Sunday, April 25, 2010

အဖိုးအခနဲ့ တန်ဘိုး

`ပါဆယ်ထုပ်ရောက်နေတာ လာယူတာပါ`
`သြော်၊ ဟုတ်ပါပြီ၊ အခန်းနံပါတ် ဘယ်လောက်ကပါလဲ`
`၁၈ ပါ`

အပြင်က စကားပြောသံ အပြန်အလှန်တချို့ ကြားပြီး သိပ်မကြာခင်မှာပဲ ကျုပ်တို့အားလုံးကို လူတယောက်က စွေ့ခနဲ ကောက်ယူသွားတယ်။ ဗီဒိုထဲက အမှောင်ထဲမှာ ပိတ်နေရာကနေ ရုတ်တရက်ပေါ်လာတဲ့ အပြင်အလင်းရောင်နဲ့အတူ ကျုပ်နဲ့ တချိန်လုံး ပူးကပ်နေခဲ့တဲ့ ဟိုငတိကို `စောင့်ကြည့်သေးတာပေါ့ကွာ` လို့ ခပ်ဆတ်ဆတ်လှမ်းပြောပစ်လိုက်တယ်။ ဒင်းကလဲ ကျုပ်ကို ထီမထင်တဲ့ မျက်ခွက်နဲ့ ပေစောင်းစောင်း ပြန်ကြည့်လို့...။ ဒီလိုနဲ့ပဲ သခင်အသစ်ကျပ်ချွတ်လေး ခေါ်လာရာဆီ ကျုပ်တို့ အားလုံး ပါလာကြပါလေရော... ... ...။

***

ဒီငတိနဲ့ ကျုပ် စပြီး ဆုံခဲ့တာက စာအုပ်ဖြန့်ချိရေး ဆိုင်တခုမှာပါ။

စတွေ့လိုက်တာနဲ့ ပုံစံက ဆောင့်ကြွားကြွားနဲ့ ဘယ်သူ့ကိုမှ...၊ အဲလေ ဘယ်စာအုပ်ကိုမှ ထီမထင်တဲ့ရုပ်နဲ့...။ တကယ်ဆို သူနဲ့ ကျုပ်တို့က တလေယာဉ်ထဲစီး၊ တကားထဲ သွားကြရမယ့် ဘ၀တူတွေ စာအုပ်တူတွေဖြစ်နေတဲ့ကိစ္စ၊ စာအုပ်ခြင်း အတူတူကို အင်မတန် အဆင့်အတန်း ခွဲချင်တာလေ။

သူ မာန်တက်နေတာလဲ မပြောနဲ့၊ သူ့ခန္ဓာကိုယ်...၊ အင်း... သူ့ စာအုပ်ကိုယ်ထည်ပဲ ထားပါတော့။ အဲဒါကြီး အရွယ်အစားက ကျုပ်တို့ထက် နှစ်ဆလောက် ပိုထူတယ်။ ဒင်းတကိုယ်လုံးမှာလဲ ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ ရောင်စုံစက္ကူသားတွေနဲ့ချည်း ဆင်ယင်ထားလေတော့ စာအုပ်ကလဲ ပါး၊ စက္ကူသားကလဲ ခပ်ညံ့ညံ့ဖြစ်နေတဲ့ ကျုပ်တို့ကို မြင်တာနဲ့တင် စာအုပ်တန်းစား ခွဲခြားချင်တော့တာပဲ။

