Tuesday, April 14, 2009

ထွင်ခဲ့စဉ်က...

ကျနော် ကိုးတန်းကျောင်းသား အရွယ်ကပေါ့။

အဲဒီအရွယ်ဆိုတာက လူကြီးလဲမဟုတ်၊ ကလေးလဲ မဟုတ် စကောစက ဆိုတော့ တခါတလေကျရင် ပေါက်ပေါက်ရှာရှာတွေ သိပ်ထွင်တတ်တယ်။ ကိုယ်က ထွင်လုံးထုတ်ပြီး လုပ်တဲ့ အလုပ်တခုကို တခြားသော အရွယ်တူတွေက လိုက်လုပ်တဲ့အခါတို့၊ လူတွေက အာရုံစိုက်လာတဲ့ အခါမျိုးတို့ဆိုရင် ကျေနပ်နေသေးတာ...။

အဲဒီအရွယ်တုန်းက အထွင်တကာ့ ထွင်လုံးတွေက ဘာတွေလဲဆိုတော့... ... ...။

***

၏ဌွေး
ဗရ်ဋေါ့ဠေခ် ဠာဋွေ့ဠို့ယမဠဲ။ ဃြီဋိုက်ဋာဋေါ့ မဟုဋ်ဘာဗူး။ ငါ့ဃိုပျံခြစ်ဘာဋော့ဏော်။

အပေါ်မှာ ရေးထားတာ ကြည့်လိုက်ရင် ရုတ်တရက် မျက်စိ လည်သွားမှာပေါ့။ တကယ်တော့ ဒီနည်းကို ငယ်သူတို့ဘာဝ ရည်းစားသနာတွေ ခိုးထားတဲ့အခါ အိမ်က လူကြီးတွေ မသိအောင် အချိန်းအချက်လုပ်ကြတာပါ။ သတ်ပုံကို မှားနိုင်သမျှ မှားအောင် ရေးရတယ်။ ဒါမှ လူကြီးတွေ မျက်စိလည်မှာကိုး။ စာရဲ့ အဓိပ္ပာယ်က...

အိထွေး
ဘယ်တော့လောက် လာတွေ့လို့ ရမလဲ။ ဂျီတိုက်တာတော့ မဟုတ်ပါဘူး။ ငါ့ကို ပြန်ချစ်ပါတော့နော်။

...လို့ ပြောချင်တာပါ။ ကိုယ့်ထွင်လုံးနဲ့ကိုယ် အဲဒီအရွယ်တုန်းကတော့ သဘောကို ကျလို့ပေါ့။ ဒါပေမယ့် မြန်မာစာ ဆရာမက အဲလိုစာမျိုးတွေ့ရင် အရမ်းစိတ်ဆိုးတတ်ပါတယ်။

***

နောက်တနည်း ထွင်ရေးတာ တခု ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာဗျည်း ၃၃ လုံးကို နံပါတ်အစဉ်လိုက် ယူပြီး ဗျည်းတွဲတွေနဲ့ တွဲရေးတာပါ။ ဥပမာ...၊ က ဆိုရင် ၁၊ ခ ဆိုရင် ၂၊ ဂ ဆိုရင် ၃...၊ အဲဒီလို စီသွားလိုက်တာ အ ကျတော့ ၃၃ပေါ့။ အဲဒါတွေကို ဗျည်းတွဲနဲ့ တွဲပြီး ထွင်ရေးပါတယ်။ ဥပမာ တကြောင်းရေးပြပါမယ်။

ေ၃၁့ေ၁ါင်ေ၁ျာ်ြ၁ီး
၁၀ေ၂၀ ၁ျ ၂၇၅် ၁၆၁် ၂၂၁်ေ၁၂ ၇ို၅် ၂၅ှာ ၇ုံ ၂၇ေ၃၃ာ၁်။

ရုတ်တရက် ဖတ်လိုက်ရင် မျက်စိလည်စရာ မကောင်းဘူးလား။ တကယ်တော့ သူပြောချင်တာက...

ဟေ့ကောင်ကျော်ကြီး
ညနေကျရင် လက်ဖက်ရည်ဆိုင်မှာ ဆုံရအောင်

...လို့ ရေးထားတာပါ။ ဗျည်းတွေနေရာမှာ နံပါတ်အစဉ်လိုက် ၁၂၃၄ ဂဏန်းတွေ အစားထိုးပြီး ဗျည်းတွဲတွေနဲ့ ပေါင်းရေးလိုက်တော့ လူကြီးတွေ ခမျာ မျက်စိကို လည်ရော...။ နောက်တော့လဲ ဆရာ၊ ဆရာမတွေက သိသွားတာပါပဲ။

