ဒီနေ့..။ တနင်္ဂနွေနေ့..။
ညက အိပ်ရာဝင်တာ နောက်ကျလွန်းတာကြောင့် အိပ်ရာထတော့ မနက်ဆယ်နာရီ ထိုးလုပါပြီ။ အိပ်ရာမှ နိုးနိုးခြင်းမှာ တေးထားမိတာက `ဒီနေ့ စာကောင်းကောင်း တပုဒ်ဖြစ်အောင် ရေးမယ်´ လို့ပေါ့.။ တီဗွီကို ဖွင့်လိုက်တော့ ခေါင်းဖြူ ဆံပင်စတိုင်လ်နှင့် ဘက်ခမ်းက သူ့အပေါင်းအပါတသိုက်နဲ့ အတူ ဘရာဇီးလ်သားတွေနဲ့ ချစ်ကြည်ရေးပွဲကန်ဖို့ ဟန်တပြင်ပြင် ဖြစ်နေပါပြီ။
အွန်လိုင်းကလဲ တက်ချင်သေးတော့ ဂျီတော့ခ်ကို ၀င်မိလိုက်ရင်ပဲ..။
…………………………………
……… ဟိုဟိုဒီဒီ………………
ဘာညာသာရကာ…….. ……..
……………… နေကြာကွာစိ…….
ခပ်လှမ်းလှမ်းက ဘောလုံးပွဲကို ငဲ့ကြည့်လိုက်၊ စကားပြောလိုက်၊ သူငယ်ချင်း ဘလော့ဂါတချို့ရဲ့ စာတွေ လိုက်ဖတ်လိုက်…။
ဂိုးးးးးးးးး
ဘက်ခမ်းရဲ့ ဖရီးကစ်ကန်တင်အပို့ကို ဂျွန်တယ်ရီရဲ့ ခေါင်းတိုက်ချက်က ဘရားဇီးဂိုးသမားကို ဖားတကောင်လို ကားခနဲ ဖြစ်သွားစေလေရဲ့..။ အားရှိပါးရှိနဲ့ ဂျီတော့ခ် ကာစတွန်မက်ဆေ့မှာ `ဂျွန်တယ်ရီကွ(((((((´ လို့ ရေးတင်လိုက်တော့ တချို့က ထောပနာပေးပါလေရော..။ ဒါပေမယ့် ကာကာရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကြောင့် ဘရာဇီးလ်သားတွေ မရှုံးဖြစ်လိုက်ပါဘူး။
ဘောလုံးပွဲပြီးတော့ နေ့လည် ၁၂ နာရီထိုးလုပါပြီ။ အင်း…၊ စာနည်းနည်းဖတ်ဦးမှ..။ ပန်ဒိုရာရဲ့ `ကိုဖိုးရမ် မဘလောက်´ ၀တ္ထုကို ဖတ်ရင်းနဲ့ မျက်နှာက စပရိန်လို စပ်ဖြီးဖြီး…..။ ဆရာမမေငြိမ်းရဲ့ `အမှန်နဲ့ အမှား´ ပို့စ်ကို ဖတ်မိတော့လည်း လူက ငိုင်ကျသွားချင်ပြန်…။ မမေဓာဝီရဲ့ `လျှပ်တပြက်ဟာသများ´ ပို့စ်ကလည်း ကလိတိတိနဲ့ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချင်စရာ….။ နောက်တော့ တခြားသော ဘလော့ဂ်တွေဆီ ဟိုဝင်ဒီထွက်နဲ့ မျက်နှာကလဲ ပြုံးလိုက်၊ မဲ့လိုက်…။
နာရီကို ကြည့်မိတော့ နေ့လည် တနာရီခွဲ..။ ဟာ၊ ဒီနေ့ အိမ်လခပေးရမယ့် နောက်ဆုံးရက်ပဲ။ သုံးနာရီဆို ရုံးပိတ်မယ်၊ ဒီနေ့မပေးမိရင် ဒဏ်ကြေး အစိတ် ပေးရမယ်။ မဖြစ်ချေဘူး၊ အမြန်သွားပေးမှ..။ ချက်လက်မှတ်အမြန်ရေး၊ အိမ်ငှားရုံးကို ပြေးရပြန်ပါတယ်။ အရေးထဲ အိမ်ငှားရုံးက ဗိုက်ပူစာရေးကြီးက ဖုန်းပြောနေတာ တော်တော်နဲ့ မပြီးနိုင်။
`ဟေးးးးလူ´
အိမ်ငှားရုံးက ပြန်အလာ မြန်မာအသိမိတ်ဆွေတယောက်ရဲ့ အခန်းရှေ့က ဖြတ်မိတော့ သူက လှမ်းခေါ်နှုတ်ဆက်ပါတယ်။
`လာပါဦးဗျ´
အားနာတာနဲ့ သူ့အခန်းကို ၀င်မိတော့ အချိန်တချို့က ကျနော့်ကို မစောင့်ဘဲ သွားကြပြန်လေရော..။
……………..
