ကျနော့် အလုပ်ထဲမှာက အလုပ်သမားဆိုလို့ ကျနော်ပါ အပါအ၀င်မှ သုံးယောက်ထဲ။ ကျနော်က မြန်မာ၊ ကျန်တဲ့ နှစ်ယောက်က မက္ကဆီကန် လင်မယားပါ။ တခါတော့ စကားလက်ဆုံ ပြောကြရင်းနဲ့ အဲဒီ မက္ကဆီကန် သူငယ်ချင်းက ကျနော့်ကို ပြောတာ...
`ဒါနဲ့၊ မင်း ငါတို့ နိုင်ငံကို ခေါ်တာ ဘယ်လို?´
`မက္ကဆီကိုလေ´
ဟုတ်လဲ ဟုတ်တာပဲဟာ၊ Mexico လို့ စာလုံးပေါင်းတာပဲဟာ၊ အသံထွက်ကလဲ မက္ကဆီကိုပဲ ဖြစ်ရမှာပေါ့။ ဒါက ကျနော့်ဘာသာကျနော် စိတ်ထဲ တွေးနေတဲ့ အတွေး။ ဒါပေမယ့် သူက...
`မက်ဟီကို ပါကွာ၊ လိုက်ဆိုကြည့်၊ မက်...ဟီ...ကို´
နည်းနည်းတော့ အူတူတူလို ဖြစ်သွားပေမယ့် သူက အဲဒီနိုင်ငံသားကိုး၊ သူခေါ်တာက ပိုမှန်မှာပေါ့။ ဒါတောင် ကျနော် အထွန့် ပြန်တက်လိုက်ပါသေးတယ်။
`မင်းကလဲ၊ အမေရိကန်တွေလဲ မက္ကဆီကို လို့ခေါ်နေတာပဲဟာ´
သူငယ်ချင်းကတော့ ဘာမှပြန်မပြောပါဘူး။ ခပ်ပြုံးပြုံးပဲ နေလိုက်ပြီး အသာပြန်ငြိမ်နေပါတော့တယ်။
***
ဒီအသံထွက်ကိစ္စက အခုတခါထဲ မဟုတ်ပါဘူး။ ဟိုးတခါတုန်းကလဲ သူနဲ့ကျနော် ဘောလုံးအကြောင်းတွေ ပြောကြရင်းနဲ့ ဂန္ထ၀င် ဘရာဇီး ဘောလုံးသမားကြီးတယောက်ဖြစ်တဲ့ Pele ကို ကျနော်က `ပီလီ´ လို့ခေါ်တာကို သူက `ပီလီ မဟုတ်ပါဘူး၊ ပဲလဲ ပါကွာ´ လို့ ပြောဖူးပါသေးတယ်။ ကိုယ်က ဘယ်သိမလဲလေ၊ တချိန်လုံး ပီလီပဲ ခေါ်လာတဲ့ ကိစ္စ၊ သူနဲ့တွေ့မှ ပဲလဲ ဆိုတော့လဲ ပဲလဲလိုက်ရတာပါ။ တကယ်တော့လဲ ပဲလဲ ဆိုတဲ့ အခေါ်ကမှ အမှန်ပါ။ ကျနော်တို့ကသာ ပီလီ လို့ တချိန်လုံး နှုတ်ကျိုးနေလာကြတာပါ။
ဒါပေမယ့် ကပ်သပ်ပြောကြစမ်း ဆိုရင်တော့ နာမည်တွေကို ခေါ်တဲ့ နေရာမှာ သူတို့လဲ မြန်မာနာမည်တွေကို ခေါ်တာ ပီတာမှတ်လို့ လို့ ပြန်ပြောစရာတော့ ရှိတာပေါ့။ တခါတလေဆို တချို့ နိုင်ငံခြားသတင်းဌာနတွေမှာဆို မောင်အေးကို မောင်အိုင်၊ မောင်အိုင်လို့ ခေါ်ခေါ်နေတာ ကြားရတာ ရယ်ချင်စရာကြီး။ ဒီထက်ပိုဆိုးတာကတော့ မြန်မာဘောလုံး အသင်းနဲ့ တခြားနိုင်ငံအသင်း ကစားတဲ့အခါ နိုင်ငံခြားလိုင်းက လွှင့်တာကို ကြည့်ရရင်တော့လား၊ ရန်ပိုင်လဲ `ရန်ပိန်´ ဖြစ်လိုဖြစ်၊ အောင်အောင်ဦး လဲ `အောင်အောင်အိုး´ ဖြစ်တဲ့အခါဖြစ်နဲ့။
အပြင်မှာရော ကြည့်ဦးမလား။ ကျနော့်မိတ်ဆွေအကို တယောက်ရဲ့ နာမည်က ကိုလှငြိမ်း...တဲ့။ အင်္ဂလိပ်လို ပေါင်းတော့ Hla Nyein ပေါ့။ အဲဒါကို ဒီက အမေရိကန်တယောက် ဖတ်တာ `ဟလှ နယိန်း´ တဲ့။
