Wednesday, May 25, 2016

မျက်နှာ...



ဒီမနက်မှာ တခု တွေးမိတယ်။

ကျွန်တော့်မှာ မျက်နှာ ဘယ်နှစ်ခု ရှိပါလိမ့်။ ဒီကိစ္စကို တွေးမိလိုက်တော့ ရယ်စရာလဲ ကောင်းသလို တရားကျချင်ချင် ဖြစ်စရာလဲ ကောင်းတယ်။

***

ခင်ဗျားကတော့ မျက်စိလည်သွားမလား မပြောတတ်ဘူး။ မလည်နဲ့ဗျ၊ ဟုတ်တယ်၊ အဲဒါ တကယ်။ လူတိုင်း ကိုယ်စီမှာ မျက်နှာတွေ အများကြီး ရှိတယ်။
ပြောပြမယ်။ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ကျွန်တော့် မျက်နှာတွေ အကြောင်း...။

***

ဟိုတလောကပေါ့ဗျာ။

အိမ်ထဲမှာ ကျွန်တော်က ကိစ္စတခုကြောင့် ဒေါသတွေ ထွက်နေတယ်။ မှန်ရှေ့ကနေ အမှတ်မထင် ဖြတ်သွားမိလို့ မြင်လိုက်ရတဲ့ ကျွန်တော့်မျက်နှာဟာ တော်တော့ကို ခက်ထန်တာ ကိုယ့်ဘာသာတောင် လန့်တယ်။

အဲဒီ အချိန်မှာ တံခါးခေါက်သံ တခု ကြားတယ်။ ဖွင့်ပေးလိုက်တော့ ကျွန်တော်နဲ့ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေ တယောက်က ကိစ္စတခုနဲ့ ကျွန်တော့်ဆီ လာတာ...။ ဒီတော့ စောစောက ခက်ထန်နေတဲ့ မျက်နှာကို အမြန်လွှင့်ပစ်ရတယ်။ နောက်ထပ် မျက်နှာတခုကို ခပ်မြန်မြန်ပဲ ပိုင်ဆိုင် ပစ်လိုက်ရတယ်။

***

အလုပ်ထဲ ရောက်ပြန်တော့လဲ လူတွေ တယောက်ချင်းစီနဲ့ ဆက်ဆံ စကားပြောဖို့ အတွက် ကျွန်တော့်မှာ မျက်နှာပေါင်း များစွာ ဆောင်ထားရတယ်။ လိုအပ်ချက်နဲ့ အညီ ပြုံးဖို့၊ ရယ်ဖို့၊ တည်ဖို့ ... ... ...။
ဘယ်ပတ်ဝန်းကျင်ကိုပဲ သွားသွား လိုသလို လဲလှယ်ပစ်လိုက်ရတဲ့ မျက်နှာတွေ ဆိုတာ...။ တခါတလေကျတော့ ကျွန်တော့်ရဲ့ မူရင်းမျက်နှာ အစစ်က ဘယ်ဟာမှန်းတောင် မသိဘူး။

***

အမြဲပြုံးနေတဲ့ မျက်နှာလား။ သိပ်ပိုင်ချင်တာပေါ့ဗျာ။ လူမြင်ကောင်းတယ်လေဗျာ။ အပြုံးလောက် နှစ်လိုဖွယ်ရာ ကောင်းတဲ့ မျက်နှာ ဘယ်မှာ ရှိနိုင်သေးလို့လဲဗျ။ ဒါပေမယ့် တခါတလေကျရင်တော့ ကိုယ်မပိုင်ဆိုင်ချင်ပေမယ့်လဲ ကိုယ့်ဘာသာ တပ်ဆင်မိလျက်သား ဖြစ်နေတဲ့ မျက်နှာတွေက ရှိသေးတယ် မဟုတ်လား။

