Thursday, June 07, 2007

စပ်မိစပ်ရာ (၆)…

စပ်မိစပ်ရာကို ရေးဖို့ အစပျိုးလုဆဲမှာပဲ ကိုနတ္ထိတယောက် ဘလော့ဂ်လောကကနေ အနားယူတော့မယ် ဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတယ်။ ကိုနတ္ထိဟာ ၂၀၀၇ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ကနေ စလို့ ဘလော့ဂ် စတင်ရေးသားခဲ့ပြီးတော့ ပါဠိနဲ့ စပ်လျဉ်းတဲ့ ပို့စ်များကို မှန်မှန် တင်ဆက်ခဲ့ပါတယ်။ ဘလော့ဂ်ရေးတာ သုံးလကျော်ကျော်၊ (၅၈) ခုမြောက် ပို့စ်မှာ အခုလို နှုတ်ဆက်တဲ့ ပို့စ်ကို ဖတ်ရတော့ ဘလော့ဂ်ရေးဖော် ညီအကိုတယောက် ခွဲရစ်ခဲ့သလို ခံစားရလို့ ၀မ်းနည်းမှတ်တမ်း တင်မိပါတယ်။ (ကိုနတ္ထိရေ..၊ ပြန်ရေးစေချင်တယ်ဗျာ)။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ်သက်တမ်း တိုးမြှင့်ခဲ့ဖို့ကို အလွန် ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက် ချခဲ့ရတာဖြစ်ပါတယ်လို့ ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေး ၀န်ကြီး တိုရိုအာဆိုကို ပြောခဲ့ပါသတဲ့။ မြန်မာ စစ်အုပ်ချုပ်သူများဟာ နိုင်ငံတည်ငြိမ်မှုအတွက် တဖက်က စိုးရိမ်နေရပြီး တဖက်မှာလဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ငြိုငြင်မှုအတွက် ပူပန်နေရတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ကျနော်ကတော့ သူပြောတဲ့ နိုင်ငံတည်ငြိမ်မှုဆိုတဲ့ စကားရပ်ကို ဖြန့်ကျက်တွေးနေမိပါတယ်။ နိုင်ငံတည်ငြိမ်မှု= မည်သူကမှ မိမိဆန္ဒကို ထုတ်ဖော်မပြောရဲမှု = စစ်တပ်က ဒါဆိုဒါ လိုက်လုပ်ဖို့ = စစ်တပ်အလိုကျ နိုင်ငံသားများက လိုက်လုပ်ရဖို့…….။ အင်း.. ကျနော်ကိုယ်တိုင်ကိုက အဆိုးမြင်နေမိလေသလား မသိတော့ပါဘူး။

`ငါတို့ ရပ်ကွက်ထဲ မလာခဲ့နဲ့ကွ၊ ငါ @#$&တွေ၊ အကုန် ရိုက်သတ်ပစ်မယ်´

ဒီစကားကို ကြားလိုက်ရတဲ့ တခဏမှာ ကျနော် မင်သက်မိသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူမိုက်ဆန်ဆန် ဆဲရေးခွင့် ပါမစ်တွေကို သူတို့ ဘယ်ကနေ ရယူခဲ့ပါလိမ့်..။ ဒါပေမယ့် အဲဒီစကားတွေနဲ့ အတူ ရုန့်ရင်းမှုတွေကို လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ `တယောက်တပေါက် ပြန်မပြောကြနဲ့၊ ကျနော်တို့ ဘက်က စည်းကမ်းရှိရမယ်´ ဆိုတဲ့ စကားကိုသာ တည်တည်ငြိမ်ငြိမ်ပြောလို့ ငြိမ်းချမ်းစွာတဲ့ သူတို့ရဲ့ သွင်ပြင်ကို ပြနိုင်ခဲ့ပါတယ်။