သြော်...၊ ပြောရဦးမယ်။ စာအုပ်ဆိုလို့ပါ။ ကျုပ်တို့ စာအုပ်တွေထဲမှာလဲ စာအုပ်အမျိုးအစား အမျိုးမျိုး ရှိသေးတယ်။ ခင်ဗျားတို့ လူတွေမှာ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ မြန်မာ အစသဖြင့် လူမျိုးတွေ ကွဲသလိုပေါ့ဗျာ၊ ကျုပ်တို့ကလဲ ၀တ္ထုစာအုပ်၊ မှတ်စုစာအုပ်၊ အဘိဓာန်စာအုပ်၊ ဆောင်းပါးစာအုပ်၊ မဂ္ဂဇင်းစာအုပ် အစရှိသဖြင့်ပေါ့ဗျာ နောက်ဆုံး ဗလာစာအုပ်ကနေ စလို့ ပုစိကွစကလေးတွေ ဟိုရေးဒီချွတ်ကြတဲ့ မှတ်စုစာအုပ်အသေးလေးတွေအထိ စာအုပ်မျိုးပေါင်းစုံ ရှိလေရဲ့။ အဲဒီထဲကမှ ဟိုငတိနဲ့ ကျုပ်က မဂ္ဂဇင်းမျိုးထဲပါတဲ့ မဂ္ဂဇင်းစာအုပ်တွေ ဆိုပါတော့... ... ...။

***

ခပ်တိုတိုပဲ ပြောကြပါစို့ဗျာ။

တရက်မှာ စာအုပ်ဆိုင်ပိုင်ရှင်က နိုင်ငံခြားက အမှာစာတခုကြောင့် ကျုပ်ရယ်၊ အဲဒီငတိအပါအ၀င် တခြားမဂ္ဂဇင်းသုံးလေးအုပ်လောက်ရယ်၊ အဘိဓာန် စာအုပ် ခပ်ထူထူကြီး တအုပ်ရယ် အားလုံးကို ကျပ်ထုပ်စည်းနှောင်ပြီး စာတိုက်က တဆင့် ပို့လိုက်ပါရော။ ဒါနဲ့ပဲ ဒီကောင်နဲ့ကျုပ် ရေစက်မဆုံချင်ဘဲ ဆုံခဲ့ရတာ။

***

`နံလိုက်တာကွာ`

အနားနားကပ်ပြီး ပြောလိုက်တဲ့ ဒီကောင့်စကားကြောင့် ကျုပ်စိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွားတယ်။ အဲဒါနဲ့ပဲ...

`ဟေ့ကောင်၊ မင်း အဲဒါ ဘယ်သူ့ကို ပြောနေတာတုန်းကွ`
`အားလုံးကိုဟေ့၊ မင်းတို့ အားလုံးကိုပဲ`

ဟာ...၊ ဒီအကောင် အတော်ရင့်သီးလှတဲ့ အကောင်ပါကလား။ သူ့စကားသံကြောင့် အလွန်တရာ အေးအေးဆေးဆေး နေတတ်လှတဲ့ ဟို အဘိဓာန်ကြီးကပါ ခေါင်းထောင်လာတယ်။

`မင်းက ဘာကို နံနေတာတုန်း`
`ဘာကို နံရမှာလဲကွ၊ မင်းတို့ရဲ့ စာအုပ်အသားတွေကြောင့်ပေါ့ကွ၊ ဘယ်က အညံ့အဖျင်းတွေနဲ့ လုပ်ထားတယ် မသိပါဘူးကွာ၊ စာရွက်သားတွေက စုတ်ပြတ်နေတဲ့အပြင် အနံ့တွေကလဲ အညံ့စော်နံလိုက်တာ၊ ငါ့ကိုပါ အနံ့တွေ ကူးကုန်တော့မှာပဲ`

သူ့စကားကြောင့် ကျုပ်တို့အားလုံး ကိုယ့်ကိုယ်ကို ပြန်ငဲ့ကြည့် သတိထားမိတော့ အင်း...၊ သူပြောလဲ ပြောချင်လောက်အောင်ကို ကျုပ်တို့ပုံစံတွေက စုတ်ပြတ်နေတာလေ။ စာတွေက ဖတ်လို့ရရုံ၊ စာမှတ်တမ်း ဓာတ်ပုံတွေကလဲ စာရွက်သား ခပ်ညံ့ညံ့ကြောင့် မှုန်ဝါးဝါး၊ ကျုပ်တို့ တကိုယ်လုံး စာရွက်သား ကောင်းတဲ့ နေရာလေး ဆိုလို့ မျက်နှာဖုံးနေရာလေး တခုပဲ ရှိတယ်။ ဒီတော့ တကိုယ်လုံး ရောင်စုံစက္ကူချောတွေနဲ့ချည်း ဖြစ်တဲ့အပြင် အရွယ်အစားကလဲ ကျုပ်ထက် နှစ်ပိုထူထဲတဲ့ ဒီငတိက ကောင်းကောင်းကြီး နှိမ်တော့တာပေါ့။