စိတ်ရှည်တတ်တဲ့ လူတယောက်ရဲ့ မျက်နှာကို ကျွန်တော်ပိုင်တယ်။
ခံပြင်း ဒေါသထွက်နေတဲ့ လူတယောက်ရဲ့ မျက်နှာကို ကျွန်တော်ပိုင်တယ်။
ဝမ်းနည်းနာကျင်တဲ့ မျက်နှာကိုလဲ ကျွန်တော်ပိုင်တယ်။
ပျော်ရွှင်နေတဲ့ မျက်နှာ...
တက်ကြွ လန်းဆန်းနေတဲ့ မျက်နှာ..
စိုးရိမ်ပူပန်နေတဲ့ မျက်နှာ..
ကြည်လင်နေတဲ့ မျက်နှာ..
အလောတကြီး ဆန်လွန်းတဲ့ မျက်နှာ...၊ အဲဒါတွေကိုလဲ ကျွန်တော် ပိုင်တာပဲ။


အပြစ်ကင်းတဲ့ မျက်နှာ...၊ အင်း ဒီမျက်နှာ ကျွန်တော့်မှာ ရှိသေးလား မရှိတော့ဘူးလား ဆိုတာ တကယ် မသဲကွဲဘူး။

ကောက်ကျစ်တဲ့ မျက်နှာ..၊ မရှိဘူးလို့ ကိုယ့်ဘက်ကိုယ့်ယက် တွေးမိရင်း ဘယ်တော့မှ မရှိမိအောင်လဲ ကြိုးစားနေရမှာ။

***

သြော်...၊ ဒါနဲ့။

ခင်များမှာရော မျက်နှာတွေ ဘယ်နှစ်ခုလောက် ရှိလဲဗျ။

***

ကလိုစေးထူး

Wednesday, May 18, 2016

လမ်းပေါ်က အလင်္ကာ...



