`လှေ~~ လှေ~~~ လှော်ကြ လှော်ကြ~~~ လှေ~~ လှေ လှော်ကြလှော်ကြ´
လှေလှော်ကြဟန် ပုံစံနှင့်အတူ လှော်တက် တယောက်တခုစီဖြင့် လူရွှင်တော် စိန်သီးနှင့် ကြယ်သီးတို့နှစ်ယောက် စင်ရှေ့ကို တရွေ့ရွေ့ထွက်လာကြ၏။ သီချင်းလေး တဟဲဟဲ လှေကလေး တလှော်လှော်နှင့် သူတို့နှစ်ယောက်ကို ဂေါ်ဇီလာက အသာအကဲခတ်နေသည်။
`ဝေးးး ဟေးဟေး၊ ရောက်ပြီကွ၊ ပန်းတိုင်ရောက်ပြီ´
လှေလှော်နေတာကို ဗြုန်းဆို ရပ်လိုက်ပြီး စိန်သီးက အထက်ပါအတိုင်း အော်လိုက်တော့ ကြယ်သီးကလဲ ယောင်တောင်တောင်ဖြင့် `ပန်းတိုင်ရောက်ပကွ´ လို့ လိုက်အော်ပြန်၏။ အကဲခတ်နေသော ဂေါ်ဇီလာက မဆိုင်းမတွပင်-
`အဲဒီလိုပဲ ပန်းတိုင်ရောက်ပြီကွ၊ ရောက်ပြီကွနဲ့ အော်အော်နေတာ ဘယ်နှစ်ခါရှိပြီတုန်း၊ အခုပဲ အနှစ်နှစ်ဆယ်ရှိနေပေါ့´
ပရိသတ်များ ၀ါးခနဲ ပွဲကျသွားလေ၏။
***
တလနှစ်လခန့်တော့ ကြာခဲ့ပြီ ထင်ပါသည်။
ဘလော့ဂ်ရေးဖော် ရုရှရောက် ညီငယ်တယောက်နဲ့ အွန်လိုင်းပေါ် ဆုံဖြစ်၊ စကားပြောဖြစ်၏။ သူနဲ့ကိုယ်က ရပ်တည်နေကြတဲ့ အနေအထားနဲ့ တချို့သော အမြင်အတွေးတွေ မတူလင့်ကစား ထိုညီငယ်ကလဲ သူ့ကို တလေးတစားရှိ၊ သူကလဲ ထိုညီငယ်ကို အထင်သေးခြင်း စိုးစင်းမရှိတော့ စကားပြောရတာ လေပေးဖြောင့်တယ်လို့တောင် ပြောနိုင်၏။ ပြောကြရင်းဖြင့် တကြိမ်မှာတော့ ထိုညီငယ်က အမှတ်ရရဖြစ်စရာ အကောင်းဆုံး စကားတခွန်းကို ပြောလာသည်။
`အကို၊ ကျနော်တို့တွေဟာ တကယ်တော့ ဝေးမနေကြဘူးလို့ ထင်တယ်နော်၊ ကျနော်တို့အတွက် လိုနေတာ တခုပဲရှိတယ်´
အသာငြိမ်ပြီး ဆက်နားထောင်နေခိုက်...
`အဲဒါကတော့ တံတားတစင်းပဲ အကို´
အဲဒီအခိုက်မှာတုန်းက သူ အတွေးတွေဖြင့် ငြိမ်သက်မိသွားခဲ့တာတော့ အမှန်... ... ...။
***
လှေလှော်တာကို ရပ်တန့်ပြီး စိန်သီးနှင့် ကြယ်သီးတို့နှစ်ယောက် ပန်းတိုင်ရောက်ပဟ လို့ အော်ဟစ်နေခိုက် မြူးကြွသော အိန္ဒိယ တီးလုံးသံနှင့်အတူ ဇီးသီးတယောက် ကခုန်ပြီး စင်ရှေ့ကို ထွက်လာ၏။ ပါးစပ်ကလဲ ဆိုနေလိုက်သေးသည်။
`ဟမလေး အကိုကြီး၊ ကုလားမကို ယူမလား၊ ကုလားမကို ယူမလား၊ ဒန်တန်တန်´
ဇီးသီးကို စောစောက လှေလှော်သားနှစ်ယောက် စိန်သီးနဲ့ကြယ်သီးက ငေးမောနေခိုက် ဇီးသီးကပြော၏။
`အားကိုဂျီးတို့နော်၊ အာကိုဂျီးတို့ လှေလှော်နေတာက တယောက်ကို တယောက်မြင်နေရလို့ ပန်းတိုင်ကို တကယ်မရောက်သေးတာ၊ ဒီတော့ ချွန်းဒေါ် အကြံပေးမယ်နော၊ အားကိုဂျီးတို့ နှစ်ယောက် တယောက်ကို တယောက် ကျောခိုင်းပြီး လှေကို လှော်ကြပါ အားကိုဂျီးတို့´
အိန္ဒိယ အကနှင့်အတူ တွန့်လိမ်ကခုန်ပြီး စင်ထောင့်ကို ပြန်ဝင်သွားသော ဇီးသီးရဲ့ အကြံပေးချက်အတိုင်း ဟိုနှစ်ယောက်က တယောက်ကို တယောက် ကျောခိုင်းလို့ ကုန်းရုန်း လှော်ကြပြန်တော့သည်။
***
`ခင်ဗျားပြောဖူးတဲ့ တံတားတစင်းလိုတယ် ဆိုတဲ့စကားကို ကျနော် ခဏခဏတွေးဖြစ်တယ်ဗျာ´
`ဟုတ်ကဲ့အကို´
`အဲဒီလို တွေးရင်းနဲ့ ကျနော်စိတ်ကူးလေး တခုရတယ်ဗျ´
`ဟုတ်´
`ဒီလိုလုပ်မယ်လေ၊ ကျနော့်စိတ်ထဲမှာ ကျနော်တို့တွေကို ခင်ဗျားတို့ဆီက ဘာတွေပြောချင်မလဲ၊ ပြောစရာ ဘာတွေ ရှိနေလဲဆိုတာ သိချင်တယ်၊ အဲဒီလိုပဲ ကျနော်တို့ကလဲ ခင်ဗျားတို့ကို ပြောချင်တာလေးတွေ ရှိနေပြန်တယ်´
`ဟုတ်ကဲ့´
`ဒီတော့ ခင်ဗျားတို့ဆီကလဲ ကျနော့်ကို မေးချင်တာတွေရှိတာကို ကြိုက်တာမေး၊ ကျနော်ကလဲ ပြန်မေးမယ်။ တဘက်ကို မေးခွန်း ငါးခုစီ အပြန်အလှန်ပေါ့ဗျာ´
`ဟုတ်ကဲ့´
`အဲဒီလို မေးတဲ့မေးခွန်းတွေနဲ့ ဖြေတဲ့ အဖြေတွေကို ခင်ဗျားတို့ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်တွေပေါ်ကနေ လာဖတ်သူတွေကို ချပြမယ်၊ ဖတ်တဲ့လူက သူ့အတွက်အသုံးတည့်တာကို ယူသွားကြပစေ၊ အသုံးမတည့်ဘူး ထင်တာတွေကို ချန်သွားကြပစေပေါ့´
`ဟာ၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲအကို´
`အင်း၊ အဲဒါလေးကလဲ ကျနော်တို့နဲ့ ခင်ဗျားတို့ကြား ဆောက်ကြည့်မယ့် တံတားတစင်းဖြစ်နိုင်ကောင်းရဲ့လို့ ခံစားမိတယ်လေ´
`အရမ်းကောင်းတယ် အကို၊ ကျနော်သဘောတူတယ်။ ကျနော့်သူငယ်ချင်းတွေကိုလဲ ညှိထားမယ်လေ´
အဲဒီနောက်မှာတော့ ဘယ်လိုဘယ်ပုံဆွေးနွေးကြမည်။ မေးကြမည့်မေးခွန်းတွေသည် ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ အခြားနည်းလမ်းအရဖြစ်ဖြစ် အသားလွတ်ပုတ်ခတ်၊ ဖိနှိပ်သော မေးခွန်းမျိုးမဖြစ်အောင် နှစ်ဘက်စလုံးက နားလည်မှုရှိရှိဖြင့် ရှောင်ကြဖို့ စသည်စသည် ဆက်ပြောဖြစ်ကြပြန်သည်။
***
စိန်သီးနဲ့ ကြယ်သီးတို့နှစ်ယောက် တယောက်နဲ့တယောက် ကျောခိုင်းပြီး လှေလှော်နေတော့ လှေက ရှေ့ကို မတက်နိုင်ဖြစ်နေခိုက်မှာပင် တရုတ်ဝတ်စုံအနီရောင်ကို ၀တ်ထားတဲ့ ပန်းသီးတယောက် ကိုးယို့ကားယား ကခုန်ပြီး စင်ရှေ့ကို ရောက်လာပြန်သည်။ စိန်သီးနဲ့ ကြယ်သီးတို့ကိုတွေ့တော့...
