Monday, February 23, 2009

တံတားပေါ်က အတွေး...

ဟိုးအရင်ကဆို ကျနော်က အိမ်ကနေ အလုပ်ကို စက်ဘီးလမ်းကလေးကနေ သွားလေ့ရှိတယ်။ ကျနော်နေတဲ့ အိမ်ရဲ့ ခပ်လှမ်းလှမ်းက ဘိုးဘွားရိပ်သာ တခုနားကနေ ဖြတ်သွားပြီးရင် အဲဒီလမ်းကလေးကိုရောက်တယ်။ အဲဒီလမ်းကလေးကနေ စက်ဘီးနဲ့ဆိုရင် ၇ မိနစ်လောက်၊ ဒါမှမဟုတ်လဲ လမ်းလျှောက်ရင် ၁၅ မိနစ်သာသာဆိုရင် ကျနော့်အလုပ်ကို ရောက်ပါတယ်။

အဲဒီလမ်းကလေးကနေပဲ အလုပ်သွားလိုက်၊ တခါတလေတောာ့လဲ အဲဒီလမ်းကလေးမှာပဲ အေးအေးလူလူ လမ်းလျှောက်လိုက်နဲ့ နေခဲ့ဖူးတယ်။

***

ဒီနေ့ညနေပိုင်းက နေကလဲ အတော်သာပြီး ရာသီဥတုကလဲ ခါတိုင်းနေ့တွေထက်စာရင် အအေးဓာတ် နည်းနည်းပေါ့တာမို့ လမ်းကလေးဆီ တခေါက်ပြန်ရောက်ခဲ့တယ်။



စနေနေ့တုန်းက ကျထားတဲ့ နှင်းတွေကြောင့် လမ်းကလေးရဲ့ တဖက်တချက်မှာ အဖြူရောင် အနားသတ်ကလေးတွေ ရှိနေတုန်းပါပဲ။


Justify Full


စီးတော်ယာဉ်ဟောင်း စက်ဘီးကလေးနဲ့ မိနစ်အနည်းငယ်လောက် နင်းလိုက်ပြီ ဆိုရင်ပဲ အခု မြင်နေရတဲ့ တံတားကို ရောက်ပါတယ်။ ဒီတံတားကနေ ဟိုဘက်ကို ဆက်သွားရင် ကျနော့်ရဲ့ အလုပ်ရုံကို ရောက်ပါပြီ။

တံတားနားမှာ စီးတော်ယာဉ်ကို ဒေါက်ထောက်၊ တံတားထိပ်မှာ ရပ်ငေးရင်း ဟိုဟိုဒီဒီတွေးကြည့်မိပါတယ်။ အဲဒီအတွေးတွေကို စုစည်းကြည့်မိတော့ ဒီစာကို ရေးမိတယ်။

***

တံတားရဲ့ ကျနော်ရပ်နေတဲ့ ဒီဘက်ထိပ်ကနေ နောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် ဖြောင့်ဖြူးနေတဲ့ စက်ဘီးလမ်းကလေးဟာ ဟိုးးးအဝေးက ပြည်နယ်မြို့တော် အထိကိုပါ ရောက်သတဲ့။ လမ်းဘေး တလျှောက်မှာတော့ လူနေအိမ်တွေ၊ ပန်းခြံတွေကို ဖြတ်သွားလိုက်၊ တောအုပ်ထဲကို ညှို့ခနဲဝင်သွားရလိုက်ပေါ့။

တံတားရဲ့ ဟိုဘက်ထိပ်၊ မြစ်ရဲ့ ဟိုဘက်ကမ်းကနေ ရှေ့ဘက်မှာတော့ ကျနော့်အလုပ်ရုံနဲ့တကွ အလုပ်ရုံပေါင်းများစွာ အစီအရီက မှုန်ကုပ်ကုပ်နဲ့ ရပ်နေကြတယ်။ အဲဒီအလုပ်ရုံရပ်ကွက်ကနေမှ တဆင့်ဆက်သွားရင် မြို့လယ်ကို ရောက်ပါတယ်။

ဒီတော့ ပြောရရင် ဒီတံတားလေးဟာ မြို့ပြဆန်ဆန် ဟိုမှာဘက်နဲ့ တောအုပ်မင်းမူနေတဲ့ ဒီမှာဘက်ကို ဆက်စပ်ထားတဲ့အပြင် ဒီထက်ပိုပြောရရင် ဒီတံတားကို ဖြတ်ပြီးမှပဲ ဟိုဘက်က လူတွေကလဲ ဒီဘက်ကမ်းတောအုပ်တွေကနေ တဆင့် သွားချင်စိတ်များရှိခဲ့ရင် ဟိုးးအဝေးကြီးက ပြည်နယ်မြို့တော် အထိ ရောက်နိုင်တာပေါ့။ ဒီဘက်ကမ်းကလူကလဲ ဟိုဘက်ကမ်းက အလုပ်ရုံစက်ရုံတွေ ရှိရာ၊ စည်ကားတဲ့ မြို့လယ်ခေါင်ရှိရာကို ဒီတံတားကို ဖြတ်မှပဲ ရောက်တော့မယ်။