ကားစက်နှိုးပြီးလို့ လမ်းမပေါ် အသာလေး မောင်းထွက်လိုက်ပြီဟေ့ ဆိုတာနဲ့ သခင့်အလိုကျ သွားလိုရာသွားစေတော့ ဆိုနေတဲ့အလား ကားဖြူလေးက သိမ့်ခနဲ ငြိမ့်ခနဲ...။
***
ဒီနှစ် နွေဦးက ဆောင်းတွင်းနဲ့ မခြားနားသလို အေးလွန်းတယ်။ နွေးတဲ့ရက် တရက်တလေ ရှိပေမယ့် အအေးဓာတ်ကသာ ပိုပြီး မင်းမူနေလိုက်တာ နွေဦးကာလ ရောက်တိုင်း လန်းဆန်းတက်ကြွနေတတ်တဲ့ မြက်ပန်း ၀ါဝါကလေးတွေတောင်မှ ခေါင်းငိုက်စိုက်ကလေးတွေ ကျလို့...။ ကားထဲက အနွေးပေးစက်ကို အပူရှိန်လေး နည်းနည်း မြှင့်ထားတော့ နေရထိုင်ရ သက်သာသွားတယ်။
လမ်းဆုံမှာ မီးနီမိလို့ ကားရပ်စောင့်နေရင်းကနေ ခဏကြာတော့ မီးက စိမ်းသွားတယ်။ ဒါပေမယ့် မီးစိမ်းတယ် ဆိုတိုင်း ဆက်ထွက်လို့ မရဘူး။ လမ်းဖြတ်ကူးသူတွေ ရှင်းသွားပြီလား၊ တခြားသော လမ်းကကားတွေ တကယ်ပဲ လမ်းဆုံမှာ ရှင်းလင်းသွားပြီလားဆိုတာ သေချာအောင် ကြည့်ပြီးမှ ကားကို ဆက်ထွက်ရမယ်။ မီးစိမ်းတယ် ဆိုတာဟာ ကားကို ချက်ချင်းဆက်ထွက်ဖို့ အဓိပ္ပာယ် မဟုတ်ဘူး။ လူရှင်း၊ ကားရှင်းရင် စထွက်နိုင်ပါပြီ ဆိုတဲ့ အဓိပ္ပာယ်...။
ဟ..ဟ..။ သြော်...၊ ဒီလူ့နှယ်။ ကားလာနေတာကို မြင်ရဲ့သားနဲ့ လမ်းကူးတာ အေးအေးဆေးဆေး နိုင်လွန်းလိုက်တာ...။ ဒါပေမယ့် ရပ်စောင့်ပေးရမှာပဲ။ ဒီနိုင်ငံမှာ လူကူးမျဉ်းကျားကနေ လမ်းကူးနေသူများဟာ ထာဝရ မှန်ကန်တယ် ဆိုတဲ ယာဉ်စည်းကမ်း ရှိတယ်။ သူ့ဘာသာသူ ကားလာနေတာ မြင်ရဲ့သားနဲ့ပဲ ကူးကူး၊ မမြင်လို့ဘဲ ကူးကူး သူလမ်းကူးနေတာကို မြင်ရင် ရပ်စောင့်ပေးရမှာသည် ကားမောင်းနေတဲ့လူရဲ့ တာဝန်...။ ဟွန်းသွားမတီးနဲ့။ ခင်ဗျားဟာ သိပ်ရိုင်းတဲ့လူ ဖြစ်သွားလိမ့်မယ်။
***
ဟော...၊ အဝေးပြေး လမ်းမကြီးပေါ် ရောက်လာပြီ။ နေပါဦး၊ အဝေးပြေးလမ်းမတွေကို အင်္ဂလိပ်လို High way လို့ ခေါ်တာလို့ပဲ သိထားတာ အခုကျ Free way ဆိုပါလား။ သြော်..၊ ဒီလို။ High way ဆိုတာက မြို့တွေ၊ ရွာတွေ အချင်းချင်း ချိတ်ဆက်သွားနိုင်တဲ့ အဝေးပြေးလမ်းမငယ်များ ဖြစ်မလား။ Free way ကျတော့ ပြည်နယ်အချင်းချင်း အထိကိုပါ ချိတ်ဆက်နိုင်တာလား၊ ဒီသဘောလား။ ဟုတ်ပြီ၊ ဒီလို မှတ်ထားလိုက်။ High way လို့ ခေါ်တဲ့ အဝေးပြေးလမ်းသည် လမ်းဆုံ၊လမ်းခွ မီးပွိုင့်တွေ ရှိနိုင်တယ်။ Free way ဆိုတာ မီးပွိုင့်မရှိသလို၊ လူကူးမျဉ်းကျားလဲ မရှိသော အမြန်လမ်း။ မြန်မာနိုင်ငံက အမြန်လမ်းမကြီးသည် မြန်မာ့ တခုတည်းသော Free way ဖြစ်မလားဘဲ။
အင်း...၊ မိုင်နှုန်းသတ်မှတ်ချက်က ၅၅ မိုင် ဆိုပါလား။ ဟိုရှေ့နားတော့ ၇၀ ပေးတာပဲ။ ဒီနားမှာက ကားအသွားအလာ ပိုများလို့ မိုင်နှုန်းကို လျှော့ပေးတာ ဖြစ်ရမယ်။ မြို့ပြင်လို နေရာမျိုးကတော့ မိုင်နှုန်းပေးတာ ပိုမြင့်တာပေါ့။ တပြည်နယ်နဲ့ တပြည်နယ် သတ်မှတ်ထားတဲ့ အမြင့်ဆုံး မိုင်နှုန်းတွေလဲ မတူပြန်ဘူး။ ဥပမာ၊ အိုဟိုင်းအိုး ပြည်နယ်က အမြင့်ဆုံး မိုင်နှုန်းက ၆၅ မိုင် ဖြစ်နေပေမယ့် နီဗားဒါးလို ပြည်နယ်ကျတော့ ၈၀ အထိ ပေးတာမျိုး။