ဖြစ်ရလေ။
***
ဒီတော့ လူနာမည်တွေကိုတော့ ကိုယ့်မူရင်းနိုင်ငံက လူတွေသာ အပီဆုံးခေါ်နိုင်မှာမို့ တခြားနိုင်ငံသားအနေနဲ့ အသံထွက် မပီနိုင်တာက အဆန်းမဟုတ်တော့သလို ဖြစ်နေပေမယ့် ကျနော် အပေါ်မှာ `မက်ဟီကို´ လို့ ခေါ်ရမှာကို `မက္ကဆီကို´ လို့ မှားခေါ်မိတာထက် ပိုဆိုးနေတဲ့ ကျနော်တို့တွေရဲ့ နိုင်ငံ အခေါ်အဝေါ်တွေ အကြောင်းကို ဆက်စပ် တွေးမိပါတယ်။
Uruguay ဆိုတဲ့ နိုင်ငံကို ကျနော်တို့ ပထ၀ီထဲမှာ သင်ရတော့ မြန်မာစာလုံးနဲ့ အသံဖလှယ်ရေးထားတာက ဥရုဂွေးတဲ့။ တချိန်လုံး တဥရုထဲ ဥရုဂွေးနေလိုက်တာ နောက်တော့ ဘယ်ဟုတ်မလဲ၊ တကယ့်အခေါ်အဝေါ် အမှန်က `ယူရဂွိုင်´ တဲ့။ ဒီလိုပါပဲ၊ `ပါရာဂွိုင်´ လို့ အသံထွက်ရမယ့် Paraguay နိုင်ငံကိုလဲ ကျနော်တို့က အားရပါးရကြီးကို `ပါရာဂွေး´ ပစ်လိုက်ကြတယ်။ တာရ်ကီ လို့ ခေါ်သင့်တဲ့ Turkey ကို တူရကီ၊ ရပ်ရှားလို့ ခေါ်သင့်တဲ့ Russia ကို ရုရှ ဆိုတာတွေ အပြင် အသံထွက်အမှားတွေနဲ့ မြန်မာစာလုံးဖလှယ်ရေးထားတဲ့ နိုင်ငံတွေ မနည်းလှဘူး။
နိုင်ငံကိုတင် မှားယွင်း ခေါ်တာလား ဆိုတော့ မဟုတ်သေးပါဘူး။ တိုက်ကြီးများမှာဆိုရင်လဲ တကမ္ဘာလုံးက `ယူရုတ်ပ်´ ခေါ်ပေမယ့် ကျနော်တို့ကတော့ `ဥရောပ´ တဲ့။ `အေးရှား´ ကိုလဲ အာရှတဲ့။
ကျနော့် တဦးတည်း အထင်ကတော့ အဲဒီလို ကျနော်တို့ အသံထွက်တွေ မှားခေါ်နေတာတွေဟာ ကျောင်းသုံး ပထ၀ီစာအုပ်ထဲက မြန်မာသံ ဖလှယ်ရေးထားတာတွေရဲ့ လက်ချက်က အဓိကများ ဖြစ်နေမလားပါပဲ။ အဲဒီလို အသံထွက် အမှားတွေနဲ့ မြန်မာသံ ဖလှယ်ထားတော့ ကျနော်တို့လဲ ဒီအတိုင်းသင်ကြ၊ လိုက်ခေါ်ကြနဲ့ နှုတ်တွေကို ကျိုးလို့။ နောက်ဆုံးပြောရရင်တော့ အသံထွက် အမှန်ကို သိနေရင်တောင် English ကို အင်းဂလစ်ရှ်လို့ ခေါ်ရမှာထက် အင်္ဂလိပ် လို့ပဲ အားရပါးရ ခေါ်လို့ကောင်းနေတုန်းပါပဲ။
ဖြစ်နိုင်မယ် ဆိုရင်တော့ အဲဒီ ကျောင်းသုံးစာအုပ်ထဲက မြန်မာအသံထွက် ဖလှယ်ရေးထားတဲ့ အမှားတွေကို အနီးစပ်ဆုံး အမှန်တွေအဖြစ် ပြန်ပြင်ရေးလိုက်တာက ပိုကောင်းမယ်လို့ မဖြစ်ညစ်ကျယ် ဉာဏ်လေးနဲ့ တွေးမိတယ်။
