပိတ်ဆို့ ခံထားရတာပါ။ ကျွန်တော်တို့က သူတို့ ကို ဖွင့်ဟပေးရမှာပါ။

ကလိုစေးထူး said...

အားတက်သရောနဲ့ ပါဝင်ဆွေးနွေးကြတဲ့ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။