Friday, February 06, 2009

ကျော်ဝင်းနဲ့ နေဇာ...

`ဘိန်ညာ၊ ဘိန်ညာ၊ ဘိန်ညာ ဘေး၊ ဘိန်ညာ ဘေး၊ အမှတ်စဉ် အမှတ်စဉ် အမှတ်စဉ် ဆို´
`တိတ်...၊ နှိပ်...၊ သုံး...၊ လေး...၊ တိတ်နှိပ်သုံးလေး၊ တိတ်နှိပ်သုံးလေး ပြည်သူ့စစ်သား၊ ပြည်သူ့စစ်သား ပြည်သူ့စစ်သား´
`အားဆယ်ပါး...၊ ဆောင်ပုဒ်ဆို))))´
`လေ့ကျင့်တိုက်ရည် ကျန်းမာစေ၊ စိတ်ဓာတ်ခိုင်ကြောင်း စည်းကမ်းကောင်း ... ... ...´

မနက်ခင်း မြူနှင်းဝေ့ဝေ့၏ နေရောင် ဖြိုးဖြိုးဖျအောက်တွင် နေဇာနှင့်တကွ တပ်သားသစ်များ၏ အပြေးတက်လေ့ကျင့်သံများက တေဇတပ်ခွဲမှတဆင့် စစ်ရေးပြကွင်းနှင့်တကွ တပ်တွင်းလမ်းမတလျှောက် လွင့်ပျံ့သွား၏။ `ဘယ်ညာ´ တိုင်ပေးနေသော နည်းပြဖြစ်သူ၏ လေသံဝဲနေတာလား ဘာလား မသိရတဲ့ စစ်မိန့်သံ `ဘယ်ညာ ဘယ်ညာ´ အစား `ဘိန်ညာ ဘိန်ညာ´ ဖြစ်နေတာကိုက သင်တန်းကျောင်းမနက်ခင်းရဲ့ သရုပ်သကန်တခုနှယ်...။

`အာ...၊ ဒီကောင် ကျန်ခဲ့ပြန်ပြီ၊ ဒီ ငါ... တော့၊ ဟေ့ကောင် ကျော်ဝင်းးး)))))´

အပြေးတက်ချိန်တိုင်း အနောက်မှာ ကျန်ကျန်နေတတ်တဲ့ ကျော်ဝင်းဆိုတဲ့ ကောင်လေးကို ဆဲဆိုခေါ်ငင်နေတဲ့ နည်းပြရဲ့ အသံကလဲ တဖြည်းဖြည်းနဲ့ ကြားနေကျ အသံတခု ဖြစ်လို့ နေလေပြီ။

***

ကျော်ဝင်း ...တဲ့။

ဒီကောင်လေး အသက်က ရှိလှမှ ၁၄၊၁၅ ထက် မပိုဟု နေဇာထင်မိသည်။ တိုင်းရင်းသား တမျိုးမျိုး ဖြစ်ဟန်တူတဲ့ အဲဒီကောင်လေးက စကားပြောလိုက်ရင် ၀ဲတဲတဲဖြစ်ရတဲ့ ကြားထဲ စကားပါ ထစ်လိုက်သေးသည်။ `ကျော်ဝင်း´ လို့ ခေါ်လိုက်ရင် `ရှိ..ရှိ´ ဆိုပြီး ထစ်ထစ်အအနဲ့ ထူးတတ်လွန်းလို့ အထုအရိုက်ခံရတာကလဲ ခဏခဏ။ တပ်စုတွေ ခွဲကြတော့ နေဇာတို့ တပ်စု(၃)မှာ ကျော်ဝင်းလဲ ပါလာတော့ တပ်သားသစ်အချင်းချင်း `မင်းနာမည် ဘယ်သူတုန်းကွ´ လို့ မိတ်ဆက်ကြတဲ့အခါ `ကျော်...ကျော်ဝင်းပါ´ ဆိုတဲ့ ထစ်အအ ဖြေသံလေးရယ်၊ ကလေးမျက်နှာလေးရယ်ကြောင့် ကျော်ဝင်းကို တပ်စု(၃) တဆောင်လုံးက နောက်ပိုင်းမှာ `ကျော်ဝင်းပါလေးရေ´ ဆိုပြီး စနောက်တတ်လေ့ ရှိသည်။

