ဒီတပတ်မှာတော့ မတင်ဖြစ်တာ ကြာနေတဲ့ ဓာတ်ပုံပို့စ်လေး တင်ဖို့အတွက် ကျနော်တို့မြို့ကလေးက တိရိစ္ဆာန်ရုံကို သွားခဲ့ပါတယ်။ ရာသီဥတုကလဲ ၇၇ ဒီဂရီဖာရင်ဟိုက်၊ နေသာတယ်ဆိုတော့ ဒီပြည်နယ်ရဲ့ အကောင်းဆုံး ရာသီဥတုပေါ့။
ဒါကတော့ တိရိစ္ဆာန်ရုံကနေ ၀င်လိုက်ပြီး အနည်းငယ် လျှောက်သွားအပြီးမှာ မြင်ရတဲ့ မြင်ကွင်းပါ။ ပိုတယ်ဆိုချင်ဆို၊ ဒါကို မြင်တော့ ကျနော် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ချက်ချင်း သတိရမိပါတယ်။
အခု ကျနော်ရောက်ခဲ့တဲ့ တိရိစ္ဆာန်ဥယျာဉ်ရဲ့ ထူးခြားချက်ကတော့ ဒီပြည်နယ်ရဲ့ ရာသီဥတုအနေအထားနဲ့ လိုက်လျောညီထွေ မဖြစ်လှတဲ့ တိရိစ္ဆာန်တွေကို သူတို့ရဲ့ မူရင်းနေရပ် ရာသီဥတုနဲ့ အနီးစပ်ဆုံးဖြစ်အောင် တိရိစ္ဆာန်အမျိုးအစားအလိုက် တောအုပ်အတု၊ ရေကန်အတု၊ ကျောက်ဆောင် အတုတွေကို အလျဉ်းသင့်သလို မျက်စပသာဒ ဖြစ်အောင် ဖန်တီးပေးထားခြင်းပါ။ အရွယ်ရောက်သူ တဦးလျှင် ၁၀ ဒေါ်လာခွဲ ယူထားတဲ့ ၀င်ကြေးနဲ့ ထိုက်တန်တဲ့ စိတ်အပန်းပြေမှု ရအောင် အသေးစိတ်ဖန်တီးပေးထားတာကို တွေ့ရပါတယ်။
ဒါကတော့ အာဖရိကတိုက်က လာတဲ့ ဂေါ်ရီလာ မျိုးနွယ်စု သတ္တ၀ါ တကောင်ပါ။ ကျနော်ကတော့ ဒီကောင်ကြီးကို ကြည့်ရတာကို ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်ထဲက လူဝံကြီးကို လှမ်းစနောက် အော်ဟစ်ခဲ့ရတဲ့ အရသာလောက် မခံစားမိခဲ့ပါဘူး။
အမေရိကန်ရောက် အာဖရိက မျောက်တချို့ပါ။ ၀က်နှုတ်ခမ်းပုံစံနဲ့ မျောက်ကို တခါမှ မမြင်ဘူးသေးဘူး။ အမြင်တော့ ဆန်းသား..။
ဒါကတော့ ငါးတချို့ပါ။ အနီရောင်နဲ့ ငါးရဲ့ မျက်စိက လူမျက်စိနဲ့ အတော်လေးကို ဆင်တယ်။
ကောင်းကင် ကုလားထိုင်ခေါ်မလား၊ ရွေ့လျား ခုံတန်းခေါ်မလားတော့ မသိ။ တရွေ့ရွေ့နဲ့ သွားနေတဲ့ ခုံတန်းလေးတွေက အသည်းယားစရာ ကောင်းလို့ သွားတော့ မစီးဖြစ်ဘူး။
သစ်ကုလားအုပ်တွေပါ။ သိပ်တော့ မထူးခြားလှပေမယ့် Zoo Member ဖြစ်မှ အခမဲ့ အစာကျွေးခွင့် ရှိတာကတော့ အတန်ငယ်ထူးခြားသလို သူတို့ကို ကျွေးတဲ့ အရွက်ကတော့ မေပယ်လ်ရွက်တွေပါ။ :D
မိုမိုရေ လို့ ဘယ်သူမှ သူ့ကို မခေါ်သလို သူကလဲ `၀ူး´ လို့ မထူးပါဘူး။ အမေရိကန်မှာ ရှားပါးလှတဲ့ ကြံချောင်းတွေလဲ မစားရရှာပါဘူး။ သူလဲ မေပယ်လ်ရွက်ပဲ စားပါတယ်။ :D
ကြောင်ကျားကျားနဲ့ ပြောင်၊ အိပ်ငိုက်နေတဲ့ ခြင်္သေ့၊ စိတ်ညစ်နေတဲ့ ကျား၊ ကလေးတွေက မကြောက်တဲ့ ကျားသစ် …။
ဒေါင်းငြင်သာလေး တကောင်လေ၊ ကများ ကမလားလို့ စောင့်နေတာ အကြာကြီး ကလဲ မကတော့။ မကဒေါင်းငြင်သာပေါ့။ :P
