`မှတ်ပုံတင်ပါလာသလား´
`ဟုတ်ကဲ့´
ရှေ့တည့်တည့်က စားပွဲရှည်ကြီးနောက်မှာ ထိုင်နေကြသော လူကြီးငါးယောက်အနက် အလယ်က လူကြီးက နကျယ်ကောင့် မှတ်ပုံတင်ကို ကြည့်လိုက် နကျယ်ကောင်ကို ပြန်မော့ကြည့်လိုက်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။
`ကဲ...၊ မေးခွန်းလေးတွေ စလိုက်ကြရအောင်´
`ဟုတ်ကဲ့´
ထိုင်နေတဲ့ ခန္ဓာကိုယ်က သတိအနေအထား ခပ်မတ်မတ်ဟန် အလိုလိုဖြစ်သွားမလားတော့ မပြောတတ်... ... ...။
***
`နကျယ်ကောင်၊ နင်ဆယ်တန်းအောင်ပြီးကတည်းက လတ်လျားလတ်လျားနဲ့၊ ဒီတိုင်းနေမယ့် အတူတူ ရော့၊ အဲဒီမှာ Male Nurse လျှောက်ချေ၊ ငါ ဖောင်ယူလာတယ်၊ ဖြည့်လဲဖြည့်ပြီးပြီ။ Bio တွေ ပြန်ကျက်ထားစမ်း၊ ဘားအံမှာ သွားဖြေရမယ်´
ဟုတ်တော့လဲ ဟုတ်သည်။ ဆယ်တန်းအောင်ပြီးကတည်းက အမျိုးတွေ ရှိတဲ့ ကြခတ်ချောင်းကို သွားလိုက်၊ မြို့ကလေးကို ပြန်လာလိုက်၊ ညညဆို အပြင်ထွက်လည်လိုက်၊ အုတ်ခုံမှာ ဂီတာတဒေါင်ဒေါင်လုပ်လိုက်နဲ့ နကျယ်ကောင်က မေမေ မျက်စိနောက်မယ်ဆိုလဲ နောက်စရာ... ...။
မေမေက သူ့ကို Male Nurse ဘာကြောင့် အလုပ်ခိုင်းချင်နေရပါလိမ့်ဆိုတာ နကျယ်ကောင် စဉ်းစားလို့တော့မရ။ အမယ်၊ မေမေယူလာတဲ့ ပြက္ခဒိန်ထဲမှာကျတော့ အမျိုးသားသူနာပြု ဘယ်သူဆိုလား၊ စတိုင်လ်က ခပ်ထွားထွား၊ ဘေးမှာကလဲ သူနာပြုမလေးနှစ်ယောက်က ဘယ်တယောက် ညာတယောက်ရပ်လို့၊ နက်ခ်တိုင်နဲ့ နားကျပ်နဲ့၊ ရှိုးဘောင်းဘီနဲ့၊ ဂျူတီကုတ်နဲ့ ဘာနဲ့ဆိုတော့ ဆရာဝန်လိုလို ဘာဂလိုတိုတိုပါလား ဆိုပြီး အငေးသားတော့ဖြစ်သွားသည်။
ဘားအံမှာလဲ သွားဖြေရဦးမတဲ့။ ဘားအံကိုက တခါမှရောက်ဖူးတာ မဟုတ်သေး။ သွားဖြေရရင်တော့ မိဘတွေမပါတဲ့ ခရီးဝေးကို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် သွားလည်ရချည်သေးရဲ့ ဆိုပြီး အသာတကြည် ခေါင်းငြိမ့်ဖြစ်ခြင်းပင်။
ဒီလိုနဲ့ ... ... ...။
ဘားအံမှာ သူနာပြုရေးဖြေအဆင့်ကို အောင်လို့၊ အခုနောက်တခေါက် အနေနဲ့ နှုတ်ဖြေဖြေဖို့အတွက် အင်တာဗျူးမည့် လူကြီးများရှေ့ အခုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေရခြင်းပင် ဖြစ်တော့သည်။
***
ဘေးအစွန်အကျဆုံး လူကြီးက နကျယ်ကောင်ကို မေးခွန်းတခု စမေး၏။
`မင်း၊ ကိုးတန်းနဲ့ဆယ်တန်းမှာတုန်းက Bio သင်ခဲ့ရမှာပေါ့´
`ဟုတ်ကဲ့´
`ဒါဖြင့်၊ တီကောင်က ဘယ်လိုမျိုးပွားသလဲကွာ´
`ဟို... ...၊ အထီးနဲ့အမ သားစပ်ပြီး ပွားပါတယ်ဆရာ´
`ဟေ´
`ဒါတော့ မင်းပြောမှလားကွ´ ဆိုပြီး တဟားဟားနဲ့ထရယ်ကြသည်။ ပြီးမှ...