ဒါဖြင့်...၊ ဟိုးးအရင်တုန်းက ဒီနေရာမှာ ဒီတံတားလေး မရှိခင်တုန်းက လူတွေဟာ ဘယ်လိုများနေထိုင်ကြခဲ့လိမ့်မလဲလို့ ဆက်တွေးကြည့်မိပြန်တယ်။

ဖြစ်နိုင်ခြေကတော့ ဟိုးအရင်က လူတွေဟာ ပထမတော့ မြစ်ရဲ့ ဟိုဘက်ကမ်းကလူကလဲ သူတို့ဘက်အခြမ်းသူတို့နေ၊ ဒီဘက်အခြမ်းကလူကလဲ ဒီဘက်အခြမ်း ဒီဘက်နေ ဆိုပြီး ဒီလိုပဲဘာသိဘာသာ နေဖြစ်ခဲ့ဦးမှာပါပဲ။ အလယ်မှာ စည်းတခုလို ခြားထားတဲ့ မြစ်ကို မြင်လိုက်တာနဲ့ တသွင်သွင်စီးနေတဲ့ မြစ်ရေကြောင့် ဒီဘက်ကလူကလဲ ဟိုဘက်ကို မသွားချင်၊ ဟိုဘက်ကလူကလဲဒီဘက်ကို မလာချင်ဖြစ်ခဲ့ကြမှာ အသေအချာပေါ့။

ဒုတိယအဆင့် ဖြစ်နိုင်ခြေကတော့ အဲဒီလိုပဲ ဘာသိဘာသာနေနေရင်းနဲ့ တချို့လူတွေဟာ မြစ်ကိုဖြတ်ကူးဖို့ စဉ်းစားလာမိကြလိမ့်မယ်။ ဒီဘက်ကလူကလဲ ဟိုဘက်ကို ဖြတ်ကူး၊ ဟိုဘက်ကလဲ ဒီဘက်ကို ဖြတ်ကူးပေါ့။ ဖြတ်ကူးလို့ အောင်မြင်စွာ ရောက်သွားကြသူတွေ ရှိသလို မြစ်ရေစီးမှာ မျောပြီး အသက်ဆုံးရှုံးသွားရသူတွေလဲ ရှိနိုင်တာပဲ။ ဒါပေမယ့် သေချာတာကတော့ လူတွေဟာ ဟိုဘက်နဲ့ဒီဘက်ကို ကူးလူးဆက်ဆံဖို့တော့ စဉ်းစားမိလာကြမှာပါပဲ။

ဒီလိုနဲ့ ခေတ်တွေက တိုးတက်လာတာနဲ့အမျှ အန္တရာယ်များလှတဲ့ နည်းလမ်းဖြစ်တဲ့ မြစ်ကို ဖြတ်ကူးတဲ့ အစီအစဉ်ထက် ပိုကောင်းတဲ့ နည်းလမ်းကို လူတွေဟာ ရှာကြံစဉ်းစားလာကြဦးမှာပါ။ ဒီလိုနဲ့ပဲ တဆင့် တဆင့်နဲ့ အခုအချိန်မှာတော့ ဟိုဘက်ဒီဘက် အလွယ်တကူကူးလို့ရတဲ့ အခိုင်အမာတံတားတခုကို ဆောက်ဖြစ်ခဲ့ကြတာ မဟုတ်လား။

***

တသွင်သွင်စီးနေတဲ့ ရေအဟုန်နဲ့ မြစ်ကို ဖြတ်ကူးဖို့အတွက် တံတားကို ဆောက်ဖို့ စဉ်းစားကြတဲ့အခါမှာရော ... ... ...။

ဟိုဘက်တဘက်တည်းက လူတွေကချည်း ဒီတံတားကို ဆောက်ချင်တဲ့စိတ်ရှိယုံနဲ့ တံတားမဖြစ်လာနိုင်သလို၊ ဒီဘက်ကလူတွေကချည်း သက်သက်လဲ တံတားဘယ်လိုမှ ဆောက်လို့ရမယ် မထင်ဘူး။ ဒီဘက်ကဆောက်ချင်ရဲ့သားနဲ့ ဟိုဘက်က မဆောက်ချင်တဲ့အခါ သူကပြန်ဖျက်လိုက်၊ သူတို့ ဆောက်ချင်ရဲ့သားနဲ့ ဒီဘက်က မလိုလားရင် အဆင်မပြေလိုက်နဲ့ ဘယ်လိုလုပ်များ တံတား ဆောက်ဖြစ်မှာလဲ။