***
ပြောလို့သာ ပြောတာ၊ လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတယောက် မြန်မာနိုင်ငံကို လာတဲ့ အခါတွေတုန်းကလဲ မြန်မာပြည်သူတွေကို သူခေါ်တဲ့ အခေါ်အဝေါ်အဆန်းကို ကြားလိုက်ရသေးတယ်။ `မြန်းမိစ်´ တဲ့။ Myanmar က နိုင်ငံ၊ ဒီတော့ မြန်မာနိုင်ငံသားဆိုရင် Myanmese လို့ ခေါ်သင့်တယ်လို့ နားလည်သလားတော့ မပြောတတ်ပါဘူး။ Burma, Burmese နဲ့ Myanmar ကို ကောင်းကောင်း ရောသမမွှေပစ်လိုက်ပုံရတယ်။
သူတို့ကလဲ သူ့အသံထွက်၊ ကျနော်တို့ကလဲ ကိုယ့်အသံထွက်နဲ့ကိုယ် လို့ပဲ ပြောရမယ် ထင်ပါရဲ့။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ့်အသံထွက်တွေက ပီနေတော့ ပိုမကောင်းဘူးလား...။
***
ကလိုစေးထူး

34 comments:
Good Post,can't stop laughing.Thanks Ako Sayhtoo.
ဟုတ်တယ်ဗျ ကိုကလိုစေးထူးရ...၊ ကျနော်တို့ဆီမှာ အဲဒီလို မြန်မာမှုပြုထားတဲ့ အသံထွက်တွေ အတော့်ကို များတာပဲ၊ ပီလီဟာ ပဲလဲဆိုတာ ကျနော်လည်း ဒီရောက်မှ သိရတယ်၊
ငယ်ငယ်တုန်းက နောက်ပြောနေကျ “သစ်စ အစ်စ အေ ဘုတ်ခ” (This is a book) ကိုတောင် သတိရမိ သေးတယ်၊ ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာ မြန်မာ့လျှာ၊ မြန်မာ့အာနဲ့ မကိုက်လို့ ကိုယ်ခေါ်နိုင်သလို ခေါ်မယ် ဆိုတာထက်စာရင် အနည်းငယ်ပဲဖြစ်ဖြစ် အားထုတ်မှုလေးနဲ့ ကြိုးစား ခေါ်ကြည့်ရင် ပိုကောင်းမယ် ထင်တာပဲ။
မြန်မိစ်၊ ဘားမိစ် ၂ မျိုးလုံးခေါ်ခံရပါတယ်...။
သတင်းစာဆရာကြီး ဦးညိုမြနိုင်ငံခြားခရီးသွားတော့ လေယာဉ်ပေါ်ကနောက်ကျတဲ့ခရီးသည်ခေါ်တာ "ယူ နယို မရ " လို့ ခေါ်လို့ သူ့နာမည်ခေါ်မှန်းမသိတဲ့အကြောင်းငယ်ငယ်က ဖတ်ဖူးတယ်..။
SDL
ကောင်းပါတယ် ကလွိုင်ဆေးစ်ထူးစ် ရယ် ..း)
ဒီလိုပါပဲ အကိုရေ
နေရာဒေသပေါ် မှုတည်ပြီး အသံထွက်တွေ ပြောင်းပြောင်းသွားကြတယ်
အတက်နိုင်ဆုံး ကြိုးစားပြီး နားလည်ပေးရင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လို့ ရသွားမှာပါ
ဟုတ်ပါ့ကိုစေးထူးရေ… နှုတ်ကျိုးနေတာတွေက ပိုပြီးပြင်ရခက်တယ်… တခါတခါ သားကို ကိုယ့်အခေါ်အဝေါ်တွေ ဘယ်လိုရှင်းပြရမှန်းတောင်မသိဘူးလေ…
ဆရာ့ စာဖတ်ရင်း တခုသတိရသွားတယ်...ကြာတော့ကြာပါပြီ
့မြန်မာအသင်း နဲ့ စင်္ကာပူ ပွဲမှာ ထိုင်ဝမ်က
ဘောလုံးပွဲ ကြေညာတဲသူက မျိုးလိုင်ဝင်း ကို မျောက်လိုင်ဝင် လို့ အော်အော်ကြေညာတာဗျ..