`အိုးဟို...၊ လုတို့ နှီယောက် လှီကိုဒီလိုလှော်လို့ မီရဘူးလေ၊ လုတို့က တယောက်ကိုတယောက် ကျောခိုင်းနေတာကိုး၊ ဒီတော့ မျက်နှာချင်းဆိုင်လှော်မှ လှီက ပန်းတိုင်ကိုရောက်မှာပေါ့ လုတို့ရ၊ ၀က စီတနာနဲ့ အကြံကောင်းပီးတာနော´
စိန်သီးတို့နှစ်ယောက်က...
`ဟေ၊ ဟုတ်ပေသားပဲ၊ ကဲလာကွာ၊ တရုတ်ကြီးပေးတဲ့ အကြံအတိုင်း ငါတို့နှစ်ယောက် မျက်နှာချင်းဆိုင် လှော်ကြရအောင်´
***
တလောက ဟိုညီငယ်နှင့် ဆွေးနွေးဖြစ်တာတွေကို အစပျိုး အကောင်အထည်ဖော်သည့် သဘောဖြင့် `တံတားပေါ်ကအတွေး´ ဆိုတဲ့ ပို့စ်ကို ရေးဖြစ်၏။ ညနေခင်းတခုမှာ ရောက်ဖြစ်ခဲ့တဲ့ တံတားကို ကြည့်ဖြစ်ရင်း ယင်းညီငယ်နှင့် ပြောဖြစ်တာတွေကို သတိရရင်း ရေးဖြစ်ခဲ့တဲ့ပို့စ်။ နောက်ပိုင်းကျရင်တော့ သူတို့တွေရဲ့ ကိုယ်စီအမြင်တွေနဲ့ လိုလားချက်၊ ဖြစ်စေချင်ချက်တွေကို ချခင်းဖြစ်တော့မည် ထင်သည်ဟု တွေးပြီး ရေးဖြစ်သော ပို့စ်။
သို့သော်... ...။
ယင်းပို့စ်ရဲ့ အခု ၂၀ မြောက်နှင့် ၂၁ ခုမြောက် မှတ်ချက်တွေကို မြင်တော့ ဘာမှကို ပြန်ပြောချင်စိတ် မရှိတော့လောက်အောင် စိတ်ပျက်၊ စိတ်ကုန်သွားမိတာတော့ အမှန်...။ ခက်လှပါဘိ။
***
`မင်းက ဒီလိုပြောတော့ ငါကလဲ ဒီလိုချသကွ´
`အောင်မယ်၊ မင့်လိုကောင်ကများ ငါ့ကို ပြန်ပြောရတယ်လို့၊ ငါ့ဘာမှတ်နေတုန်း၊ ပြန်ချသဟေ့၊ ဟောသလို ဟောသလိုကို ပြန်ချသကွ´
`အောင်မာ၊ အရပ်ထဲ ကွမ်းယာရောင်းတဲ့သာသာလောက်ကောင်ကများ ငါ့ကို ပြန်ချဝံ့သလား´
`ဟေ့၊ မင်းငါ့ကို ဒီလိုတော့ မပုတ်ခတ်နဲ့နော်´
`ပုတ်ခတ်တော့ ဘာဖြစ်ချင်တုန်း´
`ဒါဖြစ်ချင်တယ်ကွာ´
`အေး၊ မင်းက ဒါဖြစ်ချင်တော့ ငါကလဲ ဒီလိုချသကွာ´
`၀ုန်း´ခနဲ `ဗြုန်း´ ခနဲ လဲပြိုသံတွေက ရန်လိုခြင်းတွေ၏ စေစားမှုအောက်တွင် အတုန်းအရုန်းမြည်လို့...။ ဘေးကလူတွေကိုလဲ မမြင်အားနိုင်တော့ ရန်မီးတွေက တ၀ုန်းဝုန်း၊ တဒုန်းဒုန်း။
***
လှော်တဲ့လှေက ဘယ်လိုမှ ရှေ့ဆက်မရောက်နိုင်တော့ ထုံးစံအတိုင်း စိန်သီးနဲ့ကြယ်သီးတို့နှစ်ယောက် အပြန်အလှန်ငြင်းခုန်နေခိုက်မှာပင် စောစောက အကြံတွေပေးသွားကြတဲ့ သကောင့်သားနှစ်ယောက် ဇီးသီးနဲ့ ပန်းသီးတို့ စင်ရှေ့ကို ပြန်ရောက်လာကြသည်။ ဇီးသီးက...
`အားကိုဂျီးတို့ ဒီလောက်တောင် ပန်းတိုင်ကို မရောက်နိုင်ဖြစ်နေကြရင်လေ ချွန်းဒေါ်တို့ နှစ်ယောက်က နမူနာလှော်ပြပါ့မယ်၊ အားကိုဂျီးတို့ လိုက်ကြည့်ထားကြပါ´
`ဟေ၊ ဒီအကြံကောင်းသားကွ´ ဆိုတဲ့ စိန်သီးရဲ့ ရေရွတ်စကားကို ကြယ်သီးကလဲ မဆိုင်းမတွ ထောက်ခံလိုက်သေးသည်။ သဘောက လှေကို တကယ်ရွေ့အောင် သူတို့နှစ်ယောက်မှာ ဆင်ခြင်ဉာဏ် မရှိတော့တဲ့ သဘော...။
`ကဲ...၊ ချွန်းဒေါ်တို့ လှော်တာကို ကြည့်ထားကြပါ အားကိုဂျီးတို့´
ပြောလဲပြောရင်း တရုတ်ကြီး ပန်းသီးကိုလဲ မျက်စပစ်ပြလိုက်ရင်းဖြင့် လှေကို ရှေ့တယောက်နောက်တယောက် လှော်ပြီး လှေကိုပါ မ သွားကြလေဟန် နှစ်ယောက်သား စင်ထောင့်မှာပျောက်ချင်းမလှ ပျောက်သွားကြလေ၏။ ဒါတောင်မှ ဟိုနှစ်ယောက်က မသိသေးဘဲ ကျေးဇူးတောင် တင်နေလေဟန် ပျော်လို့ပါးလို့...။ ဒီအခိုက်မှာပင် စောစောက တချိန်လုံး အကဲခတ်နေတဲ့ ဂေါ်ဇီလာက...