ဟိုတခါတုန်းက ဈေးထဲသွားပြီး ဆန်ဆိုင်ရှေ့ အိုက်တင်ပေးခဲ့တဲ့ ဒုတိယဘိုချုပ်ကြီး မြင့်ဆွေ တယောက် အခုတခါမှာတော့ ရေနုတ်မြောင်းဖော်တာကို သွားကြီးကြပ်နေပါတယ်။ ရေစီးရေလာ ကောင်းဖို့အတွက် ဒုတိယ ဘိုချုပ်ကြီး အဆင့်ကိုယ်တိုင် ကြီးကြပ်ပေးနေမှတော့ ကျနော်တို့ နိုင်ငံ မတိုးတက်စရာ အကြောင်း မရှိတော့ပါဘူး။ ဟုတ်ပြီကွ၊ ဖော်ထားပေးကွ၊ ဟိုကောင်.. ဘာလုပ်နေတာလဲ၊ ပုဆိုးပြင်လိုက် ရပ်ကြည့်လိုက် လုပ်မနေနဲ့လေ။ သေချာလေး လုပ်ကြကွာ..။ (ဘေးက အဖြူအစိမ်း ၀တ်စုံ တိုက်ပုံနဲ့ လူကြီး ပါးစပ်က ပြောမှာကို ရမ်းတုတ်ကြည့်တာ) :D

အဖြူရောင်သက်တန့် ကဗျာရွတ်ပွဲကို ပြန်လည်ကျင်းပခွင့် ရတာကို သိရလို့ ၀မ်းမြောက်မိပါတယ်။ ဒီလိုပွဲလေးတွေကိုတော့ မပိတ်ပင်တန်ကောင်းဘူးလို့ မြင်မိပေမယ့် ကဗျာတွေကို ဟိုကန့်သတ်၊ ဒီကန့်သတ်နဲ့ ပွဲစီစဉ်သူတွေမှာ အတော်လေး အကျပ်ရိုက်ရှာမှာပဲလို့ တွေးမိပါတယ်။

`မြန်မာနိုင်ငံက ကလေးတွေ စင်္ကာပူလာပြီး poly-tech လာတက်ကြတာဟာ တကယ်တော့ poly-tech ဆိုတာ သူ့နိုင်ငံအတွက်တော့ မြန်မာနိုင်ငံက GTI အဆင့်ပါပဲ။ ကျွန်တော်တို့ နိုင်ငံက ကလေးကို ဘယ်လောက်တော်တော် University အဆင့်ကို ပေးမတတ်ပါဘူး၊ ဒီမှာဆိုရင် YIT လို ကျောင်းမျိုးပေါ့၊ poly ပြီးတော့လည်း လုပ်အားခကို နှိမ်ပြီး ပြန်ခိုင်းတယ်၊ ပေးတဲ့ လုပ်အားခကလည်း နိုင်ငံသားကို တစ်မျိုး၊ နိုင်ငံခြားသားကို တစ်မျိုး ပေးတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စင်္ကာပူဟာ အသားအရောင် ခွဲခြားမှုနဲ့ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေလို့ပါပဲ´

အဲဒီ မှတ်ချက်ကို စကာင်္ပူရောက် မြန်မာအင်ဂျင်နီယာ တယောက် ပေးခဲ့တာပါ။ သူတို့ (စင်္ကာပူ) ဘက်ကနေ စံနှုန်းတွေကို အတိုင်းအတာ တရပ်အထိ တိုးမြှင့်ထားပေမယ့်လဲ မြန်မာလူငယ် အများစုကတော့ poly-tech ကို တက်ဖို့ အားသန်လျက် ရှိကြောင်းကိုပါ ဖတ်ရှုလိုက်ရပါတယ်။ ဒီသတင်းကို ဖတ်လိုက်ရတော့ ၂၀၀၅ခုနှစ်၊ စင်္ကာပူရောက် မြန်မာ poly-tech သင်္ကြန်ပွဲက `မြန်မာနိုင်ငံရဲ့ အများဆုံး ထုတ်ကုန်ဟာ ဘာလဲ၊ သိလား´ လို့ ကျောင်းသားတွေ ပြက်လုံးထုတ်ခဲ့ကြတာကိုပါ ပြန်လည် မြင်ယောင်မိပါတယ်။

