ဒီမယ် ကိုရင်..
ရော့..သောက်၊ ဆေးခါးလို့ အမွှမ်းမတင်ဘူး
ဒါပေမယ့် အဲဒီခွက်ထဲမှာ အဆိပ်မပါဘူးလို့ အာမခံတယ်။
ခင်ဗျားနဲ့ ကျုပ် ခြေနှစ်ဖက်ပါတာခြင်း အတူတူ
ခြေထောက် အရွယ်အစားမတူဘူး...။
ဟော..၊ ခင်ဗျား ငုံ့ကြည့်တဲ့ ခင်ဗျားခြေချောင်းကလေးတွေတောင်
အတိုအရှည် တူငဲ့လား...။
ရော့... သောက်လိုက်ပါ။
စကားလုံး သက်သက်မဟုတ်တဲ့ ဘ၀ရဲ့ ပျော်ရည်
ခင်ဗျားကိုယ်ထဲကို စိမ့်ဝင်စီးဆင်းသွားလို့ ဖြစ်လာမယ့် ခင်ဗျား မျက်နှာကို ထိုင်ကြည့်ချင်လွန်းလို့...။
ဒီမယ် ကိုရင်...
ခင်ဗျား ဟိုဘက်လမ်းက လျှောက်သွားလို့ လမ်းကောင်းခဲ့ချိန်
ဗွက်ပေါက်တဲ့ဒီဘက်လမ်းက လူတွေ အတုန်းအရုန်း
အိုဗျာ...၊ ၀ရုန်းသုန်းကား လဲနေလိုက်ကြတာ
ဟော...၊ အလျှောက်မတော်တဲ့ တချက် ခင်ဗျား ခလုတ်တိုက်တော့
ခင်ဗျား မေ့ထားတဲ့ ဟောဒီဝရုန်းသုန်းကား ရင်ဘတ်ကြီးတွေကလေ...
ကိုရင်...၊ နာသွားသေးလားလို့ ပြောဖို့ မမေ့ပါဘူးဗျ။
ခင်ဗျာ့ ဖိနပ် လာသုတ်မပေးနိုင်တာတော့ ဆောရီး ကိုယ့်လူ။
ဒီမယ် ကိုရင်...
ရှေ့တန်းတက် ဂိုးသွင်းမှ ဘောလုံးသမား မဟုတ်ဘူးဗျ
အောင်ပွဲခံနေတဲ့ နာမည်ကျော်တွေကို အဝေးကငေးနေတဲ့
ကစားသမားကောင်းတွေမှ အများကြီး....။
ကန်ပစ်လိုက်စမ်းပါဗျာ...။
ဒီမယ် ကိုရင်...
မျက်ရည်တွေနဲ့ ရင်းထားတဲ့ ထမင်းတပန်းကန်ထက်
တောက်ခနဲ ကျလာတဲ့ ခင်ဗျားချွေးစက်ကပေးတဲ့
တလုတ်ထဲသော ထမင်းကို မက်မောပစ်လိုက်စမ်းပါဗျ...။
ယူ...၊ ယူ.. အဲဒီမှာ အတ္တတွေကိုယူ
အတ္တကို ယူတတ်ရင် လူဆိုတဲ့ အသိပါ ထပ်ယူ...။
ကျောခြင်း ကပ်လို့ အမြင်မတူရင်တောင်
သေချာတာတော့ ကိုရင့်နားမှာ ကျုပ်ရှိနေတယ်။
တခါတလေ မျက်နှာချင်းဆိုင် ရန်တွေ့ရတာထက်
ကျောခြင်း ကပ်နေရတာက အရသာ ရှိလွန်လွန်းလို့....။
***
ကလိုစေးထူး
Friday, February 20, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment