Friday, September 15, 2006

အားလုံးမင်္ဂလာပါ

ကျနော် ပြောပြချင်တဲ့ ကျနော့်အကြောင်းများ.. ခံစားချက်များကို သူငယ်ချင်းများထံ ဝေမျှဖို့ ဒီဘလော့ဂ်ကို ရေးဖြစ်ပါတယ် .. အားလုံး မင်္ဂလာပါခင်ဗျာ.. လင့်ခ်ကို အမှတ်တမဲ့ ကလစ်လိုက်မိလို့ပဲ ဒီကိုရောက်လာ ဖြစ်ဖြစ်.. တကယ်ဖတ်ချင်စိတ်နဲ့ ရည်ရွယ်ပြီး ဒီကိုရောက်လာသည်ဖြစ်ဖြစ်... အခုလို ကျနော့် ဘလော့ဂ်ကို ၀င်ရောက် အားပေးတာကို အထူးကျေးဇူးတင်ပါတယ်.. ကလိုစေးထူးလို့ နာမည်ပေးထားတဲ့ ဒီဘလော့ဂ်မှာ ကျနော့်ရဲ့ အကြောင်းတချို့တ၀က်.. စိတ်ကူးရလို့ရေးမိတဲ့ တချို့ကဗျာ. ကျနော် ကြိုက်မိတဲ့ စာပေတချို့… ကျနော် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် အတွေ့အကြုံတချို့ကို အချိန်အားလပ်ရင် အားလပ်သလို တင်ပြသွားပါမယ်..