***

စာရေးတာတင် ထွင်တာလား ဆိုတော့ ဒါတင် မဟုတ်သေးပါဘူး။ စကားပြောတာကိုလဲ ထွင်လိုက်ကြသေးတယ်။ ဒါကတော့ အတော်များများလဲ ကြားဖူးမယ်လို့ ထင်ပါတယ်။ စကားလုံးတခုခုနဲ့တွဲပြီး ပြောချင်တဲ့ စကားတလုံးစီကို စကားလိမ် လုပ်ပြောတာပါ။ ဥပမာ...၊ တွဲပြီးပြောမယ့် စကားလုံးက `တယ်´ ဆိုပါစို့၊ `နေကောင်းလား´ လို့ ပြောချင်ရင် `နေတယ်၊ကောင်းတယ်၊လားတယ်´ ဆိုပြီး တလုံးစီကို တယ်နဲ့ တွဲပြီး စကားလိမ်လုပ်လိုက်တော့ `နယ်တေ ကယ်တောင်း လယ်တား´ ဆိုပြီး ထွင်ပြောတာပါ။ ကိုယ်တွဲပြောရမယ့် စကားလုံးကိုတော့ အချင်းချင်း နားလည်မှု ယူရတာပေါ့။

`နယ်တင် ညယ်တ နယ်တေ အယ်တား လာတား´ (နင် ညနေ အားလား)
`ဘယ်တာ လယ်တုပ် မလယ်တို့ လယ်တဲ´ (ဘာလုပ်မလို့လဲ)
`ပယ်တန်း ချယ်တယ် ရှယ်တောက် လည်တယ် မယ်တယ် လယ်တေ´ (ပန်းခြံ လျှောက်လည် မယ်လေ)

အဲဒီ စကားပြော ထွင်လုံးက ဘယ်လောက်ထိတောင် တွင်ကျယ်သလဲ ဆိုရင် ကလေးပိစိလေးတွေက အစ လိုက်ပြောကြတဲ့ အထိပါပဲ။ လူကြီးတွေကတော့ `နင်တို့ဟာက ဘာတွေတုန်း´ ဆိုပြီး မျက်စိကို လည်လို့ပေါ့။ အဲလိုနဲ့ ကျနော်လဲ အဲဒီစကားကို တွင်တွင်ကြီးကို ပြောဖြစ်ခဲ့ရင်းနဲ့ တနေ့ကျတော့...

***

အဲဒီနေ့က ဗွီဒီယိုရုံမှာ ရဲကိုကိုရဲ့ `စွန့်စားမယ့် အချစ်´ ကား ပြတာကို ကျနော်နဲ့ နေဇာ ညီအစ်ကို နှစ်ယောက် အရမ်းသွားကြည့်ချင်နေတယ်။ မေမေ့ကလဲ ခွင့်ပြုမလား မပြုလား မသေချာဘူး။ စာကြည့်စားပွဲမှာ စာသာကျက်နေရတယ်၊ ဟိုကောင်ကလဲ ကျနော့်ဘက် ကွက်ကြည့်ကွက်ကြည့်၊ ကျနော်ကလဲ မေးဆတ်ပြီး ဘယ်လိုလဲ လို့ ငဲ့ကြည့်ငဲ့ကြည့်ပေါ့။ ခဏနေတော့ နေဇာ ကျနော့်နား ရောက်လာပြီး အသံခပ်အုပ်အုပ်နဲ့...

`ကယ်တကို ကျယ်တကီး´ (ကိုကြီး)
`ဘယ်တကာ လာတလဲ´ (ဘာလဲ)
`ရယ်တကဲ ကယ်တကိုကယ်တကို ကယ်တကား ကြယ်တကိ ချယ်တကင် တယ်တကယ်´ (ရဲကိုကိုကား ကြည့်ချင်တယ်)
`မယ်တကေ ကျယ်တကီး ကယ်တက ပယ်တကေး ကျယ်တကိ မယ်တကယ် မထယ်တကင် ဘယ်တဘူး´ (မေကြီးက ပေးကြည့်မယ် မထင်ဘူး)´

`နင်တို့ နှစ်ကောင် ဘာတွေပြောနေကြတာတုန်း´

နောက်ကနေ ကပ်လျက်ပေါ်လာတဲ့ မေမေ့အသံကြောင့် ညီအစ်ကို နှစ်ယောက်လုံး ကမန်းကတန်းနဲ့ `ဘာမှ မဟုတ်ပါဘူး မေကြီးရ၊ နေဇာက စာမရှင်းတာ လာမေးတာပါ´ လို့ ပြောပြီး ဟိုကောင် နေဇာ့ကို မျက်ရိပ်ပြလိုက်တယ်။ မေမေက ဘာမှမပြောဘဲ ပြန်လှည့်သွားတယ်။

ဒါနဲ့ပဲ စာကို စိတ်မပါလက်မပါနဲ့ ဆက်ကျက်နေတာပေါ့။ ဆယ်မိနစ်လောက်လဲ ကြာရော မေမေ့ဆီက အသံထွက်လာတာက...