ဒါပေမယ့် လူတွေဟာ ဟိုဘက်နဲ့ဒီဘက်ကို အခိုင်အမာတံတား ရှိမှဖြစ်တော့မယ်ဆိုတာကိုတော့ စဉ်းစားမိခဲ့ပုံပေါ်တယ်။ ဒါကြောင့်လဲပဲ မတူတာတူတာတွေ ဘေးချိတ်လို့ ဒီတံတားဆောက်ဖြစ်ဖို့ကို နှစ်ဘက်စလုံးက အားထုတ်ခဲ့ကြရတာပေါ့။

တံတားဆောက်ကြတဲ့ အခါမှာလဲ တံတားတခုကို ဆောက်ဖို့အတွက် ပါဝင်ကြတဲ့ နေရာမှာ တံတားသံပေါင်ကို ထုတ်လုပ်တတ်သူက ထုတ်လုပ်ပြီးတော့ အခင်းသစ်သားအတွက် လိုအပ်တာကို ရှာသူက ရှာမယ်။ နောက်ဆုံး သံရိုက်တဲ့နေရာမှာ ပါဝင်သူကပါဝင်ပြီး တံတားပေါင်အတွက် မြေဖို့တာလောက် တတ်နိုင်တဲ့လူကလဲ သူတတ်တဲ့နေရာကနေ သူပါဝင်ခဲ့မှာပေါ့။ `ငါတော့ လူအားမစိုက်နိုင်ပေမယ့် တံတားကုန်ကျစရိတ်အတွက် ဘယ်ရွေ့ဘယ်မျှတော့ ငွေအားထည့်ပါမယ်´ လို့ ပါဝင်တဲ့လူလဲ ရှိနိုင်တာပဲ။ နောက်ဆုံး... ... ...၊ ငွေအားရော လူအားပါ မတတ်နိုင်ကြရင်တောင် တံတားဆောက်နေကြတဲ့လူတွေကို တံတားဆောက်လုပ်ငန်းခွင်မှာ လာအားပေးသူတွေလဲ ရှိဦးမှာပဲ။

ဒီတံတားဆောက်ဖို့ စပြီး စဉ်းစားတဲ့အချိန်မှာ `အာ...၊ မင်းတို့ တံတားဆောက်မယ် ဆိုတဲ့ကိစ္စကြီးက မလွယ်ပါဘူးကွ၊ ဟိုဘက်ကကောင်တွေကို ငါက ကြည့်လို့ရတာ မဟုတ်ဘူး၊ ဒီကောင်တွေက ဘာလုပ်နိုင်မှာမို့လို့လဲ၊ ပြီးတော့ မြစ်ရေရဲ့ အန္တရာယ်ကလဲ ရှိသေးတယ်၊ မဖြစ်နိုင်ပါဘူးကွာ´ လို့ ကန့်ကွက်ကြသူတွေရော မရှိနိုင်ဘူးလား။ အသေအချာပေါ့၊ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါပေမယ့် အဲဒါတွေကိုချည်းသာ ဂရုစိုက်ခဲ့ကြမယ်ဆိုရင် ဒီတံတားဘယ်လိုမှ ဆောက်ဖြစ်ခဲ့ကြမှာ မဟုတ်ဘူး။