…………………………
…………………………..
`ပြန်လိုက်ဦးမယ်ဗျာ´ လို့ နှုတ်ဆက်ရင်း ကျနော့်အခန်းကို ပြန်လာတော့ နေ့လည် နှစ်နာရီခွဲကျော်ပြီ။ စက်ရှေ့မှာ ပြန်ထိုင်ရင်း ရေးမယ့်စာအတွက် ကီသွင်းပါတယ်။ မျက်လုံးကို အသာမှိတ်၊ ကုလားထိုင်မှာ မှီထိုင်ရင်း ရေးမယ့်စာရဲ့ အစကို ဘယ်ပုံဘယ်နည်းပျိုးရပါ့လို့ ဉာဏ်နီဉာဏ်နက်ထုတ်နေတုန်း…….။
`ဒေါက်၊ ဒေါက်၊ ဒေါက်´
အခန်းတံခါးခေါက်သံ ခပ်ဖွဖွကြောင့် ချောင်းကြည့်ပေါက်မှာ ကြည့်လိုက်တော့ လားလား၊ သူငယ်ချင်းတယောက်ရဲ့ မိသားစုပါလား…။ ကလေးတွေပါ ပါလားသေးတယ်။ တံခါးကို ဖွင့်လိုက်တော့…။
`ဘာတွေလုပ်နေတုန်းဗျ´
`သြော်၊ ဒီလိုပါပဲ၊ လာဗျာ၊ အထဲဝင်ထိုင်လေ´
`ဒီဘက်မရောက်တာလဲ ကြာပြီဆိုတော့ ၀င်လာတာဗျ။ ပြီးတော့ ကျနော့်အိမ်မှာ အင်တာနက်ချိတ်ချင်လို့ဗျာ၊ အဲဒါ ဖုန်းဆက်ပေးပါလား´
`သြော်၊ ဟုတ်ကဲ့ ရပါတယ်´
ဖုန်းခေါ်….၊ blah, blah blah နဲ့ ပွားအပြီးမှာတော့ ကျနော့်စက်ရှေ့မှာ သူငယ်ချင်းရဲ့ ကလေးနှစ်ယောက်က ခန့်ခန့်ကြီး နေရာယူနေပါပြီ။ ကလေးတွေနဲ့ အတူတူ ဂိမ်းကစားနေတဲ့ ကျနော့်ကွန်ပြူတာက ကျနော့်ကို မျက်စပစ် လှောင်ပြောင်နေသယောင်ယောင်..။
ရေခဲသေတ္တာထဲကို ဖွင့်ကြည့်တော့ ဘီယာသုံးလေးပုလင်း ရှိနေသေးတာနဲ့ သူငယ်ချင်းကို လောကွတ်ချော်လိုက်ပါတယ်။
`ဘီယာချဗျာ´
ကိုယ်တော်ချောက မငြင်းပါ။ အင်းလေ၊ ကိုယ့်တုန်းကလဲ ငြင်းတာမှတ်လို့.။ စည်ပိုင်းပေါက်စ သူ့အိမ်သူ ဇနီးကတော့ တီဗွီရှေ့မှာ ထိုင်လို့ ကျနော့်မှာ ရှိသမျှ မြန်မာအခွေတွေကို ပြဿနာရှာနေလေရဲ့..။ `ဟယ်၊ စာအုပ်တွေလဲ အများကြီးနော်´ ဆိုပြီး စာအုပ်တွေကိုလည်း တဖျောဖျောနဲ့ ဆွဲယူလှန်လှောပြန်ပါတယ်။
ညနေ.. ငါးနာရီ..။ သူတို့ မပြန်သေး..။
ခြောက်နာရီ..။ စကားကောင်းနေကြဆဲ..။ ဒီပြည်နယ်က မြန်မာတွေအကြောင်း…။ လက်ရှိ ဒေါ်လာငွေပေါက်ဈေး၊ ဆီဈေး အကြောင်း..။
ခုနှစ်နာရီ…။
`ဟဲ့၊ ဟဲ့´ ဆိုတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ ကလေးနှစ်ယောက်က ကျနော့်စက်ကို အဝေမတည့်လို့ သူ့အမေက ဟန့်နေရပါတယ်။ စိတ်ကြီးပုံရတဲ့ အကြီးကောင်က ကျနော့် ကြိုးမဲ့ မောက်စ်လေးကို လွှင့်ပစ်လိုက်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မောက်စ်က မပျက်သွားပါဘူး။ ခဏကြာတော့မှ ကလေးနှစ်ယောက်လုံး တီဗွီရှေ့ကို ရောက်လာကြလို့ ကျနော့်စက်ကလေးအတွက် စိတ်သက်သာရ ရပါတော့တယ်။
ည ခုနှစ်နာရီခွဲ….။
`ကဲ.. ပြန်တော့မယ်ဗျာ´
