ကျနော့် အလုပ်ထဲမှာက အလုပ်သမားဆိုလို့ ကျနော်ပါ အပါအ၀င်မှ သုံးယောက်ထဲ။ ကျနော်က မြန်မာ၊ ကျန်တဲ့ နှစ်ယောက်က မက္ကဆီကန် လင်မယားပါ။ တခါတော့ စကားလက်ဆုံ ပြောကြရင်းနဲ့ အဲဒီ မက္ကဆီကန် သူငယ်ချင်းက ကျနော့်ကို ပြောတာ...
`ဒါနဲ့၊ မင်း ငါတို့ နိုင်ငံကို ခေါ်တာ ဘယ်လို?´
`မက္ကဆီကိုလေ´
ဟုတ်လဲ ဟုတ်တာပဲဟာ၊ Mexico လို့ စာလုံးပေါင်းတာပဲဟာ၊ အသံထွက်ကလဲ မက္ကဆီကိုပဲ ဖြစ်ရမှာပေါ့။ ဒါက ကျနော့်ဘာသာကျနော် စိတ်ထဲ တွေးနေတဲ့ အတွေး။ ဒါပေမယ့် သူက...
`မက်ဟီကို ပါကွာ၊ လိုက်ဆိုကြည့်၊ မက်...ဟီ...ကို´
နည်းနည်းတော့ အူတူတူလို ဖြစ်သွားပေမယ့် သူက အဲဒီနိုင်ငံသားကိုး၊ သူခေါ်တာက ပိုမှန်မှာပေါ့။ ဒါတောင် ကျနော် အထွန့် ပြန်တက်လိုက်ပါသေးတယ်။
`မင်းကလဲ၊ အမေရိကန်တွေလဲ မက္ကဆီကို လို့ခေါ်နေတာပဲဟာ´
သူငယ်ချင်းကတော့ ဘာမှပြန်မပြောပါဘူး။ ခပ်ပြုံးပြုံးပဲ နေလိုက်ပြီး အသာပြန်ငြိမ်နေပါတော့တယ်။
***
ဒီအသံထွက်ကိစ္စက အခုတခါထဲ မဟုတ်ပါဘူး။ ဟိုးတခါတုန်းကလဲ သူနဲ့ကျနော် ဘောလုံးအကြောင်းတွေ ပြောကြရင်းနဲ့ ဂန္ထ၀င် ဘရာဇီး ဘောလုံးသမားကြီးတယောက်ဖြစ်တဲ့ Pele ကို ကျနော်က `ပီလီ´ လို့ခေါ်တာကို သူက `ပီလီ မဟုတ်ပါဘူး၊ ပဲလဲ ပါကွာ´ လို့ ပြောဖူးပါသေးတယ်။ ကိုယ်က ဘယ်သိမလဲလေ၊ တချိန်လုံး ပီလီပဲ ခေါ်လာတဲ့ ကိစ္စ၊ သူနဲ့တွေ့မှ ပဲလဲ ဆိုတော့လဲ ပဲလဲလိုက်ရတာပါ။ တကယ်တော့လဲ ပဲလဲ ဆိုတဲ့ အခေါ်ကမှ အမှန်ပါ။ ကျနော်တို့ကသာ ပီလီ လို့ တချိန်လုံး နှုတ်ကျိုးနေလာကြတာပါ။
ဒါပေမယ့် ကပ်သပ်ပြောကြစမ်း ဆိုရင်တော့ နာမည်တွေကို ခေါ်တဲ့ နေရာမှာ သူတို့လဲ မြန်မာနာမည်တွေကို ခေါ်တာ ပီတာမှတ်လို့ လို့ ပြန်ပြောစရာတော့ ရှိတာပေါ့။ တခါတလေဆို တချို့ နိုင်ငံခြားသတင်းဌာနတွေမှာဆို မောင်အေးကို မောင်အိုင်၊ မောင်အိုင်လို့ ခေါ်ခေါ်နေတာ ကြားရတာ ရယ်ချင်စရာကြီး။ ဒီထက်ပိုဆိုးတာကတော့ မြန်မာဘောလုံး အသင်းနဲ့ တခြားနိုင်ငံအသင်း ကစားတဲ့အခါ နိုင်ငံခြားလိုင်းက လွှင့်တာကို ကြည့်ရရင်တော့လား၊ ရန်ပိုင်လဲ `ရန်ပိန်´ ဖြစ်လိုဖြစ်၊ အောင်အောင်ဦး လဲ `အောင်အောင်အိုး´ ဖြစ်တဲ့အခါဖြစ်နဲ့။
အပြင်မှာရော ကြည့်ဦးမလား။ ကျနော့်မိတ်ဆွေအကို တယောက်ရဲ့ နာမည်က ကိုလှငြိမ်း...တဲ့။ အင်္ဂလိပ်လို ပေါင်းတော့ Hla Nyein ပေါ့။ အဲဒါကို ဒီက အမေရိကန်တယောက် ဖတ်တာ `ဟလှ နယိန်း´ တဲ့။
ဖြစ်ရလေ။
***
ဒီတော့ လူနာမည်တွေကိုတော့ ကိုယ့်မူရင်းနိုင်ငံက လူတွေသာ အပီဆုံးခေါ်နိုင်မှာမို့ တခြားနိုင်ငံသားအနေနဲ့ အသံထွက် မပီနိုင်တာက အဆန်းမဟုတ်တော့သလို ဖြစ်နေပေမယ့် ကျနော် အပေါ်မှာ `မက်ဟီကို´ လို့ ခေါ်ရမှာကို `မက္ကဆီကို´ လို့ မှားခေါ်မိတာထက် ပိုဆိုးနေတဲ့ ကျနော်တို့တွေရဲ့ နိုင်ငံ အခေါ်အဝေါ်တွေ အကြောင်းကို ဆက်စပ် တွေးမိပါတယ်။