`အေး၊ မင်းတို့က ကျေးဇူးတွေတောင်တင်နေသေးတယ်ပေါ့ ဟုတ်လား၊ ဟိုမှာ မင်းအဖေတွေက လှေကိုပါ မ သွားပြီဟ၊ မင်းတို့လှေ ပါသွားပြီ၊ သိကြရဲ့လား´
***
ဖို့ဝိန်းမြို့မှာ ကသွားတဲ့ `သီးလေးသီး အငြိမ့်´ရဲ့ ပြက်လုံးပုံဖော်ချက်က အတွေးထဲကနေ တော်တော်နဲ့ မထွက်... ... ...။
***
၂၀၁၀ ကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လို့ကလဲ ကောင်းတုန်း။ နောင်ဂျိန်ချသံတွေကလဲ တ၀ုန်းဝုန်း။
ပြည်တွင်းမှာ...၊ ပြည်ပမှာ...၊ နယ်စပ်မှာ...၊ အရှေ့မှာ...၊ အနောက်မှာ...၊ ဟိုမှာ...၊ ဒီမှာ...။ ပြီးတော့...။
ဘလော့ဂ်တွေပေါ်မှာ... ... ...။
***
ကလိုစေးထူး

14 comments:
တချို့တွေကတော့ ဘောလုံးပွဲမှာ လိုပဲ ...
ကိုယ်ကလည်း ကောင်းကောင်း မကန်တတ်...
ကန်လည်း မကန်နိုင်...
အဲတော့ မနိုင်နိုင်အောင်
တဖက်သင်းက ကောင်းတဲ့ လူတွေကို
အသားလွတ် လူချပြီး လိုက်ကန်တာမျိုးပါ... ကောင်းကောင်း မကန်တတ်တော့
ကန်တတ်တဲ့သူတွေကို လူလိုက်ချသလိုမျိုးပါ ကိုယ့်ညီရာ...
ဥပမာပေးတာပါ...
ကိုယ်ကတော့ ကိုယ့်လိုက်ကန်နေတာတွေကို တတ်နိုင်သမျှ ရှောင်ခဲ့တာပဲ...
စိတ်မပျက်ပါနဲ့လေ။ ဒေါ်စုသာ သည်လိုစိတ်ပျက်ကြေးဆိုရင် မြန်မာပြည်က ထွက်သွားတာ ကြာလှပေါ့။ ယုံကြည်မှုက အခရာပါ။ ယုံကြည်မှုထက်သန်ရင် စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေကို ကျော်လွှားနိုင်မှာပါ။ ယုံကြည်မှုမထက်သန်ရင်တော့ ဘာပဲလုပ်လုပ် ရေရှည်စွဲစွဲမြဲမြဲ မလုပ်နိုင်ဘူး။
၂၀၁၀ ကလည်း ပွဲသိမ်းမဟုတ်ပါဘူး။ နအဖအနေနဲ့ အခုလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘာတခုမှ မဖြေရှင်းသရွေ့ ပြဿနာက အလိုအလျောက် မပြေလည်သွားပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆက်လက် ဆန့်ကျင်နေကြရဦးမှာပါ။ စနစ်တခုကို ဆန့်ကျင်တယ်၊ ပြောင်းလဲဖို့ကြိုးစားတယ်ဆိုတာ တခါတရံမှာ နှစ်တွေ ရာနဲ့ချီပြီး ကြာတတ်တာမျိုးလည်း ရှိပါတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခအဖုံဖုံကြုံနေရလို့ စိတ်မရှည်အားမရဖြစ်တာ မှန်ပေမယ့် တဖက်ကကြည့်ရင်လည်း အနှစ် ၂၀ ဆိုတာ စိတ်ပျက်ပြီး လက်မှိုင်ချသွားရလောက်အောင် ကြာလှသေးတဲ့ သမိုင်းကာလအပိုင်းအခြားတော့မဟုတ်သေးပါဘူး။
လူတွေ နောင်ဂျိန်ပလေးတယ်ဆိုတာနဲ့ပတ်သက်လို့ အယူအဆပိုင်းဆိုင်ရာ နောင်ဂျိန်ပလေးတာက ဘာပြဿနာမှ မရှိပါဘူး။ အဲသည်လို နောင်ဂျိန်ပလေးမှလည်း အယူအဆပိုင်းဆိုင်ရာ တိုးတက်မှုရှိမှာပေါ့။ အားပေးအားမြှောက်တောင် ပြုသင့်ပါသေးတယ်။ ကျနော်တို့ မြန်မာလူမှုပတ်ဝန်းကျင်မှာ အဲသည်လို အယူအဆပိုင်းဆိုင်ရာ စစ်ထိုးမှုတွေ အားနည်းခဲ့လို့ အခုလောက်အခြေဆိုက်ခဲ့ရတာဆိုရင်လည်း မမှားလှပါဘူး။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ နောင်ဂျိန်ပလေးမှုတွေတော့ ကျနော်လည်း မကြိုက်ပါဘူး။
အလုပ်လုပ်ကြတဲ့ နေရာမှာ ဘာကြောင့်အကွဲအပြဲတွေ ဖြစ်နေရသလဲဆိုတော့ အားလုံးသဘောတူနိုင်တဲ့ အခြေခံစည်းမျဉ်းစည်းကမ်းကို သတ်သတ်မှတ်မှတ် ဆွေးနွေးပြီး ကြိုတင်ချမထားတာတွေ၊ အဲသည် စည်းမျဉ်းစည်းကမ်းကို စွဲစွဲမြဲမြဲ မဆုပ်ကိုင်တာတွေကြောင့် ဖြစ်နေတာလို့ ထင်ပါတယ်။ အချိန်ပြည့်လုပ်လုပ်၊ လုပ်အားပေးလုပ်လုပ် အဲသည်လို စည်းမျဉ်းစည်းကမ်းချမှတ်ပြီး တိတိကျကျ လုပ်ကိုင်ကြရင် ကွဲပြဲမှုနည်းသွားနိုင်ပါတယ်။
နောက်တခုက အလုပ်တခုကို ပူးတွဲလုပ်ကြတော့မယ်ဆိုရင် အလုပ်မလုပ်ခင် ဒီလူနဲ့ ကိုယ်နဲ့ Common ground ရှိရဲ့လား တီးခေါက်ဆွေးနွေးပြီးမှ လက်တွဲလုပ်။ မတူရင် သတ်သတ်စီလုပ်၊ သတ်သတ်စီ ခွဲလုပ်ရလို့ ဘာမှ မဖြစ်ဘူး။ မြန်မာ့နိုင်ငံရေးမှာ လုပ်စရာကဏ္ဍတွေ၊ နေရာတွေ အများကြီးရှိတယ်။ မတူပဲ သွားတွဲလုပ်ရင် ကွဲတတ်တာကလည်း သဘာဝပါ။