တလမ်းလုံး အချိန်ရှိသရွေ့ ဒီလိုချည်း ချိုးနှိမ်လာတော့ ကြာတော့ ဘယ်ခံချင်ပါ့မလဲ။ ဒါနဲ့ ဒီကောင့်ကို ကျုပ်ကပဲ စပြီးပြောလိုက်တယ်။

`ဒီမယ် ဟေ့ကောင်`
`ငါ့နာမည် ကွာလတီကွ`
`အေး၊ မင်းဘာသာ ကွာလတီမကလို့ ကွာလတွတ်ပဲဖြစ်ဖြစ်၊ ကွာငချွတ်ပဲဖြစ်ဖြစ်ကွာ၊ မင်းဆောင့်ကြွားကြွားနိုင်နေတာ တဆိတ်တော့ တရားလွန်နေပြီကွ`

အဲသလို ပြောလိုက်လို့ ဟိုကောင်က ငြိမ်မသွားပါဘူး။ ငြိမ်မသွားတဲ့ အပြင် ကျုပ်ကို မထီတရီ ပြန်ကြည့်ပြီး မေးလိုက်တယ်။

`မင်းနဲ့ငါ ဘယ်သူက ပိုပြီး ဈေးပိုကြီးသလဲကွ`
`ဟာ...၊ ဒါကတော့ မင်းက တအုပ်လုံး စာရွက် အကောင်းစားတွေနဲ့ချည်းပဲလေကွာ`
`အေး၊ ငါ့လို အကောင်းစားဖြစ်တဲ့နေ့ကျရင် မင်းလဲ ငါ့လိုပဲ ဈေးကြီးတဲ့ စာအုပ်ဖြစ်မှာပဲပေါ့ကွ၊ ထောင်လွှား ပလွှားနိုင်တဲ့ အခြေအနေမို့လို့ ထောင်နိုင် လွှားနိုင်တာကို မင်း မနာလို မဖြစ်စမ်းပါနဲ့`
`ကဲ၊ ဒီလိုဆိုရင် ၀ယ်တဲ့လူက မင်းကို ၀ယ်သလို ငါ့ကိုရော ဘာလို့ ၀ယ်တာလဲ၊ ဒါကိုတော့ မင်းလေးစားသင့်တာပေါ့ကွ`
`တော်စမ်းပါကွာ`
`တော်စရာ မလိုဘူး ဟေ့ကောင်၊ ကဲ...၊ မင်းကိုယ်မင်း ငါ့ထက် ဈေးပိုကြီးတဲ့ စာအုပ်ဆိုပြီး ပိုတန်ဘိုး ရှိတယ် ထင်နေရင် ဟိုရောက်တဲ့အခါ သခင်က မင်းနဲ့ငါ ဘယ်သူ့ကိုအရင် ဖတ်မလဲ စိန်လိုက်မလား`
`ဟားဟားဟား၊ သိပ်ရတာပေါ့ကွာ`
`အေး...၊ ဒါဖြင့်လဲ ကြည့်သေးတာပေါ့ကွာ`

***

အခုတော့ ကျုပ်တို့ကို မှာယူခဲ့တဲ့ သခင့်အိမ်ကို ရောက်ပြီ။ ကျုပ်တို့အကုန်လုံး သခင်တယောက် ဘယ်စာအုပ်ကို အရင်ဖတ်မလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ ငံ့လင့်နေကြတယ်။