`ကျော်ဝင်းပါလေး...၊ မင်းက ဘယ်စုဆောင်းရေး အင်အားနဲ့ ၀င်လာတာတုန်း´
`ဆက်...ဆက်... ဆက်သွယ်ရေး´
`ဟားဟားဟားဟား´

ဆက်သွယ်ရေး စစ်သားတွေဆိုတာက မြင်ဖူးခဲ့ရသမျှ ရုပ်ရှင်ဗွီဒီယိုတွေထဲမှာ `ပျံလွှားမှ စင်ရော်၊ အသံကောင်းလား၊ အသံဘယ်လောက်ကြားလဲ´ ဆိုတာမျိုးတွေ ခပ်သွက်သွက် ပြောကြတာကိုသာ မြင်ဖူးခဲ့ကြတာဆိုတော့ အဲဒီထဲက ဆက်သွယ်ရေး တပ်သားတွေနဲ့ ကျော်ဝင်းကို ဘယ်လိုမှ တွဲကြည့်လို့က မရတော့ အားလုံးက ရယ်လိုက်ကြတဲ့အမျိုး။

လူက ဘယ်လောက်ပဲ ကလေးရုပ်မပျောက်သေးပေမယ့် ဘယ်သူကမေးမေး `မင်းအသက် ဘယ်လောက်တုန်းကွ´ လို့ မေးရင် `ဆယ့်...ဆယ့်ရှိုက်´ ဆိုတာကနေ တပြားသားမှ မလျှော့။ `ဟုတ်ရဲ့လား ကျော်ဝင်းရာ´ လို့ မေးတော့ `မ...မဟုတ်ရင် ဆ...ဆရာရိုက်မှာပေါ့´ ...တဲ့။

ခန္ဓာကိုယ်လေးက သေးညှက်ညှက်လေးမို့ ညနေပိုင်း ဖက်ထိပ်ချိန်တွေကို ရောက်ပြီလား ဆိုရင် ကျော်ဝင်းတယောက် မျက်နှာလေး ညှိုးညှိုးငယ်ငယ်နဲ့ တခါတလေလဲ မြက်ရမ်းဓားလေးထမ်းလို့၊ တခါတလေတော့ ပေါက်ပြားလေးထမ်းလို့ လိုက်သွားလေ့ရှိ၏။

***

ညတည...။ ကျော်ဝင်း ပျောက်သွားသည်။ ကျော်ဝင်း တယောက်ထဲတော့ မဟုတ်ပါ။ အဲဒီညက တခြားတပ်သားသစ် လေးငါးယောက်လဲ ပျောက်သွားကြခြင်း ဖြစ်သည်။

နေဇာတို့ တပ်သားသစ် သင်တန်းမှာ တချို့ညဘက်တွေမှာ တပ်သားသစ်တယောက်တလေ ပျောက်ပျောက်သွားကြတာ သိပ်တော့ ဆန်းလှတော့တာတော့ မဟုတ်ပါ။ ပြောရရင်တော့ ထွက်ပြေးကြတာပေါ့။ နည်းပြတွေကတော့ ဓာတ်ပြားဟောင်းကြီး တခုလိုပဲ `သောက်ကျင့် မကောင်းတဲ့ကောင်တွေ ပြေးတာ´ လို့ အမြဲပြောတတ်သည်။

ကျော်ဝင်းတို့ ပျောက်သွားကြတော့ နည်းပြတွေ ခါတိုင်းလိုပင် အဲဒီညက လိုက်ရှာကြပါသေးသည်။ မတွေ့ဘူးတဲ့။ သူတို့ကို မတွေ့ပေမယ့် ကျန်ခဲ့တဲ့ တပ်သားသစ်တွေကတော့ တန်းစီကွင်းမှာ အကြာကြီး မတ်တပ် အရပ်ခိုင်းထားခံရပြီး ဟိန်းဟောက်ဆဲဆို စကားတွေကို နားထောင်ရလေ၏။ တဆွေလုံးတမျိုးလုံး ထောင်ထဲရောက်သွားမှာတွေရော၊ မအေတွေ နှမတွေပါ ကျွမ်းပြန်သွားမှာတွေရော စုံလို့ပင်။