`ငါမေးတာက၊ တီကောင်ဟာ၊ ဥနဲ့သားပေါက်သလား၊ အကောင်နဲ့သားပေါက်သလား မေးတာကွ´
နကျယ်ကောင့်စိတ်ထဲ တချက်တော့ တွေဝေသွားသည်။ တီကောင်က ဥနဲ့ပေါက်လား၊ အကောင်နဲ့ပေါက်လားတဲ့။ အကောင်နဲ့ပေါက်ရင်တော့ နို့တိုက်ကြတာကများတယ်၊ တီကောင်က နို့တိုက်ပါ့မလား၊ တီနို့ဆိုတာတော့ ငါတခါမှ မကြားဖူးဘူး။ ဥနဲ့ပေါက်တာပဲဖြစ်ရမယ်ကွာ။
`ဥနဲ့ပေါက်တာပါ ဆရာ´
မေးခွန်းမေးသူ လူကြီးက တပြုံးပြုံးနှင့် ငြိမ်သွားသည်။ အဖြေက မှန်သလား မှားသလားတော့ မသိ။
***
နောက်တယောက်က ဆရာမဖြစ်ဟန်တူသူ အသက်ခပ်ကြီးကြီးနဲ့ မိန်းမကြီးတယောက်။
`မင်းအခု ဘယ်မှာတည်းနေလဲ´
`သီးသန့် တည်ခိုခန်းမှာပါ´
`ဒါဖြင့် ဒီပြည်နယ်ရုံးကိုလာတော့ ဘယ်လမ်းကလာသလဲ´
`အထက (၁) ဘေးက လမ်းကတဆင့် မြင်းလှည်းနဲ့လာတာပါ´
`ဒါဆို ဘားအံဆေးရုံကြီးရှေ့က ဖြတ်ခဲ့ရမှာပေါ့´
`ဟုတ်ကဲ့´
`အေး၊ ဒါဖြင့် အဲဒီဆေးရုံရှေ့မှာ ဆိုင်းဘုတ် ဘယ်နှစ်ခု ထူထားသလဲကွာ´
`ဗုဒ္ဓေါ၊ ငါဘယ်လိုမှ ထင်မထားတဲ့ မေးခွန်းပါလား´ လို့ တွေးမိပြီး နကျယ်ကောင်တယောက် အတွေးထဲမှာ အလုပ်များသွား၏။ ဆေးရုံရှေ့က ဖြတ်တော့ဖြတ်လာတာ မှန်ပေမယ့် ဆိုင်းဘုတ် ဘယ်နှစ်ခုရှိသလဲဆိုတာကတော့ သတိမထားမိလိုက်တာ အမှန်...၊ မြွေအန္တရာယ် ကာကွယ်ရေး ဆိုင်းဘုတ်တခုတော့ တွေ့လိုက်သလိုလို။ ဉာဏ်နီဉာဏ်ပြာဉာဏ်ဝါတွေ ထုတ်စမ်း...၊ ထုတ်စမ်း။
ဆေးရုံဆိုတော့ `ဒို့တာဝန် အရေးသုံးပါး´ ဆိုင်းဘုတ်တော့ သေချာပေါက်ရှိမှာပဲ၊ အင်းး ပြည်သူ့ဆေးရုံကြီး ဆိုတဲ့ ဆိုင်းဘုတ်တခုကလဲ သေချာပေါက်ပေါ့။ စောစောက ငါမြင်ခဲ့တဲ့ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးဆိုင်းဘုတ်က တခု၊ ဒီတော့ သုံးခု။ အေအိုင်ဒီအက်စ် ပညာပေးတွေ ဘာတွေလဲ စိုက်ချင်စိုက်ထားမှာပဲ၊ သြော်၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးကြပါစို့ဆိုတာ အခုတလော နေရာတိုင်းတွေ့နေရသေးတယ်၊ ဆေးရုံရှေ့ဆိုတော့ ရှိချင်ရှိနေမှာ၊ ကဲ... လာလေ့ကွာ။ နောက်ထပ် အပိုနှစ်ခုလောက် ထည့်ပေါင်းလိုက်မယ်။
`၇ ခုပါ ဆရာမ´
`ဘာတွေလဲ´
`ဒို့တာဝန်အရေးသုံးပါး၊ ပြည်သူ့ဆေးရုံကြီး၊ မြွေအန္တရာယ်ကာကွယ်ရေး၊ အေအိုင်ဒီအက်စ်ပညာပေး၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးဖို့၊ ပြီးတော့ ... ... ...´
`ငရွှီး´
`တိန်´ ဟု စိတ်ထဲက ကြိတ်အော်ပြီး နကျယ်ကောင် ပါးစပ်ပိတ်သွား၏။
ဒီလိုနဲ့ မေးခွန်းပေါင်းစုံတွေကို တယောက်တလှည့်စီ မေးလိုက်တာ၊ နကျယ်ကောင်ဖြေသမျှကို သူတို့က ရယ်စရာတွေချည်းသာ ဖြစ်နေလေတော့သည်။ နောက်ဆုံးမေးတဲ့ ဆရာတယောက်က...
