Thursday, October 06, 2016

လမ်းကလေး…

 လမ်းကလေး တခုကို အခုတလော သတိရနေဖြစ်တယ်။

နေပါဦး…။

လမ်းကလေး တခု အကြောင်းကို ဘယ်သူကများ တခုတ်တရ သတိရနေတတ်မလဲ။
အဲဒီ လမ်းကလေးရဲ့ နာမည် ဘယ်လို ခေါ်ပါလိမ့်လို့ စဉ်းစားရင် ခပ်ရေးရေးပဲ။ မြို့ရဲ့ အဓိက လမ်းမကြီး ဗိုလ်ချုပ်လမ်းကနေ ဖဲ့ထွက်သွားတဲ့ ဒီလမ်းကလေးမှာ အမည် မရှိဘူး။ ဒါမှမဟုတ်လဲ မရှိဘူးလို့ သူ ထင်တာနေမယ်။

***

ပြည်သူ့ဆေးရုံရယ်၊ ဒီဘက်က နှစ်ထပ်အိမ်ဟောင်း ခပ်မြင့်မြင့် တဘက်တချက်စီရယ်ဟာ အဲဒီ လမ်းကလေးရဲ့ အစပဲ။ တောင်ကုန်း ခပ်မတ်မတ်တခုကို တက်ရသလိုပဲ အဲဒီ လမ်းကလေးဟာ အပေါ်ကို အတော်လေး ထိုးထိုးထောင်ထောင် တက်ရတယ်။

နည်းနည်းလေး ထပ်လျှောက်လာလိုက်မယ် ဆိုရင်တော့ …။
ဘယ်ဘက်မှာ ကျောင်းဆရာနဲ့သူနာပြု ဆရာမလေးတို့ရဲ့ နှစ်ယောက် တဘ၀အိမ်၊ ပြီးတော့ သူတို့ အိမ်ရှေ့က လမ်းသစ်လမ်းလို့ ခေါ်တဲ့ လမ်းခွဲ။ ဒါက လမ်းကလေးရဲ့ တခုတည်းသော လမ်းခွဲ။ ပြီးရင် စစ်ထွက်ကြီး တယောက်ရဲ့အိမ်။ အဲဒီအိမ်ရဲ့ နောက်နားခပ်ကျကျမှာတော့ အာဇာနည်ကုန်းနဲ့ ကျောက်တိုင်…။ ကျောက်တိုင်ရဲ့ ရှေ့နားကနေ ဖြတ်လျှောက်ပြီးရင် ဟိုးအနောက်မှာ လူနေအိမ်စုစုကလေးတွေ ရှိဦးမယ်။

ဆက်တက်သွားလို့ လမ်းအဆုံး ကုန်းထိပ်မှာ မင်းကျောင်း ဘုန်းကြီးကျောင်း၊ ဒါပဲ။

***

လမ်းကလေးဟာ မတ်စောက်လွန်းတော့ ဒီဘက် ဗိုလ်ချုပ်လမ်းကနေ ဟိုဘက်ထိပ် မင်းကျောင်း ဘုန်းကြီးကျောင်း အရောက်၊ နှစ်ဖာလုံ မရှိတရှိလောက်ကို ဘယ်သူကမှ စက်ဘီးနဲ့ နင်းပြီး အရောက် မတက်နိုင်ဘူး။ လမ်းလျှောက်ပြီး တက်ရင်တောင် အိပဲ့ပဲ့ တက်ရတာကလား။

ဒါပေမယ့် ဟိုဘက် ကုန်းပေါ်ကနေ အောက်ကို စက်ဘီးနဲ့ လှိမ့်ပြီး ဆင်းရတဲ့ အရသာကတော့ ရင်တလှပ်လှပ်နဲ့ ကျေနပ်စရာကောင်းတယ်။ သတိတော့ ထားရလိမ့်မယ်။ တခါမှာတော့ မီးစက်လုပ်သားကြီး တယောက် အလုပ်သွားဖို့ အတွက် အဲဒီလမ်းကလေး ထိပ်ကနေ ကုန်းဆင်းအတိုင်း စက်ဘီးနဲ့ လှိမ့်ဆင်းသွားလိုက်တာ ဘရိတ်မမိတဲ့ သူ့စက်ဘီးက အရှိန်မသတ်နိုင်တော့ လမ်းမတန်းက မောင်းလာတဲ့ ကားနဲ့ ၀င်တိုက်မိတာ အသက်ပါ ပေးလိုက်ရတယ်။