Myo ကို တရုပ်က မျောက်လို့ထွက်ပြန်ရော...
Thanks Ako Sayhtoo.I love the post.U really have sense of humour and yap, rite, and recall the past time we learnt in Geography"Uruguay and Paraguay "ha ha.
ChuChu
တော်တော်တန်ဖိုးရှိလိုက်တဲ့ပို့စ်ပဲ အကိုရေ...မြန်မာနာမည်တွေကို သူတို့မခေါ်တတ်တာတော့ ပြောမနေတော့ပါဘူး မြန်မာနိုင်ငံကိုတောင် မခေါ်တတ်ကြဘူး အကိုပြောသလို ဖတ်စာအုပ်တွေထဲက အခေါ်အဝေါ်တွေကို ပြောင်းလိုက်ရင်ပိုကောင်းမယ်နော် သူတို့သိအောင် ကြိုးစားသင့်တယ်လို့ထင်တယ်နော်
ပျော်ရွှင်ပါစေ...အကိုရေ
အရည်အချင်းရှိတဲ့သူတွေ လိုနေတယ်လေကွယ်
ဥရောပတို့ အာရှတို့ကို မြန်မာလိုဆို အဲဒီလိုပဲ ခေါ်လိုက်တယ်။ အင်္ဂလိပ်လို ဖတ်ရင်တော့ ယူရုတ်ပ် တို့ အေးရှား လို့ ပြောင်းဖတ်မိတယ်။ ဒီလိုပဲ နှုတ်တော့ ကျိုးနေပါပြီ။
ဟုတ်ပါတယ် ကိုစေးထူး။
ဘယ်သူမှန်မှန် မမှန်မှန် ကိုယ်ကတော့ အမှန်ကို သိရင် အမှန်ပြင်ပြောရမှာပေါ့။
အမ မိတ်ဆွေတယောက်ရဲ့ သမီးလေးက သူ့နံမည် အင်ကြင်း ဆိုတော့ သူ့ကို သူ့အတန်းဖော် သူငယ်ချင်းတွေက ခေါ်တာ engine အင်ဂျင် တဲ့။ ရီရခက် ငိုရခက်။ :)
သဘောတူပါတယ် :D
It is a debated issue that whether we should pronounce non-English names in their native ways or in English ways.
For example: Paris vs Pari and Mexico vs Mehico as in Ko Klo Say Htoo's example.
In my opinion, when talking to native people, it is better to try to mimic their native pronouncation as much as you can in order to show your respect towards them. When talking to English/American people or other third parties, we can use the English pronouncations.
why don't u approve my comment man?
u r damm good writer
bullshit
(Chee Chee)
Kolay
you are misspell, that is "English pronunciation" not "pronuncations". check it again .. okie?