နောက်ကြုံရတတ်တာတခုက အချင်းချင်းကြားမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မဆွေးနွေးတာတွေ။ အစည်းအဝေးတွေမှာဆိုရင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကန့်ကွက်ရမှာကို ၀န်လေးကြတာကို တွေ့ရတယ်။ လူမုန်းမခံချင်ဘူး။ အားနာနေကြတယ်။ (ဘလော့ဂ်ကွန်မင့်ကဏ္ဍတွေမှာလည်း ထို့အတူပဲ။ မြန်မာတွေစိတ်ထဲမှာ အရိုးစွဲနေတဲ့ စရိုက်ကြီးပေါ့။) နောက်အစည်းအဝေးပြီးကာမှ တယောက်ချင်းကို ဖုန်းနဲ့ လှည့်ပတ်ဆက်ပြီး လိုက်ဆွယ်တယ်။ အစည်းအဝေးမတိုင်ခင် ဆွယ်တာမျိုးဆိုရင်တော့ ပြဿနာမရှိပါဘူး။ သဘာဝလည်း ကျပါတယ်။ အစည်းအဝေးကျရင် အားလုံးမှာ ညီတူညီမျှ ကိုယ့်အမြင်ကိုယ် ထုတ်ဖော်တင်ပြခွင့်ရှိတာကိုး။ အဲသည်မှာ သဘောမတူတာရှိ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးခွင့်ရှိတာကို။ ဒါပေမယ့် အစည်းအဝေးမှာတော့ နှုတ်ဆိတ်နေလိုက်ပြီး အစည်းအဝေးဆုံးဖြတ်ချက်ပြီးမှ၊ အစည်းအဝေးပြီးမှ ကွယ်ရာမှာ ပြန်ပြင်ဖို့ ကြိုးစားတာမျိုးကကျတော့ တော်တော်အရုပ်ဆိုးတယ်။ အစည်းအဝေးခေါ်ရခြင်းရဲ့ အနှစ်သာရပျောက်နေတယ်။ အဲဒါတွေကလည်း လုပ်ပုံကိုင်ပုံမဟုတ်တာတွေပေါ့။ ဒါမျိုးတွေက လုပ်ရင်းကိုင်ရင်းနဲ့မှ တဖြည်းဖြည်းသဘောပေါက်ပြီး ပြင်ယူကြရတာ။ တော်တော်များများကလည်း မပြင်ဘဲ ဒီအတိုင်းပဲ ဆက်သွားနေတော့ နှစ် ၂၀ ကြာလည်း ဘာမှ ထူးခြားပြောင်းလဲပြီး တိုးတက်မလာတာ ပါတယ်။
နောက်ပြီး အမြင်ကွဲလွဲမှုကို လက်မခံနိုင်တာကလည်း အဓိက အကြောင်းတရပ်။ အဖွဲ့အစည်းတခုအတွင်းမှာ ပါဝင်တဲ့လူတွေအားလုံး တသွေးတသံတမိန့်ဆိုသလို အမြဲတစေ အမြင်မတူညီနိုင်ကြဘူးဆိုတာကို လက်ခံရမယ်။ အဖွဲ့အနေနဲ့ လုပ်တဲ့အခါ မဲခွဲဆုံးဖြတ်။ အမြင်မတူသူအနည်းစုက အများစုရဲ့ မဲဆန္ဒအတိုင်း ကိုယ်သဘောမကျပေမယ့် လုပ်ဆောင်ရမယ့် ၀တ္တရားရှိတယ်။ အများစုကလည်း အနည်းစုကို “ဒီအဖွဲ့ထဲမှာ အတူလုပ်နေပြီးတော့ အမြင်မတူရကောင်းလား” ဆိုပြီး အပြစ်တင်တာမျိုး၊ အနည်းစုရဲ့အမြင်ကို ကိုယ့်အမြင်အတိုင်းဖြစ်ဖို့ အတင်းအဓမ္မပြောင်းလဲဖို့ ကြိုးစားတာလည်း မလုပ်သင့်ဘူး။ အဲလိုလုပ်ခြင်းဟာလည်း ကွဲပြဲဖို့ လမ်းစပဲ။
နောက်တခုက ဝေဖန်မှုကို ခံနိုင်ဖို့။ ဝေဖန်တဲ့အခါမှာ သက်ဆိုင်ရာ အကြောင်းအရာနဲ့ ပတ်သက်တဲ့ လုပ်ရပ်၊ အတွေးအခေါ် မှန်သမျှကို ဝေဖန်လို့ရတယ်။ မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးကို မဝေဖန်မိဖို့ပဲလိုတယ်။ ဝေဖန်တဲ့နေရာမှာလည်း အဝေဖန်ခံရသူက တုန့်ပြန် ဝေဖန်ခွင့်ရှိပါတယ်။ ဒါကို အဝေဖန်မခံနိုင်ဘူးလို့ ပြောလို့မရပါဘူး။ အဝေဖန်မခံနိုင်ဘူးဆိုတာမျိုးဟာ ဝေဖန်သံတွေ တိတ်ဆိတ်သွားအောင် မတော်မတရားနဲ့နည်းနဲ့ ကြိုးစားပိတ်ပင်မှ သုံးသင့်တဲ့ အသုံးအနှုန်းပါ။
အယူအဆမတူညီမှုတွေ၊ အပြန်အလှန်ငြင်းခုန်မှုတွေဟာလည်း တကယ်တော့ ပြဿနာမဟုတ်။ အဲဒါဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ပြယုဂ်တခုပဲ။
အယူအဆမတူသူတွေ၊ အမြင်မတူသူတွေကို ရန်သူသဖွယ်သဘောထားတာ၊ နှိပ်ကွပ်တာ၊ ပိတ်ပင်တာ၊ ဆွေးနွေးငြင်းခုန်မှုတွေကို ရန်ပွဲတွေအဖြစ် နှိမ့်ချအပြစ်မြင်ပြီး နည်းမျိုးစုံနဲ့ တားဆီးဖို့ ကြိုးစားတတ်တာကမှ အကြီးမားဆုံး ပြဿနာရင်းမြစ် ဖြစ်ပါတယ်။ တနည်းပြောရရင် အဲဒါဟာ့ မလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ စရိုက်လက္ခဏာလည်း ဖြစ်ပါတယ်။
ဒီတော့ မတူညီတဲ့အယူအဆတွေအကြား ဆွေးနွေးငြင်းခုန်မှုကို ရန်ဖြစ်တယ်၊ နောင်ဂျိန်ပလေးတယ်လို့ ထင်မြင်တတ်ကြတဲ့ ကျနော်တို့မြန်မာအများစုရဲ့ ခေါက်ရိုးကျိုးနေတဲ့ အစွဲကို ရှေးဦးစွာ ပြုပြင်ကြဖို့လည်း လိုမယ် ထင်ပါတယ်။ ကိုယ်က ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို လိုချင်တာဆိုရင် ကိုယ်လိုချင်တဲ့အရာဟာ ဘယ်လိုသဘောသဘာဝရှိသလဲဆိုတာ ရှေးဦးစွာ သဘောပေါက်နိုင်ရင် ပိုအကျိုးရှိနိုင်ပါ။
ဒါကြောင့် ဘလော့ဂ်ပေါ်မှာ၊ နိုင်ငံရေးနယ်ပယ်မှာ၊ ပြည်တွင်းပြည်ပမှာ မတူညီတဲ့ အယူအဆတွေ၊ အမြင်တွေအကြား လွတ်လွတ်လပ်လပ် ငြင်းခုန်ဆွေးနွေးကြတာဟာ ကောင်းတဲ့ လက္ခဏာဖြစ်ကြောင်း၊ အပြစ်မမြင်ဘဲ မြေတောင်မြှောက်ပေးဖို့လိုကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။
ကိုစေးထူးရေ..
ဖတ်သွားပါတယ်..