`ဟာ၊ ဒီမဂ္ဂဇင်းက တော်တော် ထူပါလား`

စကားသံ ခပ်သွက်သွက်နဲ့ အတူ သခင်က ဟိုကောင့်ကို အရင်ဆုံး ကောက်ယူလိုက်တယ်။ ဘယ်ပြောကောင်းမလဲဗျာ၊ ဟိုကောင် ကျုပ်ကို မထီတရီ လှမ်းကြည့်ပြီး သခင့်လက်ထဲကို ပါသွားတာ ကျုပ်မှာတော့ အဲဒီအချိန်လောက် သိမ်ငယ်ရတာ မရှိဘူး။

`စာရွက်အသားတွေလဲ တော်တော်ကောင်းတာပဲ`

သခင်က တယောက်ထဲ ရေရွတ်ပြီး ဟိုကောင့်ကို တဖြတ်ဖြတ်လှန်လှော ဖတ်နေတယ်။ ဒါဆိုရင်တော့ သွားပြီပေါ့။ ကျုပ် ရှုံးပြီ။

ဒါပေမယ့်... ... ...။

***

`ဟာ...၊ ဟေ့လူ ခင်ဗျားမှာ မဂ္ဂဇင်းစာအုပ်တွေ မနည်းပါလားဗျ၊ ကျနော့်လဲ ပေးဖတ်လေ`
`ရတယ်လေ`
`ခင်ဗျား မဖတ်ရသေးတဲ့ စာအုပ်တွေ ထားခဲ့မယ်လေ၊ ဖတ်ပြီးသားတွေသာ ကျနော့်ကို ခဏငှား`
`ခဏငှားမှာ မဟုတ်ဘူး၊ အဲဟို စာအုပ်တွေ အပိုင်သာယူသွားပေတော့ ဒီဘက်က စာအုပ်တွေတော့ ထားခဲ့၊ ငှားချင်ရင်လဲ မမေ့မလျော့တော့ ပြန်ပေး၊ ဟိုစာအုပ်တွေကတော့ အပိုင်သာ ယူပေတော့`

သခင်က ဒီ့ပြင်လူကို အပိုင်ပေးပစ်မယ် ဆိုပြီး လက်ညှိုးညွှန်တဲ့ နေရာက ဟိုကောင်နဲ့တကွ သူတို့ အမျိုးတူ ကွာလတီဆိုလား ကွာလတွတ်ဆိုလား ငတိတွေဖြစ်နေတယ်။ သခင့်ဆီမှာ သိမ်းထားချင်တာကတော့ ကျုပ်နဲ့တကွ တချိန်လုံး ဟိုကောင်တွေ နှိမ်တာ ခံခဲ့ရတဲ့ အမြင်မလှတဲ့ မဂ္ဂဇင်းစာအုပ်လေးတွေ။

စာအုပ် လာငှားသူက တအံ့တသြဟန်နဲ့ သခင့်ကို ပြန်မေးတယ်။

`ခင်ဗျားက အထူးအဆန်းပဲ၊ ပေးပစ်တဲ့ စာအုပ်တွေက လှတပတလေးတွေကို`
`အမြင်လှပြီး၊ စာမလှတာ စာအုပ်ရဲ့ တန်ဘိုးမှ မဟုတ်တာဗျ၊ ခင်ဗျား အဲဒီ စာအုပ်တွေ မယုံရင် ဖတ်ကြည့်၊ ကြော်ငြာတွေကတင် အဲဒီ စာအုပ်အထူရဲ့ စာဖောင် တ၀က်မက ရှိတယ်။ ကျန်တဲ့ တ၀က်မှာလဲ ဘယ်မလဲ စာကောင်းပေကောင်း၊ ဟိုမင်းသမီးက ဟိုဟာလေး ၀တ်လို့ ဘယ်လို လှတာ၊ ဒီမင်းသားက ဟိုမင်းသမီးနဲ့ ဘာဂလိုတိုတို ဖြစ်နေတာ၊ ဟိုအကကတဲ့ ငတိမက မနက်စာကို မြန်မာအစာထက် အမေရိကန်စာတွေ ပိုစားဖြစ်နေတာ...၊ ဒါတွေချည်း ရေးထားတာကို ၀ယ်မိတဲ့ ကိုယ့်ပိုက်ဆံကိုယ် နှမျောနေတာ`