`သြော်.. ပြန်တော့မလား၊ အေးအေးဆေးဆေးပေါ့ဗျ´ (အမှန်က ပြန်စေချင်နေတာ တော်တော်ကြာပြီ)
`ခင်ဗျားက မနက်ကျရင် အလုပ်သွားရမယ်လေဗျာ၊ နားလိုက်ပါဦး´
`ဟုတ်ကဲ့´ (ကျေးဇူး ကြီးလှပါတယ် မောင်မင်းကြီးသားရယ်)
သူတို့ အားလုံး ပြန်သွားတော့ ည ရှစ်နာရီ ထိုးလုပေါ့..။ ထမင်းစားစားပွဲပေါ်မှာ ဘီယာပုလင်းခွံ လေးငါးလုံးက မညီမညာထောင်လျက်သား၊ မစီမရီဖြစ်သွားတဲ့ စာအုပ်စင်ကလဲ မသေမသပ်နဲ့..။ ကွန်ပြူတာကို ကြည့်လိုက်တော့ အတော်မောပန်းနေလေဟန်..။ လူကလဲ အာရုံတွေ ခပ်နောက်နောက်ဖြစ်လို့ ရေးမယ်လို့ တေးထားသမျှလေးတွေလဲ ဘယ်ဆီရောက်ကုန်ပြီ မသိတော့…။
ဒီလိုနဲ့..။
ဒီနေ့.. ကျနော်စာမရေးဖြစ်ပါ။
ကလိုစေးထူး
11 comments:
ဟယ်...စိတ်မကောင်းစရာပဲ...စာမရေးဖြစ်ဘူးဆိုတော့ ဒီနေ့ မဖတ်ရတော့ဘူးပေါ့နော်...=))
ကိုစေးထူးရဲ့ မရေးဖြစ်တဲ့ ပို့စ်က စာမျက်နှာ တမျက်နှာလောက်ရှိတယ်နော် အဟဲ ။ ဖတ်လို့ ကောင်းတယ် ။ ဘာမဟုတ်တာကိုလည်း စကားလုံးလှလှလေးတွေနဲ့ ရေးတတ်တာ လေးစားပါတယ် ။
ကိုစေးထူးမရေးဖြစ်တော့ ပန်ဒိုရာလည်း ကွန်မန့်ရေးရ သက်သာသွားတာပေါ့။
စာမရေးဖြစ်ကြောင်းကို စာရေးပြီး ပြောတာလား.? :D
အိမ်လာလည်တဲ့ လင်မယားများ ဒီပို့စ်ကို ဖတ်မိရင်... ခင်ဗျားက ဘယ်လိုလဲဗျ။ ကျုပ်မိန်းမကိုများ စည်ပိုင်းလေး ဘာလေးနဲ့ ခင်ဗျားမှာရော ရှိလို့လား။ ဘာညာနဲ့ ရန်တွေ့နေပါအုံးမယ်။ ကိုစေးထူးရယ်...
ဒါလေးဖတ်မိတော့ အဆိုတော် အဲလက်စ်ရဲ့ သီချင်းတပုဒ်သတိရတယ်။ သီချင်းရေးဖို့ကို အနှောင့်အယှက်များတဲ့ အကြောင်းလေ။
စာမရေးဖြစ်တော့ မဖတ်ရလို့ ၀မ်းနည်းပြီးပြန်သွားပါတယ်။ နောက်နေ့မှ ပြန်လာကြည့်တော့မယ်။ စာအသစ်တင်လားလို့။ :P
အကိုသံလွင်တို့များ စာရေးကောင်းကြောင်းကို စာမရေးဖြစ်တဲ့ အကြောင်းနဲပ ကပ်ကြွားသွားတယ်...
မရေးဖြစ်ဘူးဆိုရင် ဘာမှမရေးနဲ့ဗျာ…စိတ်တိုတယ်
စိတ်မကောင်းသူ၊ စိတ်တိုသူ၊ လေးစားသူ၊ ကွန်မန့်အရေးရသက်သာသူ များနဲ့ တကွ ကိုသက်ဦး၊ ညလေး၊ ငယ်၊ ကိုလူသစ်တို့ အားလုံး အခုလို ထောပနာပြုတာကို ကျေးဇူးတင်ပါကြောင်း။ (မွေးနေ့လက်ဆောင် သီချင်းက နာမည်ရွတ်တာကျနေတာပဲ :D)
ဟုတ်ပါ့ဗျာ.
ကိုစေးထူးရေးထားတာက ဒီနေ့.
ကျွန်တော်ရေးထားတာက ဒီည
တော်တော်လည်း တိုက်ဆိုင်တတ်ပါပေတယ်.
ပူးပေါင်းဖို့အသင့်ပဲဗျ
ဖုန်းဆက်လိုက်ရမလား...
ဟတ်ဟတ်ဟတ်.
ရေးထားတာလေးတွေ ရေရေလည်လည်ညက်တယ်ဗျာ...
hahha.. taw tay tar port..sar may yay phyit pay lo..hahha..
Post a Comment