နေဇာကတော့ မပြေးရဲပါ။ မပြေးရဲပေမယ့် နေဇာ့ စိတ်ထဲကနေတော့ ဆုတောင်းမိလိုက်၏။

`ကျော်ဝင်း လွတ်သွားပါစေ´

***

ဒါပေမယ့်... ...။ နောက်တနေ့ မနက်မှာတော့ ... ... ...။

နေဇာ့ ဆုတောင်း မပြည့်လိုက်ပါ။

ရိုးလွန်းအလွန်းတဲ့ ကျော်ဝင်းက မနက်စောစော ထွက်မယ့် ဘတ်စ်ကားပေါ်မှာ ငုတ်တုပ်လေး သွားထိုင်နေသတဲ့။ သူ့စိတ်ထဲမှာ အရပ်ဝတ် လဲဝတ်ထားလိုက်ရုံနဲ့ သူ့ကို တပ်သားသစ်မှန်း တခြားလူတွေ မသိလောက်တော့ဘူး လို့ ထင်နေပုံလဲ ရသည်။ ဒီလိုနဲ့ပဲ တယောက်ယောက်က သတင်းပေးမှုကြောင့် သင်တန်းဆရာတွေက သူ့ကို ကားဂိတ်ကနေ ပြန်ခေါ်လာခဲ့ကြ၏။

ညနေကျရင် သင်တန်းသား အားလုံးရှေ့မှာ စံပြအဖြစ် အပြစ်ပေးမယ်တဲ့...။

****

`ကဲ...၊ အားလုံး နားထောင်´

သင်တန်းမှူး ဗိုလ်ကြီးရဲ့ အသံက ဟိန်းခနဲနေအောင် ထွက်လာ၏။ သင်တန်းသားအားလုံး မည်သူမှ အသံမထွက်ရဲကြဘဲ အပ်ကျသံကြားရလောက်အောင် ငြိမ်သက်နေကြသည်။ ကျော်ဝင်းကတော့ လက်ပြန်ကြိုးတုပ်လျက်သား၊ မျက်နှာညှိုးနွမ်းနွမ်းကို ခေါင်းငိုက်စိုက်ချလို့ ခပ်လှမ်းလှမ်းမှာ...။ သူ့ဘေးမှာကတော့ ဇာတ်တူသားခြင်း တပ်သားသစ် အစောင့်နှစ်ယောက်က ၀ါးရင်းတုတ်ကိုယ်စီ၊ မှုန်တေတေ မျက်နှာထားဖြင့် ရပ်နေကြ၏။

`အခု မြင်နေရတဲ့ ကျော်ဝင်းဟာ ဘာအပြစ်လုပ်ထားလဲ၊ မင်းတို့ သိကြလား´
`...........´
`ပြောကြလေကွာ)))))))))))´

တိတ်ဆိတ်မှင်သက်နေသော လူအုပ်ကြီး၏ အလန့်တကြားသံ...

`စစ်ပြေးမှု´ ပါ ဆိုသော အသံ ထွက်လာ၏။ သင်တန်းမှူးက အတန်ငယ် အားရသွားဟန်ဖြင့်...

`အေး၊ စစ်တပ်ဆိုတာ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရနေတဲ့ မင်းတို့ အမေ့လင်အိမ်မဟုတ်ဘူး၊ အလှူအိမ်လဲ မဟုတ်ဘူး၊ အခု ဒီကောင် စစ်ထဲကို ၀င်လာပြီးမှ ပြန်ထွက်ပြေးတယ်၊ စစ်ပြေးတယောက်ကို ဘယ်လိုဆုံးမမယ်ဆိုတာ မင်းတို့ကို စံပြအနေနဲ့ အခုပြမယ်´

ဗိုလ်ကြီးက ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး လူအုပ်ကြီးဆီ တချက် ဝေ့ကြည့်လိုက်၏။ ပြီးမှ...