အရှိန်ရသွားပုံရတဲ့ သခင်က သူ့စကားကို အားရပါးရ ဆက်ပြောနေတယ်။

`မဂ္ဂဇင်း တစောင်ဆိုတာ သူ့အမျိုးအစားကို လိုက်ပြီး စာပုံစံ မတူတာတွေကို နားလည်ပေးလို့ရတယ်ဗျ။ ဒါပေမယ့် စာအုပ်တအုပ်ရဲ့ ၇၅%ဟာ ကုန်ပစ္စည်း ကြော်ငြာတွေနဲ့ချည်း ပြည့်နှက်နေတဲ့ မဂ္ဂဇင်းတစောင်ကို အဲဒီ ကြော်ငြာစာရွက်တွေရဲ့ အဖိုးအခကြောင့် ကျနော်တို့က ဈေးကြီးပေးပြီး ၀ယ်လိုက်ရတယ်ဆိုရင် အဲဒါ ကျနော်တို့ ငွေကို ညာယူတာပဲ၊ ဘယ်မလဲ အဲဒီ မဂ္ဂဇင်းရဲ့ ရပ်တည်ချက်၊ ဘယ်မလဲ အဲဒီ မဂ္ဂဇင်း လျှောက်နေတဲ့လမ်း၊ တကယ်တော့ အဲဒီ မဂ္ဂဇင်းတွေက စာပေလမ်းကို လျှောက်နေတာနဲ့ မတူဘဲ စီးပွားရေးသမားတွေကို ကိုယ်စားပြုတာနဲ့ပဲ တူတယ်`

သခင်က ပြောနေရင်းနဲ့ ကျုပ်ကို ဆတ်ခနဲ ဆွဲယူပြီး ပြောလိုက်တယ်။

`ဒီစာအုပ်ဆိုရင် စာကောင်းတွေ အများကြီးပါတယ်။ မှတ်သားစရာတွေ အများကြီးပါတယ်။ ကျနော် သိပ်သဘောကျတဲ့ သရုပ်ဖော် ၀တ္ထုတွေပါတယ်။ တကယ်ဆို သူတို့ သူတို့တွေ ရေးနေတဲ့ စာတွေကသာလျှင် ခင်ဗျားတို့ ကျနော်တို့ရဲ့ အခြေအနေတွေကို ကိုယ်စားပြုနေတာ။ စာအုပ်တအုပ်ဟာ ဒီလိုပဲ ဖြစ်သင့်တာမဟုတ်လား`

***

နောက် တနာရီလောက်ကြာတော့ သခင့်အိမ်ထဲမှာ အသံတွေ တိတ်သွားတယ်။ ဧည့်သည်လဲ ပြန်သွားပြီ။ သခင်က ကျုပ်ကို ဆွဲယူပြီး ကျုပ်ရဲ့ စာမျက်နှာတွေကို တရွက်ခြင်း ပြန်လှန်လှော ဖတ်နေတယ်။

ကိုယ့်ကို အလေးထားပြီး တသေတချာနဲ့ တရွက်ခြင်း ဖတ်ရှုနေတဲ့ သခင့်မျက်နှာကို မြင်နေရတာ အရသာ ရှိလိုက်တာဗျာ။ ကွာလတီဆိုတဲ့ ဟိုကောင့်ကို ကျနော် ပြောချင်နေတာကိုတောင် မပြောလိုက်ရဘူး။ ကြားနိုင်ဦးမယ် ဆိုရင်တော့ ပြောချင်သား...။

`အဖိုးအခ များတိုင်းလဲ တန်ဘိုးကြီးသွားတာတော့ မဟုတ်ဘူးကွ` လို့လေ။

***

ကလိုစေးထူး

24 comments:

pandora said...

