ကျနော် အခု လက်ရှိအလုပ်ကို အလုပ်မ၀င်ခင်မှာ မေးခွန်းတချို့ကို ဖြေဆိုရတဲ့ လျှောက်လွှာတခု ဖြည့်ရပါတယ်။ အဲဒီ မေးခွန်းတွေထဲမှာ မေးခွန်းတခုက ခင်ဗျားဟာ ဘယ်လိုလူစားမျိုးတွေနဲ့ အလုပ်တွဲမလုပ်ချင်ပါသလဲ လို့ မေးပါတယ်။ ကျနော့် အဖြေက...
ခွဲခြားဆက်ဆံတတ်သူတွေက လွဲရင် မည်သူနဲ့မဆို အလုပ်တွဲလုပ်နိုင်ပါတယ် လို့ ဖြေဖြစ်ခဲ့ပါတယ်။
***
ခွဲခြားဆက်ဆံခြင်း ... တဲ့။
အဲဒီ စိတ်ရင်းအခံရှိလိုက်ပြီ ဆိုတာနဲ့ လူတဦးက တဦးအပေါ်ဖြစ်စေ၊ အဖွဲ့တခုက တခုအပေါ် ဖြစ်စေ၊ အသိုက်အ၀န်းတခုက တခုအပေါ်ဖြစ်စေ၊ လူမျိုး တခုက တခြားတခုအပေါ်ဖြစ်စေ အပြန်အလှန်လေးစားမှုတွေ အမြင်ကြည်လင်မှုတွေ ရှိဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ သူက ဘာမို့လို့၊ ငါက ဘာမို့လို့ ဆိုတဲ့ စိတ်ရင်းအခံကြီးထားရင်းကနေ အဲဒီ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်ကြီးက နောက်ဆုံးတော့ ပြဿနာသေးသေးလေးကနေ အကြီးကြီးထိ ဖြစ်လာတော့တာပါပဲ။
မည်သို့ဆိုစေပါ...။ ကမ္ဘာတ၀ှမ်းမှာရော ကျနော်နေထိုင်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာပါ အဲဒီ ခွဲခြား ဆက်ဆံခြင်း ဆိုတဲ့ အမူအကျင့်တွေကို ဒိဋ္ဌ တွေ့ရ မြင်ခဲ့ရတာပါပဲ။
ဆင်းရဲချမ်းသာတာကြောင့် ခွဲခြားဆက်ဆံတာ၊ အမျိုးအနွယ်အရ ခွဲခြားဆက်ဆံတာ၊ ဘာသာမတူလို့ ခွဲခြားဆက်ဆံတာ၊ နိုင်ငံမတူလို့ ခွဲခြားဆက်ဆံတာ စုံလိုက်တဲ့ ခွဲခြားဆက်ဆံမှုတွေ... ... ...။
***
ဝါသနာအရ၊ ယုံကြည်မှုအရ စာတိုပေစလေးတွေ ဟိုတစဒီတပုဒ်ရေးဖြစ်တော့လဲ အဲဒီခွဲခြားဆက်ဆံမှုက မရပ်သေးပါဘူး။ ဘယ်လို မရပ်တာပါလဲ ... ... ...။
***
Blog ပေါ်မှာ စာတွေရေးမိရင်လဲ အဲဒီလို ခွဲခြားဆက်ဆံ နိုင်ရပါလားဆိုတာကို ကျနော် တလေးတစားနဲ့ အမြဲသွားဖတ်နေကျ မီဒီယာ တခုက ကောင်းကောင်းကြီး သက်သေပြလိုက်တယ်။
Eleven Media Group ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်များ အပေါ်တွင် ဝေဖန်ဆွေးနွေးခြင်း၊ ထောက်ပြပြောဆိုခြင်းများကို ကြိုဆိုသော်လည်း ရုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းသော စကားလုံးများကို အထိန်းအကွပ်မဲ့စွာ သုံးနှုန်းပြောဆိုခြင်း ... ... ... ... ... ... ... ... အသိပေးအပ်ပါသည်။
..လို့ ရေးရင်ရော မဖြစ်နိုင်လို့လား၊ Blog ဆိုတာကို ထည့်သွင်းပြောဆိုပြီး သူတို့ ၀က်ဘ်ဆိုက်က ကွန်မန့်တွေကို ထိန်းသိမ်းချင်တာက လိုအပ်ချက်တခုလား ဆိုတာတော့ ကျနော် တကယ် မသိပါဘူး။
***
သေချာတာတော့ ကျနော်တို့ Blogger တွေ စကားလုံးရမ်းကား ခံလိုက်ရတယ်။ အကြောင်းရင်းကတော့ စာကို ဘလော့ဂ်ပေါ်မှာရေးမိလို့၊ ဘလော့ဂ်ရေးမိလို့ပါ။
***
ကလိုစေးထူး