ကျနော့်အကြောင်း

၁၉၇၅ခုနှစ်၊ မေလ ၂၃ ရက် သောကြာနေ့မှာ ကျနော့်မေမေဟာ.. နောင်တချိန်မှာ သူ့ကို သောကဗျာပါဒတွေ အများကြီးပေးလာမယ်လို့ အဲဒီအချိန်က သူကိုယ်တိုင်မသိခဲ့တဲ့ သားမိုက် ကျနော့်ကို ညည်းညူခြင်းမဲ့စွာနဲ့ ကရင်ပြည်နယ်က မြှိုငယ်လေး တခုမှာ မွေးဖွား ခဲ့ပါတယ်.. အိမ်ထောင်တခုရဲ့ သားဦးမှာ သားကိုမွေးခဲ့လို့ ဖေဖေကလဲ ၀မ်းသာ အားရနဲ့ပေါ့.. (ကျနော့်မျက်နှာကြောင့် ဖေဖေနဲ့ ခိုးရာလိုက်ပြေးလို့ စိတ်ဆိုးနေတဲ့ ကျနော့် မေမေရဲ့ အဖေ. ဘိုးဘိုးဟာ မေ့မေ့ကို အမျက် ပြေတယ်လို့ သိရပါတယ်).. အဲဒါကြောင့်ပဲ ဖေဖေရာ ကျနော့်ရဲ့ လက်ရှိနာမည်ကိုမပေးမီ ဘိုးဘိုးပေးတဲ့ ငယ်နာမည်တမျိုးကို (အောင့်သီးအောင့်သက်နဲ့) ကျနော့်အသက် လေးနှစ်လောက်အထိ အသိအမှတ်ပြုခဲ့ ရပါတယ်..ကျနော့်ကို မွေးပီး နောက်သုံးနှစ်အကြာမှာ ကျနော့်အတွက် ညီလေး တယောက်ကို မေမေက မွေးဖွားပေးခဲ့ပါတယ်.. ညီလေး တနှစ်သားအရွယ် ကျနော် လေးနှစ်အရွယ်မှာ ကျနော်တို့မိသားစုဟာ ဖေဖေ့အလုပ်နဲ့ ရန်ကုန်ကို ပြောင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်.. ရန်ကုန်ကို မပြောင်းမီမှာပဲ.. ဖေဖေဟာ ကျနော်နဲ့ ကျနော့် ညီလေးကို သူ့စိတ်ကြိုက်နာမည်တွေ ပြောင်းလဲခဲ့ပါတယ်.. သားတွေကို ထက်မြက် တောက်ပစေလို့တဲ့ သဘောနဲ့ထင်ပါရဲ့.. ကျနော်တို့ ညီအကိုကို နေမင်းလို့ အဓိပ္ပာယ်ရတဲ့ နာမည်တွေပေးခဲ့ပါတယ်.. ဒါကတော့ကျနော့်ရဲ့ ငယ်ဘ၀အစပါ.. ရန်ကုန်ရောက်တော့ သူငယ်တန်းကနေ လေးတန်းအထိ တောင်ဥက္ကလာပမြို့နယ်၊ အမက(၁၂)၊ ငါးတန်းကနေ ရှစ်တန်းအောင်တဲ့အထိ အလက(၃)မှာ ပညာသင်ယူခဲ့ ရပါတယ်.... အလက(၃)ဆိုတာ ကျနော့်မေမေအလယ်တန်းပြဆရာမ လုပ်ခဲ့တဲ့ ကျောင်းပါပဲ.. တကယ်တမ်းတော့ ရန်ကုန်ဆိုတဲ့ မြို့ကြီးဟာ ကျနော်တို့ မိသားစုနဲ့ အစေး မကပ်လှခဲ့ပါဘူး.. ကျနော်တို့မိသားစုရဲ့ ပျော်ရွှင်စရာအချိန်တွေဟာ ၁၉၈၅ခုနှစ် နောက်ပိုင်းလောက်မှာ စတင် အက်ကြောင်းလိုက်လာခဲ့ပါတယ်… ကျနော်တို့နေတဲ့ ရပ်ကွက်ကလေးကနေ.. သိပ်မဝေးလှတဲ့နေရာမှာ (အဲဒီတုန်းကအခေါ်) ကေတုမာလာ ဆိုတဲ့ ရပ်ကွက်တခု ရှိခဲ့ပါတယ်.. ဘာရည်ရွယ်ချက်နဲ့မှန်းမသိ.. အဲဒီတုန်းက မေမေဟာ အဲဒီရပ်ကွက်က အိမ်တအိမ်မှာ ဖေဖေရှိလားလို့ ကျနော့်ကို မကြာခဏသွားကြည့်ခိုင်းခဲ့ပါတယ်.. တခါတရံလဲ ဖေဖေအဲဒီအိမ်မှာရှိပါတယ်.. တခါ တလေတော့လဲ မရှိပါဘူး..ဒါပေမယ့် ဖေဖေရှိလို့ ရှိတယ်လို့ မေ့မေ့ကို ပြန်ပြော မိတဲ့နေ့ဟာ ကျနော်အတွက် အလွန် စိတ်ဆင်းရဲရတဲ့ နေ့ဖြစ်တော့တာပါပဲ.. ဘာလို့လဲဆိုတော့ မေမေနဲ့ဖေဖေ အကြီးအကျယ်စကားများကြလို့ပါ.. အဲဒီလို စကား များကြပီဆိုရင် ကျနော်တို့ ညီအကို နှစ်ယောက်က အိမ်နောက်ဖေးက ကန်ဇွန်းခင်းတွေကို ငေးကြည့်ရင်း တိတ်တိတ်လေး ငိုခဲ့ရပါတယ်. တကယ်ပါ.. ကျနော် အဲဒီအချိန်တုန်းက ဖေဖေနဲ့ မေမေ ရန်ဖြစ်ကြတဲ့နေ့လောက် စိတ်ဆင်းရဲရတဲ့ နေ့မရှိပါဘူး.. အဲဒီနောက်ပိုင်း..မေမေက ကျနော့်ကို အဲဒီအိမ်မှာ ဖေဖေ ရှိလားလို့ သွားအကြည့်ခိုင်းရင် ရှိရှိမရှိရှိ..အိမ်ပြန်ရောက်ရင် ကျနော်မေမေ့ကို မရှိဘူးလို့ အမြဲညာခဲ့ပါတယ်.. ဒါပေမယ့် လူကဲခတ်ရာမှာ အကင်းပါးလှတဲ့ မေမေဟာ နောက်ပိုင်း မှာ ကျနော်ညာတာကို သိသွားခဲ့ပါတယ်.. အဲဒီအချိန်ကစပြီး မေမေဟာ ကျနော့်ကို ဖေ့ဖေ့လူ..ဖေ့ဖေ့သား..အဖေဘက်ကသွေးပါတဲ့ကောင်လို့ စတင်စွပ်စွဲခဲ့ ပါတော့တယ်..

