Wednesday, April 01, 2009

နွေဦး အေပရယ်လ်..

`ဖူး... ဟူးဟူး´

ပင့်သက်လေ တချက်ကို အားရပါးရ မှုတ်ထုတ်လိုက်ပြီး ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ဒီနေ့ အလုပ်ကပြန်လာရတာ ပင်ပန်းလိုက်ပါဘိတော့...။ ပြတင်းတံခါးမှ မြင်နေရတဲ့ အပြင်လောကကို ကြည့်လိုက်တော့ နေက ခြစ်ခြစ်တောက်အောင် ပူနေဆဲပင်။ အပင်တွေကို ကြည့်လိုက်တော့လဲ နွေလယ်အစ အေပရယ်လ်လရဲ့ သရုပ်သကန် ရွက်ကြွေတွေက တဖျောဖျော တသောသော။

ဒီလောက် ပူအိုက်နေတာကို သက်သာရအောင် ဘာလုပ်ရပါ့မလဲ လို့ စဉ်းစားနေခိုက်မှာပင်...။

***

ကျွိခနဲ တံခါးပွင့်သံနှင့်အတူ လော့ခ် မချထားတဲ့ တံခါးကို ပိုင်စိုးပိုင်နင်း တွန်းဖွင့်ပြီး ကော်လာဖိုးတယောက် အိမ်ထဲ ၀င်လာ၏။ လက်ထဲမှာလဲ ငါးမျှားတံနှင့်...။ အမယ်၊ ပလိုင်းသေးသေးလေး တလုံးကိုတောင် လွယ်ထားလိုက်သေးသည်။

`လာ...၊ ကိုတူလင် သွားရအောင်´
`ဘယ်သွားမလို့တုန်း´
`ချောင်းထဲသွားမယ်လေ၊ ငါးသွားမျှားမယ်´
`အာ...၊ မလိုက်ပါဘူးဗျာ၊ ပူကပူနဲ့၊ ဒီမှာ အခုလေးတင် အလုပ်ကနေ ပြန်လာတာ´
`လာပါဗျာ၊ ချောင်းဘေးရောက်ရင် အေးသွားမှာပေါ့ဗျ၊ အိမ်ထဲမှာနေရင် ပိုပူနေမှာပေါ့´

အင်း...၊ ဒါတော့လဲ ဟုတ်သား။ `ကဲ...သွားဗျာ´ ဆိုပြီး အလုပ်က ပြန်လာတဲ့ အ၀တ်အစားဖြင့်ပင် ကော်လာဖိုးနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တော့သည်။

***

မရောက်တာ ကြာဖြစ်တဲ့ လမ်းကလေးဆီကို ရောက်တော့ စက်ဘီးစီးသူတွေ ဖျောခနဲ ဖျောခနဲ ဖြတ်သွားလိုက်၊ အပြေးလေ့ကျင့်သူတွေက သောခနဲသောခနဲ ရယ်မောကျော်တက်သွားလိုက်နဲ့ သူတို့ကြည့်တော့လဲ ရာသီဥတုကို ပူတယ်လို့တောင် ထင်ပုံမရ...။ အင်းပေါ့လေ၊ သူတို့ကတော့ နေသားကျနေပြီ နေမှာပေါ့။



လမ်းကလေးရဲ့ ဘေးကို အနည်းငယ်မျှ ဖဲ့ဆင်းလျှောက်လိုက်တော့ ချောင်းစပ်ကို ရောက်၏။ ချောင်းစပ်ရောက်မှ ကော်လာဖိုး တယောက် ပါမလာပါလားလို့ သတိထားမိပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဆရာသမားက လမ်းပုခုံးစပ်မှာ ပေါက်နေတဲ့ မြင်းခွာရွက်တွေကို ကုန်းကုန်း ကုန်းကုန်းနှင့် တဗြုတ်ဗြုတ် ဆွဲနှုတ်နေတာကိုး...။ `ဟေ့၊ လာလေဗျာ၊ အပြန်ကျမှ နှုတ်လဲရသားနဲ့´ လို့ လှမ်းအော်ပြောလိုက်တော့ ကသုတ်ကရက်နှင့် ပြေးဆင်းလာသည်။

ချောင်းစပ်ကိုရောက်တော့ ကြည်လင်နေတဲ့ ချောင်းရေက တဟဲဟဲ စီးဆင်းနေတာ ကူးခတ်ဆော့ကစားချင်စရာ...။ ချောင်းရေကြည်ကြည်နဲ့အတူ တဖြတ်ဖြတ် ကူးလူးနေကြတဲ့ ငါးသလဲထိုး သေးနုပ်နုပ်လေးတွေကို မြင်ရတာ အသဲယားလှသည်။ ယက်သဲ့ဇကာသာ ပါလာလို့ကတော့ ချောင်းထဲဆင်းပြီး လိုက်ထိုးဆယ် ဖမ်းမိမည်ထင်သည်။

