~~ ကိုယ်သိပ်ချစ်ရတယ်~~ အချစ်ဆုံး မိန်းကလေးရယ်~~ မျှော်လင့်လျက်ရှိတယ် မေ့အပြုံး~~ အကြင်နာလေး ပေးသနားလှည့်ပါကွယ်~~အို~~ ရွှေရင်တံခါးဖွင့်လို့ထားနော်ကွယ်~~
Round cord တီးရတဲ့ သျှိုင်းအောင်ရဲ့ သီချင်းကို ညတညရဲ့ လသာသာမှာ ဂစ်တာရူး၊ သီချင်းရူး သူငယ်ချင်းတွေနဲ့ အော်ဟစ်သီဆိုခဲ့ရတဲ့ ညတွေကို ပြန်သတိရမိတယ်။ သူငယ်ချင်း တယောက်က "နေဦးကွ၊ အဲဒီ C,Am,Dm,G ပတ်လည်ကွက်က ဖိုးချိုရဲ့ ပိုင်စိုးမှုဧကရီ သီချင်းလဲ တီးလို့ရတယ်ကွ" လို့ပြောတော့ တီးလိုက် ဆိုလိုက်ရပြန်တာ အမော...၊ ဒါနဲ့ နောက်တယောက်က "ဒါတင် ဘယ်ကမလဲကွ၊ ကိုင်ဇာရဲ့ တခုသော မိုးဥတု၏ တနေ့သ၌ သီချင်းလဲရသေးတယ်" ဆိုတော့လဲ တီးလိုက် ဆိုလိုက်ရတာက "ကျောင်းဆင်းမနက်မှာ ~~~မိုးသည်းထဲမှာ ~~ လွယ်အိတ်ကလေးနဲ့ ကောင်မလေး~~"
***
ကိုယ်က ငယ်ငယ်ကတည်းက သီချင်းကို သိပ်ရူးတယ်။ တချိန်ချိန်မှာ ဂစ်တာတီးတတ်လာရင် ဆိုးရတီးရအောင် ဆိုပြီး စာအုပ်ထူထူတအုပ်ဝယ်၊ သီချင်းတွေရော လက်ကွက်တွေပါ ကူးရေးနေတာကို မေမေကတော့ သူ့သားစာကျက်နေတယ် ထင်ရှာတာ...။ ညဘက် ဖယောင်းတိုင်လေး ထွန်းပြီး တကုပ်ကုပ်ရေးချွတ်နေတော့ စာဖတ်စာရေးနေတယ် ထင်ရှာတာပေါ့။ သိသွားတော့ ကရုဏာဒေါသောနဲ့ ရိုက်လိုက်တာ အသည်းပေါက်မတတ်ပါဘဲ။ ကျောင်းဆရာမ ဆိုတော့ ပိုဆိုးတာပေါ့။ ဆရာရိုက်၊ မိဘရိုက် နှစ်မျိုးစလုံးနဲ့ ရိုက်တာပဲ။
ကိုယ်တို့ ဂစ်တာရူး၊ သီချင်းရူး စရူးခါစက ဟစ်အော်ခဲ့ဖူးတဲ့ ရဲသွင်ရဲ့ မင်းမသိဘူးလားတို့၊ စွန့်စားမယ့် အချစ်တို့၊ တခါ.. ကိုညီထွဋ်ရဲ့ အရည်တွေ ပျော်ကုန်ပြီတို့၊ ရွက်လွှင့်ခြင်းတို့ကို အခုထိကို အလွတ်ရနေပါသေးတယ်။ မှတ်မိသေးတယ်...၊ လေးဖြူပေါ်ခါစကဆို.. "ဇော်ဝင်းထွဋ်ကို လိုက်ယှဉ်ချင်တဲ့ကောင်" လို့ သမုတ်တဲ့ လူငယ်က တဘက်၊ ကြိုက်ကြသူတွေက တဘက် ကွဲကြသေးတယ်။ နောက်ဆုံးတော့လဲ လေးဖြူရဲ့ "အလင်းရောင်" ဆိုတဲ့ သီချင်းသံရဲ့ ဆွဲဆောင်ရာနောက်ကို အဲဒီခေတ်က လူငယ်တွေ စီးမျောသွားကြတာပါပဲ...။
~~~ကျွန်တော့်ရဲ့ မိုက်မဲမှုပဲ~~~ သူမကို ချစ်မိတာ~~~ အဲဒီလောက်ထိ စွဲလမ်းသွားမှန်း မသိခဲ့~~ မသိခဲ့ဘူးး~~~
"မိုက်လှချည်လား၊ ဘယ်သူဆိုတာတုန်းကွ"
"တာရာ..တဲ့၊ နားထောင်ကြည့်"
"အေးကွ...နော၊ ထူးအိမ်သင် အသံလိုလို ဘာလိုလိုနဲ့"