တံတားဆောက်နေတုန်း အခါမှာလဲ တံတားသံပေါင် ထုတ်လုပ်သူက၊ မြေဖို့တဲ့လူကို `မင်းက ငါ့လောက် အသုံးမကျပါဘူးကွာ´ လို့ လှောင်ပြောင်သရော်တာ၊ တကယ်လို့များ သံရိုက်တဲ့လူတယောက် သံရိုက်နေတာ တချောင်းတလေ လွဲချော်နေရင် ပိုတတ်ကျွမ်းသူက `ဒီလိုရိုက်တာက တံတားပိုခိုင်လိမ့်မယ်ဗျ၊ လာ...၊ ကျနော်ပြပေးမယ်နော်´ လို့ နည်းလမ်းတကျ အချင်းချင်း မကူညီဘဲ `ဒီလိုကောင်မျိုး ရိုက်ထားတဲ့ သံနဲ့ ဒီတံတားတော့ မကြာခင်ပျက်မှာပါ´ လို့ တံတားဆောက်သူ အချင်းချင်း ပုတ်ခတ်တိုက်ခိုက်တာတွေသာ ရှိခဲ့ရင်ရော ဒီလို အခိုင်အခန့်တံတားကြီးဟာ ဒီနေရာ ဒီအချိန်မှာ ရှိနိုင်ပါ့မလား ဆိုတာက စဉ်းစားစရာပါ။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ လူတွေဟာ တူခြင်း၊ မတူခြင်း၊ သူကပိုတော်ခြင်း၊ ငါကပိုတတ်ခြင်း၊ သူက နည်းနည်းပါဝင်ခြင်း၊ ငါက ပိုမိုပါဝင်ခြင်း၊ သူ့ကို ငါမကြိုက်ခြင်း၊ ငါ့ကို သူမလိုလားခြင်း အစရှိတဲ့ ပဋိပက္ခတွေကို ဘေးချိတ်လို့ ဟိုဘက်ကမ်းကလူရော ဒီဘက်ကမ်းကလူတွေအတွက်ပါ အကျိုးရှိစေမယ့် ဒီတံတားလေး တစင်းကိုဆောက်ဖြစ်ခဲ့ကြပြီ။

တကယ်တော့ တခြားအရာတွေ ဘယ်လိုပဲ မတူပါစေ `တံတားဆောက်ဖို့ လိုအပ်တယ်´ ဆိုတဲ့ အဓိက ရည်ရွယ်ချက်တခုတည်းကိုသာ အားစိုက်ခဲ့ကြလို့သာလျှင် ဒီတံတားလေး ဖြစ်လာတာ မဟုတ်ပါလား။ တကယ်လို့သာ ကျနော် အပေါ်မှာ ရေးထားတဲ့ မတူခြားနားမှုတွေကိုသာ လူတွေဟာ ပိုမိုဇောင်းပေးခဲ့ရင် ဒီလိုတံတားမျိုး ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ထင်ပါတယ်။

***

Excuse me!

တံထားထိပ်မှာရပ်ပြီး အေးစက်စက် ရာသီဥတုကို မေ့လို့ အတွေးစတွေ ပွားနေတုန်း နောက်ကနေ ကြားလိုက်ရတဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ ထူထဲတဲ့ အားကစားဝတ်စုံကို ၀တ်ထားတဲ့ အပြေးလေ့ကျင့်သူတယောက်... ... ...။

သူ့ကို ပြုံးပြလိုက်ပြီး လမ်းဘေးကို ဖယ်ပေးလိုက်တော့ သူကလဲ ပြန်ပြုံးပြရင်း ရှေ့ကိုဆက်ပြီး ပြေးသွားတယ်။

တံတားအောက်ကို ကျနော် ငုံ့ကြည့်လိုက်တော့ တဟဲဟဲစီးနေတဲ့ မြစ်ရေပြင်က သူ့အပေါ်ကိုဖြတ်မိုး ကျော်ခွသွားတဲ့ တံတားကို ဘာမှမတတ်နိုင်တော့လေဟန် ပြန်မော့ကြည့်တယ်။ သူဘယ်တတ်နိုင်တော့မလဲလေ၊ သူ့ရဲ့ မြစ်ရေစီးကို ဘယ်သူကမှ ကြောက်စရာမလိုတော့အောင် လူတွေက တံတားထိုးထားလိုက်ပြီလေ။

ရှေးကလူတွေရဲ့ ညီညွတ်မှု ပြယုဂ် ဒီတံတားပေါ်ကနေ အခုဆိုရင် နှောင်းလူ ကျနော်က ရေစီးကြမ်းပါတယ်ဆိုတဲ့ မြစ်ရေကို တံတားပေါ်ကနေ အခန့်သားနဲ့ အေးအေးလူလူ ကြည့်နေနိုင်ခြင်းရဲ့ အဖြေကတော့... ... ...။

***

ကလိုစေးထူး


(ကင်မရာက ပုံတွေကို ကွန်ပျူတာထဲ သွင်းနေတာ အဆင်မပြေတာနဲ့ အရင်နှစ်က ပုံဟောင်းတွေကိုပဲ ပြန်တင်လိုက်ပါတယ်)

21 comments:

Anonymous said...

အတော်ကောင်းတဲ့postတစ်ခုပါပဲ

Anonymous said...

အယ်...ကော့မန့်ပေးတာ တက်လား မတက်လားလည်းမတွေ့ရ ။

Unknown said...

bro,
good thinking. awesome!

ကိုပေါ said...