Klosaybull
you are a damn good writer .. huh!
bullshit
(Chee Chee)
လူတစ်ယောက် ဘာသာစကား တစ်ခုကို ပြောဖို့အတွက် အရင်ဦးဆုံး လိုအပ်သည်မှာ မည်သည့်အရာနည်းဟု တစုံတယောက်က မေးလာခဲ့မည်ဆိုလျှင် ထိုစကားကို ကြားနိုင်သော အကြားစွမ်းရည် ဖြစ်သည်ဟု ကျနော်ဖြေ မိမည် ထင်ပါသည်၊ မှန်ပါသည်၊ စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်ဘူးဆိုလျှင် ထိုစကားကို မှန်ကန်စွာပြော နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်၊ ကျနော် မြန်မာပြည်မှာ ဧည့်သည်များနှင့်မကြာခဏ ခရီးသွားစဉ် အခါက မြန်မာစကားအကြောင်း သူတို့ကို ပြောဖြစ်တိုင်း ထိုအချက်ကို ကျနော်သတိပြုမိသည်၊ ဥပမာ- ကျနော် က ‘ငပိ’ ဟုပြောသည့်အခါ သူတို့က ‘နပိ’ ဟုကြားကြသည်၊ ကျနော်က ထိုစကားနှစ်ခုကို သေသေချာချာ အသံ ထွက်ပြသော်လည်း သူတို့ကမူ အတူတူပဲ ကြားရသည်ဟု ဆိုသည်၊ ကျနော်တို့၏ မိခင်ဘာသာနှင့် ဘာဆိုဘာမျှ နီးစပ်ခြင်း မရှိသော စကားတစ်ခုကို မှန်ကန်စွာ ကြားနိုင်ဖို့ ဆိုသည်မှာ အမြဲတမ်းတော့ မလွယ်ကူနိုင်ပါ၊ ကွဲပြား သော စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်သည်မှာ အသာထားဦး၊ အမြဲတသမတ်တည်း ရှိနေသော အသံတစ် ခုကိုပင် ကျနော်တို့အားလုံး ကြားပုံကြားနည်းချင်း မတူကြပါ၊
ထို့ကြောင့်ပင် တစ်ကောင်တည်းသောကြက်၏ တစ်သံတည်းသော တွန်သံကိုပင် မြန်မာက ‘အောက်အီးအီး အွတ်’ ဟုကြားစဉ် အင်္ဂလိပ်က ‘ကော့က ဒူးဒယ်လ်ဒူး’ (cock-a-doodle-do)ဟု ကြား၏ ပြင်သစ်တို့ကမူ ‘ကော်ကော်ရီကို’ (cocorico) ဟုကြားကြသည်၊ တစ်ကောင်တည်းသောကြောင်က ကျနော်တို့ရှေ့တွင် ‘ညောင်’ ဟုအော်၍ ဆွစ်တို့ရှေ့တွင်မူ ‘မြဦး’ (Miaou) ဟုအော်လေသည်၊ အကယ်၍သာ တိရစ္ဆာန်များ စကားပြောတတ် ပါက ကျနော်တို့အားလုံး မှားကြသည်ဟု ပြောကောင်းပြောနိုင်ပါသည်၊ စင်စစ် အသံတစ်သံတည်းကိုထိုသို့အမျိုး မျိုးကြားကြခြင်းမှာ ကျနော်တို့ မိခင်ဘာသာစကား၏ အသံဖွဲ့စည်းပုံစနစ်များကြောင့် ဖြစ်ပါသည်၊"ဘာရယ်လို့မဟုတ်ပါဘူး..ညီလင်းသစ်ရဲ့
ပိုစ့်အဟောင်းထဲက စာသားလေးကိုသတိယသွားမိလို့ပါ။၊ ကိုကလိုစေးထူးရဲ့ ပိုစ့်လေးကအတော်ကောင်းပါတယ်။"
Hi Chee Chee,
Thanks for correcting my mistake. After using MS Word and MS Outlook with their spelling checkers on for quite a long time, my spelling ability has declined. :-)
