စာအသစ် မတင်ဖြစ်တာ တပတ်လောက် ရှိသွားပါပြီ။ ဒီကြားထဲ ကွန်ပျူတာက သူ့သခင်နဲ့အပြိုင် ချောင်းဆိုးရင်ကျပ် ဖြစ်တော်မူနေတာနဲ့ သူ့ကို ဆေးကုနေရတာနဲ့ အပျင်းရောဂါ နှစ်ခုပေါင်းပြီး ပြီးခဲ့တဲ့ တပတ်အတွင်း ဘာမှမရေးဖြစ်ခဲ့ပါဘူး။
ကွန်ပျူတာ ပြန်ကောင်းလာတော့ အီးမေးလ်တွေကို စစ်ကြည့်တော့ မတွေ့တာကြာပြီ ဖြစ်တဲ့ အကိုမင်းဇင်ဆီက Forward mail တစောင်ရောက်နေတယ်။ ပထမတော့ (Forward mail ဆိုတော့) ဘာရယ်မဟုတ် ဖွင့်ကြည့်လိုက်တာပါပဲ။ ဒါပေမယ့် မေးလ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ဖတ်ပြီးတဲ့အချိန်မှာတော့ ကရုဏာစိတ်၊ ကြောက်ရွံ့စိတ်တွေကို တပြိုင်တည်း ခံစားလိုက်ရတယ်။ စိတ်ထဲမှာလဲ အမည်ဖော်ပြမတတ်တဲ့ ၀မ်းနည်းမှုကြောင့် အဲဒီစာထဲမှာ ပါတဲ့ အကြောင်းအရာကို မှတ်မှတ်ရရသဘော ကျနော့် ဘလော့ဂ်မှာလဲ တင်ပြီး ကျနော့်မိတ်ဆွေများကို ဝေမျှချင်တာကြောင့် အခုပို့စ်ကို ရေးဖြစ်ပါတယ်။
အဖြစ်အပျက်က လွန်ခဲ့တဲ့ လေးနှစ်ကျော်က ဖြစ်ခဲ့တာမို့ အဲဒီအကြောင်းအရာကို သိပြီးသားဖြစ်နေတဲ့သူတွေလဲ ရှိမှာပါ။ ကျနော်ကတော့ အရင်က မသိခဲ့ပါဘူး။ ဒါကြောင့် ကျနော့်လိုပဲ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သင်ခန်းစာ တခုခု ရနိုင်ကောင်းပါရဲ့ လို့ မျှော်လင့်ပါတယ်။
***
Jacqui Saburio ...တဲ့။ သူကလေးရဲ့ မွေးရပ်က ဗင်နီဇွဲလား နိုင်ငံကပါ။
ဒါကတော့ ၁၉၉၈ ခုနှစ်တုန်းက ဂျက်ကီနဲ့ သူ့အဖေရဲ့ပုံပါ။
ဂျက်ကီဟာ ၁၉၉၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ တက်က်ဆက် ပြည်နယ်ကို အင်ဂျင်နီယာ ပညာရပ်နဲ့ အင်္ဂလိပ်စာ သင်ကြားဖို့ ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်တွေ တလှေကြီးနဲ့ပေါ့... ... ...။
ဂျက်ကီက ကလေးတွေကို ချစ်လို့၊ ကလေး သုံးလေးယောက်လောက်လဲ မွေးချင်ပါသေးသတဲ့။ မိခင်စိတ်ထားလဲ ပိုင်ဆိုင်သူလေးပေါ့။ ဒါပေမယ့် ဂျက်ကီအတွက် မျှော်လင့်မထားတဲ့ ကံကြမ္မာဆိုးကြီး ကျရောက်ခဲ့တဲ့ နေ့ရဲ့ နောက်ပိုင်းမှာတော့... ... ...။
တချိန်က အလွန်တရာချောမောလှပဲတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ခဲ့သူလေးဟာ အခုလို ရုပ်ရည်ကို နောက်တချိန်မှာ ပြောင်းလဲ ပိုင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ခဲ့မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု မြင်ရတာကတော့ အခုလက်ရှိ ဂျက်ကီ့ရဲ့ ရုပ်ရည်ပါပဲ။