ပျောက်လှချည့်လား ကစေးထူး
ပေါ်မယ့်ပေါ်လာတော့လည်း ကွာလတီစာလေးနဲ့ပါလား
များများဆက်ရေးပါဗျို့

rita said...

thanks for the new post,,
but personally khaw tau buuuu :(

uranusaquarian said...

Very Very Delicious!!!!!
Thanks, bro.
Glad to read your thoughts again.

tututha said...

၃၆၀ နဲ့တင်ရပ်နေတော့ အိမ်ပဲ ပြောင်းသွားပြီလား၊ ကျမပဲ အသစ်မချိတ်မိတာလား ထင်ထားတာ။ လတ်စသတ်တော့ အိမ်မပြောင်းဘဲ အိပ်ပျော်နေပုံရတယ်။ မေ့လောက်နေမှ တပုဒ်ဆိုပေမယ့် တပုဒ်ဆို ဆိုသလောက်ပါပဲ။

မောင်မျိုး said...

အစ်ကို ပျောက်လှကြီလားလို့ တွေးနေတာ စာအုပ်တွေပါဆယ် သွားထုတ်နေတာကိုး =) ပြန်ပေါ်လာတာ ကျေးဇူးအများကြီးတင်ပါတယ် ဘာစာပဲဖြစ်ဖြစ် အရင်တိုင်း စောင့်ဖတ်နေပါတယ် ။

`အဖိုးအခ များတိုင်းလဲ တန်ဘိုးကြီးသွားတာတော့ မဟုတ်ဘူးကွ` မှတ်သားသွားတယ် .။

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာပြန်ရေးတာ တွေ့ရလို့ ဝမ်းသာပါတယ်။

လုံးဝ မရေးတော့ဘူး ထင်ထားတာ။

အမြဲလို မဟုတ်ရင်တောင် အချိန်ရရင် ရေးပါ။

မဖတ်ရတာ ကြာပြီဖြစ်တဲ့ ကိုကလိုစေးထူးရဲ့ ပိုစ့်တွေ မျော်နေပါတယ်။

စာမရေးတာ ကြာပေမယ့် ရေးလက် မကျသေးဘူးနော်။

ခင်မင်လျှက်
နန္ဒာ (SMNTL)

Anonymous said...

ဝေ့ .. ဘယ်တွေဝေ့နေလဲ ဝေ့ ။ ပြန်ပေါ်လာတာကောင်းတယ်ဝေ့။ အရင်လို ပုံမှန်ပြန်ရေးဦးဝေ့ ။

ကလူသစ် said...

ကလို.... ၀ဲလ်ကမ်းဘက်.... :)

ကိုရင်နော် said...

ကိုစေးထူးရေ..

စာပြန်ရေးတာ ဝမ်းသာတယ်ဗျာ..

သက်မဲ့လေးကို အသက်သွင်းရေးထားတာလေး နှစ်သက်မိတယ်..

ကြော်ငြာသိပ်များတဲ့ မဂ္ဂဇင်းတွေတော့ စိတ်မဝင်စားမိတာ အမှန်ပဲ..

ဘလော့ပေါ်က စာတွေကလည်း အဖိုးအခ မပေးရပေမယ့် တန်ဘိုးရှိတာတွေ အများကြီးရှိနေတယ်နော်... ဥပမာ ဒီအပြာရောင် စာအုပ်လေးလိုပေါ့..

စာတွေ အများကြီး ပြန်ရေးနိုင်ပါစေ..

အနားလည်း တော်တော်ရလို့ အမောလည်း ပြေသွားပြီထင်တယ်...

ဟိုး.. ရှေ့မှာပန်းတိုင်ရှိတယ်..
လာ.. သွားကြစို့..။

(ကျနော်သိပ်ကြိုက်တဲ့ ကိုစေးထူးရဲ့ စာသားလေးပါ)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

တောင်ပေါ်သား said...

ပြန်ပေါ်လာသေးတယ် အကိုရေ မျှော်နေတာ ကြာပါပြီကော... တကယ့်ကို အဖိုးအခမှန်းလို့မရပေမဲ့ စာကောင်းပေကောင်းတွေ အများကြီး ပေးတဲ့ အကိုဆိုဒ်လေးကို လာလည်ဖြစ်ဆဲပါ

လေးစားလျက်
တောင်ပေါ်သား

Nge Naing said...