တစ်ချို့တွေက မြန်မာ ကို မီရန်မာ လို့ ထွက်ကြတာ ရှိသေးတယ်။ ကျွန်မ နာမည်မှာဆိုလည်း ငြိမ်း ပါလို့ မစ္စ ငြအန်း လို့ ခေါ်ခဲ့ရဖူးသေးတယ်။ :P
စပိန်ဘာသာစကားမှာ x ကို h လို အသံထွက်တယ်။ ဒါကြောင့် မဲဟိကို ဖြစ်သွားတာပါ။ e ကိုလည်း အီး လို့ မထွက်ပဲ အဲ လို့ ထွက်တယ်။ ဒါကြောင့် ပီလီ လဲ ပဲလဲ ဖြစ်သွားတာ။ ဒါပေမယ့် မက်ဆီကို၊ ပီလီလို့ပဲ ပြောနေတာ အကျင့်ဖြစ်နေပြီ။
ဒါတွေက လူနဲ့ ဒေသပေါ်မူတည်ပြီး ကွဲပြားတာမျိုးပါ။ tomato ကို တိုမားတိုး လို့ ခေါ်တဲ့သူရှိသလို၊ တိုမေးတိုး လို့ ခေါ်ကြသလိုပေါ့။
အသံထွက်တွေ နှုတ်ကျိုးတာတော့ မပြောပါနဲ့တော့ ကိုစေးထူးရေ။ ပြင်ပေးမယ့်သူ မရှိရင် ပိုဆိုးတာပေါ့။
ကျွန်မကတော့ ခုနက အမည်မသိ ပြောတဲ့အတိုင်းပဲ ကိုယ်ကြားတဲ့အတိုင်း ကိုယ်ခေါ်တာမှန်တယ်လို့ ယူဆတယ်။ ကျွန်မတို့ကို တောထဲမှာ ဆေးသင်တန်းပေးတဲ့ ကရင်ဆရာတယောက်က နင်တို့ ဗမာတွေနားက သြဥလို့ ကြားတဲ့အသံကို တို့ကရင်တွေနားကတော့ တူဝူး.. လို့ပဲ ကြားတယ်လို့ ကျွန်မတို့ နယ်က လူတွေလည်း သူပြောတဲ့အတိုင်း တူဝူး လို့ပဲကြားတယ်။ နွားအော်သံကို မြန်မာအတော်များများက ဘွတ်အဲလို့ ကြားပေမယ့် ကျွန်မတို့နယ်က လူတွေက အောင်ပန်း လို့ကြားတယ်။ ကိုယ်ကြားတဲ့အတိုင်း ကိုယ့်ဘာသာစကားနဲ့ ကိုယ်ခေါ်တာကို အမှန်တွက်ရပါလိမ့်မယ်။ ကိုဂျူလိုင် ပြောသလိုပဲ အင်္ဂလိပ်လိုပြောရင် အင်္ဂလိပ်ခေါ်တဲ့အတိုင်းပြော မြန်မာလိုနဲ့ ပြောရင် မြန်မာခေါ်တဲ့အတိုင်း ပြောရလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို မြန်မာလိုပြောရင် မြန်မာ ဒါမှမဟုတ် ဗမာပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ Burma, Burmese ပဲ ဖြစ်ရမယ်။ ဒီလိုမပြောပဲနဲ့ Myanmar သွားလုပ်တာကတော့ မှားတယ်။ ထိုနည်းအတူ ဇင်းမယ်၊ ပီကင်း၊ တူရဂီ၊ ကုလား၊ စတာတွေကို ဗမာလိုပြောရင် ဒီအတိုင်းပြောတာ မှန်တယ်။ အင်္ဂလိပ်လိုပြောရင်တော့ Chingmai, Beginn, turkey Indian ပဲဖြစ်ရမယ်။ Zinmae, Pikin, tuyaky, Kalar လို့ သွားပြောရင် မှားတယ်လို့ သတ်မှတ်ရလိမ့်မယ် ထင်တယ်။
ဟိဟိ ဒီပို့စ်ဖတ်ပီးတော့ ဆရာတစ်ယောက်ရေးတာ သတိရတယ် ဘုရင့်နောင်တို့ တယ်ညံ့တာကိုး.. သူတို့သာကိုယ့်နယ်ထက်ကျော်တိုက်ခဲ့ရင် အင်္ဂလိပ်တွေ ဗမာစကားသင်ရမှာ ခု..သူတို့စကား ဒို့ကသင်ရတယ်တဲ့ ..း)
ရယ်မောရင်း ဖတ်မှတ်သွားတယ်၊
Really nice post!
Thank you..
:)
Htet Htet
ဗဟုသူတတွေ ရသွားပါတယ်ဗျာ..
အခုမှပဲ သျတော့တယ်....