မှန်းစမ်း..၊ ငါ့ကား မိုင်နှုန်းက သိပ်များနေသေးသလား။ သြော်၊ ၅ မိုင်လောက်တော့ ပိုမောင်းမိနေတယ်။ ဒီလောက်ကတော့ ကိစ္စ မရှိပါဘူး။ ဟိုတလောကတော့ ၁၇ မိုင်လောက် ပိုမောင်းမိတာ လမ်းဘေးကနေ အသာလေး ရပ်စောင့်နေတဲ့ ရဲက နောက်ကနေ လိုက်လာပြီး တား၊ ဒဏ်ရိုက်လွှတ်လိုက်တာ ဒေါ်လာ ၂၀၀ ဒဏ်ဆောင်လိုက်ရပါလေရောလား။ ဟာဗျာ၊ ကျုပ် အဲဒီလောက် ပိုမမောင်းပါဘူး သွားမငြင်းနဲ့ဦး။ သူ့မှာ လေဆာသေနတ်နဲ့ ကိုယ့်ကား အမြန်နှုန်းကို ဖမ်းပြီး မှတ်တမ်းတင်ထားတယ်။ ငြင်းလို့မရ...။
အာ...၊ ရှေ့က မောင်းနေတဲ့ကား။ ဘယ်ဘက် အစွန်ဆုံးလမ်းကနေ မောင်းပြီး မိုင်နှုန်းသတ်မှတ်ချက်ထက် တအားလျှော့မောင်းနေပါလား။ ညာဘက်လိုင်းကို ကူးလေကွာ။ အဝေးပြေးလမ်းမှာ ဘယ်ဘက် အစွန်လမ်းဟာ ကျော်တက်ဖို့အတွက်သာ သုံးရမယ့် တရားဝင်လမ်း။ ဖြည်းဖြည်းမှန်မှန် မောင်းချင်ရင် ညာဘက်လမ်းကနေ မောင်းလေ။ ဟွန်းတီးပြီး လမ်းတောင်းဖို့လား...။ မဖြစ်ပါဘူးကွာ။ အဲဒါဆဲတာနဲ့ အတူတူပဲတဲ့။ ဟာ...ဟ ဟ ဟ။ ဟိုဘက်က ကားတစီး Bling Spot ကို မကြည့်ဘဲ အတင်းကြီး လိုင်းကူးလာပါလား။ တီးပြီကွာ.. ဒီဟွန်းးး။ လိုအပ်လို့ တီးတယ်။ ကဲ... ပွမ်))))))))))))))
***
သြော်...၊ Blind spot လား။ ခင်ဗျားကားရဲ့ နောက်ကြည့်မှန်နဲ့ ဘေးမှန်တွေကနေ ကြည့်ရုံနဲ့တင် မမြင်ရတဲ့ နေရာကကားပေါ့ဗျာ။ အထူးသဖြင့် ခင်ဗျားကားရဲ့ နောက်တံခါးနဲ့ တည့်တည့်လောက်မှာ ကားခေါင်း ရောက်နေတဲ့ ဟိုဘက်လိုင်းက ကားဗျ။ သူ့ကို မမြင်ဘဲ ကားလိုင်းကူးရင်တော့ တိုက်ပြီပေါ့ဗျာ။ ဒီတော့ မြင်အောင် တချက်ကလေး ခေါင်းကို ဖြတ်ခနဲ လှည့်ကြည့်ရတယ်။ ဘယ်ဖြစ်စေ၊ ညာဖြစ်စေပေါ့...။
အလို..၊ ဟိုရှေ့မှာ သမင်...ပါလား။ လျှော့..လျှော့။ အရှိန်ကို လျှော့ထား။ ဒီနိုင်ငံမှာ သမင်တွေကို ဘေးမဲ့ပေးထားတဲ့ သစ်တောက များပြီး အမဲလိုက်ခွင့် ပေးတဲ့ နေရာက ပိုနည်းတော့ သမင်တွေက ကားလမ်းပေါ် မျက်စိလည်ပြီး ရောက်လာတတ်တယ်။ သွားမတိုက်မိစေနဲ့..။ ကားလဲ နာတယ်။ တိရိစ္ဆာန်လေးတွေလဲ သနားဖို့ သိပ်ကောင်းတယ်။ အိုဗျာ...၊ ကားလမ်းပေါ်ကနေ ဘဲငန်းလေးတွေ ဖြတ်ကူးနေတာ တွေ့ရင်တောင် အရှိန်လျှော့..၊ ရပ်စောင့်ပေး။ ဒါက ယာဉ်စည်းကမ်း ဆိုတာထက် ပိုတဲ့ လူသားဆန်မှု...။
***
အဝေးပြေးလမ်းကနေ ဆင်းပြီး မြို့ထဲကို ၀င်လာပြီ။ ရှေ့မှာ Stop sign ။ ရပ်..၊ ဘီးကို လေးဘီးစလုံး ရပ်နေအောင်ရပ်။ ရပ်သလိုလို မရပ်သလိုလို ရပ်ချင်ဟန်ဆောင်ပြီး မရပ်နဲ့။ ဒီလိုနေရာမှာ ရဲက စောင့်ချောင်း ဖမ်းတတ်တယ်။ မရပ်ရင် လာထား။ ဒဏ်ငွေ။ သြော်...၊ Yield sign လား။ ရပ်စရာ မလိုပါဘူးဗျာ။ ဒါပေမယ့် ဟိုဘက်က လာနေတဲ့ ကားကိုတော့ ဦးစားပေးရမယ်။
ကဲ...၊ ရောက်ပြီဗျ၊ အလုပ်ကို။ ဒီည သောကြာညဆိုတော့...အလုပ်က အပြန်မှာ ဘားကို ၀င်ပြီး တခွက်တဖလားလောက် မော့ရရင် ကောင်းလေမလား။
မဖြစ်ပါဘူးဗျာ။ မူးပြီး ကားမောင်းနေတာကို ရဲက သိသွားလို့ကတော့ တသက်လုံး ဖျောက်မရတဲ့ မှတ်တမ်း ၀င်သွားလိမ့်မှာပေါ့။ ကံမကောင်းရင် ထောင်ပါ ချမှာဗျ။
***
လမ်းမပေါ်မှာတော့ ကားတွေ တဖျောဖျော တသောသောပါပဲဗျာ။
***