ရထားဥသြသံလေးများကြားရင် ~~~ အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး ~~~။ အပျော်စီးရထားလေးပါ။ တိရိစ္ဆာန်ရုံတပတ်အတွက် တယောက်ကို နှစ်ဒေါ်လာခွဲပါ။
အဲဒါက ပိုလာဝက်ဝံတွေပါ။ ကျောက်ဆောင်တွေ ဖန်တီးပြီး သူတို့အတွက် အိမ်လေးသဖွယ် ဖန်တီးပေးထားတာက စိတ်ဝင်စားစရာ..။
လိုက်လည်ရတာ ညောင်းလာပြီလား…။ ဒီမှာ အနှိပ်ခံလို့ရပါတယ်။ ၂၅ဆင့် ထည့်ပေးလိုက်တာနဲ့ ငါးမိနစ်တာ နှိပ်နယ်ပေးမယ့် စက်လေးတွေပါ။ စမ်းကြည့်တာ တ၀ူးဝူးတဝေါဝေါနဲ့ ဟိုက ယားကျိကျိ၊ ဒီကယားကျိကျိနဲ့ …။
အထွက်ပေါက်ကို ပြန်ရောက်တော့ ညနေ လေးနာရီခွဲပါပြီ။ အမှတ်တရအရောင်းဆိုင်လေးတွေ အစီအရီနဲ့ ထွက်ပေါက်က နောက်တခေါက်လာခဲ့ပါအုံးလို့ ဖိတ်ခေါ်နေသလားထင်မိတယ်။ အင်း..၊ ပြီးဆုံးသွားပြန်ပေါ့..၊ တပတ်တာ..။
ကလိုစေးထူး
6 comments:
gdထ... gdထ...
ကျားသစ်ကအဖြူလေးနော်... မိုက်တယ်... ဒီမှာတော့ကျားဖြူရှိတယ်။ အဲဒီကောင်တွေကို ချစ်တယ်။
ခြင်္သေ့တွေ ကျားတွေ ကျားသစ်တွေကို ကြည့်ပြီး ဘယ်လိုပဲ သဘာဝနဲ့ နီးစပ်တူညီအောင်လုပ်လုပ် သဘာဝမဟုတ်ဘူးဆိုတာ သူတို့များ သိနေမလားလို့ တွေးမိတယ်။ လူတွေကို အပမ်းဖြေစေဖို့ မာန်စွယ်ချိုးပြီး အသုံးတော်ခံနေရတဲ့ဘ၀ ကျမကတော့ဖြင့် သဘောမကျလှပါဘူး။
နှိပ်နယ်ပေးတဲ့စက်ကလေးကို ကြည့်ပြီး ဟက်ပီးဝေါမှာ ရေးထားတဲ့ စာသား သွားသတိရမိပြန်သေးတယ်။ အဲဒီလို နှိပ်ပေးတဲ့ စက်ထိုင်ခုံမှာ ရေးထားတာလေ .. “အနှိပ်စက်ထိုင်ခုံ” တဲ့။ ထိုင်ရမှာတောင် လန့်ချင်စရာနော်။
အဲဒီက သစ်ကုလားအုပ်နဲ့ ဆင်ကြီးတွေက မေပယ်လ်ရွက်စားတယ်ဆိုတော့ ဗမာပြည်က ကောင်တွေဆို ချဉ်ပေါင်ရွက်များ စားမလား မသိ။ နောက်တခါ တိရစ္ဆာန်ရုံရောက်ရင် ကျွေးကြည့်အုံးမှပဲ။ :P
ဒီပို့စ်ကို ဖတ်နေရင်း သိန်းတန်မြန်မာပြည်ရဲ့ သီချင်းလေးကို ဆိုညည်းလိုက်မိသေး … ။
~~~ အင်္ကျီဝတ်ကွယ် သမီးလေးရယ် ~~ တိရစ္ဆာန်မျိုးစုံ သွားကြည့်မယ် ~~~ လယ်လယ်သွားမယ် လာခဲ့ ~~
ဒီပို့စ်လေးကနေ ဗဟုသုတတော့ ရတာအမှန်ပါပဲ..
ဒါပေမဲ့ ကျမအတွက်တော့ မသွားချင်ဆုံးက တိရစ္ဆာန်ရုံပဲ..
ကိုယ်တိုင်က အချုပ်အလှောင်ကို ကြောက်လွန်းလို့လားမသိဘူး။
ကျမ လှောင်အိမ်ထဲက သူတို့ကို သနားတယ်။မကြည့်ချင်ဘူး။
သေချာတယ်..သူတို့ စိတ်ဆင်းရဲနေမှာ…
ဂွကျတဲ့အတွေးအတွက်တော့ ဆောရီးးးနော်
လူတွေနဲ့ ရင်ပါးတဲ့ ကျားသစ်လေးက ချစ်စရာ ။ ဆင်က မေပယ်ရွက် စားသလား ။
ဒါဆို.. မောင်ရန့် ဆီဗုံးက မေပယ်လ်ရွက်တွေ သူ တရိစ္ဆာန်ရုံက ခိုးလာတာ ဖြစ်မယ် ။
Post a Comment