တံတားဆောက်တဲ့နေရာမှာ ငွေလဲမထည့်၊ မြေလည်းမဖို့၊ သံလည်းမရိုက်၊ ဘာတခုမှ မပါဝင်ဘဲ နေသူများက တံတားဆောက်နေသူများကို “ဒီကောင်တွေက အားအားယားယား လုပ်နေတာပါကွာ”လို့ ပြောဆိုသူများ၊ အခက်အခဲအမျိုးမျိုးကြောင့် တံတားဆောက်မပြီးစီး၊ မအောင်မြင်သေးခင်မှာလည်း “ဒီကောင်တွေ လုပ်ပုံကိုင်ပုံ လုံးဝနည်းလမ်းမကျဘူးကွာ”၊ “အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းကို မရွေးချယ်ဘူးကွာ”၊ “ပါးပါးနပ်နပ် မဆောက်ကြဘူးကွာ” စသဖြင့် ဘေးကနေ ဆင်ခြေဆင်လက်နဲ့ ဝေဖန်နေသူများသာ များနေရင်တော့ အဲသည်တံတားပြီးဘို့က တော်တော်ကြာပါလိမ့်မယ်။

တခါ တံတားဆောက်ရာမှာလည်း….. အခုလေးတင် လက်သမားတယောက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအရေးအတွက် စာမေးပွဲဖြေဆိုရာမှာ ဘာသာပြန်တယောက်အနေနဲ့ ကူညီခိုးချပေးခဲ့တဲ့သူက ခဏကြာတော့ လက်သမားတွေ လုပ်ငန်းခွင်မှာ ဘုရားတကာ လေသံဖမ်းပြီး “အရက်သောက်တာဟာ လုပ်ငန်းခွင် အန္တရာယ် ထိခိုက်နိုင်ပါတယ်” စသဖြင့် ရှေ့နောက်မညီ ပြောတာခြင်းမျိုးတွေဟာ လုပ်ကိုင်နေကြသူအချင်းချင်းကြားမှာ တွေ့ရရင် နှုတ်ပိတ်မနေဘဲ ဝေဖန်ထောက်ပြသင့်တဲ့ ကိစ္စရပ်တွေလို့ ထင်ပါတယ်။

ဒီးဒုတ်ဦးဘချိုရဲ့ စကားတခုကို ကိုးကားချင်ပါတယ်။ (ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် အထိမ်းအမှတ် မဂ္ဂဇင်းမှာ ပြန်ရှာနိုင်ပါတယ်။ စကားလုံးအတိအကျတော့မမှတ်မိပါ။)

“နိုင်ငံရေးဟူသည် နိုင်ငံသားအားလုံးအရေးဖြစ်၍ ၀ိုင်းဝန်းဆောင်ရွက်ကြရမည်မှာလည်း နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။ နိုင်ငံရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူသည် သူ့တာဝန်သူ ကျေပွန်စွာထမ်းဆောင်နေရုံမျှ ဖြစ်သဖြင့် အထူးတလည်း ကျေးဇူးတင်ခံထိုက်စရာမလို။ နိုင်ငံရေးကို အလျှင်းမလုပ်သူများသည်ကား ပြည်လှေးပြည်မွှားများသာဖြစ်သည်။ နိုင်ငံရေးကို ကိုယ်တိုင်မလုပ်ရုံမျှမက လုပ်နေသူများကိုပါ မလုပ်အောင် ကဖျက်ယဖျက် လိုက်လံနှောက်ယှက်နေသူများသည် တိုင်းပြည်ရန်သူ နံပါတ်(၁) များပင် ဖြစ်သည်”…..တဲ့။

ကျနော်တို့ ဝေဖန်နေသမျှဟာ ပြည်လှေးပြည်မွှားတွေနဲ့ တိုင်းပြည်ရန်သူနံပါတ်(၁) တွေကို ဝေဖန်နေတာပါဗျိုး။ ဒါပေမယ့် တံတားဆောက်နေဆဲလူတွေကတော့ ဘယ်လိုအခက်အခဲနဲ့ ကြုံကြုံ ဆက်လက်ဆောက်သွားသင့်ပါတယ်။

ကလိုစေးထူး said...

anonymous ,wai ကျေးဇူးပါပဲ။ မောင်မျိုးရေ၊ မောင်မျိုးရေးတဲ့ ကွန်မန့်တခု အကို တင်လိုက်တာပဲ။ တက်မလာဘဲ ဘယ်ပျောက်သွားတယ် မသိဘူး။ ပြန်ရှာလို့လဲ မရဘူး။ ထူးထူးဆန်းဆန်းပဲ။ :D

ကလိုစေးထူး said...