ကျနော့်ဘ၀မှာ မေမေနဲ့ပတ်သက်လို့ နားမလည်နိုင်စွာ အခုအထိ မေ့မရနိုင်တဲ့ အဖြစ်အပျက် တခု ရှိပါသေးတယ်.. ညတညမှာ ဖေဖေကလဲ တော်တော်နဲ့ ပြန် မရောက်သေးပါဘူး.. အဲဒီနေ့က မေမေဟာ ဖေဖေ့အလာကို တချောင်းထိုးအပ်နဲ့ သိုးမွေး ထိုးရင်းနဲ့ စောင့်နေခဲ့ပါတယ်.ကျနော်ကတော့ စာကျက်နေပါတယ်.. ညကိုးနာရီလောက် မှာ ကျနော် အိပ်ချင်လာတော့ မေ့မေ့ကို အိပ်ဖို့ခွင့်တောင်းပါတယ်…အဲဒီမှာ မေမေက သားကြီး မေ့မေ့အနားလာဦးဆိုပီး ကျနော့်ကို မေးခွန်းတခုမေးပါတယ်…အဲဒါကတော့ သား… မေမေနဲ့ ဖေဖေ ကွဲရင် သားဘယ်သူနဲ့ လိုက်နေမလဲတဲ့.. ကျနော် ချက်ချင်းပဲ ဖြေပါတယ်..မေမေနဲ့နေမှာပေါ့ မေမေ.. ဒီလောက်နဲ့ မေမေက မကျေနပ်သေးပါဘူး.. သား.မေမေနဲ့နေရင် သား ကားဂိတ်တွေမှာ ဆေးလိပ်လိုက်ရောင်းရမယ်.. ဆင်းရဲမယ်.ဖေဖေနဲ့ နေပေါ့လို့ ထပ်ပြောပါတယ်.. ကျနော်ကလဲ မေမေနဲ့ပဲနေမယ်လို့ ထပ်ဖြေ ပါတယ်. မေမေက သူနဲ့နေရင်ဆင်းရဲမယ့်အကြောင်း.. ဖေဖေနဲ့ဆို ချမ်းချမ်းသာသာ နေရမယ့်အကြောင်းကို ထပ်ခါတလဲလဲ ပြောပြန်ပါရော.. နောက်ဆုံးမှာတော့ တဖြည်းဖြည်းနဲ့ ကလေးသဘာဝ အရမ်းအိပ်ချင်လာတဲ့ ကျနော်ဟာ..မြန်မြန်အိပ်ရရင် ပီးရော ဆိုတဲ့ သဘောနဲ့ ဒါဆိုလဲ ဖေဖေနဲ့ပဲ နေမယ်မေမေရာလို့ ဖြေလိုက်မိပါတယ်.. အဲဒီမှာတင် မေမေဟာ ကျနော့်ကို ၀ုန်းကနဲ ထပြီး သည်းကြီးမည်းကြီး ရိုက်ပါတော့တယ်. ရိုက်ရင်းနဲ့လဲ ပါးစပ်က သာပေါင်းညာစားတဲ့ အကောင်၊ အဖေတူမျိုး.. နင်ဟာ ငါ့သား မဟုတ်ဘူးလို့လဲ တတွတ်တွတ်ပြောပါတယ်… အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရတဲ့ ကျနော့်အတွက် အဲဒီအကြိမ် အရိုက်ခံရတာဟာ မေ့မရနိုင်ဆုံးနဲ့ အနာကျင်ရဆုံး အရိုက်ခံရမှုပါပဲ.. (ကျနော့်ကို မေမေကမချစ်ဘူးလို့ အတွေး စ၀င်ခဲ့တာဟာ အဲဒီနေ့က စပါတယ်)..