ပြည်တွင်းမှာ...၊ ပြည်ပမှာ...၊ နယ်စပ်မှာ...၊ အရှေ့မှာ...၊ အနောက်မှာ...၊ ဟိုမှာ...၊ ဒီမှာ...။ ပြီးတော့...။
ဘလော့ဂ်တွေပေါ်မှာ... ... ...။
၂၀၁၀ ကပွဲသိမ်းမဟုတ်ဘူး ဆိုတာ ထောက်ခံတယ်။ အာဏာရှင်ကိုဖြုတ်ချဖို့ ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဒါကို သေချာ သိထားမယ် ။ ယုံကြည်ချက်ခိုင်မာမယ် ဆိုရင် အောင်ပွဲရမှာပါ။ ကောက်ရိုးမီးလို ခဏလေးတောက်တဲ့ စိတ်ဓါတ်မျိုးတွေကိုတော့ အာဏာရှင်တော်လှန်ရေးမှာ ထည့်မတွက်ပါနဲ့။
ရန်သူကို ပြတ်သားဖို့လဲ လိုသေးတယ်မဟုတ်လား။အမှန်တရားဟာ တနေ့ အောင်ပွဲခံမှာပါ။
ခင်မင်းဇော်
စာတပုဒ်ရေးပြီးတိုင်း အဲဒီစာကို ရေးခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်တို့၊ ဒီစာမှာရေးထားတာတွေကတော့ ဘာကိုဆိုလိုတာပါတို့ ဆိုတဲ့ အနုလုံပဋိလုံ ပြန်ရှင်းနေရတာတွေဟာ စာရေးသူရဲ့ အလုပ်မဟုတ်ဘူးလို့ ခံယူမိလို့ ကျနော် စာတပုဒ်ရေးပြီးတိုင်း ပြန်ရှင်းပြတဲ့ အလုပ်ကို ဒီဘက်နောက်ပိုင်းမှာ သိပ်မလုပ်ဖြစ်တော့တာ ကြာခဲ့ပြီ။ အခုတော့ ပြန်မရှင်းလို့ မရတော့ဘူး၊ မရေးလို့လဲ မဖြစ်လောက်အောင် လိုရာဆွဲ ပြောချင်ရာပြော၊ မှတ်ချက် ချချင်ရာချနေတာတွေကို တွေ့လာရတော့ ပြန်ရေးရတော့မယ်။
ကျနော် ဒီပို့စ်ထဲမှာ ရေးထားတဲ့ စိတ်ပျက်တယ်ဆိုတဲ့ ဆိုလိုချက်ဟာ ကျနော် ဘာကိုစိတ်ပျက်နေတာလဲ ဆိုတာ အရှင်းသားကြီးပါ။ ကျနော့်ယုံကြည်ချက်တွေကို ရပ်တန့်ပစ်လိုက်ပြီတို့၊ ကျနော်ကတော့ဖြင့် ဒီမိုကရေစီအပေါ် ယုံကြည်သက်ဝင်နေမှုကို စိတ်ပျက်နေပါတယ်ဆိုတဲ့ သဘောမျိုးကို သက်ရောက်စေတဲ့ အရေးအသားမျိုး ဘယ်နေရာမှာမှလဲ ကျနော် မရေးခဲ့မိဘူး။ အခုတော့ ပြန်ရေးလာတဲ့ မှတ်ချက်က ကျနော်ကပဲ ယုံကြည်ချက်တွေ မခိုင်မာနေသလိုလို ယုံကြည်မှုကပဲ မထက်သန်နေသလိုလို ရေးလာတော့ တော်တော်လေးကို နားလည်ရခက်မိတယ်။ ဒီတော့ ရှင်းလင်းအောင် ပြန်ပြောပါမယ်။ ကျနော် စိတ်ပျက်နေတာက ပို့စ်တပုဒ် ရေးလိုက်တဲ့အချိန်မှာ စာရဲ့ အတွင်းသားကို မခံစားဘဲနဲ့ နေရင်းထိုင်ရင်းနဲ့ စာရေးတဲ့လူကို အသားလွတ် လာပုတ်ခတ်သွားတာကို စိတ်ပျက်နေတာပါခင်ဗျ။ အဲဒါတွေကို စိတ်ပျက်မိလို့ ကလိုစေးထူးတော့ဖြင့် ယုံကြည်ချက် မခိုင်မာဘူးတို့ မထက်သန်ဘူးတို့လို့ လာပြီး ကောက်ချက်ချရင်တော့ ဟားတိုက်ပြီး ပြန်ရယ်လိုက်ချင်တယ်။
နောက်တခုက အခုပို့စ်မှာ ၂၀၁၀ ဟာ ပွဲသိမ်းလို့ရော ကျနော်ရေးတဲ့ ဘယ်စာကြောင်းက ဆိုလိုနေပါသလဲ။ ၂၀၁၀ဟာ ရင်ဆိုင်လာရတော့မယ့် ကာလတခု ဆိုတာကိုပဲ ဆိုလိုချင်လို့ ဒါလေးကို ထည့်ရေးခဲ့တဲ့ သဘောကို လိုရာဆွဲ ပြောချင်ရာပြောတော့ တော်တော်ခက်တယ်။ ကျနော်စိတ်ပျက်တယ် ဆိုရင်လဲ အဲဒီလိုမျိုး စကားတွေကိုသာ ဖြစ်လိမ့်မယ်၊ ယုံကြည်ချက်ကို စွန့်လွှတ်ပြီး လက်မှိုင်ချသွားရအောင်အထိတော့ အခုလဲမဖြစ်ဘူး၊ နောင်လဲဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ နားလည်စေချင်တယ်။
ပြီးတော့ စာတပုဒ်နဲ့ပတ်သက်တဲ့ ကိုယ့်အမြင်ကို ချရေးတဲ့နေရာမှာ စာနဲ့ဆက်စပ်တဲ့ အကြောင်းအရာကိုသာလျှင် အဓိကဦးတည် ရေးသင့်တယ်လို့မြင်တယ်။ ဘယ်ကဟာတွေကို ဘယ်နေရာက ဘယ်သူ့ကို မကျေနပ်လာလို့ ဘယ်သူ့ကို စောင်းပြောလို့ပြောမှန်းမသိ၊ ကျနော်ရေးမိတဲ့ စာနဲ့လဲ ဘယ်လိုမှ ဆက်စပ်တွေးလို့မရတဲ့ မှတ်ချက်တွေကို ဖတ်ရတာ တော်တော် စိတ်ရှုပ်စရာကောင်းတယ်။ ဘာကို ပြန်ပြောလို့ ဘယ်ဟာကို ပြန်ဆွေးနွေးရမှန်းကို မသိဘူး။ အဟုတ်မှတ်ပြီး အသေအချာ ပြန်ဆွေးနွေးမိလို့ လာရေးထားတဲ့ မှတ်ချက်က တခြားတယောက်ယောက်ကို စောင်းမြောင်းပြောထားတာ ဖြစ်နေရင် ကိုယ်ကပါ အဲဒါကို ထောက်ခံပေးနေသလိုလိုက ဖြစ်ရတော့မယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ နောင်ဂျိန်ပလေးမှုတွေကို မကြိုက်တဲ့ စိတ်ထားရှိတာကို လေးစားပါတယ်။ အဲဒီအတိုင်းပဲ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ပါစေ။ ကျနော် ပြောချင်တဲ့ ကျနော် မဖြစ်စေချင်တဲ့ နောင်ဂျိန်ပလေးမှု ဆိုတာဟာ ဘယ်လိုဟာမျိုးလဲဆိုတာကိုပါ စာပိုဒ်တပိုဒ်နဲ့ တမင်ကို ပုံဖော်ရေးခဲ့တာပါ။