`ဟိုးဘက်မှာ ငါးဘတ်သွားမျှားကြမလား၊ အဲဒီဘက်မှာက ကျောက်ဆောင်တွေရှိတော့ အဲဒီကြားထဲ ငါးဘတ်ခိုနိုင်တယ်´
`သွားနှင့်လေ၊ ကျနော် နောက်မှ လိုက်ခဲ့မယ်´
`အင်း၊ အင်း´

ငါးမျှားတံလေး တယမ်းယမ်းနဲ့ ကော်လာဖိုးတယောက် ချောင်းရိုးကွေ့ ဟိုဘက်ကို ဆက်လျှောက်သွားသည်။ သူကတော့ ငါးမျှားဖို့ထက် ပူအိုက်လွန်းလို့ ချောင်းထဲဆင်းလာတာဆိုတော့ ဟိုဟိုဒီဒီလိုက်ငေးရတာကို ပိုနှစ်သက်နေသည်။ အင်း...၊ ဇရစ်လေး တညွှန့်နှစ်ညွှန့်တော့ လိုက်ခူးမှလို့ တွေးပြီး ချောင်းစပ်မှာ ထိုးထိုးထောင်ထောင်ပေါက်နေတဲ့ ဇရစ်ညွှန့်တွေကို ဆတ်ခနဲဆတ်ခနဲ ခပ်သွက်သွက်လေး လိုက်ခူးလိုက်သည်။ ဇရစ်ချိုးရင်းနဲ့တွေ့တဲ့ ဍရင်ကောက် ညွှန့်တွေကိုပါ အလွတ်မပေးစတမ်း နှုတ်လိုက်သေးသည်။ ငါးပိရည်နှင့် တို့စားရမည်။

***



`ဟာ...၊ ခရုဖင်လိမ်လေးတွေ အများကြီးပါလား´

ဒီခရုလေးတွေက ဖင်တွန့်လိမ်လိမ် ချွန်ချွန်လေးနဲ့ ကြည့်တော့သာ ဘာမှမဟုတ်တယ်။ ဟိုးတနေ့တုန်းက ထိုင်းဈေးဆိုင်ရောက်တော့ တရုတ်ဘက်ကလာတဲ့ ခရုဖင်လိမ် တထုပ်ကို သုံးဒေါ်လာကျော်နဲ့ ရောင်းနေတာ တွေ့ခဲ့ရသေးသည်။ အခုလိုမျိုး ချောင်းထဲက လတ်လတ်ဆတ်ဆတ်ကို စားရမှတော့ အဲဒီဆိုင်ကဟာ ဘယ်ဝယ်လိမ့်မတုန်း။

ကျောက်ကြိုကျောက်ကြား၊ သဲကြိုသဲကြားမှာက ခရုဖင်လိမ်လေးတွေကို တလုံးပြီးတလုံးကောက်လိုက် လက်ထဲမှာ နည်းနည်းများလာရင် ချောင်းဘေးမှာ သွားပုံလိုက်လုပ်နေတုန်း...

"Hey buddy!, what are you doing?"

ချောင်းစပ်တနေရာကနေ စပ်စုဟန် လှမ်းမေးနေတဲ့ အသားနီစပ်စပ်နဲ့ ပုဂ္ဂိုလ်တယောက်...။

"I am picking ခရုဖင်လိမ်စ် up!" လို့ ပြန်အော်ပြောလိုက်သည်။ ဟုတ်တယ်၊ နားလည်ချင်လည် မလည်ချင်နေ..အေးရော။

***

`ကိုတူလင်...၊ ဒီမှာတွေ့လား´

ကော်လာဖိုးဆီကိုရောက်တော့ ဆရာသမားက လက်ထဲမှာ ကိုင်ထားတဲ့ ငါးဘတ်ခပ်ကြီးကြီးတကောင်ကို လှမ်းထောင်ပြပြီး ၀ံ့ကြွားနေသေးသည်။

`ဟာ...၊ တယ်ဟုတ်ပါလား၊ ညနေကျရင် ထမင်းစားလို့တော့ ကောင်းပြီ´
`ကိုတူလင်ရော...၊ ဘာတွေရလဲ´
`ဒီမှာလေ၊ ဇရစ်ရယ်၊ ဍရင်ကောက်ညွှန့်ရယ်၊ ခရုဖင်လိမ်တွေရယ်´
`ကောင်းတယ်၊ ကောင်းတယ်´