မီးစက်လုပ်သားကြီးရဲ့ ဘ၀တခု အဆုံးသတ်ချိန်မှာပဲ လမ်းကလေးရဲ့ ဟိုဘက် ဆေးရုံထဲကနေ “အဲ့” ခနဲ ငိုယိုသံလေးဟာ လောကကို လှမ်းနှုတ်ဆက်မယ့် လူ့ဘ၀ အသစ်တခုကို ကိုယ်စားပြုနေပြန်တယ်။

***

မတ်စောက်လွန်းတဲ့ လမ်းကလေးက ရေတခါမှ မ၀ပ်တတ်ဘူး။ မိုးတွင်းဘက် မိုးတွေ တအားရွာတဲ့အခါကျရင် လမ်းကလေးရဲ့ အလယ်မှာ ရေစီးကြောင်း ခပ်ငယ်ငယ်လေးတောင် ဖြစ်နေတတ်တယ်။ မိုးသည်းသည်းကြောင့် ရေတွေက ဒေါသတကြီးနဲ့ ခုန်ပေါက် ပြေးဆင်းသွားတတ်ပြီးရင် လမ်းကလေးကို ဒဏ်ရာဒဏ်ချက် တချို့ ချန်ထားတတ်တယ်။
ညာဘက် ဆေးရုံရဲ့ အလွန် မင်းကျောင်းကို မရောက်ခင် လမ်းကလေးရဲ့ ဘေးမှာတော့ ဘာစီမံကိန်းတွေ အတွက်မှန်း မသိတဲ့ တူးဆွခြင်းတွေကြောင့် မြေသားတွေက တွင်းချိုင့်တောင် မဖြစ်တဖြစ်ပဲ။

 ဟိုအရင်ကတော့ အဲဒီနေရာ ခပ်အုပ်အုပ်တောကလေးထဲမှာ မာလကာချဉ်ပင် တချို့တလေ ရှိဖူးတယ်။ သစ်တုံး ခပ်ဆွေးဆွေးတွေလဲ ရှိတတ်တယ်။ အဲဒီ သစ်တုံး ဆွေးဆွေးရဲ့ ဘေးမှာ ကပ်ရပ်ပေါက်နေတတ်တဲ့ သစ်တုံးမှိုတွေကို ဆွတ်လို့ ဟင်းချို ချက်သောက်လို့ ရခဲ့သေးတယ်။

စီမံကိန်းတွေလား၊ တနေရာရာကို ရောင်းချတာလား မသိရတဲ့ မြေတူးစက်တွေရဲ့ ဒဏ်က လမ်းကလေးရဲ့ ညာဘက်တင် မက ဘယ်ဘက်က အာဇာနည်ကုန်း ကျောက်တိုင်နေရာကိုလဲ ကျူးကျော်ပစ်လိုက်တာ တော်တော်လေးကို မြင်မကောင်းတဲ့ ချိုင့်ကြီး ဖြစ်နေတယ်။ ထီးထီးကြီး ရပ်နေတဲ့ အာဇာနည် ကျောက်တိုင်ကို ထိလုနီးပါး ဖြစ်တဲ့အထိကို တူးဆွထားကြတာလေ။

***

မနက်စောစောဆိုရင် ကုန်းထိပ် မင်းကျောင်းပေါ်ကနေ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေနဲ့ ပီဘိ ကျက်သရေ ရှိနေတဲ့ လမ်းကလေးဟာ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်တွေ အတွက် သူ့အပေါ် တဖြတ်ဖြတ် နင်းလျှောက်သွားတဲ့ အနာဂတ်ရဲ့ ပန်းပွင့် ကျောင်းသား၊ ကျောင်းသူလေးတွေကိုလဲ ငေးမောလို့ ကြည့်နေလေမလား…။