ကျေးဇူးပါ ကိုစောထူးရေ...
ရအဲနာ....
ဟီးဟီး.. သင်ထားတာလေး အသုံးချသွားတယ်...
ခင်မင်စွာဖြင့်
စည်သူ။
အစ်ကိုရေ မရောက်တာ ကြာလို့ လာလည်သွားပါတယ်...
မီးလေးတို့လည်း တချို့အသံထွက်တွေ မှားနေမှန်းတော့ သိပေမယ့် အစ်ကိုပြောမှပဲ တော်တော်မှားနေမှန်း သိတော့တယ်.... ဟီး ဟီး
hello... hapi blogging... have a nice day! just visiting here....
အကိုပြောပြမှပဲ သိရတော့တယ် ကောင်းတယ်ဗျ
ကိုစေထူးရေ...
လာသွားတယ်။
ပိုစ်အသစ်များရှိမလား လာရှာတာလဲ ပါပါတယ်..
အားလုံးအဆင်ပြေပါစေ..
မလေး (တစ်ပြည်သူ)
မလေးသည် တစ်ပြည်သူဆိုတာ မေ့နေမှာစိုးလို့ ဟဲဟဲ
စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဆောင်းပါးရှင်နဲ့ ထောက်ခံသူအချို့ဟာ ဘာသာဗေဒ ပြဿနာကို အလွန်အကျွံအလွယ်မှုပြုထားသလို ခံစားရတယ်။ တွင်ကျယ်နေတဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေကို လိုက်ပြင်ပေးတာဟာ ဘာသာဗေဒမှာ ထုံထိုင်းခြင်းတစ်မျိုးဖြစ်တယ်လို့ ပြောနိုငိမလားပဲ။
အရပ်စီးယား ကို အင်္ဂလိပ်က Russia လို့ ရေးပြီး ရုစကီးလူမျိုး ကို အင်္ဂလိပ်က Russian လို့ အသံထွက်တယ်။ ဒါကြောင့် ရုရှလူမျိုး ရုရှားနိုင်ငံဆိုတဲ့ မြန်မာအသံထွက်ကို မှားတယ်လို့ ပြောဖို့မလွယ်ပါဘူး။ ဗလာဂျီးမီးယားပူကျင်ကို ဗလာဒီမာပူတင်လို့ ရေးလို့ မှားတယ်လို့ပြောရင် စကားကပ်ပြောတာပဲ ဖြစ်လိမ့်မယ်။
Thကို နိုင်ငံအများစုက ထ လို့ထွက်ပေမဲ့ မြန်မာက သ လို့ ထွက်ပါတယ်။ Thailand ကို သိုင်းလန်းလို့ ထွက်ရမှာဖြစ်ပေမဲ့ ရေဒီယိုထဲမှာ ကြားကြားနေတော့ Th သ လို့ထွက်ရမယ်ဆိုတဲ့ စည်းမျဉ်းကိုပြင်ပြီး ထိုင်းလန်းလို့ပဲ ထွက်လိုက်ပါတယ်။ ဒါကြောင့် ထုံထိုင်းတဲ့ကျွန်တော့်လိုလူက ထိုင်းစကားပြောရင် ထိုင်းလန်းလို့ ပီပီသသကြီး ထွက်ပြလိုက်ရုံနဲ့ ထိုင်းလူမျိုးတွေက လည်ပင်းလာဖက်မယ် မထင်ဘူး။
နောက်မေးခွန်းတစ်ခုကတော့ Nihon (Nipon)ကို Japan လို့ ကန်နဲ့ လိပ်တွေ ပြောတဲ့အတိုင်း ဂျပန်လို့လိုက်ရေးတဲ့ မြန်မာတွေကို တလွဲတွေပဲလို့ ပြောရင်ဖြစ်မလား။