Uruguay ဆိုတဲ့ နိုင်ငံကို ကျနော်တို့ ပထ၀ီထဲမှာ သင်ရတော့ မြန်မာစာလုံးနဲ့ အသံဖလှယ်ရေးထားတာက ဥရုဂွေးတဲ့။ တချိန်လုံး တဥရုထဲ ဥရုဂွေးနေလိုက်တာ နောက်တော့ ဘယ်ဟုတ်မလဲ၊ တကယ့်အခေါ်အဝေါ် အမှန်က `ယူရဂွိုင်´ တဲ့။ ဒီလိုပါပဲ၊ `ပါရာဂွိုင်´ လို့ အသံထွက်ရမယ့် Paraguay နိုင်ငံကိုလဲ ကျနော်တို့က အားရပါးရကြီးကို `ပါရာဂွေး´ ပစ်လိုက်ကြတယ်။ တာရ်ကီ လို့ ခေါ်သင့်တဲ့ Turkey ကို တူရကီ၊ ရပ်ရှားလို့ ခေါ်သင့်တဲ့ Russia ကို ရုရှ ဆိုတာတွေ အပြင် အသံထွက်အမှားတွေနဲ့ မြန်မာစာလုံးဖလှယ်ရေးထားတဲ့ နိုင်ငံတွေ မနည်းလှဘူး။
နိုင်ငံကိုတင် မှားယွင်း ခေါ်တာလား ဆိုတော့ မဟုတ်သေးပါဘူး။ တိုက်ကြီးများမှာဆိုရင်လဲ တကမ္ဘာလုံးက `ယူရုတ်ပ်´ ခေါ်ပေမယ့် ကျနော်တို့ကတော့ `ဥရောပ´ တဲ့။ `အေးရှား´ ကိုလဲ အာရှတဲ့။
ကျနော့် တဦးတည်း အထင်ကတော့ အဲဒီလို ကျနော်တို့ အသံထွက်တွေ မှားခေါ်နေတာတွေဟာ ကျောင်းသုံး ပထ၀ီစာအုပ်ထဲက မြန်မာသံ ဖလှယ်ရေးထားတာတွေရဲ့ လက်ချက်က အဓိကများ ဖြစ်နေမလားပါပဲ။ အဲဒီလို အသံထွက် အမှားတွေနဲ့ မြန်မာသံ ဖလှယ်ထားတော့ ကျနော်တို့လဲ ဒီအတိုင်းသင်ကြ၊ လိုက်ခေါ်ကြနဲ့ နှုတ်တွေကို ကျိုးလို့။ နောက်ဆုံးပြောရရင်တော့ အသံထွက် အမှန်ကို သိနေရင်တောင် English ကို အင်းဂလစ်ရှ်လို့ ခေါ်ရမှာထက် အင်္ဂလိပ် လို့ပဲ အားရပါးရ ခေါ်လို့ကောင်းနေတုန်းပါပဲ။
ဖြစ်နိုင်မယ် ဆိုရင်တော့ အဲဒီ ကျောင်းသုံးစာအုပ်ထဲက မြန်မာအသံထွက် ဖလှယ်ရေးထားတဲ့ အမှားတွေကို အနီးစပ်ဆုံး အမှန်တွေအဖြစ် ပြန်ပြင်ရေးလိုက်တာက ပိုကောင်းမယ်လို့ မဖြစ်ညစ်ကျယ် ဉာဏ်လေးနဲ့ တွေးမိတယ်။
***
ပြောလို့သာ ပြောတာ၊ လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတယောက် မြန်မာနိုင်ငံကို လာတဲ့ အခါတွေတုန်းကလဲ မြန်မာပြည်သူတွေကို သူခေါ်တဲ့ အခေါ်အဝေါ်အဆန်းကို ကြားလိုက်ရသေးတယ်။ `မြန်းမိစ်´ တဲ့။ Myanmar က နိုင်ငံ၊ ဒီတော့ မြန်မာနိုင်ငံသားဆိုရင် Myanmese လို့ ခေါ်သင့်တယ်လို့ နားလည်သလားတော့ မပြောတတ်ပါဘူး။ Burma, Burmese နဲ့ Myanmar ကို ကောင်းကောင်း ရောသမမွှေပစ်လိုက်ပုံရတယ်။
သူတို့ကလဲ သူ့အသံထွက်၊ ကျနော်တို့ကလဲ ကိုယ့်အသံထွက်နဲ့ကိုယ် လို့ပဲ ပြောရမယ် ထင်ပါရဲ့။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ့်အသံထွက်တွေက ပီနေတော့ ပိုမကောင်းဘူးလား...။
***
ကလိုစေးထူး