Friday, June 01, 2007

Hola Hola..

ဘရူနို စရိယားစ် (မင်္ဂလာ နံနက်ခင်းပါ)

အဲဒါကတော့ အလုပ်ထဲက မက္ကဆီကန် မိတ်ဆွေတွေနဲ့ ကျနော်ရဲ့ နံနက်ခင်း နှုတ်ဆက်လေ့ စကားပါ။

ကျနော့်အလုပ်ထဲမှာ မက္ကဆီကန် လူမျိုး ငါးယောက်ရှိပါတယ်။ အလုပ်ရှင်/အလုပ်သမား စုစုပေါင်းမှ ၂၀ ကျော်သာ ရှိတဲ့ မိသားစု စက်ရုံလေးမှာ မက္ကဆီကန်လူမျိုး ငါးယောက်ဆိုတာဟာ သေးလှတဲ့ အင်အားမဟုတ်ပါဘူး။

တကယ်တော့ ကျနော့်အလုပ်ရုံလို စက်ရုံပိစိကွေးလေးတင်မှာတင် မဟုတ်ဘဲ အမေရိကန်နိုင်ငံ အနှံ့အပြား တနံတလျားမှာ မက္ကဆီကန်လူမျိုးတွေ ရောက်ရှိအလုပ်လုပ်နေကြတာဟာ အခုဆိုရင် သန်း ၂၀ ခန့်တောင် ရှိနေပါပြီ။ ဟိုနေရာသွားလဲ သူတို့၊ ဒီနေရာသွားလဲ သူတို့ဖြစ်နေကြလိုက်တာ မက္ကဆီကန် ကွန်မြူနတီကို အမေရိကန်မှာ ခိုင်ခိုင်မာမာကြီးကို တည်ဆောက်နေနိုင်ကြနေပါပြီ။ ကျနော်နေတဲ့ မြို့ငယ်လေးမှာတောင် မက္ကဆီကန်လူမျိုးတွေအတွက် စပိန်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ရေဒီယို ဌာန တခုရှိနေပါတယ်။

မက္ကဆီကို နိုင်ငံရဲ့ အကြောင်းကို အနည်းငယ် တင်ပြပါရစေ..။

ကမ္ဘာပေါ်မှာ (၁၁)နိုင်ငံမြောက် အများဆုံး အဖြစ် လူဦးရေ ၁၀၉ သန်းနီးပါးရှိတဲ့ မက္ကဆီကို နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ကယ်လ်လီဖိုးနီးယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို နဲ့ တက်ဆက် ပြည်နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေပါတယ်။ ပြည်နယ်ပေါင်း (၃၁) ပြည်နယ်နဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တခုပါ။ စပိန်နိုင်ငံရဲ့ ကိုလိုနီအဖြစ် ၁၈၁၀ ခုနှစ်ကနေ ၁၈၂၁ ခုနှစ်အထိ နေခဲ့ရပါတယ်။ လက်ရှိရုံးသုံး ဘာသာစကားက စပိန်စကားပါ။

နိုင်ငံချင်း ထိစပ်မှု ရှိကြပြီဟေ့ ဆိုတာနဲ့ ပိုမိုတိုးတက်တဲ့ နိုင်ငံဆီကို သူ့လောက်မတိုးတက်သေးတဲ့ နိုင်ငံကလူတွေက ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတဲ့ အစဉ်အလာရှိတဲ့ အတိုင်း မက္ကဆီကိုနိုင်ငံသားတွေဟာလည်း အမေရိကန်နိုင်ငံအတွင်းကို ပုံစံမျိုးစုံနဲ့ ၀င်ရောက်ကြပါတယ်။ အများစု ၀င်ရောက်လာကြတာကတော့ နယ်စပ်ကို ဖြတ်ကျော်ကြတာပါ။ အပိတ်အဆို့ အတားအဆီးတွေ မြောက်များစွာ ရှိတဲ့ကြားက ဖြတ်ကျော်ဝင်ရောက်ကြပါတယ်။ ဖမ်းဆီးရမိသူတွေကို နေရင်းပြန်ပို့နေတာကလည်း မထူးဆန်းတော့တဲ့ သတင်းတပုဒ်နှယ် တီဗွီမှာ မကြာခဏ မြင်နေရလေ့ရှိပါတယ်။

`မင်းမှာ အခု အိုင်ဒီကဒ်ရှိတယ်လား´
`ရှိတာပေါ့´

နယ်စပ်ကို တရားမ၀င် ဖြတ်ကျော်ဝင်လာတဲ့ လူတယောက်က စိစစ်ရေးကဒ်ပြားလို့ ခေါ်ရမယ့် Social Security Number နဲ့ Identity Card ရအောင် ဘယ်ပုံဘယ်နည်း ဖန်တီးရယူသလဲ ဆိုတာ ကျနော် တကယ်မသိပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဒရိုင်ဘာ လိုင်စင်မရှိဘဲ ကားမောင်းသူ မက္ကဆီကန်တွေ ဒုနဲ့ဒေးပါပဲ။ ရဲက စစ်ဆေးလို့ မိသွားရင် သူတို့ ဘယ်ပုံဘယ်နည်း ဖြေရှင်းကြတယ်ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပေမယ့် ဘယ်သူ့ဆီမှာကမှ တိကျတဲ့ အဖြေရအောင် စုံစမ်းလို့ မရပါဘူး။