`မင်း၊ အခု အင်တာဗျူးကို အောင်မယ်ထင်သလားကွ´
`ဟုတ်ကဲ့၊ ဆရာတို့ အအောင်ပေးရင် အောင်မှာပါ´
`ဟေ´
ရယ်ချင်လဲ ရယ်ကြပါစေတော့လေ... ... ...။
***
တကယ်လဲ နကျယ်ကောင် တယောက် အဲဒီ အမျိုးသားသူနာပြု နှုတ်ဖြေကို မအောင်လိုက်ပါ။ အောင်ခဲ့ရင်တော့ နကျယ်ကောင်ရဲ့ ဘ၀ အချိုးအကွေ့က အဲဒီမှာတင် အပြောင်းအလဲ တခု ဖြစ်ခဲ့မည် ထင်ပါရဲ့။
***
ကလိုစေးထူး

22 comments:
`ငရွှီး´
`တိန်´
ဟဟားး..နဂျယ်ကောင်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်သွားတာပေါ့ ။ ဟုတ်ပါ့ဗျာ လူကြီးတွေက မေးပဲမေးတတ်တယ် အောင်မယ်ထင်သလားတဲ့ အောင်တယ်၊ မအောင်ဘူးဆိုတာ သူတို့လက်ထဲမှာရှိတာကို ။ ရေတော့ရေပဲ ဒါပေမယ့် လက်ခုတ်ထဲကရေး)
နဂျယ့်ကောင် စိတ်အလိုအရဆိုရင် ဆေးရုံလဲ ဆိုင်းပုဒ်တွေနဲ့ ပိတ်နေလောက်ပြီ..:))
၇ခု တဲ့။ ကြည့်ကျက် ရွှီးပါ နဂျယ်လေးရယ် .. :D
ဟဟားး.. နဂျယ်ကောင်းလေး လုပ်ပေါက်..း))
သေစမ်း နဂျယ့်ကောင်ရာ မင်းက ရွှီးတာ များတာကိုးကွ ဟွန်း ပြောချင်ဘူး ၇ ခု မဟုတ်ဘူး တခုမှ မရှိဘူးကွ သစ်သားတွေ ခြစားနေလို့ လဲဖို့ ဖြုတ်ထားတယ် အဟား
လေးစားလျက်
တောင်ပေါ်သား
ရွှီးလည်းရွှီးချင်စရာဗျာ... မေးတဲ့မေးခွန်းတွေကလည်း.. မဆီမဆိုင်..
စီဗုံး .. စီဗုံး .. စီဗုံးလည်းမတွေ့ဘူး ....... :D
ပို့စ်မော်ဒန်တွေ ခုတလော ရေးနေပါလား။
နိမိတ်ပုံတွေ အများကြီးတင်စားထားတာပဲ။
ဂွဒ်တယ်။ ဖတ်လို့ကောင်းတယ်။
ဖတ်ရတာ အရသာရှိလိုက်တာ
...
I hate these kind of stupid interview questions. Like "what is the bus/taxi number that you have taken?", "how many steps are there in the stair case that you have just climbed to reach here?", etc. These are plain nonsenses. These kind of things are really unnecessary unless you are applying for a job that need special observation skills (like a detective job).