ကလိုစေးထူး

Saturday, May 14, 2016

အတုယူပါ... အတုမယူပါနဲ့

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကားလေး တခွန်းကို အင်မတန် သဘောကျမိတယ်။
"ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ အသိတရားနဲ့ အုပ်ချုပ်တဲ့ စနစ်တခုကို ထူထောင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်"

***
အရပ်သား အစိုးရ စစ်စစ်က အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ကူးပြောင်းကြပြီဟေ့ ဆိုတာနဲ့ ကျွန်တော်တို့က ဘာဖြစ်လဲ ဆိုတော့ အဲဒီ စနစ်နဲ့ အောင်မြင်နေတဲ့ နိုင်ငံကြီးတွေဆီ လှမ်းမျှော် ငေးမိတတ်ကြတယ်။ သူတို့ကျ ဘယ်လို စီမံတယ်ပေါ့...၊ ဘယ်လို အောင်မြင်တယ်ပေါ့။
ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်လင့်ကစား သူတို့ဆီကနေ ကျွန်တော်တို့က အတုယူစရာ ရှိနေသလို အတု မယူသင့်တာတွေလဲ ရှိတာပေါ့..။
ဒါတွေကို ရေးကြည့်ချင်တယ်။

***
သူတို့ နိုင်ငံတွေဆီမှာ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်၊ ပြောဆို ရေးသားခွင့်တွေ ရှိတယ်။ ဒါ..၊ လူတိုင်း သိနေတာပဲ။ ဆန္ဒပြပွဲ တခုခု ဖြစ်နေရင် ရဲက (လိုအပ်ရင်) အဲဒီနေရာကို လာမယ်။ အများပြည်သူ သွားလာနေတာ၊ အပန်းဖြေနေတာ မထိခိုက်စေရမယ့် နေရာလေး သတ်မှတ်ပေးမယ်။ ပြီးရင် ပြစမ်း၊ ဆန္ဒ။ အော်စမ်း တို့အရေး...။

