ယခုတပတ် ကျနော့်အကြိုက်အဖြစ် တင်ပြမှာကတော့ ၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ထုတ်၊ Weekly Eleven ဂျာနယ် No.32, Volume.2 မှာ ပါရှိတဲ့ ဆရာကြီး လူထုစိန်ဝင်းရဲ့ `လူနဲ့ လူ့ကျင့်ဝတ်´ ဆိုတဲ့ ဆောင်းပါးလေးပါ။
ဆရာကြီးဟာ ဒီဆောင်းပါးမှာ ဆိုလိုရင်းပေါင်း မြောက်မြားစွာကို အခြေခံရေးသားခဲ့တယ်လို့ မှန်းဆမိပါတယ်။ ဆရာကြီးအနေနဲ့ သူ့ကို မေးခွန်းထုတ်သူ လူငယ်ကိုလဲ ဖြေကြားရင်းနဲ့ သူပြောချင်တဲ့ အချက်အလက်တွေကိုပါ တိုတိုတုတ်တုတ်နဲ့ လိုရင်းတိုရှင်း ပြောသွားတာကို တွေ့ရပါတယ်။
ဆောင်းပါးရဲ့ Quote အဖြစ် ဖော်ပြတဲ့ စာသားလေးကလဲ ထိမိလွန်းလှလို့ ပုံအဖြစ် ကူးယူတင်ပြလိုက်ပါတယ်။
လူနဲ့ လူ့ကျင့်ဝတ်
ပညာနဲ့ အသက်မွေးသူ
`ပညာသည်´ ဆိုတဲ့ အသုံးအနှုန်းကို အရင်ဆုံး ရှင်းပြဖို့ လိုအပ်ပါတယ်။ မြန်မာစကားမှာ ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုသူကို `ဈေးသည်´၊ ပဲပြုတ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုသူကို `ပဲပြုတ်သည်´၊ ဆံပင်ညှပ်ပြီး အသက်မွေးဝမ်းကျောင်းပြုသူကို `ဆတ္တာသည်´ စသဖြင့် ခေါ်ဝေါ်လေ့ ရှိပါတယ်။ အဲဒီသဘောအတိုင်း အတတ်ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ အားလုံးကို `ပညာသည်´ (Professional) လို့ သုံးလိုက်တာ ဖြစ်ပါတယ်။
ကြေးစားက ရင့်သီးပါတယ်
အားကစားနယ်ပယ်မှာတော့ `အပျော်တမ်း´ (Amateur) နဲ့ ကြေးစား (Professional) လို့ သုံးတတ်ကြပါတယ်။ အပျော်တမ်း ဂေါက်သီးသမား၊ ကြေးစား ဂေါက်သီးသမား စသဖြင့် ခေါ်လေ့ရှိပါတယ်။ (Professional) ကို `ကြေးစား´ လို့ သုံးတာ နည်းနည်း ရင့်သီးတယ် ယူဆလို့ `ပညာသည်´ လို့ သုံးထားတာ ဖြစ်ပါတယ်။ အတတ် (ဒါမှမဟုတ်) ပညာတစ်ခုခုနဲ့ `အသက်မွေး ၀မ်းကျောင်းပြုသူ´ လို့ ဆိုလိုတာပါ။ ဒီတော့ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုခု လုပ်ကိုင်နေသူ အားလုံး အကျုံးဝင်ပါတယ်။
ပညာရှင်
အတတ် ဒါမှမဟုတ် ပညာတစ်ခုခုကို အသက်မွေးဝမ်းကျောင်း ပြုရုံတင် မကဘဲ `ထုံးလိုချေ ရေလိုနှောက်´ တစ်ဖက်ကမ်းခတ် ကျွမ်းကျင် တတ်မြောက်သူများကိုတော့ အသက်မွေးဝမ်းကျောင်း ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ `ပညာရှင်´ လို့ ခေါ်ချင်ပါတယ်။ ပညာရှင်ကျတော့ ဒိတ်ဒိတ်ကြဲ (ထိပ်ထိပ်ကြဲ) ထူးချွန်တတ်မြောက်သူများသာ အကျုံးဝင်ပါတယ်။ ဒါကြောင့် ဘယ်အတတ်ပညာ နယ်ပယ်မှာ မဆို ဦးရေ အနည်းငယ်သာ ရှိနိုင်ပါတယ်။ အနုပညာသည်တိုင်း အနုပညာရှင် မဖြစ်နိုင်သလို စာရေးဆရာတိုင်း စာပေပညာရှင် မဖြစ်နိုင်ပါဘူး။
အလုပ်တိုင်းမှာ ကျင့်ဝတ်ရှိ
