လော့ခ်မချမိဘဲ စေ့ထားတဲ့ တံခါးက ချပ်ခနဲ မြည်သံနှင့်အတူ အိမ်ထဲကို ကော်လာဖိုး တယောက် ရောက်ချလာပြန်တော့ ကွန်ပျူတာမှာ စူးစိုက်ဖတ်နေတဲ့ စာကို ရပ်လိုက်ရတော့သည်။
မရပ်လို့ကလဲမဖြစ်၊ ကော်လာဖိုးမို့လို့ ရောက်လာပြီလားဆိုရင် သူ့ဘေးနားမှာ ရပ်ပြီး သူလုပ်သမျှကို လိုက်ကြည့်နေတော့တာပင်။ `မြန်မာလို ရိုက်လို့ရတယ်နော်´ `အားပါး၊ ဒီလူ စာရိုက်တာ အောက်ကို တချက်မကြည့်ဘူးဟေ့´ `ဟာ၊ ဗွီဒီယိုလဲ ရတယ်ဟ´ `သတင်းတွေလဲ လာတယ်´ စသဖြင့်စသဖြင့် နဲ့ အံ့ဘနန်းဖြစ်နေပုံက ပွဲဈေးတန်းရောက်တဲ့ ကလေးတယောက်အလား။ တခါတလေ သူက စာရေးနေခိုက်မို့ အနားမှာ မရပ်စေချင်လို့ `ကော်လာဖိုး၊ ဟိုမှာ ဇာတ်ကားသွားကြည့်လေ´ လို့ တီဗွီကို မေးငေါ့ပြလိုက်ရင်တော့ `ဟုတ်ကဲ့၊ ဟုတ်ကဲ့´ ဆိုပြီး အသာလှည့်ထွက်သွားတတ်သည်။
များသောအားဖြင့် အိမ်ကို ကော်လာဖိုး လာရတဲ့ အကြောင်းရင်းကတော့ ဘဏ်မှာငွေထုတ်ချင်တာ၊ ဈေးသွားဝယ်ချင်တာ၊ အိမ်ငှားရုံးကို တခုခု သွားပြောချင်တာ ... ...၊ ဟိုတလောကလိုလဲ အရက်တွေမူးပြီး ရောက်လာတတ်တာမျိုးကလဲ ရှိသေးသည်။
ကော်လာဖိုးရဲ့ ဇနီး အမိုးရဲ့ သမီးက ခန္ဓာကိုယ်က ပိန်သေးသေးလေးမှ တကယ့်သေးသေးလေး။ ကိုယ်လုံးကသေးသလို စိတ်ကလဲ ကလေးသာသာ။ တခါတလေကျရင် သူတို့လင်မယားကို ကြည့်ရတာ ပီဘိကလေးလင်မယားလိုပင်။
***
`ကိုတူလင် ...၊ ကျနော် ဇာတ်ကားတွေ ၀ယ်လာတယ်ဗျ´
ကော်လာဖိုးမို့ သူ့နာမည်ကို ခေါ်လိုက်ရင် တခါမှမပီ။ `ကိုတူလင်´ ခေါ်လိုက် `ကိုတူရင်´ ခေါ်လိုက် နာမည်အမှန်ကိုလဲ ဘယ်လိုမှ ပြင်ပေးလို့မရ။
`ဟုတ်လား၊ ဘယ်က ၀ယ်လာတာတုန်း´
`ဟိုဘက်မြို့သွားလည်တုန်းက သူများစပ်ရောင်းတာလေ´
`တခွေ ဘယ်လောက်ပေးရလဲ`
`ငါးဒေါ်လာ´
`ဟမ်´
တကယ်ဆိုရင်တော့ သူ့တို့ဘာသာသူတို့ ရောင်းသူနဲ့ဝယ်သူတွေ အတိုင်အဖောက်က ညီပြီးသား။ ဒါပေမယ့် ခွေတွေကို ကြည့်လိုက်တော့ စီဒီအလွတ်ကို ကော်ပီထပ်ကူးပြီး အပေါ်မှာမှ ဇာတ်ကားနာမည်ကို ရေးထားတာပင်။
`ဈေးကြီးလိုက်တာပါလားဗျာ´
`ဘယ်က၀ယ်ရမှန်း မသိဘူးလေ´
`လာ၊ လာ၊ ကျနော် တခွေ နှစ်ဒေါ်လာနဲ့ ၀ယ်ပေးမယ်´
`ဟာ၊ ဟုတ်လား´
မျက်နှာက ကလေးတယောက်လို ၀င်းလက်သွားပြီး ဖုန်းလှမ်းဆက်ကာ ကျယ်လောင်ကျယ်လောင်နှင့် `မိန်းမရေ၊ ဒီမှာ ကိုတူလင်က ဇာတ်ကားတွေ တခွေနှစ်ဒေါ်လာနဲ့ ရတယ်တဲ့၊ မြန်မြန်လာ၊ မြန်မြန်လာ´ ဟု ခေါ်လိုက်သေးသည်။ ခဏနေတော့ သူ့ဘေးတဖက်တချက်မှာ ငုပ်တုပ်လေးထိုင်ပြီး လင်မယားနှစ်ယောက် ရောက်နေလေပြီ။