အိန္ဒိယနိုင်ငံမှာ အသားမည်းလွန်းလို့ ဆိုပြီး ကောင်မလေးက လက်မထပ်နိုင်ကြောင်း ငြင်းဆန်ခဲ့တာကို ဇွဲကောင်းကောင်းနဲ့ နှစ်ရက်ကြာအောင် အဲဒီကောင်မလေး အိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြလိုက်တာ ကောင်မလေးက စိတ်ပြန်လည်ပြီး လက်ခံခဲ့ပါတယ်တဲ့။ အချစ်ကြီးပါပေ့..။

သတင်းတွေ လိုက်ဖတ်ရတာ ဟိုမှာလဲ နေပြည်တော်၊ ဒီမှာလဲ နေပြည်တော်နဲ့ တတော်ထဲ တော်နေရတာ ကြာတော့ လူက ဟိုးခေတ် မင်းညီမင်းသားများလို စကားပြောကြည့်ချင်စိတ်တောင် ပေါက်လာပါတယ်။ ပြောနေကြာတယ်။ စမ်းကြည့်မှ..။ :D အဟမ်း.. ယိစ်((((။ ဗျို့၊ နောင်တော်ကြီး ပုထုဇဉ်။ ကျန်းခန့်သာလို့ မာပါစ၊ ဟိုးမှာဘက် စင်္ကာပူမြေဘက်က နှမငယ် ဂျစ်တူးတို့လိုလဲ လွမ်းတော်မူလှတယ်။ ပေစာလေးဘာလေး ခွေလို့ စေဦးမှပါပဲ။ အစ်မတော် မေဓာဝီကတော့ ဝေါပုထု..အဲ..ဟုတ်ပေါင်..။ ဘယ်တွေရောက်ကုန်ပါလိမ့်။ ဟူးး.. အဆင်ကို မပြေလှပါလား..။ ဒါပေမယ့်..၊ ဒါပေမယ့်ပေါ့လေ၊ သြော်…. နေပြည်တော်… နေပြည်တော်..နေပြည်တော်..။

ကဲ.. ဒီတပတ်တော့ စပ်မိစပ်ရာကို ဒီလောက်နဲ့ပဲ ယိစ်((((((((။ အဲ… ဒါတော့ လွန်ပြီထင်တယ်နော…။ :D


ကလိုစေးထူး


ကိုးကား၊ ခေတ်ပြိုင်၊ ဧရာဝတီ၊ ဒီဗွီဘီ၊ Weekly Eleven ဂျာနယ်၊ ကြေးမုံသတင်းစာ။


3 comments:

Anonymous said...

ကိုစေးထူးရေ.. ညီမအမြင်တော့ စင်္ကာပူက အင်ဂျင်နီယာပြောစကားဟာ နည်း၂အဆိုးမြင် ၀ါဒီဘက် လို့ ထင်ပါတယ် ။ ညီမပတ်ဝန်းကျင်မှာ ပေါ်လီပြီးလို့ အဆင်ပြေနေတဲ့ ကျောင်းသားတွေ အများကြီးပါ ။ နောက် သူတို့ဟာ သူတို့ကော့စ်မှာ အနည်းဆုံး top 10% ထဲ ၀င်တယ်ဆိုရင် ၊ သူများနည်းတူ တက္ကသိုလ်လျှောက်ခွင့် ရှိပါတယ် ။ လျှောက်ပြီး ၀င်ကြတဲ့သူတွေလည်း အများကြီးပါ ။ ဒီက တက္ကသိုလ် ဆက်ပြီးလို့ ၊ ဒီမှာ အလုပ်အကိုင်ကောင်း၂တွေနဲ့ ပညာတတ်တွေလည်း အများကြီးပါ ။ ပေါ်လီအောင်တဲ့သူက ဒီက ပေါ်လီဆင်းတွေအတိုင်း အတူ၂ပိုက်ဆံရကြတာပါပဲ ။

ဒီအကြောင်းတွေကို ညီမအချိန်ရတဲ့အခါ ပို့စ်လေး ရေးပါဦးမယ် ။

တကယ်တော့ ဒီက ဗမာတချို့ဟာ အဲလိုမျိုး
“စင်္ကာပူဟာ အသားအရောင် ခွဲခြားမှုနဲ့ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေလို့ပါပဲ” လို့ အဆိုးမြင် ၀ါဒီ ရှိကြတယ် ။ တကယ်တော့ ဗမာတွေလည်း ကုလားဆို ဘယ်လို ဘာညာနဲ့ ဗမာပြည်က ကုလားတွေကို မြင်ခဲ့ကြတာပဲ ။ ဒါတောင် ဗမာနိုင်ငံသားချင်းနော် ။