အသစ်ပြန်တင်တာ တွေ့လို့ ၀မ်းသာပါတယ်။ ကိုကလိုစေးထူး ရေးတဲ့ပို့စ်တွေ အားလုံးကို ကြိုက်တယ်။ ပို့စ်ပုံမှန် ပြန်တင်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

Moe Cho Thinn said...

အသက်ရှိသေးတယ်နော်.. :)

nana said...

i glad u back

အတွေးကမ္ဘာ..မှတ်တမ်း said...

တင်ပြပုံလေး ကောင်းတယ်ဗျို့ အားပေးနေပါတယ်ဗျာ..ဆက်ရေးပါ...

Anonymous said...

ဟေ့ရောင် အတင်းစေးထူး


မေ့သလောက်နေတော့ ထုံးစံအတိုင်းအရေမရ အဖတ်မရ ဝေဖန်ရေးလိုလို လေကန်ရေးလိုလို ၊ ပညာပေးလိုလို သညာပေးလိုလို ကပေါက်တိကပေါက်ချာစာတွေ နဲ့ပြန်ပေါ်လာတာပါပဲလားကွာ။ မင်းအရင်က အတိုင်းပဲ ...ဟဟ

Khinkhin said...

dear ako
Ii'm happy to read your writing again.
keep going.

regards

ညီမလေး said...

ကောင်းတယ် ။ အဖိုးအခနဲ့တန်ဖိုး ဆိုတာ တူမှမတူဘဲလေ နော့

မိုးငွေ့...... said...

ကိုစေးထူး စာပြန်ရေးတာဝမ်းသာပါတယ်...။
စာအုပ်လေးတွေနေရာကနေ ပီပီပြင်ပြင်ရေးထားပုံလေးကောင်းတယ်...။ ပြီးတော့ စာအုပ်ရဲ့ အဖိုးအခနဲ့ တန်ဖိုးကို နှိုင်းယဉ်ပြသွားပုံကောင်းတယ်...နောက်ထပ်လဲ များများရေးပါ...။

ခင်မင်စွာဖြင့်
မိုးငွေ့

lonetone said...

မဖတ်ရတာကြာလို့ စောင့်နေတာဗျို့

Anonymous said...

စာဖတ်သွား၏။
မတွေ့တာကြာလို့ ..........။ :)

sdl

မိုးယံ said...

လာလာအော် ချင်တာ စီပုံးမတွေ့ လို့ ။

နေထိုင်ကောင်းရဲ့လား။ ပျောက်ချက်သားကောင်းနေ လွန်းတယ် အစ်ကိုရယ်။

အသံမဲ့ လူငယ် said...

ကောင်းလိုက်တာ .. ရှဲချင်လို့ လင့်ယူသွာူးပါတယ်နော့ ..

IDIOT-Ki said...

စာတအုပ်ရဲ့ တန်ဘိုး နဲ့
စာတပုဒ်ရဲ့တန်ဘိုးတွေကို နားလည်သွားတယ် ကိုစေးထူး ရေ ..
ကိုယ်တိုင်က စာတအုပ်အနေနဲ့ ခံစားသရုပ်ဖေါ်ထားတာလေးကို လည်း သဘောကျတယ် ..

ခင်မင်စွာဖြင့်
ကိကိ

Anonymous said...

ကွာလတွတ်တွေရဲ့ အနှစ်မပါ အခွံတောင်ပါရုံပါတဲ့ စိတ်ဓာတ်တွေကို ကိုယ်တွေ့ခံထားရတဲ့သူမို့ ဒီစာကို နှစ်နှစ်ကာကာ ကြိုက်မိပါတယ်... စာမရေးတာ ကြာတာကိုလည်း အားမလိုအားမရ ဖြစ်မိတယ်။

ကလိုစေးထူး ပရိသတ်တစ်ဦး