အမေရိကန်နိုင်ငံမှာ မက္ကဆီကိုလူမျိုးတွေ အင်မတန်မှ သက်သောင့်သက်သာ နေနိုင်တဲ့ အချက်တခု ရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား မက္ကဆီကန်တွေကို ထိုင်းရဲတွေက မြန်မာအလုပ်သမားတွေကို ဖမ်းသလိုမျိုး အလုပ်ရုံတွေ၊ နေအိမ်တွေကို ၀င်ရောက်စီးနင်း ဖမ်းဆီးတာ မရှိပါဘူး။ တခုတော့ ရှိပါတယ်။ အိမ်တအိမ်တည်းမှာ လူတွေအများကြီး စုပြုံပြွတ်သိပ်နေနေကြလို့ ဘေးအိမ်က တိုင်လိုက်ရင်တော့ လာဖမ်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံမှာ အိပ်ခန်းတခန်းပါ အိမ်ကို လူဘယ်နှစ်ယောက်၊ အိပ်ခန်း နှစ်ခန်းပါ အိမ်ကို ဘယ်နှစ်ယောက် စသဖြင့် စည်းကမ်းသတ်မှတ်ချက်နဲ့ နေရလို့ပါ။

လမ်းပေါ်မှာ သွားလာနေတဲ့ မက္ကဆီကန်တွေကိုလဲ `မင်းမှာ လက်မှတ်ပါလား´ ဆိုပြီး မေးလေ့ မရှိပါဘူး။ ဒါကြောင့် ဘယ်လိုနည်းနဲ့ပဲ ရောက်လာရောက်လာ ရာဇ၀တ်ပြစ်မှုကို မကျူးလွန်သရွေ့ ရဲဖမ်းတာ မခံရဘဲ အလုပ်လုပ်နိုင်ကြပါတယ်။

မက္ကဆီကို နိုင်ငံသုံး ပီဆိုငွေနဲ့ အမေရိကန်ဒေါ်လာရဲ့ ကွာဟနှုန်းထားကတော့ ပျှမ်းမျှအားဖြင့် တဒေါ်လာကို ၁၀ ပီဆို ၀န်းကျင်ပါ။ သူတို့နိုင်ငံမှာ လုပ်အားအနိမ့်ဆုံးရတဲ့ အလုပ်သမားတယောက်ဟာ တနေ့ကို ၃၀ ပီဆို ခန့်သာ ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အမေရိကန်ရောက် မက္ကဆီကန်လူမျိုးတွေဟာ တနာရီကို ငါးဒေါ်လာသာ ရရင်လဲ ၀င်လုပ်ဖို့ ၀န်မလေးပါဘူး။ ကယ်လီဖိုးနီးယားပြည်နယ်ဘက်မှာ ဆိုရင်တော့ စိုက်ခင်းတွေမှာ ၀င်ရောက်လုပ်ကိုင်တဲ့ မက္ကဆီကန်လူမျိုးတွေဟာ တနေ့ကို ၃၀ ဒေါ်လာနဲ့တောင် (တရားမ၀င်) လုပ်လေ့ရှိတယ်လို့ သတင်းတပုဒ်မှာ ကြည့်လိုက်ရပါတယ်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ အတိုင်း ဒီနိုင်ငံကို ရောက်ခိုက်မှာ တနေ့ကို ၁၈ နာရီအထိ မရပ်မနားလုပ်ပြီး ငွေရှာတဲ့ မက္ကဆီကန်တွေရှိသလို ရရစားစား ပျော်ပျော်ပါးပါး၊ ဘားကိုသွားလိုက်၊ ကက်စီနိုသွားလိုက်၊ ဆေးရှူလိုက် လုပ်နေတဲ့ မက္ကဆီကန်တွေလဲ မနည်းလှပါဘူး။ ကျနော့် အလုပ်ထဲက မက္ကဆီကန်ငါးယောက်မှာ လေးယောက်က အလုပ် နှစ်ခုလုပ်ပါတယ်။ ကျနော်တို့ အလုပ်ရုံမှာ အချိန်ပြည့်လုပ်တဲ့အပြင် တခြားမှာ အချိန်ပိုင်း လုပ်ကြတာပါ။ တနေ့ကို ၁၄ နာရီလောက် လုပ်ကြပါတယ်။ အလုပ်ကိုလာရင် အိပ်ရေးမ၀တဲ့ ပုံဟန် မျက်လုံးတွေ နီရဲလို့ပါ။