ကျနော်အချစ်ရဆုံး ကျနော့်ရဲ့ ညီမကိုတော့ မေမေဟာ ကျနော်အသက် ၁၄ နှစ်သား အရွယ် ၁၉၈၉ခုနှစ်မှာ မွေးဖွားပေးခဲ့ပါတယ်.. သူ့ရဲ့ အချစ်ပွင့်တွေကို သီထားတဲ့ သဘောအမှတ်နဲ့လို့ ကြေညာပီး ညီမလေးနာမည်ကို ချစ်ပွင့်သီလို့ အမည်ပေးခဲ့ပါတယ်.. (ကရင်လို နာမည်တခုလဲ နောက်ပိုင်းမှာ ပေးခဲ့ပါတယ်.. အဲဒါကတော့ နော်အဲ့အဲ့ဝါးပါ..) ဘယ်လိုပဲဖြစ်ဖြစ်ပါ.. မေမေ တကယ်တမ်း ကျနော်တို့ ဇာတိမြို့ကို ပြန်ပြောင်းတဲ့နှစ် ၁၉၉၀ မှာတော့ ကျနော်ရော ကျနော့်ညီလေးကိုပါ ဖေဖေနဲ့မထားခဲ့ပါဘူး.. အတူ လိုက်ပါခဲ့ရပါတယ်.. ရှစ်တန်းအောင်ပြီးစမှာပဲ ကျနော်ဟာ ကျနော့်ဇာတိမြို့ကို ပြန်ပြောင်း ခဲ့ရပါတယ်. အဲဒီမြို့မှာပဲ ကိုးတန်းတခါအောင်..ဆယ်တန်းတခါကျပီး တခါ အောင်ခဲ့ ပါတယ်.. ဆယ်တန်းအောင်ခဲ့တာကတော့ ၁၉၉၃ခုနှစ်မှာပါ.. အဲဒီနောက် ၂ နှစ် အကြာမှာတော့ ဖေဖေနဲ့ မေမေဟာ အပြီးအပိုင် ကွာရှင်းပြတ်စဲခဲ့ကြပါတော့တယ်.. ကျနော့်ဘ၀ရဲ့ အနာကျင်ရဆုံး ခုနှစ်တွေထဲမှာ ၁၉၉၅ ခုနှစ်ဟာ အဓိကပါပဲ.. ရန်ကုန်မှာ တက္ကသိုလ်သွားတက်ဖို့ စိတ်ကူးအိပ်မက်တွေ ပျက်ခဲ့ရတာလဲ အဲဒီနှစ်မှာပါပဲ.. ဒီလိုနဲ့ပဲ ၁၉၉၇ခုနှစ်ကျမှ ကျနော်ဟာ အဝေးသင် တက္ကသိုလ် ပထမနှစ်ကို စတင် တက်ခဲ့ရတာပါ.. ၁၉၉၈ခုနှစ်မှာ ဘာမှန်းမသိ..ကျနော်တို့ကို ကျောင်းတွေ ပိတ်ထားခဲ့တဲ့ အတွက်.. ၂၀၀၁ ခုနှစ်ကျမှ ကျနော် နောက်ဆုံးနှစ်ကို ပြီးဆုံးခဲ့ပါတယ်.. ဒါတွေကတော့ ကျနော့်ဘ၀ အစိတ်အပိုင်း တချို့ပါ.. အဲဒီအထဲက ကျနော်မပြောဖြစ်ရသေးတဲ့ မမေ့ နိုင်စရာ အတွေ့အကြုံ.. ခံစားချက်တွေကိုတော့ နောက်ပိုင်းမှာ ကျနော် ဆက်ရေးပါမယ်.. အားလုံးကိုကျေးဇူးတင်ပါတယ်..

5 comments:

thamudayanwe said...

ဟတ်ကော့ကြီး

Anonymous said...

ပို့စ်ဟောင်းတွေလိုက်ဖတ်ရင်းတွေ့တာ ဖတ်ပြီး..စိတ်မကောင်းဖြစ်မိတယ်။း(

:P said...

ကိုစေးထူးနဲ့ အသက်တူတူပဲ..
ကိုစေးထူးက ၃ လပဲကြီးတယ်..။

တောင်ပေါ်သား said...

အကိုရေ ပိုစ့်ဟောင်းတွေ ပြန်မွှေတာ ခုမှ အစကိုတွေ့တယ် ဖတ်ရတာ စိတ်မကောင်းဘူး

Anonymous said...

ကိုစေးထူးblogကိုအခုမှရောက်ဖြစ်တယ် . .
ကိုစေးထူးရဲ့ဘ၀အကြောင်းလေးဖတ်ရတာ
စိတ်မကောင်းဖြစ်မိပါတယ် . .
နောက်လဲblogကိုလာခဲ့ပါ့မယ် . . .