တခါ တံတားဆောက်ရာမှာလည်း….. အခုလေးတင် လက်သမားတယောက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအရေးအတွက် စာမေးပွဲဖြေဆိုရာမှာ ဘာသာပြန်တယောက်အနေနဲ့ ကူညီခိုးချပေးခဲ့တဲ့သူက ခဏကြာတော့ လက်သမားတွေ လုပ်ငန်းခွင်မှာ ဘုရားတကာ လေသံဖမ်းပြီး “အရက်သောက်တာဟာ လုပ်ငန်းခွင် အန္တရာယ် ထိခိုက်နိုင်ပါတယ်” စသဖြင့် ရှေ့နောက်မညီ ပြောတာခြင်းမျိုးတွေဟာ လုပ်ကိုင်နေကြသူအချင်းချင်းကြားမှာ တွေ့ရရင် နှုတ်ပိတ်မနေဘဲ ဝေဖန်ထောက်ပြသင့်တဲ့ ကိစ္စရပ်တွေလို့ ထင်ပါတယ်။

ကိုပေါရေ...၊ အဲဒီမှတ်ချက်ကတော့ ကျနော့်ကို အပြုသဘောဆောင် ထောက်ပြချက် ဟုတ်ဟန်မပေါ်တော့ဘူးလို့ ကျနော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စအတွက် ကိုပေါနဲ့တကွ ကိုပေါနဲ့အတူ တခြားသူတွေ ထောက်ပြခဲ့စဉ်အခါ ကျနော့်အမှားကျနော် ၀န်ခံခဲ့ပြီးသလို နောက်နောင်အဲဒီကူညီမှုမျိုးတွေမှာ အဲဒီလိုပုံစံကူညီတာထက် သွားမဖြေခင် သူတို့ကို ကျေလည်အောင် သေချာ ရှင်းပြတဲ့နည်းကို လက်တွေ့လဲ အပြင်မှာ ကျနော် သုံးနေပါတယ်။ ကျနော် အမှားမကင်းပါဘူး။ ဒါကို ထောက်ပြသွားကြတာကိုလဲ ကျနော် မျက်စိစုံမှိတ်ငြင်းခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ ကိုပေါအဲဒီကိစ္စပြောတုန်းကပြောသလို ကျနော်ကလဲ ဟုတ်ပါတယ်၊ ကျနော်အဲဒီနည်း သုံးတာ မှားပါတယ်ပြောခဲ့ပြီးသားမို့ ဒါဟာ ပြန်ပြီးကောက်ကြောင်းလိုက် အစဖော်နေရမယ့် ကိစ္စမဟုတ်တော့ပါဘူး။ အရက်သောက်မောင်းတဲ့ ပို့စ်ကိစ္စကိုလဲ ကျနော်က ဘုရားဒကာလေသံဖမ်းပါတယ်လို့ ကိုပေါ ထင်တာကလဲ စိတ်မကောင်းစရာပါ။ တကယ်တမ်းက ကျနော် အဲဒီမေးလ်ကို ဖတ်ရတော့ ကိုယ်တိုင်ကိုယ်က shock ရသွားတယ်။ ဒါကြောင့် တင်ဖြစ်ခဲ့တာပါပဲ။ ကိုပေါ အခုပြောတာက ဝေဖန်ထောက်ပြတဲ့အဆင့်ကို ကျော်လွန်သွားတာကို သတိထားပါဦး။

Unknown said...

သြော် ... ကိုပေါ ကိုပေါ ...
တဖြည်းဖြည်းနဲ့ ခင်ဗျားလဲ အတွင်း အဇ္ဈတ္တကို မဖုံးနိုင် မဖိနိုင်အောင် ဖြစ်နေပါပကောလား။
ခင်ဗျား ကြည့်ရတာ ကလိုစေးထူးကို တော်တော်လေး မနာလို မရှုစိမ့် ဖြစ်နေပုံပဲ။ ကလိုစေးထူး ပို့စ်တခုတင်လိုက်တိုင်း အပြုသဘောနဲ့ ဝေဖန်တာထက် အပြစ်တင်တဲ့ ရှုထောင့်ကနေ လိုက်လိုက် ထောက်နေတာ ဘာတွေများ ရန်ညိုးရန်စ ရှိနေလို့လဲ။
ငါပြိုင်ပွဲပို့စ်မှာလဲ ခင်ဗျားနဲ့ ခင်ဗျားနောက်လိုက် မျိုးမြင့်မောင်တို့ စာဖတ်သူတွေ မျက်စိနောက်အောင် လုပ်ခဲ့ကြသေးတယ်။
ခုလဲ ဒီပို့စ်နဲ့မဆိုင်တဲ့ ကိစ္စ ဘုရားတကာလေသံဖမ်းတယ် တို့ ရှေ့နောက်မညီ ပြောတယ်တို့ ခင်ဗျား ဆွဲထည့်ပြန်ပြီ။