အယူအဆရေးရာ ဆွေးနွေးငြင်းခုန်မှုတွေ ရှိသင့်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ ကိုယ်ကသာ အယူအဆရေးရာကို ဇောင်းပေးရေးနေ၊ ပြောနေရတယ်။ ကိုယ့်ဆီကို ပြန်လာတဲ့ တုံ့ပြန်မှုမှာကျတော့ လူကိုလဲ ရိသင့်ရိမယ်၊ မူကိုလဲ ဝေဖန်သင့်ဝေဖန်ရမယ်ဆိုတော့ အဲဒီလိုလူကို ကိုယ့်ဘက်ကရော သူ့အယူအဆကိုပဲ ဇောင်းပေးပြီး ပြောရမှာလား၊ ဒါမှမဟုတ် ကိုယ့်ကို လာလာလုပ်နေသလို လူကိုလဲ မထီတရီလေး ရိလိုက် ပြန်လုပ်ရမှာလား။ ဒါမျိုးတွေ လုပ်နေတာဟာ အဖြေကောင်း ထွက်လာမှာ မဟုတ်ဘူးလို့ ယူဆပြီး လက်ရှောင်ပြန်တော့ ကိုယ့်အနုပညာကိုပါ ကျားချောင်းချောင်းသလိုတွေ လာလာထိပါးခံရပြန်တယ်။ ဒီတော့ အယူအဆရေးရာ ဆွေးနွေးငြင်းခုန်ကြတယ်ဆိုတာက အမည်ခံသာသက်သက် ဖြစ်မနေပေဘူးလား။ အယူအဆရေးရာသက်သက် ဆွေးနွေးကြစတမ်းဆိုရင်တော့ လာခဲ့ပါ၊ ကြိုက်တဲ့ အကြောင်းအရာ ကြိုက်တဲ့ ခေါင်းစဉ်ကို ဆွေးနွေးလို့ရတယ်။ အပြန်အလှန် လေးစားသမှု ဆိုတာလေးသာ ယူခဲ့ရင် ဘယ်ရပ်တည်ချက်မျိုးရှိသူနဲ့ မဆို ဆွေးနွေးငြင်းခုန်လို့ အဆင်ပြေပါလိမ့်မယ်။
အယူအဆကွဲပြားသူတွေကို ရန်သူတွေလိုသဘောထားခဲ့တဲ့အထဲ ကလိုစေးထူး မပါဘူးဆိုတာကို လိပ်ပြာသန့်စွာနဲ့ ပြတ်ပြတ်သားသား ပြောလိုက်ပါမယ်။ ကိုယ်ကိုယ်တိုင်သာ အဲဒီလိုစိတ်မျိုး မထားမိစေအောင် ကြိုးစားစေချင်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့...။
ကျနော့်ဘလော့ဂ်မှာ စာကိုသီးသန့်ခံစားပြီး လာဖတ်သူ မိတ်ဆွေတွေကို အားနာပြီး တော်ရုံတန်ရုံကို ပြန်မပြောဖြစ်ခဲ့ပေမယ့် ပြောသင့်ပြောထိုက်ပြီလို့ ယူဆပြီး ပြန်ပြောမိတဲ့ အခုတကြိမ်အတွက်ကိုတော့ တခြားသော အကို၊အမ၊ မိတ်ဆွေတွေ စိတ်ရှုပ်သွားကြရမယ်ဆိုရင် တောင်းပန်လိုပါတယ်။
နောက်နောင်မှာတော့ ဒီလိုမျိုး အပေါ်မှာရေးတဲ့စာက တခြား၊ အောက်မှာ ပြောချင်ရာပြောတာက တခြား ဖြစ်နေတဲ့ မှတ်ချက်မျိုးတွေကို ကျနော် အရေးတယူလုပ်ပြီး ပြန်မပြောတော့ဘူး။
Ko Sayhtoo, I can feel the pain you are feeling for seeing too much of finger pointing, name-calling, character assassination, mud-slinging, showing extreme arrogance and conceit in the name of genuine discussion, debate, criticism and freedom of speech.
Ko Saythoo, I can hear you. You want to see the kind of discussion and debate that make us wiser, more productive, more understanding, more united and more prepared to fight the real battles we have to fight. Right?
I condemn those negative, destructive, subjective, unbalanced, wasteful, inconsiderate, filthy, unjust, untruthful and stupid verbal (written) abuses.
ကိုစေးထူးရေ….
ကွန်မင့်လေးခုရှိတဲ့အနက်မှာ ဘယ်သူ့ကို ပြောချင်တာလဲ သတ်သတ်မှတ်မှတ် ဦးတည်ပြီး ပြန်ဖြေကြားတာမျိုးမဟုတ်ဘဲ မယ်သီလရှင် ဘဲဥပြုတ်ပျောက်သလို ဖြေထားတော့ ပြန်ပြီး တိတိပပ ပြောဖို့ အင်မတန် ဂွကျနေပါတယ်။
ဒါပေမယ့် ကျနော့်ကို ပြောတာလို့ ကျနော့်ဘာသာယူဆထားတဲ့အပိုင်းတွေ အတွက် အောက်ပါအတိုင်း မှတ်ချက်ပေးလိုက်ပါတယ်။
စိတ်ပျက်တယ်ဆိုတာ ဟိုကွန်မင့်နှစ်ခုကို စိတ်ပျက်တယ်လို့ ဆိုထားတာကို ရည်ညွှန်းပြောထားတာမဟုတ်ပါဘူး။ နောက်ဆုံးအပိုဒ်က လေသံရော…. ပို့စ်တခုလုံးရဲ့ လေသံကပါ စိတ်ပျက်သံပေါက်နေတယ်လို့ ခံစားမိတဲ့အတိုင်း စိတ်ပျက်စရာမလိုဘူးလို့ ရေးလိုက်တာပါ။ ပို့စ်ဖတ်သူတဦးဟာ မိမိခံစားမိတဲ့အတိုင်း အဲသည်လို ရေးခွင့်မရှိတော့ဘူးလားဆိုတာ ကိုစေးထူးကို မေးလိုပါတယ်။ ကျနော်ခံစားချက်မှားတယ်ဆိုရင်လည်း ကိုစေးထူးအနေနဲ့ ဖြေရှင်းခွင့်ရှိတာပဲဟာ။
“၂၀၁၀ ကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လို့ကလဲ ကောင်းတုန်း။” ရေးထားတာ တွေ့တဲ့အတွက် ၂၀၁၀ဟာ ပွဲသိမ်းတိုက်ပွဲမဟုတ်ဘူးလို့ ကျနော့်ထင်မြင်ချက်ကို ပြောတာ ဘာများ မှားလို့လဲဗျာ။ ကိုစေးထူးတယောက် ၂၀၁၀ကို ပွဲသိမ်းတိုက်ပွဲလို့ ယူဆနေတယ်လို့ စွတ်စွဲနေတာမှမဟုတ်ပဲ။ ပွဲသိမ်းတိုက်ပွဲမဟုတ်သေးဘူး။ ဆက်တိုက်ရမယ်။ ဒါပဲ။ ဒီလောက်ရှင်းနေတဲ့ မက်ဆေ့ခ်ျကို တလွဲကောက်တာတော့ နားမလည်နိုင်အောင်ဘဲ။ နောက်ပြီးတော့ ပို့စ်တခုလုံးကိုဖတ်ကြည့်ရင် စိတ်ပျက်နေသံ၊ စိတ်ကုန်နေသံ၊ အားမလိုအားရဖြစ်နေသံ ပေါက်လို့ အနှစ် ၂၀ ဟာ ဘာမှ မကြာသေးပါဘူးလို့ ပြောထားတာပဲရှိတယ်။ ဒါကလည်း ပြောခွင့်မရှိတော့ဘူးလား ကိုစေးထူးရယ်။ Please don’t be so defensive.
