Tuesday, November 06, 2012

မဲပေးတဲ့ မနက်...






ဆောင်းဦးပေါက်ရဲ့ မနက်ခင်းမှာ စောစောစီးစီး အိပ်ရာက နိုးတော့ အိပ်ချင်ဟန် မပြေသေးတဲ့ မျက်လုံးတွေက ကျိန်းစပ်လို့ နေပါလေရော…။
ဒါပေမယ့် အိပ်ရာထဲကနေ အလူးအလဲပဲ ထလိုက်ရင်း မဲရုံကို သွားဖို့ ပြင်ရဆင်ရတယ်၊ လိုအပ်မယ်ထင်တဲ့ အထောက်အထား စာရွက်စာတမ်းတွေ ယူရတယ်။
ဒီနေ့ မဲပေးရမယ်လေ… … …။ 

***

ရွှေပြည်ကြီးမှာ နေခဲ့စဉ်ကတော့ ကျနော် မဲပေးခွင့် တခါမှ မကြုံကြိုက်ခဲ့ရဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ကျနော့် အသက်က ၁၃ နှစ်ပဲ ရှိသေးလို့…၊ ၂၀၁၀ နဲ့ နောက်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲကျတော့ ပြည်ပကို ရောက်နေပြီ ဖြစ်လို့…။ ဒါနဲ့ပဲ အခါအားလျော်စွာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခွင့်ကို ဒီနှစ်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံရလေသတည်းပေါ့…။

***

မဲပေးခွင့် ရှိတဲ့ အချိန်ကတော့ နံနက် ၇ နာရီကနေ ည ၈ နာရီ အထိပါ။ မဲရုံတွေကို မိမိနေထိုင်ရာ နေရပ်လိပ်စာအလိုက် ဧရိယာခွဲခြားထားပါတယ်။ ကိုယ်က ဘယ်မဲရုံမှာ မဲပေးရမလဲ ဆိုတာကို အင်တာနက်မှာ အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ အိမ်မှာ အင်တာနက် မရှိဘူးဆိုရင်လဲ နီးစပ်ရာ စာကြည့်တိုက်မှာ စုံစမ်းလို့ ရပါသေးတယ်။
မဲပေးစာရင်း သွင်းခွင့်ကိုတော့ စာတိုက် သို့မဟုတ် အွန်လိုင်းမှ တဆင့် ရွေးကောက်ပွဲရက်မတိုင်ခင် ရုံးဖွင့်ရက် အရက် ၂၀ ထက် နောက်မကျစေရဘဲ မဲပေးနိုင်ပါတယ်။ တကယ်လို့ နောက်ကျသွားရင်လဲ ကိစ္စမရှိပါဘူး။ ရွေးကောက်ပွဲ ရက်ကို ရောက်တဲ့အခါ မိမိ မဲပေးရမယ့် မဲရုံမှာ တခါတည်း မဲပေးသူ အမည်စာရင်းသွင်းပြီး မဲလက်မှတ်ထုတ်ယူယုံပါပဲ။ 

***

ကျနော် မဲရုံရောက်သွားတဲ့အချိန်မှာ မနက် ၈ နာရီ ထိုးပြီမို့ မဲပေးဖို့ ရောက်နှင့်နေသူတွေလဲ ရှိနေပါပြီ။ မဲပေးရတဲ့ နေရာကတော့ အလယ်တန်းကျောင်း တခုမှာပါ။ ရွေးကောက်ပွဲ ရက်ဖြစ်ပေမယ့် ကျောင်းမပိတ်တဲ့ အပြင် ကျောင်းကကလေးတွေကိုလဲ မဲပေးတဲ့လူတွေ အနှောက်အယှက်မဖြစ်အောင် အနားကို မလာစေရအောင် ဆရာ၊ ဆရာမတွေက ကြပ်မတ်ထားပုံရတာမို့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းပါပဲ။