ကြုံတုန်း စပိန်စကား နည်းနည်းလောက် သင်ပေးပါရစေဦး။

Hi = ဟိုးလာဟိုးလာ (Hola Hola)
Thank you= ဂရာ့စီယာ့စ် (Gracias)
I love you = အဲဒါကတော့ နှစ်မျိုးသုံးပါတယ်။ ချစ်သူကို ပြောရင် တီအားမို (Te Amo) ဖြစ်ပြီးတော့ မိတ်ဆွေ၊ သူငယ်ချင်း အချင်းချင်းကိုတော့ တေကဲရ်ဒို (Te Quiero) မြန်မာတွေမှာ ငါးရာနှစ်ဆယ့်ရှစ်နဲ့ ထောင့်ငါးရာ အချစ် ကွာသလိုမျိုးလားတော့ မသိပါ။
ခပ်ချောချော ခပ်တောင့်တောင့် မိန်းကလေးကိုတော့ မာမာစီးတာ (MaMacita) လို့ ခေါ်ပါသတဲ့။
သိပ်လှတဲ့ မိန်းကလေး လို့ ပြောချင်ရင်တော့ ဘိုနီးတာ့ (Bonnita)
See you ကတော့ ကိုမိုစတာ့စ် (Como Stas) ပါ။
သူငယ်ချင်းကိုတော့ အာမီးကို (Amigo) လို့ခေါ်ပါတယ်။

ညနေ သုံးနာရီထိုးပါပြီ။ သောကြာနေ့ ညနေဆိုတော့ အားလုံးကလဲ ပျော်ပျော်ပါးပါးပေါ့။ မက္ကဆီကန် သူငယ်ချင်းတွေကို မြန်မာသံ ၀ဲဝဲနဲ့ နှုတ်ဆက်လိုက်တာကတော့..

အာဒီးယို့စ် (Adios) Bye Bye
ကိုမိုစတာ့စ်


ကလိုစေးထူး


(တကယ်တော့ ကျနော်အခုရေးတဲ့ မက္ကဆီကန်တွေရဲ့ အကြောင်းက သိပ်တော့ မပြည့်စုံလှသေးပါဘူး။ မနက်ဖြန်မှာ ကျနော် မအားလို့ ပို့စ်အသစ်တင်နိုင်မှာ မဟုတ်တာကြောင့် ခါတိုင်းဆို ပျက်ကွက်နေကြ သောကြာနေ့မှာ တင်လိုက်တာပါ။ ကြုံကြိုက်ရင်တော့ အချက်အလက်တွေ စုံစုံလင်လင်နဲ့ ထပ်ရေးပါဦးမယ်။)

4 comments:

Anonymous said...

Hola Hola

အမေရိကန်နိုင်ငံထဲကို ခိုးဝင်တဲ့ဇာတ်ကားတွေ အများကြီးကြည့်ဖူးတယ်။ မှတ်မိဆုံးကတော့ Goal ဆိုတဲ့ဇာတ်လမ်းပဲ။ အချက်အလက်စုံစုံလင်လင်နဲ့ ရေးမယ့်စာကိုလည်း ဖတ်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ Adios Amigo

s0wha1 said...

ဟိုးလာဟိုးလာ...ဘရူနို စရိယားစ်...
ဂရာ့စီယာ့စ် for ur post...
တေကဲရ်ဒို...အာမီးက...

အာဒီးယို့စ်
ကိုမိုစတာ့စ်

မေငြိမ်း said...

ကိုစေးထူးရေ…
ဖြစ်နိုင်ရင် သူတို့ရဲ့
ထူးခြားတဲ့ အနုပညာ ယဉ်ကျေးမှုတွေ ဂီတတွေ
သိချင်ပါသေးတယ်။
အမက မက္ကဆီကန်တွေကို စိတ်ဝင်စားတယ်။
အမကြိုက်တဲ့ ပန်းချီဆရာမ ဖရီဒါကာလို(Frida Cahlo)က Mexican လေ။
ပြီးတော့ အဆိုတော် Selena .. ။
ဒါကြောင့် Mexican တွေကို စိတ်ဝင်စားတာပါ။

မေဓာဝီ said...

ဒီဘလော့က စပိန်ဘာသာစကား သင်ပေးနေတယ်။
ကျောင်းလာတက်ဦးမှ။
အဲ … ဆရာကလည်း I love you တို့ ခပ်ချောချော ခပ်တောင့်တောင့်တို့က စပြီး သင်နေပါလား။ ၀ါသနာအရ ထင်ပါရဲ့။ အဟမ်းးးးး ။ :P
ခပ်မိုက်မိုက် ကောင်လေးတွေကျတော့ ဘယ်လိုခေါ်တယ် မသင်ပါ့လား။ ဒီဆရာ မျက်နှာလိုက်တယ်။ ဧကန္တတော့ ကျောင်းသားတွေပဲ သီးသန့် လက်ခံတယ် ထင်ပါရဲ့။ နောက်လဲ ဆက်သင်ပါအုံး၊ ဗဟုသုတ ရပါတယ်။