"ပုလဲသီ တကွဲစီ" သီချင်းတွေကို ဟစ်ခဲ့တဲ့ ညချမ်းတွေက လွမ်းချင်စရာ...။ စကားမစပ် အဟစ်ကောင်းနေတုန်း ပေါ်တာလိုက်ဖမ်းတဲ့ တပ်စုနဲ့တိုးလို့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို သဘောထား ပြေးခဲ့ရသေး...။ အင်းလေ.. နေခဲ့ရတာကိုက နယ်မြို့၊ကလေးကိုး...။
***
"ကံကောင်းခြင်း လက်ဆောင်" ခွေနဲ့ ဗြုန်းခနဲ နာမည်ကြီးလာတဲ့ ရင်ဂိုကို အဲဒီတုန်းက မဂ္ဂဇင်းတအုပ်ထဲကနေ ဝေဖန်ရေး ဆရာတယောက်က "ဆီးစပ်ကလာတဲ့ အသံနဲ့ ဆိုတဲ့ အဆိုတော်" လို့ ဘလိုင်းကြီး ဆော်ပလော်တီးတယ်။ ဒီတော့လဲ ကိုယ်တို့က "အချစ်ဟာ မီးးလားးး" လို့ ယမကာလေး ထွေလာတိုင်း ဟစ်ပစ်လိုက်ရတာပဲ။
သီချင်းတပုဒ်ဟာ လူ့စိတ်ကို ကြည်နူးအေးမြသွားစေသလို၊ စိတ်အားတက်ကြွသွားစေတာတွေ၊ စိတ်ညစ်နေတာကို အားတက်သွားစေ၊ ပြေပျောက်သွားစေတာလဲ ရှိတယ်။ ဒီတော့ ကိုယ့်အတွက်တော့ သီချင်းတွေဟာ ဟိုးငယ်ငယ်လေးကတည်းကနေ အခုအချိန်ထိ အဓိပ္ပာယ်တွေ ရှိနေတယ်။ တကယ်ဆို "ကိုသိန်းတန်.. ကိုသိန်းတန်.. စိုးသင်္ဘောပေါ် တက်ခဲ့မယ်" ဆိုတဲ့ ဇာတ်ဝင်စာသားလေးနဲ့ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် သီချင်းစုတွေကိုက ကိုယ်တို့အတွက် ရသမြောက်တဲ့ အနုပညာတွေ ဖြစ်ခဲ့တာပါပဲ။
***
သီချင်းတိုင်းဟာ ချစ်စရာ မကောင်းတဲ့ ကာလ တခုတော့ (ကိုယ့်အတွက်) ရှိခဲ့ဖူးတယ်။ တံတားတွေ၊ ဆည်တွေနား ပြွတ်သိပ်ညှပ်သပ်နေတဲ့ အမွှမ်းတင် စာသားတွေနဲ့ လှုပ်ရွကခုန်နေကြတဲ့ သီချင်းတွေကို အင်မတန် အောက်ကလိအာခဲ့ဖူးတယ်။ ကိုယ်အရမ်းချစ်တဲ့ အဆိုတော်ကြီးနှစ်ယောက်ဖြစ်တဲ့ ရင်ဂိုနဲ့ ခင်မောင်တိုးတို့ နှစ်ယောက် မျက်နှာသေကြီးတွေနဲ့ မိုက်ခွက်နားကပ် ဆိုခဲ့တဲ့ သီချင်းကို အမုန်းတီးဆုံးဖြစ်ရဖူးတယ်။ ဘာသီချင်းလဲ ဆိုတာတော့... ထားလိုက်ပါတော့လေ...။ ကိုယ်ကတော့ အနုပညာကို အနုပညာရှင်ကို ကိုယ်ကျိုးအတွက် သုံးခဲ့တဲ့ မည်သူ့ကိုမဆို မုန်းတယ်။ တခုတော့ ရှိတယ်။ အဲဒီလို သီချင်းမျိုးကိုမှ ကျေကျေနပ်နပ်ကြီး သီဆိုခဲ့ကြတဲ့ သီချင်းရှင်တွေကိုတော့ ခံစားချက်တွေ မဲ့လိုက်ကြတာပေါ့...။
~~ ဟေ့ရောင်~~ ဟေ့ရောင် မလုပ်နဲ့~~~အခု ရန်ရန်ချမ်းဆိုတာ ငါတို့လူပဲ~~ အရိုးသားဆုံးက သူပဲ~~ လမ်းဘေးစရိုက်ကို သူမကြိုက်~~