သီးလေးသီးပြက်လုံးကနေအခြေခံပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ၊ နိုင်ငံအများအပြားမှာ၊ ဘလော့ဂ်ပေါ်မှာ ကွဲပြဲနေကြတယ်၊ (မျက်နှာချင်းဆိုင်လှောတယ်၊ ကျောချင်းကပ်လှော်တယ်၊ ပန်းတိုင်ရောက်ပြီအကြိမ်နှစ်ဆယ်အော်တယ်၊ ဖုံး ဒိုင်း ခွမ်း) စတဲ့ အကြောင်းအရာတွေပေါ်မှာမူတည်ပြီး မြန်မာတွေအချင်းချင်းကြားက ကွဲပြဲတတ်တဲ့သဘောသဘာဝကို ကျနော်ကွန်မင့်ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီအကြောင်းတွေဟာ ပို့စ်နဲ့ မဆိုင်ဘူးလို့ ပြောချင်တာဆိုရင်တော့ အံ့သြစရာပါဘဲ။ (ကျနော့်ကွန်မင့်ကို ပြောချင်တာမဟုတ်ဘူးဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ ဒါကြောင့်ပြောတာ။ မယ်သီလရှင် ဘဲဥပြုတ်ပျောက်သလို ရေးတော့ ယုံထင်ကြောင်ထင် ဖြစ်ရတာပါ။ အကောင်းဆုံးကတော့ ကွန်မင့်တွေမှာ ပြန်ရင် တယောက်ချင်းဆီကို တိတိကျကျ ဦးတည်ပြန်တာမျိုးက ပိုသင့်လျော်တယ်လို့ မြင်မိပါတယ်။)
ဝေဖန်မှုနဲ့ ပတ်သက်လို့ ကိုစေးထူးအမြင်မရှင်းဘူးလို့ ကျနော် ယူဆပါတယ်။ ပုဂ္ဂိုလ်ရေး နောင်ဂျိန်ပလေးတယ်ဆိုတာ ကိုယ်ရေးကိုယ်တာတွေကို ဆွဲထည့်ပြီး အသားလွတ်ဆဲရေးတာ၊ ဝေဖန်တာမျိုးကို ပြောတာပါ။
ဥပမာ…. နအဖ (သို့) ဗိုလ်ချုပ်မှူးကြီး ကို ဝေဖန်တယ်ဆိုရင် သူတို့မှာ ဘာအယူဝါဒမှ ဆွဲကိုင်ထားတာမရှိဘူး။ ကွန်မြူနစ်လဲမဟုတ်၊ ဆိုရှယ်လစ်လဲမဟုတ်၊ ဒီမိုကရက်လည်းမဟုတ်။ (ကြံဖန်ပြောရရင် စစ်အာဏာရှင်ဝါဒလို့တော့ ပြောလို့ရတယ်။) ဒီတော့ သူတို့ရဲ့ လုပ်ရပ်တွေ၊ တွေးခေါ်ပုံတွေ၊ ပြောဆိုချက်တွေကို ဝေဖန်ရတယ်။ တယောက်ချင်းစီရဲ့ လုပ်ရပ်၊ တဖွဲ့လုံးရဲ့ လုပ်ရပ် စသဖြင့် ဝေဖန်ရတယ်။ သူတို့ရဲ့ ပေါ်လစီတွေကို ဝေဖန်ရတယ်။
ဒါပေမယ့် တစုံယောက်ကို အဖေမပေါ်ဘဲ မွေးတဲ့သားတို့၊ ကလေးအမေမုဆိုးမကို ယူတယ်တို့ ၊ လင်ကောင်မပေါ်ဘဲ ကလေးမွေးတယ် စသဖြင့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဝေဖန်တာဆိုရင် အဲဒါဟာ ပုဂ္ဂိုလ်ရေး ဝေဖန်မှုပဲ။
တခါ….နအဖအဖွဲ့ဝင်တွေ၊ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေကို ဝေဖန်တဲ့အခါမှာ အတည်ပေါက်ဝေဖန်တာရှိသလို၊ သရော်တာ၊ ထေ့တာ၊ စောင်းမြောင်းခနဲ့တာ၊ ရှုတ်ချတာ၊ ဟာသလုပ်တာ နည်းမျိုးစုံနဲ့ဝေဖန်ကြတာပဲ။ ကိုဇာဂနာတို့လုပ်နေတာက ဟာသလိုင်း။ ကိုစေးထူးပို့စ်တွေထဲမှာတောင် အားလုံးဟာ အတည်ပေါက်မဟုတ်ဘူး။ အလွယ်ဥပမာပေးရရင်… “သိန်းဦးလိုလူ” ဆိုတဲ့ စာမျိုးမှာ ကိုစေးထူးအနေနဲ့ သိန်းဦးကို နောက်ကနေ ဖနောင့်နဲ့ ပေါက်ချချင်တယ်ဆိုတာမျိုးတောင် ပါပါတယ်။ (နောက်ကြောင်းပြန်လှန်တာမဟုတ်။ ဥပမာပေးခြင်းမျှသာဖြစ်ပါတယ်။)
ဥပမာနောက်တခုက….. စာရေးဆရာတယောက်ရဲ့ “စာပေသဘောတရားရေးရာ” ဆောင်းပါးနဲ့ ပတ်သက်ပြီး ဝေဖန်မယ်။ သူ့ရဲ့ စာရေးသားရာမှာ ရှေ့နောက်မညီပုံကို ဝေဖန်မယ်။ ဒါပေမယ့် အဲဒါနဲ့ မဆိုင်တဲ့ သူအရက်သောက်တာ၊ အကြွေးထူတာ၊ သားတကွဲမယားတကွဲဖြစ်နေတာတွေကို ဆွဲထည့်ဝေဖန်ရင် အဲဒါကမှ ပုဂ္ဂိုလ်ရေးဝေဖန်တာမျိုးဖြစ်ပါတယ်။
နအဖ၊ စွမ်းအားရှင်၊ ကြံ့ဖွံ့တွေကို ဝေဖန်ခွင့်ရှိသလိုပဲ အတိုက်အခံဖက်က လူတွေကိုလည်း သူတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ အတိုက်အခံမို့၊ မြန်မာ့
ဒီမိုကရေစီအရေးလုပ်နေလို့ ဝေဖန်ပိုင်ခွင့်မရှိဘူး ဆိုတာကတော့ မဟုတ်သေးဘူးလို့ ထင်မြင်မိပါတယ်။ ကိုစေးထူးပြောတယ်လို့ မဆိုလိုပါ။ မည်သူ့ကိုမဆို ဝေဖန်သင့်ကြောင်းကို ပြောပြတာပါ။ ကိုစေးထူးရဲ့ ပို့စ်ကိုယ်၌ကကိုပဲ ဝေဖန်ရေးတမျိုးပါပဲ။
ဒါပေမယ့် ခက်တာက….. လူတယောက်ကို နာမည်တပ်ပြီးသော်လည်းကောင်း၊ သူ့ဘလော့ဂ်ကွန်မင့်ကဏ္ဍမှာသော်လည်းကောင်း တိုက်ရိုက်ဝေဖန်တဲ့အခါ လူတွေက အလွယ်တကူပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်လို့ ယူဆပစ်လိုက်ကြတယ်။ အမှန်တော့ အဲဒါဟာ ပုဂ္ဂိုလ်ရေးမဟုတ်။ အဲသည်ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်ကို ဝေဖန်တာသာဖြစ်တယ်။
အမေရိကန်သမ္မတရွေးပွဲကို ကြည့်ပါ။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေကို ကြည့်ပါ။ အချင်းချင်းသော်လည်းကောင်း၊ ပြိုင်ဖက်တွေကိုသော်လည်းကောင်း ဘယ်လို ဝေဖန်ကြသလဲ။ တချက် လေ့လာကြည့်ပါ။
တကယ်တမ်းပြောရရင် ဒီနေ့ မြန်မာဘလော့ဂ်လောကမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆိုတာ မရှိသလောက် ရှားပါတယ်။ မြန်မာတွေဟာ ဝေဖန်ဖို့တောင် အင်မတန်ဝန်လေးတာပါ။ ကျနော်လိုက်ဖတ်နေသလောက် ဘလော့ဂါအချင်းချင်း အယူအဆရေးရာ၊ ဘလော့ဂါရဲ့ လုပ်ရပ်၊ နိုင်ငံရေးသမားအချင်းချင်း အယူအဆရေးရာ၊ လုပ်ရပ် စတာတွေကိုပဲ အများစုက ဝေဖန်နေကြတာပါ။ ဘယ်သူမှ ကိုယ်ရေးကိုယ်တာတွေကို ဆွဲထည့် တိုက်ခိုက်တဲ့လုပ်ရပ် အင်မတန်နည်းပါတယ်။