ပညာရှင်စ်ြစေ၊ ပညာသည်ဖြစ်စေ ကိုယ့်ပညာကိုယ် လေးစားတန်ဖိုးထားရပါတယ်။ အတတ်ပညာတိုင်း၊ အသက်မွေး ၀မ်းကျောင်း အလုပ်အကိုင်တိုင်းမှာ ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ ရှိပါတယ်။ ဆရာဝန်က ဆရာဝန်နဲ့ ဆိုင်တဲ့ ကျင့်ဝတ်စည်းကမ်း၊ ဘတ်စ်ကား မောင်းသမားမှာလည်း သူနဲ့ ဆိုင်တဲ့ ကျင့်ဝတ်စည်းကမ်း၊ စပယ်ရာမှာလည်း သူလိုက်နာရမဲ့ ကျင့်ဝတ်စည်းကမ်း စသဖြင့် အသီးသီး ရှိကြပါတယ်။ ပုဂ္ဂိုလ်အသီးသီးက ကိုယ့်ခွင် ကိုယ့်နယ်ပယ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာ စောင့်ထိန်းကြမယ် ဆိုရင် ပြီးတာပါပဲ။ ဘာပြဿနာမှ မရှိနိုင်တော့ပါဘူး။
ပြဿနာများရဲ့ အခြေခံ
လူ့ဘောင် လူ့လောကမှာ ပြဿနာပေါင်းစုံနဲ့ သပွတ်အူလိုက် ရှုပ်ထွေးနေတာ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတာ လူသူလေးပါးရဲ့ ရိုသေလေးစားမှု မခံရတာ၊ ယုံကြည်မှု ကင်းမဲ့တာ၊ မုန်းတီးရွံရှာတာ စတဲ့ ကိစ္စအားလုံး ဖြစ်ပွားပေါ်ပေါက်လာရခြင်းရဲ့ အဓိက အကြောင်းတရားဟာ ကျင့်ဝတ် သိက္ခာ စောင့်စည်းမှု ပျက်ယွင်းလာခြင်းပင် ဖြစ်တယ်။ ကျောင်းဆရာက ကျောင်းဆရာရဲ့ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းမယ်ဆိုရင် လူကြည်ညိုတဲ့ ဆရာကောင်း ဖြစ်မှာပဲ။ ဆရာဝန်ကလည်း ဆရာဝန် ကျင့်ဝတ်အတိုင်း လိုက်နာကျင့်ကြံရင် သမားကောင်း၊ ဆရာဝန်ကောင်း ဖြစ်မှာပဲ။
ခက်ခက်ခဲခဲကြီးလား
ကျင့်ဝတ်၊ ကျင့်ဝတ်နဲ့ ပြောတော့၊ ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲ လုပ်ရမယ့် ကိစ္စကြီးလို့ ထင်စရာရှိတယ်။ ထွေပြား ရှုပ်ထွေးပြီး အပန်းတကြီး နာယူမှတ်သားရမဲ့ ကိစ္စလို့လည်း ယူဆသွားနိုင်တယ်။ တကယ်တော့ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ ဆရာဝန် ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ ကျောင်းဆရာ ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ တရားသူကြီးနဲ့ ရှေ့နေတို့ ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ စစ်သည်တော် ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ စာနယ်ဇင်း ကျင့်ဝတ်ပဲ ဖြစ်ဖြစ်၊ အားလုံး အခြေခံအဖြစ် ထားရှိကြတာက `လူ့ကျင့်ဝတ်´ ပဲ ဖြစ်ပါတယ်။
လူနဲ့ တိရစ္ဆာန် ဘာကွာသလဲ
လူ့ကျင့်ဝတ်ဆိုတာ ဘာတွေလဲလို့ အကျယ်ချဲ့စဉ်းစားရင် နံပါတ်စဉ်တိုးလို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ အကျဉ်းဆုံး ဖြစ်အောင် ချုပ်ပြီး စဉ်းစားလိုက်ရင် တစ်ချက်တည်းနဲ့တင် လုံလောက်ပါတယ်။ ပထမဆုံး လူဆိုတာ ဘာလဲ ဆိုတဲ့အချက်ကို စဉ်းစားကြည့်ရအောင်၊ လူဟာစားတယ်၊ အိပ်တယ်၊ မျိုးဆက်ပြန့်ပွားရေး ကိစ္စဆောင်ရွက်တယ်။ တောတွင်းက သားရဲတိရစ္ဆာန်များလည်း စားခြင်း၊ အိပ်ခြင်း၊ မျိုးဆက်ပြန့်ပွားရေး ဆောင်ရွက်ခြင်းတို့ကို လုပ်ကြတယ်။ ဒီနေရာမှာ လူနဲ့ တိရစ္ဆာန်အားလုံး တူကြတယ်။ ခြားနားချက် မရှိဘူး။
ကိုယ်ကျိုးမကြည့်တာ လူ