၇ တန်းတုံးက လူရည်ချွန်ဖြေတဲ့ အင်တာဗျူးမှာကျတော့
ကျောင်းအပေါ်ထပ်ကိုတက်လာတဲ့
လှေခါးဘယ်နှစ်ထစ်ရှိလဲတဲ့....။
သူငယ်ချင်းကို မြန်မာပြည်ရဲ့အပြေးဘုရင်မနာမည်ဘယ်သူလဲဆိုတော့
မာဂရက်သက်ချာတဲ့..။ အဲဒီတုံးက ချန်ပီယံက မဝပ္ပံပါ။
ကလေးဆိုတော့ ဘုရင်မဆိုတာနဲ့ကြောက်ကြောက်နဲ့ တီးထည့်တာ.. မေးတဲ့ဆရာကြီး ရယ်တာတော်တော်နဲ့မရပ်နိုင်ဘူး။
**** မဝိပ္ပံ****
နကျယ်ကောင်လေးကို လွမ်းနေတာ… တီကောင်မေးခွန်းကို စဉ်းစားပုံက ရယ်လိုက်ရတာ… တကယ်လို့  အဲဒီမေးခွန်းတွေ မဖြေနိုင်တဲ့ နကျယ်ကောင်လေးက လူနာကို စိတ်ရှည်လက်ရှည် ပြုစုတတ်သူလေး ဖြစ်နေခဲ့ရင် သူတို့  လူကောင်းတယောက် ဆုံးရှုံးတာပေါ့… မေးခွန်းတွေက သူနာပြုနဲ့  မဆိုင်သလိုပဲနော်… နကျယ်ကောင်စီးရီးလေးတွေ မျှော်နေမယ်ကိုစေးထူးရေ…
ဦးဦးနဂျယ်ကောင်.. ကြည့်လည်း ရွှီးပါကွယ်.. ရီလိုက်ရတာ.. တီကောင်ဥက ဘယ်လောက်ကြီးလဲ ??? :D
ဖတ်လို့  အရမ်းကောင်းတယ်။ ပေါ့ပေါ့ပါးပါး လေး။
ဟီး ရီရတယ် တခါတခါ အဲ့လို ရွှီးရတယ်နော့ :P
comment ရေးနေတာ။ ရေးလို့မရလို့။
အခု ဒုတိယအကြိမ် ထပ်ရေးလိုက်ပါတယ်။
ဒီ blog ကို အခုမှ ဖတ်ဖြစ်တာပါ။ စာတွေက သိတ်ကောင်းတာဘဲ။ နောက်လဲ အမြဲလာဖတ်ပါရစေနော်။ တီကောင်အင်တာဗျူးက ရီရတယ။်
ဆေးရုံမှာ ဆိုင်းဘုတ်ကကော ဘယ်နှစ်ခုရှိတာလဲဟင်။ အဖြေမှန်ကို သိချင်လို့ပါ။
နကျယ်ကောင် လေး က အတော် ရီရတယ် ဟီးဟီး
နကျယ်ကောင် စီးရီး မျှော်နေပါ့မယ်..
ဆက်ရေးပါအုန်း ရှင်
စု
carry on..........
မေးခွန်းတွေက အမြင့်စားတွေကြီးပဲ...။ အဲ့လောက် အဆင့် မြင့်တာတွေမမေးနဲ့လို့..။ နဂျယ်ကောင်မပြောနဲ့ အိုင်းစတိုင်းလာဖြေလဲ ကျမှာပဲ..။ အောင်တဲ့ နည်းလမ်းက တစ်မလမ်းပဲ ရှိတယ်...။ ဟိ...။ ပြောတော့ဘူး :D
အအောင်ပေးရင် အောင်မှာပါ ဆိုတဲ့ စကားလေးကို သဘောကျ ဆုံးပဲ တကယ်ဖြေခဲ့တာလား?
တော်တော်ရယ်ရတယ်
အင်တာဗျူးက ပြီးသေးဘူးလား...။ ဒီတစ်ခါ အချစ်အင်တာဗျူးလေးအကြောင်းလုပ်လိုက် :P
ဆရာက ကျတော်တို့နဲ့ တစ်နယ်တည်းသား ဖြစ်ပုံရတယ်။ ကျနော်ရဲ့ ပျဉ်းမပန်း အငွေ့အသက်ကို ခံစားတတ်လေမလားပဲ။ ဆဒ္ဒန်ဂူနဲ့ လွမ်းည ကို လွမ်းနေဦးမယ် ထင်ပါရဲ့။
ခမ်းကီး
Post a Comment