ခင်ဗျားအကိုးအကားတွေလဲ တော်ပါတော့ဗျာ။
ရိုးသားမှု မရှိတဲ့ ခင်ဗျားဝေဖန်ချက်တွေ ဖတ်ရတာ တော်တော် ကျက်သရေတုံးတယ်။

အေး .. ဒီးဒုတ်ဦးဘချိုပြောတဲ့ ပြည်လှေးပြည်မွှားကိုတော့ ကျုပ် မကိုးကားဘူး။ ကျုပ်ပြောချင်တဲ့ ပြည်လှေးပြည်မွှား ရန်သူနံပါတ် ၁ က ခင်ဗျားလို အပြောကြီးပြီး ပါးစပ်အီးပေါက်တတ်တဲ့ လူစားမျိုးပဲ။

ကိုပေါ said...

>>> ကိုစေးထူး ……….. ဆောရီးပဲဗျိုး။ ကိုစေးထူး နောက်ဆက်တွဲမှာ တောင်းပန်ထားတာကို ကျနော်မျက်စီသျှမ်းသွားတယ်။ အဲဒါကြောင့် ကလိလိုက်တာ ကျနော့်အမှားပါ။ အဲဒီအတွက် ကိုစေးထူးကိုလည်း ပြန်လည် တောင်းပန်ပါတယ်။

နောက်တခုက အဲသည်လို ၀န်ခံထားတဲ့အတွက် ချီးကျုးပါတယ်။

Anonymous said...

ရှေ့က တံတား ဆောက်ပြနေတဲ့သူတွေက “ငါဆောက်နေတာကွ ၊ပင်ပန်းနေတယ် ၊ ငါတို့ပြောတာ နားထောင် ၊ ပါးရိုက်လိုက်လို့ နားကိုက်သွားမယ် ” အဲ့လို အာကြမ်း လျှာကြမ်းကြီးတွေဆိုတော့ ဝေါင်ဝေါင်ရှေး ချင်တယ်လေဗျား)

တံတားကို ချွေးတွေ သွေးတွေနဲ့ဆောက်ခဲ့ကြ ဆောက်နေဆဲ သံဆူး ဖုတ်လူးနေတဲ့သူတွေကိုတော့ အဆင်လေးစားလျှက် ။

အားဝင်ချောင်တာပါ တံတားဝင်ဆောက်ရဲလောက်တဲ့ သတ္တိမရှိပါဘူး လုပ်အားပေးဖို့ထပ် အိမ်မှာ စားစရာမရှိတော့ တစ်ခြားရွာမှာ ပန်းရံ ဆင်းနေပါတယ် :P

တောင်ပေါ်သား said...

အကိုစေးထူးရေ ဖတ်သွားပြီး ပြန်မလို့ပဲ ကောမန့်လေးတွေ ဖတ်ပြီး ရေးချင်စိတ်ကလေး ထိန်းမရလို့ပါနော့်။ တံတားလေးကို စိတ်ထဲက ပဋိပက္ခတွေကို ဖယ်ထုတ်လို့ ဆောက်လုပ်သွားရင်ပြီးရင်တောင်မှ ရေရှည်တည်တံ့ဖို့တော့ ထိန်းသိမ်းရဦးမှာပါ။ ထိန်းသိမ်းဖို့ တံတားစောင့် ကောင်းကောင်းလိုတာတော့ အမှန်ပဲနော့်


လေးစားလျက်
တောင်ပေါ်သား

:P said...

နှစ်သက်စွာ ဖတ်သွားပါပြီ..
အင်္ဂလိပ်စာ လေ့ကျင့်ခန်းလေးတွေလည်းလုပ်ပါဦး....

Anonymous said...

အားလုံးသော bloggers နဲ့ blogger ဖတ်မိတ်ဆွေ
တွေပြောချင်တာအဲဒီ point ပါဘဲ..ကျေးဇူးပါကိုစေးထူး..

MANORHARY said...

အကြည်တော့် ၀တ္ထုတောင်သွားသတိရတယ်
ရွာနှစ်ရွာတံတားဆောက်ကြတာလေး)

Anonymous said...

ဒါကြောင့်တပ်မတော်က တာဝန်ယူထိမ်းသိမ်းလိုက်ရတာပေါ့ကွာ ။ မင်းတို့ တွေကြောင့် အခြေအနေတွေအားလုံးယိမ်းယိုင်ကုန်ပြီ ။

ကလိုစေးထူး said...