အိုဘားမားကို ကန့်ကွက်ရုံမကလို့ ကလော်ပဲ တုတ်တုတ်၊ ပြဿနာ မရှိ။ ဒါပေမယ့် ညအချိန်မတော် မူးမူးနဲ့ ဘေးအိမ် အိပ်မရအောင် အော်ဟစ် ဆူညံနေဖို့တော့ မစဉ်းစားနဲ့။ ဘေးအိမ်က တိုင်ရင် ရဲ ရောက်လာလိမ့်မယ်။ အသံတွေ တိတ်ရင်တိတ်၊ မတိတ်ရင် သွား..၊ အချုပ်ခန်းထဲ။
ငါ့မိန်းမ ငါရိုက်တယ်ကွာ၊ ဘာဖြစ်လဲ လာမလုပ်နဲ့။ သွား...၊ အချုပ်ထဲ။ အချုပ်က လွတ်လာရင်လဲ လာပါလိမ့်မယ်၊ အမျိုးသမီး စောင့်ရှောက်ရေး အသင်းလိုဟာမျိုးက နှစ်ပတ်တခါလောက် အိမ်ကို လာလာပြီး ဇနီးသည်ကို မေးမယ်။ ကျွန်မယောက်ျား ကျွန်မကို ဆော်ပလော်တီးနေတုန်းပါပဲရှင့် ဆိုလို့ကတော့ သွားပေဦး၊ နောက်တခါ အချုပ်ထဲ...။

အရက်ကလေး ထွေထွေနဲ့ ကားများ မမောင်းလိုက်လေနဲ့။ ငါ ဘယ်သူ့ကိုမှမှ မတိုက်သေးဘူးလေကွာ လို့လဲ လာမပြောနဲ့...။ မူးပြီးမောင်းသလား။ လိုက်ခဲ့ အချုပ်ထဲ။ ကားမောင်းတဲ့ ပြစ်ဒဏ် မှတ်တမ်းမှာ တခြား အပြစ်တွေသာ အချိန်ကာလ တခုကို လွန်ရင် မှတ်တမ်း ပျောက်ပျက်မယ်။

မူးပြီး မောင်းထားတဲ့ ပြစ်ဒဏ်သည် ဘယ်တော့မှ မပျောက်။ ပထမတကြိမ် တော်ရုံမူးရင် ပညာပေးမယ်။ ဒဏ်ငွေလောက်နဲ့ ပြီးချင်ပြီးမယ်။ နောက်ထပ် ထပ်မိရင် သွား...၊ ထောင်ထဲ။
ထောင်က လွတ်လာလို့ ငါတော့ လွတ်ပဟ ဆိုပြီး အရင်လို သောင်းကျန်းမယ် မကြံနဲ့ဦး။ မူးပြီး ကားမောင်းလို့ ထောင်၊အချုပ်ကျပြီး လွတ်လာတဲ့လူမျိုးကို ရိုးရိုး မလွှတ်ဘူး။ ကာလ ဘယ်လောက်အထိ၊ အရက်ဆိုင်၊ ဘား၊ ကလပ် မသွားရဆိုပြီး ခြေချုပ်နဲ့ လွှတ်ပေးလိုက်တာမျိုး။ အဲဒီလို ကန့်သတ်တဲ့ ကြားထဲက ခိုးသွားရင် သိနိုင်အောင် သူ့ခြေကျင်းဝတ်မှာ သူ ဘယ်ရောက်နေတယ် ဆိုတာ သိနိုင်တဲ့ GPS စနစ် တပ်ထားတဲ့ ကိရိယာလေးကို တပ်ပြီးမှ လွှတ်ပေးလိုက်တာ။ ဘား၊ အရက်ဆိုင် ရောက်ပြီ ဆိုတာနဲ့ အဲဒါလေးက ရဲကို လှမ်းအချက်ပြလိမ့်မယ်။ ဒါဆိုရင် သွားပေဦး၊ ထောင်ထဲ။