အသုံးအနှုန်းနဲ့ ပြဿနာရှာရင် တကမ္ဘာလုံးကို ပြဿနာရှာလို့ ရနေပြီ။ ယူအက်စ်အေ (USA)ကို ရုရှားက ဆရှာ လို့ ပြောတာဟာ အပုပ်ချတာဖြစ်ပြီး အမေရိကန်က မက်စ်ဘာကို Moscow လို့ရေးတာဟာ နွားနဲ့နှိုင်းပြီး နှိမ်တာပါ။
တကယ်ကတော့ မငယ်နိုင်ပြောသလိုပဲ လွဲချင်းလွဲရင် မြန်မာလို ပြောနေရက်နဲ့ ဇင်းမယ်ကို ချင်းမိုင်လို့ ပြောပြီး ဥရောပကို ယူရုပ် လုပ်တဲ့လူတွေကမှ လွဲတာခင်ဗျ။
ကျွန်တော့် အယူအဆကတော့ ဘာသာစကားကို လိုက်ပြင်နေတာထက် တွင်ကျယ်တဲ့အသုံးအနှုန်းတွေ နောက်ကိုပဲ လိုက်သင့်တယ်လို့ ယူဆပါတယ်။
ဒါကြောင့် ဘယ်သူ့ဘယ်သူမှ မမှားကြပါဘူးလို့ ပြောရင်း ဘေးလွတ်အောင် ရှောင်သွားပါတယ်ဗျို့။
ပျော်ရွှင်ပါစေ။
စင်ကာပူ ရောက်ခါစက Clerk Quay (ကလပ်ကီး) ကို ကလပ်ကွေး လို့ မှားခေါ်ခဲ့ပါတယ်။ ကိုယ့်ဒေသ ကိုယ့်စကားမဟုတ်တော့ အသံထွက် ဖလှယ်တာ မှားတာပါပဲ.. ကိုယ့်အချင်းချင်း ပြောတော့လည်း နားတော့လည်နေပြန်တာပါပဲ..
တရုတ်စာမှာ အသံထွက်လွဲတာက ပိုတောင်ဆိုးသေးတယ်.. Japan ကို ရွဲ့ပန်.. Malaysia ကို မာလိုင်ရှ .. Hindu တွေကို ယင်းတု.. Singapore ကို စင်ကျားပေါ်.. စသည် စသည်ပေါ့..
သူ့ဘာသာ၊ စာနဲ့ သူ့အသံထွက်နဲ့တော့ ဟုတ်နေတာပါပဲ..
ဆက်သွယ်ရေး အရေးကြီးလာတဲ့ ခေတ်ကြီးမှာ နာမည်အသံထွက် မှားခေါ်လို့ မလွဲသင့်ဘဲ အထစ်အငေါ့ဖြစ်ရတာတွေကိုတော့ ရှောင်နိုင်ကြရင် အကောင်းဆုံးပေါ့ ကိုကလိုစေးထူး..
ကျေးဇူးတင်ပါတယ်..
တချို့ အခေါ်တွေက မြန်မာလိုက အင်္ဂလိပ်လိုထက် ပိုနီးစပ်တယ်။ turkey ဆို သူတို့က Turkiye လို့ခေါ်တယ်။ "တူရကီရယ်" လို့ အသံထွက်ပါတယ်။ ပါရီ ဆိုလဲ မြန်မာလိုက ပိုနီးစပ်တယ်
အရမ်းကောင်းတယ်ဗျို့ မထင်မှတ်ပဲ ဒီပို့စ်လေးကို ဖတ်လိုက်ရတာ တော်တော်ကံကောင်းတယ်ဗျို့ .. ဖေ့ဘွတ်မှာ လင့်ယူသွားပြီး သွားရှဲခွင့်ပြုပါ ..
လေးစားစွာဖြင့် ..
စာရေးသူရဲ့ Post ကလည်း မရပ်မနား ရယ်ရ...
စာဖက်သူများရဲ့ Comment များကိုလည်း ထပ်ဆင့်
သဘောကျရနဲ့  ဗဟုသုတလည်းရ...ရသကလည်း
မြောက်နဲ့  ကောင်းလွန်းတဲ့ Post လေးပါ။
...ညီမ နာမည် ခင်မာလာအောင် လဲ ဘာပြောကောင်းမလဲနော်...စလုံးလဲရောက်ရော..
ခင်မာလာအုန်း တဲ့လေ။ ဘယ်လိုမှကို ပြင်မရတော့။
တရုတ် ဖွားဖွားတွေ ခေါ်ပုံများ။ :)
Post a Comment