`တကယ်ဆို စစ်ပြေးမှုဆိုတာက ထောင်ဒဏ် သုံးနှစ်အထိချလို့ရတယ်။ စစ်ပြေးကို လက်ခံထားတဲ့ မိဘဆွေမျိုးတွေကိုလဲ ထောင်နှစ်နှစ် ချလို့ရသေးတယ်။ အခု ကျော်ဝင်းကိုတော့ နောက်ကြဉ်သွားအောင် အပြစ်ပေးမယ်။ ကြိမ်ဒဏ်ပေါ့ကွာ´

ကြိမ်ဒဏ်ဆိုတော့ တော်ပါသေးရဲ့လို့ နေဇာ့စိတ်ထဲ တွေးမိလိုက်တုန်း ရှိသေး ...

`ငါက ဆယ်ချက်ရိုက်မယ်။ ဒီသင်တန်းမှာ သင်တန်းဆရာ အားလုံး ဆယ်ယောက်ရှိတယ်။ အဲဒီ ဆယ်ယောက်က တယောက်ကို ငါးချက်စီ ရိုက်ရမယ်။ တပ်စုမှူးလေးယောက်က တယောက် သုံးချက်စီ။ ဒုတပ်စုမှူးတွေက တယောက် နှစ်ချက်စီ ရိုက်ရမယ်´

`မြတ်စွာဘုရား´ လို့ တလိုက်မိရင်း နေဇာ့ခေါင်းထဲမှာ ကိန်းဂဏန်းများဖြင့် တခဏမျှ အလုပ်များသွားသည်။ ဗိုလ်ကြီးက ဆယ်ချက်၊ ဆရာဆယ်ယောက်အတွက်က အချက်ငါးဆယ်၊ တပ်စုမှူး၊ ဒုတပ်စုမှူးတွေနဲ့ဆိုတော့ ဟင်...၊ အချက် ၈၀ တောင်မှ ပါလား။ အတွေးစတွေနဲ့ တွက်ချက်နေဆဲမှာပင်... ... ...။

`ဖုန်း´
`အားး´
`ဖုန်း´
`အောင်မလေးး ဆရာရဲ့၊ နောက်မပြေးတော့ပါဘူး´

ဗိုလ်ကြီးက စရိုက်နေလေပြီ။ တချက်ရိုက်လိုက်တိုင်း ငယ်သံပါအောင် ငိုယိုအော်ဟစ်နေတဲ့ ကျော်ဝင်းအသံက စူးစူးဝါးဝါး ထွက်ပေါ်နေ၏။ အဲဒီ အအော်ကိုပင်...

`ဟေ့ကောင်၊ ငါ ဆရာ မဟုတ်ဘူးကွ´
`ဖုန်း´
`အောင်မလေး၊ ဆရာဗိုလ်ကြီးရဲ့´
`ဖုန်း´
`အောင်မလေး၊ သားမပြေးတော့ပါဘူး´
`စစ်တပ်မှာ သားမရှိဘူးကွ´
`ဖုန်း´
`အူးးး´
`ဖုန်း´
`အူးးး´

တကိုယ်လုံး ရှိသမျှအားကို အကုန်သုံးပြီး အားပါးတရ လွှဲရိုက်ချနေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ကျော်ဝင်းတယောက် ဗိုလ်ကြီးရဲ့ ဆယ်ချက်နဲ့တင် တဖြည်းဖြည်းနဲ့ အူးးအူးးလို့သာ အသံထွက်နိုင်တော့သည်။ အမဲဖျက်နေတဲ့ ဗိုလ်ကြီး ပြီးတော့ သင်တန်းဆရာတွေရဲ့ အလှည့်။ သူတို့ကျတော့ ဗိုလ်ကြီးအားရ ဆရာပါးဝမို့လို့လား မသိ၊ ရိုက်ချက်တွေက ပိုလို့တောင် ပြင်းလာသလားတောင် ထင်ရ၏။ သင်တန်းဆရာတွေ ပြီးတော့ တပ်စုမှူးတွေရဲ့ အလှည့်...