ရာဇ၀တ်ပြစ်မှုတွေနဲ့ လွတ်လာတဲ့ လူတွေကို ခြေချုပ်ပေးရင်လဲ ဒီအတိုင်းပဲ။ ဒီပြည်နယ်ကနေ ဘယ်ကိုမှ မထွက်နဲ့ဆို မထွက်နဲ့ပဲ။ ထွက်လိုက်တာနဲ့ အဲဒီ ခြေကျင်းဝတ်က ဟာလေးက ရဲကို အကြောင်းကြားမယ်။
ဆိုတော့...၊ အဲဒါတွေသည် အတုယူသင့်တဲ့ ကိစ္စတွေ။ တချို့အရာတွေကိုက နည်းပညာ လိုက်မမီနိုင်သေးတာသည် ထားတော့၊ နည်းနာတွေကတော့ အတုယူကို ယူရမယ့် ကိစ္စမျိုးတွေ။

***

အတု မယူသင့်တာ ဘာတွေလဲ...။
အမေရိကားက ပြည်နယ်တိုင်းမှာ အဖော်အချွတ် ကလပ်တွေရှိတယ်။ ကာစီနို လောင်းကစားရုံတွေ တရားဝင် ရှိတယ်။ Adult stores တွေ ရှိတယ်။
ဒါတွေကို သွားအတုယူလို့ မရဘူး။ သူတို့ကတော့ သူတို့ အသိတရားနဲ့ သူတို့ ဥပဒေ ဟန်ချက်ညီ ထိန်းနိုင်သယောင် ရှိတယ် ဆိုသည့်တိုင် အဲဒီ အရာတွေကနေ ထွက်လာတဲ့ ဆိုးကျိုးတွေကို သူတို့လဲ ခံရတာပဲ။
ကျွန်တော်တို့လို နိုင်ငံတွေက ဒီအချိန်မှာ လိုက်လုပ်ရင် ဘယ်မှာ လာကောင်းနိုင်မလဲ။

***

ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးမှာ အသိတရားသည် အရင် အဓိက အကျဆုံးပဲ။ ဖမ်းတာဆီးတာတွေ မလိုအပ်ဘဲနဲ့ ကောင်းတဲ့ ကိစ္စတွေ အကောင်အထည် ပေါ်သွားဖို့က အသိတရားဟာ အဓိက ပိုကျမှာပေါ့။
အသိတရားနဲ့ အကောင်အထည်ဖော်ရုံလောက်နဲ့ မလုံလောက်တော့ရင်တော့ တားမြစ်ချက်တွေ၊ ဥပဒေတွေက မရှိမဖြစ်လိုအပ်တာပဲ။ အဲဒီလို အချိန်ကျမှာ နိုင်ငံတကာမှာကတော့ ဘယ်လိုကွ ဘယ်ဝါကွလို့ လိုရာဆွဲ ပြောလို့မရဘူး။ ဒီမိုကရေစီနဲ့ စည်းကမ်းသည် သူ့တန်ဘိုးနဲ့သူပဲ။
ကောင်းတာကို အတုယူမယ်။ မကောင်းတာဆို ယောင်လို့တောင် သွားမတုတာ ပိုအဆင်ပြေလိမ့်မယ်။

***

ကလိုစေးထူး

Friday, May 13, 2016

အဲဒီနေ့က မိုးရွာတယ်...