ဂျက်ကီရဲ့ ချောမောတဲ့ ရုပ်ရည်ကိုရော သူ့ရဲ့ မျှော်မှန်းချက်အားလုံးကိုပါ ဖျက်ဆီးပစ်လိုက်တာကတော့ မူးယစ်ပြီး မဆင်မခြင် ကားမောင်းခဲ့တဲ့ အသက် ၁၇နှစ် အရွယ် ဆယ်ကျော်သက် လူငယ်လေး တယောက်ပါ။
သူ့ရဲ့ အမှားကို သူဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ နှောင်းနောင်တတွေနဲ့ လူငယ်က အခုတော့ ထောင်ထဲမှာပေါ့။ ထောင်ဒဏ် ၇ နှစ်ဟာ သူ့ရဲ့ အမှားအတွက် နောင်တကောင်းရစေနိုင်လောက်ပေမယ့် ဆုံးရှုံးသွားတဲ့ ဂျက်ကီရဲ့ ဘ၀ကိုတော့ ပြန်မရနိုင်တော့ဘူးပေါ့။
***
အခုပို့စ်ဟာ စာလာဖတ်သူ မိတ်ဆွေတွေကို `မူးရင်မမောင်းကြနဲ့´ လို့ ပြောချင်တာထက် ကျနော့်ကိုယ်ကျနော်လဲ သတိပေးချင်တာ ပါပါတယ်။ ဘီယာလေး နည်းနည်းပါကွာ၊ ဘာဖြစ်မှာလဲ ဆိုတဲ့ အတွေးက ၀င်ဖူးတာကိုး။
အောက်မှာကတော့ ဂျက်ကီ့အကြောင်းကို စီစဉ်တင်ဆက်ခဲ့တဲ့ ရုပ်သံအစီအစဉ်လေး တခုပါ။
***
ဂျက်ကီတယောက် အရင်လို ဘ၀ကို ပြန်ရနိုင်ဖို့မလွယ်တော့ပေမယ့် နောက်ထပ် ဂျက်ကီ့လိုမျိုးတွေ ထပ်မဖြစ်စေဖို့အတွက်ပေါ့... ... ...။
ကလိုစေးထူး

17 comments:
တစ်ခဏလေးအတွင်း မှားမိတဲ့အမှားက ၂ ဦးစလုံးအတွက်ကြေကွဲ စရာ ။ဂျက်ကီရဲ့ ဆိုးရွာတဲ့အဖြစ် ကိုမြင်မိတော့ စိတ်မကောင်းသလို နောင်တ မျက်နှာတွေနဲ့ လူငယ်လေးကိုတွေ့မိတော့လည်းစိတ်မကောင်းဘူး။
သူက ပြင်လို့မရတဲ့အမှားကိုကျူးလွန်မိလိုက်တာပဲ ။ဒီပို့စ်ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ။
စိတ်ထဲမကောင်းတာအမှန်ပဲ။
နဂိုတည်းကမှ မူးတဲ့သူဆိုမုန်းတာကစိတ္တဇလိုဖြစ်နေတာ
ခရီးသွားနေတာအခုမှပဲ စုပြုံဖတ်ရတယ် ကိုကလိုစေးထူးရေ။ ခင်ဗျားဆီမယ်ကွန်မန့်တွေ တစ်ထောကြီးက အခုတော့လဲ ရပ်သွားပြီပေါ့။ ဒီပို့စ်ကတော့ သင်ခန်းစာယူစရာပါပဲဗျာ။ ကျွန်တော်ကတော့ သူများကို သွားမတိုက်လောက်ဘူးထင်တယ်။ ကားမှမမောင်းတတ်တာ၊ အဟက်ဟက်။
ဒီပို.ကိုဂျက်ကီအစား ခံစားရလွန်းလို. ဝမ်းနည်းကြေကွဲစွာနဲ.ဖတ်သွါးပါတယ်။ တရားလည်းရသွါးတယ်
I am in speechless. I feel really sad for both of them.
No one knows our destiny!