ညနေ နေအတော်စောင်းမှပင် နှစ်ယောက်သား ချောင်းထဲမှ ပြန်တက်လာဖြစ်ကြသည်။ လမ်းကလေးပေါ်ကို ရောက်တော့ လူသွားလူလာပင် အတော်အတန် ရှင်းစ ပြုနေလေပြီ။

အိမ်ကိုပြန်ရောက်ရင် ခရုဖင်လိမ်လေးတွေကို တဒုန်းဒုန်းခုတ်ပြီး ဖင်ဖြတ်ပစ်ရမည်။ ဇရစ်ဟင်းချိုထဲမှာ ခရုဖင်လိမ်တွေကို ရောထည့်၊ ငါးဘတ်မွှေဟင်းရယ်၊ ငါးပိရည်နဲ့ ဍရင်ကောက်ညွှန့် တို့စရာရယ်...။ အင်း...၊ ထမင်းစားတော့ မြိန်ဦးမယ်ထင်ပါရဲ့...။

သို့သော်... ... ...။

***

...


...


...














***

ဟဲဟဲ...၊ ဖတ်လို့ကောင်းကြလား။ တကယ်က အခုလက်ရှိ ကျနော်နေတဲ့ နေရာမှာ ချမ်းလို့အေးလို့ကောင်းတုန်းဗျ။ ချောင်းထဲဆင်း ငါးဖမ်းဖို့မပြောနဲ့၊ အပြင်မှာ အနွေးထည်မပါဘဲ ကြာကြာနေလို့မရသေးဘူး။ ဒါပေမယ့်...၊ ဒီနေ့က ကျနော့်ဆီမှာ ဧပြီလ (၁) ရက်နေ့လေ။ အရူးထကြည့်တာပေါ့။ :D တယောက်ထဲ အရူးထရုံနဲ့ အားမရသေးလို့ စာလာဖတ်သူ မိတ်ဆွေတွေကိုပါ အရူးလုပ်ကြည့်တာပါဗျိုးးးးးးးး။ သဲလွန်စ ပေးချင်လို့...၊ ထိပ်ဆုံးကစာလုံးကို ဖူးး(fool) လို့တောင် ရေးလိုက်သေးတယ်။ :P ယုံတဲ့လူခံ။ အဟီး။

အားလုံး ရွှင်လန်းကြပါစေဗျာ။


ကလိုစေးထူး

18 comments:

Anonymous said...

ထိပြန်ပြီးး အဟုတ်မှတ်လို့ဖတ်နေတာ မေးမယ်ပေါ့ အဲ့မှာလည်း ငပိရည် တို့စရာတွေ ရလားဆိုပြီးး)


"I am picking ခရုဖင်လိမ်စ် up!" မှတ်ထားလိုက်ပြီး ။ ကိုတူးလင်းရေ့ မျှားခဲ့တဲ့ ငါးနဲ့ ထမင်းစားဖိတ်ပါလားဗျ ။

The Wild Rose said...

အဲ့ကွယ် ကိုတူလင်တို့ကတော့ လုပ်တော့မယ် .... သူများဆီမှာ ဖူးပြီးပြီ သူကအခု ထပ်ဖူးနေပြန်ပြီ ...
အဲ့ လေကွယ် သူတို့ဆီမှာ ဒီနေ့မှဖူးရတာကိုး ...

အဲ့ကွယ်မပြောချင်တော့ပါဘူး ....

tz said...

မနေ့က ပို့စ်တွေ လိုက်ဖတ်ရင် မရဲတရဲနဲ့ ဖူးလုပ်ထားလား မထားလားပေါ့
အာ ဒီနေ့တော့ပြီးပြီ ဆိုပြီး ရဲရဲကြီးဖတ်လိုက်ကာမှ :D

Sein Lyan Tun said...

အင်းဖတ်ပြီးမှ သိလိုက်တယ်
ဒါတောင်မသဲမကွဲ ရေးရေးလေး
ဖူး....ဟူးးး...ဟူး...

Thant said...

အဲ ထိပြန်ပြီ..... ဟုတ်လှချည်လားလို့တွေးပြီးဖတ်နေတာ ။ အဆုံးကျတော့မှ.....း(

:P said...

သြော်.. ဧပြီ ၂ ရက်နေ့ရောက်တာတောင်
ခံနေရသေးသဟဲ့..... ငါ့နှယ်နော်... :(((

:P said...

`ဖူး... ဟူးဟူး´
ကိုလည်း ခုမှပြန်ကြည့်မိဒယ်....။

tututha said...