`အောင်ပိုင်ကား ကြည့်မယ်´
`လင်းဇာနည်ဇော်ရော ရှိလား´
`အဲ့ကွယ့်၊ ခွန်းသန်းထွန်းလဲ ရှိတယ် မိုက်တယ်ဟေ့´
`မိန်းမ၊ နင်ဘာယူမလဲ၊ တခွေနှစ်ဒေါ်လာ၊ ဘာမှမဖြစ်၊ ကိုတူလေကိုလဲ ၀ယ်ပေးမယ်၊ ကိုတူလင် ဘာခွေယူမလဲ´
`နင့်ကလေးက ဒိုးဒိုးဒန့်ဒန့်ကြိုက်တယ် မှတ်လား၊ သူ့အတွက်လဲ ၀ယ်ပေးလိုက်´
`လေးဖြူ မကြိုက်၊ ခွန်ပေါရမ်းရှိရင် ယူမယ်လေ´
တခါများဆို သူတို့လိုချင်တဲ့ ဇာတ်ကားကို ရလို့ လင်မယားနှစ်ယောက် ထခုန်နေလိုက်သေးသည်။
***
`ကော်လာဖိုးက ကရင်လား´
`မဟုတ်´
`ဒါပေမယ့် ကရင်နာမည်နဲ့ပါလား´
`ကရင်မ ယူတော့ ကရင်နာမည်ပေါ့´
`ကရင်စကားမတတ်ဘဲ ကရင်မကို ဘယ်လိုပိုးလိုက်တာတုန်း´
သူက အဲလိုမေးတော့ စပ်ဖြီးဖြီးဖြစ်သွားပြီး `လိမ္မော်ခြံထဲ လက်ဖမ်းဆွဲတာပဲ´ လို့ ပြန်ပြောသည်။ သူ့မိန်းမက ရှက်ပြီး တအုံးအုံး ထထုတော့ သူကလဲ တဟားဟား။
`အခု အလုပ်သွားလုပ်နေတာ ဘယ်သူ့ကားနဲ့ လိုက်နေတာတုန်း´
`အမြင့်လေ၊ သူပဲ အလုပ်သွင်းပေးထားတာ´
`ကားခပေးရသေးလား´
`ဘယ်နေမလဲ၊ တပတ်ကို ၈၀ ယူတယ်´
`ဟာ၊ များလှပါလား´
`ဘယ်တတ်နိုင်မလဲ ကိုတူလင်၊ ကိုယ့်မှာမှ ကားမရှိတာ၊ စာလဲမတတ်၊ မောင်းလဲမတတ်´
`ဘယ်တော့ ကားမောင်းဖို့ စဉ်းစားလဲ´
`မသိ´
ဒီလောက်ရိုးပြီး ဘာမှမသိရှာတဲ့ လူတွေဆီကနေ ရသမျှ ဖျံကျချင်တဲ့ လူတချို့ရဲ့ စိတ်ထားကိုတော့ သူတော်တော်အံ့သြမိတာအမှန်။
`အမိုးနဲ့ရော အဆင်ပြေသလား´
`အဲ့ကွယ်၊ အဘွားကြီး တချက်တချက် ငယ်မူပြန်ရင် နေရခက်မှခက်၊ စကားများတာလဲ လက်ကုန်ပဲ ကိုတူလင်´
သူ့မိန်းမက `ငါ့အမိုးကိုများ´ ဆိုပြီး တအုံးအုံး ထထုပြန်သည်။ ကော်လာဖိုးကတော့ ထုံးစံအတိုင်း တဟားဟား။
***
`မြန်မာပြည် မပြန်ချင်ဘူးလား ကော်လာဖိုး´
`အို့၊ ပြန်ချင်တာ လက်ကုန်ပေါ့´
`ဒီမှာရော မပျော်ဘူးလား´
`အင်းးးး´ လို့ သံရှည်ဆွဲပြီး ကော်လာဖိုး ခဏတော့ ငြိမ်သွားသည်။ ပြီးမှ တခွန်းထဲ ပြန်ပြောသည်။
`အမေလိကား ဘယ်လောက်ကောင်းကောင်း၊ လိမ္မော်ခြံမှာလောက်တော့ မပျော်ဘူးဗျာ´
နောက်တော့ ဘာမှမပြောတော့ဘဲ ငြိမ်သွားသည်။ ခဏကြာတော့ ထုံးစံအတိုင်း တခူးခူးနှင့် အိပ်ပျော်သွားလေတော့သည်။
သူကတော့ ကော်လာဖိုးကို ကြည့်ရင်း ဟိုတွေး ဒီတွေး။
***
ကလိုစေးထူး