တနေ့တာ လုပ်ငန်းခွင်ဆီကို သွားကြတဲ့ ခြေလှမ်း ခပ်သုတ်သုတ် ကာယ၊ ဉာဏ အလုပ်သမားတွေရဲ့ ဖြတ်နင်းခြင်းကို ခံရချိန်မှာတော့ သူ့မှာလဲ တာဝန်တွေ ရှိနေတဲ့ အလား လမ်းကလေးမှာလဲ တက်လို့ ကြွလို့…။

ညနေစောင်းတချို့ရဲ့ အမှောင်ရီ ခပ်ပျိုးပျိုးညတွေမှာတော့ အာလေးလျှာလေးသံ တချို့ကို သီချင်းလုပ်ဆိုတတ်တဲ့ အသံသြသြ ပိုင်ရှင်တချို့က လမ်းကလေးအပေါ် ဒယီးဒယိုင် ဖြတ်နင်းသွားတတ်တယ်။ ငြိမ်သက်နေတဲ့ လမ်းကလေးဟာ ပျော်မှာ မဟုတ်လောက်ဘူးပေါ့။ ဒါပေမယ့် အဲဒီ အသံသြသြ သီချင်းသံကိုမှ နှစ်သက်နေတာလဲ ဖြစ်ချင်ဖြစ်နိုင်တာပဲလေ။

***

တခါမှာတော့ လမ်းကလေးဟာ သဲထိတ်ရင်ဖို တခုကို ကြုံလိုက်ရတယ်။

ရှေ့တန်း စစ်ဆင်ရေး တခုမှာ အသုံးချဖို့အတွက် ပေါ်တာ အထမ်းသမား အုပ်စု တစုဟာ သူတို့ကို ထိန်းကျောင်းကြပ်မတ်တဲ့ စစ်သား သုံးလေးယောက်ရဲ့ လက်ထဲကနေ အသက်လုပြီး ထွက်ပြေးကြတာ ဟောဒီ လမ်းကလေး အပေါ်မှာပဲ ဖြစ်ပျက်သွားဖူးတယ်။

ရက်၊လ များစွာ အချုပ်အနှောင်ခံခဲ့ရ၊ အထမ်းအပိုးတွေကို စစ်မက်ဖြစ်ပွားရာဆီ ပို့ဆောင်ပေးကြရသူတွေရဲ့ အသက်လု ပြေးပွဲကို လမ်းကလေးဟာ ရင်ထိတ်လွန်းစွာနဲ့ပဲ အံ့သြတကြီး ငေးမောခဲ့ရမှာ သေချာတယ်။

***

အာဇာနည်နေ့ လို နေ့မျိုးကို ရောက်ရင်တော့ လမ်းကလေးရဲ့ ဇာတိမာန်ဟာ ဆတ်ခနဲ ခေါင်းထောင်လာတတ်တာပေါ့။ မမေ့အပ်၊ မမေ့ထိုက်တဲ့ ခေါင်းဆောင်ကြီးတွေကို လာရောက် ဂါရ၀ပြုသူတွေက သူ့အပေါ် ဖြတ်လျှောက်သွားကြတဲ့အခါ အဲဒီနေ့လောက် ဂုဏ်ယူဖြစ်နေမယ့်နေ့ ရှိပါ့တော့မလား။ တချို့နှစ်တွေကျတော့လဲ အဲဒီနေ့မှာပဲ ဘယ်သူမှ ရောက်မလာတတ်တဲ့ ကျောက်တိုင်ကုန်းလေးကို လမ်းကလေးဟာ ခပ်ဆွေးဆွေး ငေးလို့…။