ညီမက စင်္ကာပူနိုင်ငံသားတွေဟာ လူမျိုးရေးမခွဲခြားဘူး မပြောပါဘူး.. ခွဲခြားတဲ့သူ တချို့လည်းရှိတယ်.. အလွန်ကောင်းမွန်တဲ့ သူတွေလည်း အများကြီး .. ဒါပေမယ့် ဗမာတွေက ငါတို့ကိုတော့ သူတို့ လူမျိုးရေးခွဲခြားနေပြီဆိုတဲ့ အမြင်နဲ့ ဘ၀ကို စလိုက်မယ်ဆိုရင် ၊ အရာရာဟာ မှောင်မည်းသွားပါလိမ့်မယ် ။ ကိုယ့်ဘေးကလူတွေကို အဆိုးဘက်က ကြည့်တတ်သွားလိမ့်မယ် ။

အဲဒါကို ညီမ မကြိုက်ဆုံးပါ ။ ဒီလိုကိစ္စမှာ ဘယ်နိုင်ငံသားဟာ ဘယ်လိုအခြေအနေရောက်နေတယ်လို့ မြင်တာ ခွဲခြားတာ အတော်ဂွကျတယ်.. ဒါတွေဟာ over-generalization တွေပဲ ။ လူလူချင်း individual level ကနေ ကြည့်သင့်တယ်လို့ ထင်ပါတယ် ။

ကဲ ကိုစေးထူးလွမ်းတဲ့ နှမငယ်ရဲ့ ကွန်မန့်အတော်ရှည်သွားပြီ ။ သွားဦးမယ်း)

Anonymous said...