`ကဲ...၊ တပ်စုမှူးတွေရိုက်။ ညှာမယ်တော့ မကြံနဲ့နော်၊ ညှာတဲ့ကောင်တွေကို ငါပြန်ရိုက်မှာ´

`ဖုန်း´
`အူးးး´
`ဖုန်း´
`အု´
`ဖုန်း´
`...´
`ဖုန်း´
`...´

နောက်ဆုံးတော့ ကျော်ဝင်းတယောက် ဘာသံမှကို မထွက်နိုင်ရှာတော့ပါ။

***

`တပ်စု ၃၊ ရှေ့ကင်းကောင်း အကြောင်းထူး မရှိ´
`နောက်ကင်းကောင်း အကြောင်းထူး မရှိ´

နေဇာ့ ကင်းချိန်ကုန်ပြီး အိပ်ရာထဲ ပြန်ရောက်နေပေမယ့် အပြင်က ကင်းသတင်းပို့သံတွေကိုတော့ ကြားနေရပါသေးသည်။ ခပ်လှမ်းလှမ်းက အိပ်ရာထဲက ညည်းသံတခု ခပ်သဲ့သဲ့ ထွက်လာသည်။

ကျော်ဝင်း... ...။

ညည်းရင်းနဲ့ပင် ရှိုက်သံတချက်တချက်ကလဲ ထွက်လာပါသေးသည်။ မှောက်ခုံလျက် အိပ်နေရတဲ့ ကျော်ဝင်းတယောက် ဒီဒဏ်ရာကို တော်တော်တော့ ခံရဦးမည်မှာ သေချာပါသည်။ အဲဒါထက် ဆိုးတာက ရင်ထဲက အနာ...။

အပြင်က ထွက်ပေါ်နေသော ကင်းသတင်းပို့သံကို နေဇာ့စိတ်ထဲကနေ ပြောင်းဆိုလိုက်၏။

`ရှေ့ကင်း နောက်ကင်းကြောင်း၊ အကောင်းထူး မရှိ´
`ရှေ့ကင်း နောက်ကင်းကြောင်း၊ အကောင်းထူး မရှိ´

***


ကလိုစေးထူး

17 comments:

မောင်မျိုး said...

ရိုက်မယ်ဆိုတာကြီးပဲ
စံပြ စံပြ နဲ့ ကြောက်စရာကြီးပါလားး
ကျော်ဝင်း တော်တော် ငယ်သေးတဲ့အရွယ်လေးပဲ သနားစရာ။

တောရိုင်းနှင်းဆီ said...

အဲ့ ... ကွယ် .... ဒီလိုမျိုးရိုက်တာတော့ မကောင်းဘူး ....
တခြားအပြစ်ဒဏ်တခုခုလောက်ဆို တော်ပြီပေါ့ ....
အဲ့ ... ကွယ် .... တခြားပြစ်ဒဏ်ဆိုလဲ ထောင်ချမှာဆိုတော့ ..... အဲ့ ... ကွယ်

ကလိုစေးထူးရေ လာလည်ပြီးဖတ်သွားပါကြောင်း ....

မီယာ said...

ငယ်ငယ်က အဘွားရဲ့ ကြိမ်လုံးတွေကို မောင်နှမတတွေ ချိုးပြီး လွှင့်ပစ်... အဘွားက ထပ်ဝယ်... ကြိမ်လုံး သံသရာ။ ရိုက်ခံထိရင် အရမ်းနာတယ် ဒါကြောင့် ကလေးတွေကို တုတ်နဲ့ မရိုက်ဖို့ ရိုက်ဖို့လိုရင် ကိုယ်လက်နဲ့ပဲ ရိုက်ဖို့ ဦးလေးတစ်ယောက်က ပြောဖူးတယ်။

Anonymous said...

အဲလို အဖြစ်တွေ... မကြာမကြာ ကြားနေ... တွေ့ နေရတယ် အကိုရေ...စိတ်မကောင်းဖြစ်ရတာတော့ အတော်လေးပါပဲဗျာ...

လူသစ် said...

ဟမ်....ဖတ်ဖူးသလားလို့ပဲ

ကလိုစေးထူး said...

ဟုတ်တယ် ကလူသစ်။ ကျနော် ဒီအကြောင်းကို `အကောင်းထူး မရှိ´ ဆိုပြီး ၀တ္ထုတိုပုံစံ ရေးဖူးပါတယ်။ အခု နေဇာ အတွဲတွေ ရေးတော့ ဒါလေးကို ပြန်ထည့်ချင်လို့ ပြန်ရေးတာ။ သူကလဲ ဒက်ခနဲကို သိတော့တာပဲကိုး။ :D

MELODYMAUNG said...