မဲရုံထဲမှာ သက်ဆိုင်ရာ ပါတီက ကိုယ်စားလှယ်တွေ ရှိကောင်း ရှိနေနိုင်ပေမယ့် ဘယ်သူက ဒီမိုကရက်၊ ဘယ်သူက ရီဗတ်ပလီကင်ဆိုတာ ကောင်းစွာ မသိနိုင်ပါဘူး။ မဲရုံအတွက် တာဝန်ရှိသူတွေသာ မဲပေးစာရင်း မသွင်းရသေးသူနဲ့ သွင်းပြီးသားသူကို အဆင်ပြေပြေ မဲပေးနိုင်ဖို့အတွက် ကူညီရင်း အလုပ်များနေကြတာပါ။ 

***

ပထမတော့ ကျနော်က နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေ ဘာတွေ ယူသွားရတယ်၊ မိမိနေထိုင်တဲ့ နေရပ်လိပ်စာ မှန်ကန်ကြောင်း သက်သေ အနေနဲ့ Utility Bill တခုခုလဲ ပြရမယ်လို့ ထင်ထားပြီး အဲဒါတွေ ယူသွားပါသေးတယ်။ တကယ်တော့ ဒရိုင်ဘာလိုင်စင် ပြလိုက်တာနဲ့ ကျနော့်အမည်နဲ့ လက်ရှိနေရပ်လိပ်စာက သူတို့ စာရင်းမှာ ရှိနှင့်နေပြီးသားပါပဲ။ နောက်ထပ် ထပ်ဖြည့်ပေးရတာဆိုလို့ ပထမအကြိမ်မဲပေးတာလား၊ ယခင်က မဲပေးဖူးသလား ဆိုတာနဲ့ လိပ်စာကို အတည်ပြုပေးရတာပါပဲ။
မဲပေးဖို့အတွက်ကို အတန်ငယ်ရှည်တဲ့ မဲစာရွက်ပေးပြီး မဲအမှတ်စဉ် စာရွက် ခပ်သေးသေး တခုပါ ရပါတယ်။ မဲစာရွက် ခပ်ရှည်ရှည်မှာတော့ ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ဘေးမှာ မြှားပုံသဏ္ဍန်ကို ထိပ်နဲ့ နောက်မြီး အလယ်မှာ ဖြတ်ထားတဲ့ ပုံစံနဲ့ ညွှန်ထားပါတယ်။ တကယ်လို့ ကိုယ်က အဲဒီ ပုဂ္ဂိုလ်ကို မဲပေးချင်တယ်ဆိုရင် အလယ်ကနေ မြှားကလေးရဲ့ ထိပ်နဲ့ နောက်မြှီးကို ဆက်ပြီး ဆွဲပေးလိုက်တော့ ပြီးပြည့်စုံတဲ့ မြှားပုံသဏ္ဍာန်လေး ဖြစ်သွားပြီးတော့ ဒီလူ့ကို မဲပေးပါတယ်လို့ သဘော သက်ရောက်သွားပါတော့တယ်။
ကိုယ့်စိတ်ကြိုက်ဖြစ်ပြီ ဆိုရင်တော့ မဲရေတွက်တဲ့ စက်ထဲကို သွားထည့်တဲ့အခါ၊ စက်က လက်ခံယူပြီး အဲဒီနားမှာ ရပ်စောင့်နေတဲ့ ပုဂ္ဂိုလ်က အပေါ်မှာ ကျနော် တင်ပြထားတဲ့ I voted ဆိုတဲ့ စတစ်ကာကလေးကို ပေးပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ နည်းပညာသုံးစွဲမှုကို ပြောပြချင်တာကတော့ တကယ်လို့များ မဲပေးတဲ့အခါ ကိုယ်စားလှယ် နှစ်ယောက်စလုံးကို ဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ တယောက်ကိုမှ မခြစ်မိတာပဲဖြစ်ဖြစ် ဆိုရင် အဲဒီ မဲရေတွက်စက်က လက်မခံပါဘူး။ မဲစာရွက်ကို ချက်ချင်းပြန်ထွက်လာစေပြီး ဘေးကနေ ဘောက်ချာလို ထုတ်တဲ့ စက်အသေးလေးကနေ ဘယ်နေရာမှာ ဘယ်လို လွဲနေကြောင်း ထောက်ပြတာမို့ နောက်တခါ မှန်သွားအောင် သေသေချာချာ မဲ ပြန်ပေးစေပါတယ်။ ပယ်မဲတွေ ဖြစ်မယ့်ရန်ကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ 