"စတင်ခြင်း" ဆိုတဲ့ အခွေထွက်လာတော့ ကိုယ်သဘောအကျခဲ့ဆုံးက အနဂ္ဂ...။ စက်သေနတ်ပစ်သလို အင်မတန်ရွတ်နိုင်တဲ့ အကောင် ဆိုပြီး သဘောကျတာ...။ တဖြည်းဖြည်းနားထောင်ရင်းနဲ့ အင်မတန်ကြိုက်နှစ်သက်ပြီး အခုထိကို အလွတ်ရနေသေးတဲ့ သီချင်းက အက်ဆစ်ရဲ့ "ဘ၀" ...။ ~~ ပိုက်ဆံမက်တဲ့ မိန်းမကို ~~ ချစ်နေတော့ ငါ့မှာ မိန်းမမက်တဲ့ ပိုက်ဆံကို မုန်းလို့မရ~~~။ သေချာလေ့လာကြည့်တော့ အဲဒီ သီချင်းကို အဲဒီတုန်းက မထင်မရှားဆိုခဲ့သူ အားလုံး နောက်ပိုင်းတော့ မြန်မာ့ဂီတလောကမှာ တနေရာစီတော့ ရသွားခဲ့သူချည်းပါပဲ။
***
~~~ ရှိတ်..ရှိတ်.. ရှိတ်ကြစို့ဟေ့..~~~ မင်းကြည့်တိုင်း ကတဲ့ပုံက ~~~ တခါလာလဲ ဒါ~~ နှစ်ခါလာလဲ ဒါ~~
ဟ.. ဘာကောင်တုန်းကွ၊ စာသားက ကြမ်းလှပါလားဆိုတဲ့ ဂျောက်ဂျက် သီချင်းတွေက ဟစ်ဟော့ ဆိုတာ ဒါပဲကွ ဆိုတဲ့ ပွင့်လင်းမှုကို ချပြတဲ့ အနုပညာစကားလို့ နားလည်သွားချိန်မှာ ကိုယ်လဲ သူ့သီချင်းတွေကို ကြိုက်တတ်သွားလိုက်တာ အခုအချိန်မှာ ဂျောက်ဂျက် သီချင်းကို ဘယ်သီချင်း အကြိုက်ဆုံးလဲ မေးရင် "ငါ၏စာသား" ဆိုတဲ့ သီချင်းပါပဲ ဆို လွန်မလား။ ။ သီချင်းစာသားကိုက ကြည့်ဦး..။ ~~~ မင်း~~ ဘရွတ်ကလင်းမှာလဲ နေတာမဟုတ်~~ မင်း နယူးယောက်မှာလဲ နေတာမဟုတ်~~ေ-ာက်ခွက်က ကလေးကလားရုပ်နဲ့ ~~ မကျေနပ်ရင်ရော့~~ ခြေမစုပ်~~~
ဟစ်ဟော့ အဆိုတော်တွေထဲ ကိုယ်သဘောကျ လေးစားသူတွေထဲမှာ အက်ဆစ်၊ သီအိုရီ၊ ဂျေမီ၊ ဂျောက်ဂျက်တို့က ထိပ်ဆုံးကပါပဲ။
***
ကိုယ့်အတွက်တော့ အနုပညာ အားစိုက်တဲ့ သီချင်းတိုင်းဟာ ခံစားလို့ရတယ်။ တကယ်ဆို သီချင်းတွေဟာ ခေတ်ကို ဖော်ပြခဲ့ကြတယ်၊ ဖော်ပြနေကြတယ်။ ဖော်ပြနေကြဦးမယ်။ ဒီအရွယ်ရောက်လို့ ဒီသီချင်းပဲ နားထောင်သင့်တယ်လို့ ပေတံတိုင်းသူတွေနဲ့ ကိုယ်နဲ့တော့ အကန့်တခု ခြားနေမှာ သေချာတယ်။
တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ကွယ်ကို နှစ်သက်တတ်တဲ့ လူတယောက်၊ လေးဖြူရဲ့ အသုံးမကျတဲ့ နှင်းဆီကိုလဲ ဟစ်တတ်သေးတဲ့ လူတယောက်ဟာ အခုအချိန်မှာတော့ Snare ရဲ့ ~~~ ဂျုံးဂျုံးကျနေပြီ~~~ ဂျုံးဂျုံးကျနေပြီ ဆိုတဲ့ စာသားကိုလဲ အားရပါးရ ဟစ်အော်ညည်းတွားတတ်သေးတယ်ဆိုရင် လွန်မလားမသိ....။
***
ကလိုစေးထူး
Wednesday, March 04, 2015
Subscribe to:
Post Comments (Atom)
1 comment:
အချိန်ကာလ နေရာဒေသ ဟာ လူကို အများကြီး ပြောင်းလဲ သွားစေတာပဲ။ အရင်က ဂျောက်ဂျက် ဆဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘလော့ စာမျက်နှာပေါ်မှာ အချင်းများဖူးတဲ့ သူတယောက်ဟာ ခုတော့ ခြေမစုပ် ဆိုတဲ့ သီချင်းကို အကြိုက်ဆုံးတဲ့လား။ .... အင်း ....
Post a Comment