လူနဲ့ တိရစ္ဆာန်မှာ ခြားနားချက် တစ်ချက်တည်းပဲ ရှိတယ်။ တိရစ္ဆာန်က သူ့အလိုဆန္ဒအတိုင်းသာ လုပ်တယ်။ တခြား ဘာမှ မကြည့်ဘူး။ လူကတော့ သူ့အလိုဆန္ဒရှိတိုင်း မလုပ်ဘူး။ သူများအတွက် ငဲ့ကွက်စဉ်းစားတယ်။ ကိုယ်ကျိုးကို စွန့်နိုင်တယ်။ ရှင်းအောင်သာ ပြောရရရင်၊ ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်တတ်တာ တိရစ္ဆာန်။ အများအကျိုးကို သယ်ပိုးဆောင်ရွက်တာ လူ။ လွယ်လွယ်လေးပါပဲ။
လူ့တိရစ္ဆာန်
လူ့ကျင့်ဝတ်ဆိုတာ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အများအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ပြီး `ဘယ်သူတေတေ ငတေမာ ပြီးရော´ လုပ်တတ်သူများကိုတော့ လူ လို့ မသတ်မှတ်နိုင်ဘူး။ အင်္ဂလိပ်စကားမှာတော့ ဒီလိုလူစားတွေကို Manimal လို့ ခေါ်တယ်။ Man နဲ့ animal နှစ်ခုကို ရောပြီး စကားလုံးသစ် ထွင်လိုက်တာ ဖြစ်တယ်။ မြန်မာလိုတော့ လူ့တိရစ္ဆာန် ခေါ်သင့်တယ် ထင်တာပါပဲ။
လူထုစိန်ဝင်း
7 comments:
အဲဒါ ပြီးရော..
လောကကြီးမှာ ဒါမျိုးလူတွေများနေတာ။
အထူးသဖြင့် ကိုယ်တွေအထဲမှာပေါ့။
အဲဒါကို လူထုဦးစိန်ဝင်းလို လူမျိုးက ချက်ကျကျဝင်ပြောလိုက်တော့ အေးရော..။
ဒါကို ကိုစေးထူးက ထပ်ပြီး ဆင့်ပွားလိုက်တော့..။ အင်းး ကိုယ့်ကိုယ်ကို Human လုပ်မလား Maniamal လုပ်မလား ဆိုတာတော့ သေချာ စဉ်းစားကြဖို့ပဲနော်..။
ဟုတ်ပါရဲ့နော်... ရေးထားတာ ကွက်တိကိုကျနေတာပဲ။ Manimal တဲ့။ လူ့တိရစ္ဆာန်တဲ့။ ဟုတ်တယ်၊ အမှန်ပဲ...
လူ့တိရစ္ဆာန်
လူ့ကျင့်ဝတ်ဆိုတာ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အများအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ပြီး `ဘယ်သူတေတေ ငတေမာ ပြီးရော´ လုပ်တတ်သူများကိုတော့ လူ လို့ မသတ်မှတ်နိုင်ဘူး။ အင်္ဂလိပ်စကားမှာတော့ ဒီလိုလူစားတွေကို Manimal လို့ ခေါ်တယ်။ Man နဲ့ animal နှစ်ခုကို ရောပြီး စကားလုံးသစ် ထွင်လိုက်တာ ဖြစ်တယ်။ မြန်မာလိုတော့ လူ့တိရစ္ဆာန် ခေါ်သင့်တယ် ထင်တာပါပဲ။
လူ့တိရစ္ဆာန်ကို အဓိပ္ပါယ်ဖွင့်ဆိုသွားတာလေးက တကယ်ကို ပြောင်မြောက်တယ်...
Manimal ဆိုတာကို အရမ်းသဘောကျသွားပြီး . .ဟုတ်တယ်ကိုစေး Manimal တွေ အများကြီးရှိတယ်။။
လူထုစိန်ဝင်းရေးတာကိုလည်း ကြိုက်တယ်။
ပြန်ဖော်ပြပေးတဲ့ ကိုစေးထူးကိုလည်း ကျေးဇူးတင်တယ်။
လူ့ တရိစ္ဆာန်ဆိုတာမဖြစ်အောင် ဂျစ်တို့ ကြိုးစားကြရမှာပေါ့ ။ တခါတလေကျတော့ လူ့ အတ္တဆိုတာကြီးကြောင့် အခက်သား... ။
ပညာသည် နဲ့ ပညာရှင် ဆိုတဲ့ အသုံးအနှုံးကွဲပြားတာလေးကို ကြိုက်တယ် ။
Ko Say Htoo, I really appreciate for your kind effort to share this Lu Htu Sein Win's valuable article, in deed, pointing out the different meainings of technician and professional....Saya Sein Win demonstrates that he iss a responsible people's author....
Post a Comment