အဲဒီနေ့က မိုးရွာတယ်။ ရွာတာမှ ညဦးပိုင်း ကတည်းကနေ နောက်တနေ့ ညနေစောင်း အထိ စိမ့်တလှည့် သဲတလှည့်နဲ့ ရွာတာ ...။
***
မနက် မိုးလင်းတော့ ကျောင်းသွားရမယ့် ကလေး တယောက်က "ဟေးး မိုးတွေ ရွာတယ်ဟေ့" ဆိုပြီး မြူးထူးနေတယ်။ ကျောင်းမသွား ရတဲ့ ကလေးတချို့ ကလဲ ဟိုး ခပ်လှမ်းလှမ်းက မိုးရေထဲမှာ
ပျော်ပါးနေကြတယ်။
ရွာနိုင်လွန်းတဲ့ မိုးကို ကဗျာဆရာ တယောက်က မိုးဘွဲ့ ကဗျာတပုဒ် ရေးလိုက်တယ်။
လမ်းပြင် အလုပ်သမား တယောက်က မိုးကြောင့် အလုပ်ပျက်ပြီး မရတော့မယ့် နေ့တွက်ခ အတွက် ညည်းညူတယ်။
သောက်သုံးရေ အတွက် ခန်းနေတဲ့ ရေတွင်းတွေ ရေပြန်ပြည့်လာတော့မှာကို တွေးပျော်သူက ပျော်တယ်။
မိုးရေကြောင့် စိုအိအိ ဖြစ်နေတဲ့ တမျှော်တခေါ် လယ်ကွင်းကို ဦးကြီးတယောက်က သူ့လယ်တဲ အထဲကနေ ထိုင်ငေးနေတယ်။
စာရေးဆရာမ တယောက်ကတော့ မိုးရွာတဲ့ မနက်ခင်း တခုကို ဇာတ်အိမ်တည်ပြီး လုံးချင်း ဝတ္ထု တပုဒ်ကို သဲကြီးမဲကြီး ရေးနေတယ်။
မီဒီယာသမား တယောက်ကတော့ မိုးရေ တင်လို့ ရေဝပ်နေတဲ့ လမ်းကို ဓာတ်ပုံတွေ ရိုက်ပြီး သတင်း တပုဒ်ကို ခပ်သွက်သွက် ရေးတယ်။
နိုင်ငံရေးသမား တယောက်ကတော့ မိုးရွာလို့ ရေကြီးတာက အစိုးရက ရေစီးရေလာ စနစ်ကို စီစဉ်မှု ညံ့ဖျင်းတာက အစ၊ သစ်တောတွေ စည်းမရှိကမ်းမရှိနဲ့  ခုတ်ခွင့်ပေးတာ အလယ်၊ အမှိုက်တွေ စည်းကမ်းမဲ့ ပစ်တာ အဆုံး စီကာပတ်ကုံးနဲ့ နိုင်ငံရေး သုံးသပ်ချက်တွေ ပြုစုတယ်။
စာသင်ကျောင်း က ကျောင်းဆရာမက မိုးဥတု အကြောင်းကို အပြင်ကရွာနေတဲ့ မိုးဆီ စာသင်ခန်း ထဲကနေ လက်ညိုးကလေး တညွန်ညွှန်နဲ့ ကျောင်းသားတွေကို စာသင်နေတယ်။
ဒီညမှာ တကိုယ်တော် စင်တင်ဖျော်ဖြေပွဲ ရှိတဲ့ အဆိုတော် တယောက်ကတော့ သူ့ပွဲပျက်မှာ စိုးရိမ်စိတ် နဲ့ ရွာနိုင်လွန်းတဲ့ မိုးကို ကျိန်ဆဲတယ်။
အဘိုးနဲ့ အဘွားက သူတို့ ငယ်စဉ်က မိုးရေထဲက အချစ် ဇာတ်လမ်းလေးကို အတူတူ သတိရနေကြတယ်။
စစ်ပြန်တယောက်ကတော့ မိုးရေထဲမှာပဲ ချိုင်းထောက် တလက်ကို အားပြု လျှောက်ပြီး ဝမ်းစာ ရှာနေတယ်။ သူရောင်းနေတဲ့ စံပယ်ပန်းကုံးတွေ ကလဲ ရွှဲရွှဲစို လို့ ...။
မိုးသည်းသည်း အောက်မှာပဲ လူနှစ်ယောက် လမ်းခွဲမှု ကို စတင်လိုက်ကြတယ်။
မိုးသည်းသည်း အောက်မှာပဲ တချို့လူတွေ ပေါင်းစည်း မိသွားကြတယ်။
***
အဲဒီနေ့က မိုးရွာတယ်။ ရွာတာမှ ညဦးပိုင်း ကတည်းကနေ နောက်တနေ့ ညနေစောင်း အထိ စိမ့်တလှည့် သဲတလှည့်နဲ့ ရွာတာ ...။
***

ကလိုစေးထူး