ခံရပြီဗျို့ ... စိတ်ကူးထဲမှာ ငဘတ်ကို မွှေကြည့်တုန်း ရှိသေးတယ် .. ဟင်းနော် .. ခြေသလုံးဖက်ကိုက်ချင်စိတ် ပေါ်လာပြီ။

ဒါနဲ့ ကျမ ဘာများဖွမိပါလိမ့် :|

ညီလင်းသစ် said...

ဓါတ်ပုံတွေ ဘာတွေနဲ့ဆိုတော့ အချီကြီးပါလားဗျို့... :D
အဲဒါကြောင့် စိတ်ထဲမှာတော့ ထင်သား... ဧပြီလပဲရှိသေးတယ်၊ အဲဒီမှာ မခံမရပ်နိုင်အောင် ပူနေတယ်ဆိုတော့... တခုခုလွဲနေသလိုပဲလို့...။

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူး.. တော်တော်နောက်
ဟားဟား ခံလိုက်ရပြီ..
လုံးဝမထင်ဘူး.. ဒီမှာက ၂ ရက်နေ့ ဖြစ်နေပြီဆိုတော့ မထင်ဘူး..း)
နောက်တယ်.. ဖတ်လို့ကောင်းနေတာ.. တကယ်ပဲ ချောင်းနဘေး ရောက်သွား သလိုလိုကို ခံစားရတယ်.. ထမင်းစားတာများ ဆက်ရေးတော့ မလားလို့..း)

ကိုစေးထူးရေ.. ဆီပုံးမရှိလို့ ဒီမှာပဲ ပြောခဲ့တော့မယ်..
ရင်းနှီးချစ်ခင်စွာ Tag ထားပါတယ်လို့..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်ခင်လေးငယ်

Unknown said...

တိဒယ်..တိဒယ်..။ ဒီရက်ပိုင်း ပို့စ်တွေဖတ်ရင် အောက်ဆုံး တို့ ကော်မန့်တို့က စဖတ်လို့..။ ကိုယ်လုပ်မယ်စဉ်းစား ထားပြီးမလုပ်ဖြစ်လိုက်လို့ ငှဲငှဲ..။ ဘာပဲပြောပြော အစ်ကို့ အိုင်ဒီယာလေးကမိုက်တယ်..။ ဗိုက်တောင် အတော်ဆာ သွားတယ်..။ ဟိ :P

pandora said...

ဟိဟိ
မှတ်ချက်က စဖတ်သွားတယ်
(ကစေးထူး ဘလော့က မှတ်ချက်ဆိုရင် စိတ်ဝင်စားလွန်းလို့ပါ)
ခုတော့ ဧပြီဖူးလ် မဖြစ်တော့ဘူးပေါ့

Moe Cho Thinn said...

နောက်တခါကျရင် ဒီနေ့ ဘာနေ့လဲ အရင်စဉ်းစားပြီးမှ ဖတ်ရမလိုပါလား။
တို့လဲ ချောင်းရေစပ်စပ်လေးမှာ အတူလိုက် ရေထဲဆင်း ဟင်းရွက်ခူး ငါးဟင်းချက်စားမယ် ကြံစည်တုန်း.. Fool ဆိုတော့ နာသကွာ.. :))

မင်းနန္ဒ said...

အားပါးမြင်ခွာရွက်တွေ၊ ဒရင်ကောက်ညွန့်တွေ ငပိရည်တွေနဲ့..။ အဲဒါတွေမြင်တော့ ဗမာပြည်အကြောင်းများလားလို့ အပေါ်ပြန်ကြည့်တော့ နီစပ်စပ်လူကလဲပါလာသေးဆိုတော့...။ အော် အမေကြီးကားမှာလဲ တယ်ဟုတ်ပါလားမှတ်နေတာ။ ဖြစ်ချင်တော့ ဒီမှာက ၃ရက်နေ့တောင်ရောက်နေတော့ သတိလဲချွတ်ယွင်းသွားတော့ ခံပဟ။

ပုံရိပ် / Pon Yate said...

ပျော်စရာကောင်းလို့ ကျေကျေနပ်နပ် အရူးလုပ်သွားပါတယ်။

nu-san said...

ကိုစေးထူးရေ.. မဖတ်ရသေးတဲ့ ပို့စ်တွေကနေ စဖတ်ရင်း အောက်ဆုံးက မှတ်ချက်လေး မြင်ပြီး april fool ဆိုတာ အရင် သိသွားပါတယ်ကွယ်.... ငှဲ..ငှဲ... :D

Saint said...

Ha ha... 1st April has been long passed, but it is worth being fooled. Thanks for the lively post.

လှိုင်းကြမ်း said...

ထိတယ်ဗျို. ...................