***

လူငယ် တယောက်ဟာ ကျောပိုးအိတ် တလုံးကို လျော့ရဲရဲ လွယ်လို့ မနက်ခင်းစောစော တခုမှာ လမ်းကလေးကို အကြာကြီး ငေးကြည့်နေခဲ့ဖူးတယ်။ ပြီးတော့ လမ်းကလေးနဲ့ အသံတိတ် စကားတွေ ပြောကြတယ်။ လူငယ်က နီမြန်းမြန်း ဂ၀ံသား လမ်းကလေးရဲ့ မျက်နှာပြင်ကို နှုတ်ခမ်း ခပ်တင်းတင်း စေ့လို့ ငေးကြည့်နေချိန် လမ်းကလေးက “မင်း ပြန်လာဦးမှာလား” လို့ ခပ်ဖွဖွ ရေရွတ်တယ်။

ဦးခေါင်းကို ဆတ်ခနဲ ယမ်းခါလိုက်တဲ့ တချက်မှာ လူငယ်လေးရဲ့ ပါးပြင်ပေါ်က မျက်ရည်စ တချို့ လမ်းကလေးပေါ်ကို ပြုတ်ကျသွားတယ်။ ၀မ်းနည်းခြင်း အပြည့်နဲ့ လမ်းကလေးကလဲ အဲဒီ မျက်ရည်တွေကို ခပ်မြန်မြန်ပဲ လက်ခံ မျိုချပစ်လိုက်တယ်။

“ဂရုစိုက်နော် ကောင်လေး” လို့ လှမ်းအော် မှာလိုက်သေးပေမယ့် လူငယ်လေးဟာ နောက်ကို တစက်ကလေးတောင် ပြန်လှည့်မကြည့်တော့ဘူး။

***

အဲဒီ လမ်းကလေးမှာ အမည် ရှိ၊မရှိ မသေချာဘူး။
ဒါပေမယ့် လမ်းကလေးမှာ လှပနုပျိုခြင်း ရှိတယ်။
သဘာဝ ဆန်ခြင်း ရှိတယ်။
နိမ့်တလှည့် မြင့်တလှည့် လောကဓံရဲ့ ကိုယ်စားပြုခြင်းရှိတယ်။
ကဗျာတပုဒ် ရှိတယ်။
ဇာတိမာန် ရှိတယ်။
သာသနာ ရှိတယ်။
သဲထိတ်ရင်ဖို ဖြစ်ရခြင်းတွေ ရှိတယ်။
အနာဂတ်တွေ ရှိတယ်။
အစပြုခြင်းရော အဆုံးသတ်ခြင်းတွေပါ ရှိတယ်။
ဆုံးရှုံးခြင်းနဲ့ ပိုင်ဆိုင်ခြင်းတွေလဲ ရှိတယ်။
ဂီတသံ ရှိတယ်။
ခွဲခွာရခြင်းတွေ ရှိတယ်။
နားထောင်တတ်မယ်ဆိုရင် မေတ္တာတရားရဲ့ ပဲ့တင်သံတွေ ရှိတယ်။

***

နှစ်တွေ အထပ်ထပ် ကြာသွားတယ်။
အဟောင်းတွေ တနှောင်းနှောင်းပြောင်းသွားတယ်။ အသစ်တွေ အသစ်တွေ ရောက်ရောက်လာတယ်။ နုပျိုခြင်းတွေ၊ အိုမင်းခြင်းတွေ အားလုံးရဲ့ အရွေ့ထဲမှာ လမ်းကလေးဟာ နဂိုနေရာကနေ ဘယ်ကိုမှ မပြောင်းနိုင်သေးဘူး။

***

လမ်းကလေး တခုအကြောင်းကို ဘယ်သူကများ တခုတ်တရ သတိရနေတတ်မလဲ…။
လမ်းကလေး တခုကို အခုတလော သတိရနေဖြစ်တယ်။

***

ကလိုစေးထူး

ရေးသားပြီးစီးချိန်။ အောက်တိုဘာလ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ မနက် ၁ နာရီ ၇ မိနစ်။