နည်းနည်းလေးဝင်ပြောပါရစေ။
မြန်မာ အင်ဂျင်နီယာ တစ်ယောက်ပြောတဲ့ စကား လဲမှန်ပါတယ်၊ ဂျစ်တူးပြောတဲ့စကားလဲမမှား ပါဘူး။ အင်ဂျင်နီယာရဲ့ အမြင် က အမှန်က ဂရုဏာဒေါသောပါ။ တစ်ကယ်တော့ မြန်မာပြည်ရဲ့ ပညာရေးစနစ် ကြောင့် ၁၀ တန်း အောင်ပြီး စလူငယ်တွေ စင်္ကာပူလောက် မှာ ကျောင်းတက်ဖို့ ပိုက်ဆံ တတ်နိုင်ရင် ၀င်ရလွယ်တဲ့ ပိုလီ တွေ ကို ရောက်သွားနေကြပါတယ်။အမှန်လဲ ဂျီတီင်္အိုင် အဆင့် ဒီပလိုမာ ပဲ ပေးတာပါ။ ဘွဲ့ ထက်ယူတဲ့ အနည်းစုပဲရှိပါတယ်။ ဒီ ပိုလီကို ရောက်သွားတဲ့ လူငယ်တစ်ချို့ ရဲ့ ဥာဏ်ရည်ဥာဏ်သွေး က ဒီ ပိုလီ ဒီပလိုမာ ထက် အဆင့်မြင့်တဲ့ဆီ ကို တိုက်ရိုက်သွားနိုင်တဲ့ လူတွေပါ နေလို့ နှမျောတဲ့ အမြင် နဲ့ သူ က ပြောတဲ့ အဓိပ္ပါယ်ပါ။ စင်္ကာပိုရီယန် တွေ လစာပိုရတာ လဲ အမှန်ပါ။ ဒီလစာပေးတဲ့စနစ်က အလုပ်ရှင်ရဲ့ လျို့  ၀ှက်ချက်မို့ ဘယ်သူ ဘယ်လောက်ရတယ်ဆိုတာ ပြောဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လိုကယ် ကို လစာ ပိုပေးရတဲ့ အကြောင်းတစ်ခု က စင်္ကာပူနိုင်ငံသား ယောကျာ်းလေး တစ်ယောက် ဟာစစ်မှုထမ်းရတဲ့ နှစ် နှစ်ကို လုပ်သက် လစာ အနေ နဲ့ ထပ်ဆောင်းပေးရတဲ့ ဥပဒေရိှပါတယ်။ ကျွန်တော့်အထင် ၃၀၀ က ၅၀၀ လောက်ရှိမလား မသိဘူး (မှားရင်ပြင်ပေးပါ)။ နောက်တစ်ခု က ဘယ်နေရာမဆို နိုင်ငံသား ကို ဦးစားပေးရတဲ့ လုပ်ထုံးလုပ်နည်းတွေ က နိုင်ငံတိုင်းမှာရှိပါတယ်။ တစ်ချို့ နေရာတွေ ကျ တော့ လို ကယ်တွေ မလုပ်ချင်တဲ့နေရာတွေမှာ မြန်မာ တွေ ၀င်လုပ်ရတတ်တာမျိုးရှိပါတယ်။စင်္ကာပူ က ရေနံRefinery တွေ၊ဆေးထုတ်တဲ့ ကုမ္ပဏကြီးအတော်များများရဲ့ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ ကော်လာဖြူ လူတန်းစားရဲ့ ၉၅% ကျော်ဟာ စင်္ကာပိုရီးယန်းတွေပဲရွေးခန့် ကြောင်းအဲဒိ ကုမ္ပဏီကြီးတွေရဲ့ ရုံးခန်းမ Cubical Office လေးတွေမှာ တပ်ထားတဲ့နာမည်နဲ့ လူတွေကို သွားကြည့်လိုက်ရင်ပိုထင်ရှားပါလိမ့်မယ်။ ဘာပဲပြောပြော ကျွန်တော်တို့ မြန်မာလူငယ်လေးတေနိုင်ငံရပ်ခြားမှာ ပညာ နဲ့ လုပ်ကိုင်စားသောက်နေ နိုင်တာ ကို က အမျိုးရဲ့ လူစွမ်းလူစ မညံ့လို့ ပါပဲ။ ဂျစ်တူးရဲ့ အတွေ့ အကြုံတွေကလဲ တန်ဖိုးရှိမှာမို့ ဖတ်ချင်ပါတယ်။

Thet Oo said...

စစ်ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းတကားကားနဲ့ ကြည့်ရခက်ပါတယ်။ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ အရည်အချင်းလည်းရှိ၊ သတ္တိလည်းရှိတယ်ဆိုရင် အရပ်ဝတ်လဲ၊ မဲပုံးထောင်၊ ရွေးကောက်ပွဲမှာ ၀င်အရွေးခံပါ။ ပြည်သူက ခင်ဗျားတို့ကို သဘောကျလို့မဲပေးတဲ့အခါ တိုင်းပြည်ကို အုပ်ချုပ်ပါ။ ယောက်ျားရင့်မာကြီးတွေ ဖြစ်ပြီး ပိန်ပိန်သေးသေး အမျိုးသမီးတယောက်ကို ဖမ်းမထားပါနဲ့။
အရပ်ဝတ်နဲ့လူက စစ်ဗိုလ်ကိုကြောက်နေရတဲ့နောက် တိုင်းပြည်က ဘယ်မှာလာပြီး ကျက်သရေရှိတော့မှာလဲ။ တကယ်တော့ ပြည်သူက ရွေးကောက်လိုက်တဲ့ အရပ်သားဝန်ကြီးချုပ်ကို စစ်ဗိုလ်က အလေးပြုရမှာ။
အခုတော့ တိုင်းပြည်လည်း ပျက်နေပါပြီ။
ကျနော်ကတော့ ကိုစေးထူးရေ၊ ပြည်တွင်းက သတင်းတွေ၊ ဂျာနယ်တွေ မဖတ်တာကြာပေါ့။ ဖတ်ရင် ရင်ထဲက ဒေါသတွေ လိပ်လိပ်ပြီး တက်လာလွန်းလို့ပါ။
တိုင်းပြည်ဖျက်တဲ့ သမိုင်းတရားခံတွေရေ ထမင်း၀၀ စားထားကြကွာ။ ။