သိဆို တကယ့်အမာခံပရိသတ်တွေလေ ကိုကြီးစေးထူးရ ငှက်ငှက်ငှက်

ဘာပဲဖြစ်ဖြစ် ဖတ်တိုင်းခံစားရတာကတော့ နင့်အောင်နာနေတာပဲလေ :(

Moe Cho Thinn said...

ရင်နာလွန်းလို့ ဆက်မဖတ်ချင်ဘူး။ :(

လားရှိုးသူ said...

တကယ်ဘဲ ဝင်ချင်တိုင်း ဝင်ခဲ့ပြီး၊ ခုမှ ပြန်ထွက်ချင်တာကော ဟုတ်ရဲ့လား၊ ဖတ်ရင်းနဲ့ ကျော်ဝင်းမိခင်ကို တမ်းတ၊ ကျမပါးပြင် မျက်ရည်စိုလာတယ်၊( ကျမ အသည်းမနုပါ)။

မောင်မျိုး said...

ကိုစေးထူး ဘလော့ကိုကြိုက်လွန်းလို့ တန်းပလိတ်ပါ အတုခိုးလိုက်ပြီး တရားမစွဲနဲ့နော်း) ဒဏ်ငွေဆောင်ဖို့ ပိုက်ပိုက်မရှိဘူးး ။

BLACK DREAM said...

ဝါးရင်းတုတ်နဲ့ ဇာတ်တူသားကတော့ ရဲဘော်သင်တန်းမှာမှလား အစ်ကိုရာ...။ ဟား..ဟား တွေးမိရင် ရယ်ချင်တယ်...။ မပြောတော့ပါဘူး အစ်ကိုရာ :)

Anonymous said...

ဖားထူးရေ...

နဂိုထဲက ပုပ်နေတဲ့ စစ်တပ်ကိုပဲ အပုပ်ချ ၊ အတင်းပြောနေတော့မှာလား ။ ဇော်မျိုးဘလော့လေးလဲ သွားကြည့်ကွာ ။ မင်းထက် သူက အမျိုးသားရေးစိတ်ဓါတ်ရှိတယ် ။ မင်းထက် သတ္တိရှိတယ် လို့ မြင်တယ်ကွာ ။ မင်းက ဘလော့ပေါ်မှာတောင် လူတကာ သိနေတဲ့ စစ်တပ် ပုပ်တဲ့ အကြောင်းပဲ ဖွပြီး နှမ်းဖြူး ဆြာ လုပ်ချင်နေတဲ့ ကောင်ပဲကွ...။ ဇော်မျိုးဘလော့ဖတ်ပြီး မင်းအမြင်လေးတွေ ပို့စ်အဖြစ် ဖတ်ရဖို့ မျှော်နေမယ်ကွာ ။ နည်းနည်းလေး သတ္တိလေးဘာလေးမွေးကွာ ဖားထူး။

သူကြီး

တန်ခူး said...

ကိုစေးထူးရေ…စာကြွေးတွေဖတ်ရင်း ရင်ထဲမှာစစ်ကနဲ… ဒီမှာလဲကော်လာဖိုးလိုခံစားချက်တူသူတယောက်ရှိပါတယ်လို့ 

May Burma said...

You know a lot about soldiers. Are you an ex soldier?

မင်းကျန်စစ် said...

ကိုယ်တိုင်ခံခဲ့ရပေမယ့် ကိုယ်ကိုယ်တိုင် ပြန်မလုပ်ဖြစ်အောင် အမြဲစိတ်မှာဆုံးဖြတ်ထားတယ် ကိုစေးထူးရေ။ နောင် အနာဂါတ်မှာတော့ ဒီလိုအတိတ်ဆိုးတွေ ပပျောက်စေရမယ်ပေါ့း)

Anonymous said...

http://yeyintnge.blogspot.com/2009/01/blog-post_2377.html ဒါလေးဖတ်ပြီး ပြောကြည့်ကွာ... ။

Apprenticeship said...

စုပ်လဲရူး စားလဲဆူး ဆိုတာ ဒီလို ဘ၀မျိုးကို ပြောတယ်ထင်တယ်။ အရမ်းကို စိတ်မကောင်းဘူး။ တနေ့တခြားများများလာတဲ့ ကလေးစစ်သားလေးတွေရဲ့ဘ၀ :(