ကိုပေါရေ...ရပါတယ်ဗျာ။ ကျနော်ပြန်ရေးထားတဲ့ နောက်ဆက်တွဲပို့စ်ကို ကိုပေါမမြင်လိုက်လို့ ဖြစ်ရတာပါ။ မောင်မျိုး...၊ ဒီတခါတော့ ကွန်မန့်မပျောက်တော့ဘူးကွ။ :D

တောင်ပေါ်သား...၊ ဟုတ်တာပေါ့ ညီရာ။ sindarlar ...၊ မကြာမီလာမည်...မျှော်။ :P
မမနော်ဟရီ...၊ အခုလဲ ရွာနှစ်ရှာ တံတားဆောက်ကြမှာလေ ဟဲဟဲ။
ဟိုအမည်မဲ့ ကွန်မန့်ကို ဖတ်ရတာကတော့ ဘာနဲ့တူသလဲဆိုတော့ ရုပ်ရှင်ဇာတ်ကားကောင်းကောင်း ကြည့်နေတုန်း `တပ်မတော်ကြီးလဲ ချီလာပါပြီ၊ အောင်တပ်မတော်ကြီးလဲ ချီလာပါပြီ´ ဆိုပြီး ဗြုန်းဆို စစ်ချီသီချင်း ကြော်ငြာဝင်လာတာနဲ့ တူနေတယ်။ :D

ကလူသစ် said...

ကလိုရေ.... အသိုက်ပြောင်းနေလို့ ခုမှရောက်ဖြစ်တယ်ဗျ။ မဖတ်ရသေးတာ တချို့ဖတ်သွားလေရဲ့။ ကျန်တာတွေတော့ နောက်မှ :)

ကိုရင်ညိန်း said...

ကိုစေထူး ကျွန်တော် ကြော်ငြာဝင်လို့ ရမလားဗျ ... :P
အဟေးဟေး

မျိုးမြင့်မောင် said...

ဟုတ်တာပေါ့။ တပ်မတော်က တကယ်ကို တာဝန်ယူထိန်းသိမ်းလိုက်တာ။ ချောင်းထိပ်ကနေပြီး ဆည်တစ်ခုဆောက်လိုက်တယ်လေ။ ချောင်းထဲရေမရှိတော့ တံတားဆောက်စရာ ဘယ်လိုတော့မှာလဲ။ အခုတော့ ချောင်းကောလို့ နှစ်ရွာလုံး ရေရှားပြီး ဒုက္ခနေကြပြီလေ။ တပ်မတော်နဲ့ အပေါင်းအပါတွေကတော့ ဆည်ရေတွေ ပျော်ပျော်ပါးပါး သောက်နေကြလေရဲ့။

Anonymous said...

တောမှာ အဲဒီဆည်ရေတွေပဲ သောက်နေကြတာ မင်းမှ မသိပဲကိုးကွ.. မျိုးမြင့်မောင်ရ..ဆည်ရှိတော့ နွေမှာ ချောင်းရေခန်းရင် ရေမပူရတော့ဘူး ။

Anonymous said...

နိုင်ငံခြားရောက်အကောင်းစား နိုင်ငံရေးသမားများ
လွမ်းလိုက်ကြတာနုလိုက်ကြတာလဲ
သူတို့လောက်မ၇ှိကြပါဘူး
စုစည်းကြပါ ပြန်လာကြပါ
ထိုင်းနယ်စပ်မှာခင်ဗျားတို့ အင်အားနဲ့ စုဆောင်းထားတဲ့ငွေကြေးနဲ့ တပ်မတော်ဖွဲ့လို့ရပါတယ်
ဘလော့ထဲမှာ မြဝတီမင်းကြီးဦးစ ရှုံးလောက်အောင်
ရေးကြသားကြပြီးတော့
ဘာမှလဲမဟုတ်ကြဘူး
လာပါစောင့်နေပါတယ် လက်ကမ်းပါတယ်
တော်လှန်ရေးအတွက်

Anonymous said...

အောင်ကိုကိုထိုက်ပြောတာမှန်တယ် ။ ထောက်ခံတယ်ဟေ့ ...ဒီကောင်တွေက တတိယနိုင်ငံ အရသာကို မစွန့်နိုင်တော့ဘူးလေ ။မောင်ကျန် တတို့ တတို့ ဖြစ်နေကြပြီ ဗျ ။ ဘလော့ပေါ်မှာက အေးဆေးပဲလေဗျာ ။ အရေးကောင်းရင်ကောင်းသလောက် ထင်ပေါ်တယ် ။ မျိုးချစ်ကြီးပါလားဆိုပြီး လူထင်ကြီးခံရတယ် ။ ဒါပါပဲ ။ အဝေးရောက်အွန်လိုင်းတော်လှန်ရေးသမားတွေပေါ့ဗျာ ။