နောက်ဆုံးတခုကတော့ အကြံပေးချင်တာပါ။ ယူချင်မှယူပါ။
(((“နောက်နောင်မှာတော့ ဒီလိုမျိုး အပေါ်မှာရေးတဲ့စာက တခြား၊ အောက်မှာ ပြောချင်ရာပြောတာက တခြား ဖြစ်နေတဲ့ မှတ်ချက်မျိုးတွေကို ကျနော် အရေးတယူလုပ်ပြီး ပြန်မပြောတော့ဘူး။”)))…… ဆိုတာနဲ့ ပတ်သက်လို့ပါ။
ကျနော့်အတွေ့အကြုံအရဆိုရင် အဲသည်လို ကိုယ့်ကိုယ်ကို ပိတ်မိစေတဲ့ စကားမျိုးတွေကို ရှောင်ကြဉ်သင့်တယ်လို့ ထင်ပါတယ်။ တော်ကြာ တယောက်ယောက်က ကွန်မင့်ကဏ္ဍမှာ လာပြီး ကလိ လိုက်လို့ ကိုယ်ကမနေနိုင်လို့ ပြန်ပြောမိရင် ကိုယ့်စကားမတည်ရာ ရောက်ပါတယ်။ (ကျနော်တို့လည်း အရင်က အဲသည်လိုမျိုး မှားဖူးပါတယ်။) တည်နိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့လေ။ မဟုတ်ရင် ရှုံ့ချည်နှပ်ချည် ဆိုတာလို ကိုယ့်စကားမတည်ပဲ ဖြစ်တော့တာပေါ့။
အကိုရေ ဖတ်သွားတယ် စဉ်းစားသွားပါတယ်
လေးစားလျက်
တောင်ပေါ်သား
မောင်မောင်ပေါတို့ကတော့ စံပါပဲ။ နာမည်တပ်မပြောလို့ဆိုပဲ၊ ပြောစရာမရှိ ကပ်သပ်တဲ့နေရာမှာတော့ ပြိုင်စံရှားလို့ပြောရမယ်။ နေစမ်းပါဦး ကိုပေါရဲ့၊ ခင်ဗျားအပေါ်မှာရေးသွားတဲ့ ကွန်မန့်ကရော ကိုကလိုစေးထူးရေ...ဆိုပြီး နာမည်တပ်လို့လား။ နာမည်မတပ်လဲ ကလိုစေးထူးက သူ့ကိုပြောတာမှန်း နားလည်လို့ပြန်ရေးသလို သူပြန်ရေးတာလဲ ခင်ဗျားကို အဓိကတည်ပြောနေတာဆိုတာ ဂလောက်ရှင်းနေတာကို ခင်ဗျားက ကတုံးဘဲဥအစရှာပွတ်နေသလို ကပ်သပ်နေတယ်။
ကိုကလိုစေးထူးကိုလဲ စိတ်နည်းနည်းလျှော့ဖို့ အကြံပေးလိုတယ်။ ဒေါသထွက်ရင် အမှားပါတတ်လို့ပါ။ သာမန်အားဖြင့် တချို့ဟာတွေကိုတော့ လစ်လျူရှုလိုက်ပါ။ ခင်ဗျားရေးစရာရှိတာသာ ဆက်ရေးပါလေ။ ကျွန်တော်တို့ ခွဲခြားနားလည်တတ်ပါတယ်။ စိတ်မပျက်ပါနဲ့။
ကောင်းကွာ...
Post က (၄)ခုတောင်ကိုး...ထားပါတော့.စာရေးသူရဲ့ ဆိုလိုရင်းကို မသိတဲ့သူအတွက် စာဖတ်သူတွေကနားလည်ပေးနိုင်ပါတယ်. သူ့ Attitude နဲ့သူပေါ့ဗျာ.(ဘာလဲ ကောက်ရိုးတွေနဲ့ ဝမ်းစာပြည့်နေတာလား.) ဒါပေမယ့် ဗျာ.လိုရာတွေး Comm: တွေအတွက် စာဖတ်ရတာ အနှောက်အယှက်ဖြစ်တာ အမှန်ဘဲ.ရေးချင် ကိုယ်တိုင် ပိုစ့် တင်ရေး.(စိတ်ချနေ.Comment လိုက်မရေးဘူး)..ရယ်စရာတော့ အကောင်းသား “စ”လုံး က လူက US က လူကို သမ္မတရွေးကောက်ပွဲ ကြည့်ခိုင်းသေးတယ်.ဝေဖန်မှုရှိရမှာပေါ့ လက်ခံတယ် အဲ.တစ်ရွာလုံးနဲ့တစ်ယောက်ဆိုရင်တော့စဉ်းစားတော့.မှန်တာမှားတာနောက်မှ သေချာတာကတော့ “ရွာအပြင်” ရောက်ပြီလို့သာမှတ်.ကိုယ်နဲ့ အမြင်မတူတာက တစ်ရွာလုံးဖြစ်နေတာကိုး.ရှင်းပါတယ်နော်.သိပါတယ်လေ.ခင်ဗျားက “ငါမှန်တယ်ကွ”ဆိုပြီး“ရွာအပြင်” ထွက်ထိုင်မယ့်လူစားမျိုး.
ကိုစေးထူး ခင်ဗျားလည်း ရွာအပြင် ကအော်တဲ့ ဒဏ်တော့ခံနိုင်အောင်သာပြင်ထား.
ဒါနဲ့.ခင်ဗျား တံတားလေး ကျွန်တော် ကန်ထရိုက် ယူဆောက်လိုက်တယ်.တံတားပေါ်မှာက ခင်ဗျားရယ် ကျွန်တော်ရယ် ရုရှက ညီလေးရယ်ပေါ့ဗျာ.
မြင်ကွင်းက.ဗိုလ်ချူပ်မှူးကြီးက တော်လှန်ရေးနေ့ မိန့်ခွန်းပြောရန်ပြင်ဆင်နေ.အဲ.နိုင်ငံတော် ဝန်ကြီးချူပ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူတွေက သောင်းသောင်းဖျဖျ တပ်မတော်သားတွေ ကို ပန်းကုံးတွေစွပ် လို့ပေါ့..
(အင်းးးး..သူတို့တွေလည်း ပြည်သူတွေစွပ်တဲ့ပန်းကုံးတွေတမ်းတနေလောက်ပြီ)..
သြော်...တိုက်တိုက်ဆိုင်ဆိုင် ဧပြီ (၁) ရက်နေ့ပါလား..
One can agree or disagree what the author (Ko SayHtoo) said. But, if he does not make a point of correctly construing what the author said, he is showing utter disrespect to the author. If he purposely distorted or twisted what the author said, he is utterly dishonest. Without respect and honesty, no amount of freedom of speech will lead us anywhere. The very first step to healthy and fruitful discussion is getting right what the other party said.
Ko SayThoo, I can understand your frustration.
ပို့စ်ကိုဖတ်ပြီးတာကြာပါပြီး ဘာမန့်ရမလဲမသိတော့ တိတ်တိတ်လေးပြန်သွားတယ် ။ အစ်ကို့ကော့မန့်ကို အသေချာဖတ်သွားပါတယ်ဗျာ အဆင်ပြေပါစေ ။
တံတားပေါ်ကဘဲတံတားအောက်ကမြစ်ရေတွေကိုကြည့်သွား
တယ် " River of no return "..ကျေးဇူးပါ။
Lu gyi ka NIck nae like tal naw :P
Pyaw Looon tal
Post a Comment