***

ကျနော် မဲရုံရောက်တဲ့ အချိန်ကနေ မဲပေးပြီးအချိန်ထိ အားလုံး အချိန် ၄၅ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။ ကျနော်ပြန်ထွက်လာတော့ နောက်ထပ် မဲပေးမယ့်လူတွေက ပိုတောင် များလာသေးတယ်။

သူတို့တွေ ည ၈ နာရီ အထိ အလုပ်ရှုပ်ကြပါလိမ့်မယ်။ အမေရိကန် တနိုင်ငံလုံးရဲ့ ည ၈ နာရီတွေ ကျော်လွန်ပြီးရင်တော့ ဘယ်သူနိုင်လို့ ဘယ်သူရှုံးလဲဆိုတာ အဖြေပေါ်ပါတော့မယ်။
ကျနော်တို့ စောင့်ကြည့်ကြတာပေါ့…။ 

***
ကလိုစေးထူး

6 comments:

မေဓာဝီ said...

ကိုစေးထူးတယောက်လဲ ပျောက်နေလိုက်တာ မဲပေးမှပဲ စာရေးတော့တယ်။
မည်သို့ပင် ဖြစ်စေ ... စာပြန်ရေးတာ ၀မ်းသာတယ်ဗျို့ ...

ညီလင်းသစ် said...

စာပြန်ရေးတာ ဝမ်းသာတယ် ကိုကလိုစေးထူး...၊
အင်း.. မမေပြောသလို မဲပေးမှပဲ စာရေးတာ ဆိုရင်တော့ ကျနော်တို့ လေးနှစ်မှတစ်ကြိမ် ပို့စ်အသစ် ဖတ်ရမယ့် သဘောများလား...?း)

Maung Myo said...

ကျနော့်ရဲ့ Blog list ကိုကြည့်ပြီး ကိုစေးထူး ဘလော့ တက်လာတော့ ဟင် ငါများမျက်စိမှားသလားဖြစ်သွားတယ်း))

အကြာကြီးနေမှ ဖတ်ရပေမယ့် ခင်မင်စွဲကြောင့်လားတော့မသိ စိမ်းမနေဘူး ။ အဆင်ပြေရင်တော့ အရင်လို (အရင်ဆိုတာ ဟိုးတုန်းက ဘလော့မှာ စာတွေ ပုံမှန်းရေးနေသလိုး)) မျိုး စာတွေအမြဲဖတ်ချင်ပါတယ် ။

ကလိုစေးထူး said...

ကျနော် ဘာလေးရေးလိုက် ရေးလိုက် အရင်ဆုံး ရောက်လာတတ်တဲ့ မမေနဲ့တကွ၊ ကိုညီလင်းသစ်၊ မောင်မျိုး...၊ အားလုံးကို အရမ်းး ကျေးဇူးတင်တယ်။ ကျနော် တကယ်ကို အလုပ်တွေ ပိနေလို့ပါ။ စာတွေ ထပ်ရေးဖို့ ကြိုးစားပါဦးမယ်။ တကယ်တမ်းကျ ဒီလူတွေ၊ ဒီမိတ်ဆွေဟောင်းတွေပဲ ကျနော့်စာကို မမေ့မလျော့ လာဖတ်ပေးကြသလိုလဲ ခံစားရပါတယ်။ အားလုံး အဆင်ပြေကြပါစေ။

:P said...

ခုမှ တက်လာတာကြည့်တော့ အမှတ် ၂ အရင်ဖတ်လိုက်ရတယ်..။ ပြီးမှ အမှတ် ၁ ...။
စာပြန်ဖတ်ရတာ ဝမ်းသာပါတယ်..။

rita said...

နိုဝင်ဘာ ၂၀၁၂ ကပိုစ့်ကို အခု ဧပြီ ၂၀၁၃ မှဖတ်မိတာ မဆိုစလောက်ကလေး နောက်ကျသွားတယ်။
:)