လုံးဝလိုက်နာပါတယ်။ သောက်ဖို့အကြောင်းရှိရင် လုံးဝမမောင်းသွားပါဘူး။ မောင်းဖို့ရှိရင် လုံးဝမသောက်ပါဘူး။ သူများအတွက်ရော ကိုယ့်အတွက်ပါ အပြင် ကိုယ့်မိသားစုအတွက်ပါ စဉ်းစားရပါတယ်။ မူးရင်မမောင်းနဲ့ ဆိုတာကို မလိုက်နာနိုင်တဲ့သူတွေကိုလဲ ဘယ်လိုမှ နားလည်မပေးနိုင်ပါဘူး။
မူးရင် လုံးဝမမောင်းပါနဲ့
ကြည့်ရင်းနဲ့တောင်စိတ်မကောင်းဘူး..။ တကယ့်ကိုသနား စရာဘဲ...။ အဖြစ်ဆိုးလိုက်တာ...။
စိတ်မကောင်းစရာပဲ အစ်ကိုရယ်...။ :(
တလောက road safety ပြပွဲတစ်ခု တက်လိုက်ရတယ်။ ဘာမှ မဖြစ်လောက်ဖူးရယ်လို့ ထင်ထားတဲ့ ကိစ္စတွေက သူများ အသက်ပါဆုံးရှုံးရတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ် ဆိုတာ တွေ့ရ မြင်ရ ကြားရတော့ တော်တော်လေး တုန်လှုပ်မိတယ်။ ကျန်ရစ်သူ မိသားစုတွေက ပြောပြတာကို နားထောင်ရတာ.. ကိုယ်ဝန်ဆောင်သည်ဆို ခါးပတ်ပတ်စရာ မလိုဘူးလို့ ထင်တာ.. ဘီယာ၁ပိုင့်လောက် သောက်ရင် ဘာမှ မဖြစ်စလောက်ဘူးလို့ ထင်တာ... မသိတော့ အန္တရာယ် မကြောက်သလိုပေါ့။ ကိုယ်ပေါ့ဆမှုကြောင့် အခြားသူ ထိခိုက်မယ့် အမှုမျိုး မလုပ်မိအောင် ဆင်ခြင်ပါ့မယ်လို့ ကတိ ပေးခဲ့တယ်။
သနားပါတယ် :( အကောင်းဆုံးက မူးယစ်စေသော အရာတွေ ဘာမှမလုပ်ဘဲ အဲဒီလိုလူတွေမောင်းတဲ့ ကားတွေ ၊ စက်ဘီးတွေ ဘာမှ အတူမစီးတာ အသင့်လျော်ဆုံးပါပဲ။
စိတ်မကောင်းလိုက်တာ....သနားစရာကောင်မလေး...။
စိတ်မကောင်းလိုက်တာ။ ဓါတ်ပုံမြင်ရတာ ရင်ထဲမှာနာကျက်ကျင်ဖြစ်သွားတယ်
လွန်ခဲ့တဲ့လေးနှစ်ဆိုပေမယ့် လုံးဝမသိသေးတဲ့ကျွန်တော့်အတွက်တော့အသစ်ပါပဲ။
သင်္ခန်းစာ ပဲဗျာ။
ကျွန်တော်တော့ ကားမောင်းမယ်ဆိုရင်လုံးဝမသောက်ဖြစ်အောင်ထိန်းပါတယ်။
ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာကို အဖြစ်ဆိုးတွေဖြစ်ခဲ့ဖူးတာကိုး။
စိတ်မကောင်းဖြစ်စရာတွေထဲက ဂျက်ကီ ရဲ့ စိတ်ဓာတ်ကိုလေးစားသွားမိတယ်။ ဘ၀ဆိုတာအရှုံးပေးဖို့ မှမဟုတ်ဘဲဆိုတဲ့အချက်လေးသူပြသွားတယ်။ အိုပရာဝင်းဖရေး ကလဲအနုအကြမ်းအလွမ်းစွယ်စုံပဲကိုး။ဒါကြောင့်သူလဲမီလျံအဲဖြစ်နေပေတာပဲ။
တကယ့်ကို ဒုက္ခသစ္စာပါလား။ တော်တော်ကို စိတ်မချမ်းမြေ့ စရာပါပဲ ။ ဘယ်သူမှ ဒီအဖြစ်ဆိုးမျိုး မကြုံကြပါစေနဲ့ ။
မင်းဒင်
အရက်သောက်ပြီး ကားမောင်းတာ မကောင်းသလိုပဲ ကားလိုင်စင်စာမေးပွဲမှာ ကူညီ ခိုးချပေးတာလို့ နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ဟာ အတူတူ လို့ ထင်မြင်မိပါတယ်။
ta nar lite tar
အခုမှဖတ်ဖူးတာ
ဘုရားတောင်တမိတယ်
Post a Comment