`သယ်တကား ကျယ်တကီး´

`ဗုဒ္ဓေါ´ ဆိုပြီး စိတ်ထဲကနေ ယောင်အော်ပြီး မေမေ့ဆီ အလန့်တကြား ကြည့်လိုက်တာ မေမေက အောင်နိုင်သူ စစ်သူကြီးရဲ့ မျက်နှာမျိုးနဲ့...

`လယ်တကာ စယ်တကမ်း´

မေမေ့ အနားကို ခပ်ကုပ်ကုပ်လေး လျှောက်သွားတော့...

`ငါကလေ၊ နင်တို့ကို မွေးထုတ်ထားတဲ့ အမေပါဟဲ့၊ နင်တို့ကိုယ် နင်တို့ တော်တော်လည်နေပြီ ထင်နေသလား´
`...........´
`ရော့၊ ပိုက်ဆံ၊ သွားကြည့်ကြ၊ စက်ဘီးမပျောက်စေနဲ့´

ဘာရမလဲ ညီအစ်ကိုနှစ်ယောက် အိမ်ပေါ်ကနေ ကဆုန်ပေါက် ပြေးဆင်းတာပေါ့။ ဒါပေမယ့် အဲဒီစကားလိမ်ပြောနည်းကတော့ အဲဒီနေ့ကစပြီး နောက်ထပ် မပြောဖြစ်တော့ဘူး။

ငယ်စဉ်ရွယ်စဉ်ဘ၀ ဆိုတော့လဲ ထွင်တတ်တာကိုး။

***

ကလိုစေးထူး

(သွားမယ်၊ စားမယ်၊ လုပ်တယ်၊ ကိုင်တယ် ဆိုတာတွေကို သွားမရ်၊ စားမရ်၊ လုပ်တရ်၊ ကိုင်တရ် လို့ ရေးကြတာ တချို့တွေ့မိတော့ ကျနော်သည်လဲ ထွင်ရေး၊ ထွင်ပြောဖူးခဲ့တဲ့အကြောင်း ဒီစာကို ရေးဖို့ စိတ်ကူးရမိတာပါ။)

16 comments:

Nyi Linn Thit said...

ဖယ်တကတ် ရယ်တက တယ်တကာ ကယ်တကောင်း တယ်တကယ် ကယ်တကို ကလယ်တကို စယ်တကေး ထယ်တကူး ရယ်တကေ... :)

ကလူသစ် said...

ငယ်ငယ်က အဲ့လို စကားလိမ်နဲ့ပြောတာကြားရင် သိတ်စိတ်တိုတာပေါ့။ စကားတခွန်းနားလည်ဖို့ တော်တော်ဘာသာပြန်နေရလို့လေ။ :(

ကိုရင်နော်ခင်လေးငယ် said...

ဟယ်တကီး ဟယ်တကီး (ဟီးဟီး)း))

တောင်ပေါ်သား said...

ဟီးးး ဒီပိုစ့် ဖတ်ရ အခက်ဆုံးပဲ တပိုစ့်လုံးဖတ်ပြီး လူပါ ချာချာလည်သွားတယ် စကားတွေတောင် ထစ်နေပြီ လုပ်ပါဦး ကယ်တကို ကျယ်တကီး စေးထူးရေ (စေးထူးကို မပြောတတ်လို့ ) ဟီးးးးး


လေးစားလျက်
တောင်ပေါ်သား

sin dan lar said...

ဖော်ရကတ် သော်ရကား ပေါ်ရကာ တယ်ရကယ်...
အဲ.. "တယ်"ကို ပြောရတာကျ တညိုးကြီး ဂျ.....။

Moe Cho Thinn said...

ကိုစေးထူးရေ
အမလဲ ငယ်ငယ်က ကြားဖူးတယ် သူများတွေ ပြောတာ။ ကိုယ်က ဦးနှောက် မပြေးတော့ ဘာမှကို နားမလည်ဘူးဟေ့။ မျက်လုံးအ၀ိုင်းသားနဲ့ ပြောတဲ့သူတွေ တလှည့်စီ ကြည့်နေရတာ။ :)

အိထွေးကို စာရေးတော့ရော သူက နားလည် သတဲ့လား။ ငါ့ကို ပြန်ချစ်ပါတော့နော် ဆိုပါလား။ အားရပါးရ ရီသွားတယ်။ သူနားလည်ရင်တော့ သနားပြီး ပြန်ချစ်လောက်တယ်။ :D

မီယာ said...

ငယ်ငယ်ကတော့ ခစကား ဆိုပြီး အဒေါ်တွေပြောတာ လိုက်ပြောတယ်... ခုထက်ထိ တခါတလေ သုံးတုန်းပဲ.. ဘူသေးခေါပြေးတာ ခါးနေး ခယ်မလေးဘူး... အဖွားက အရမ်းစိတ်ဆိုးပြီး ခွေးစကားတွေ မပြောနဲ့ဆို ဆူတယ်

အိမ့်ချမ်းမြေ့ said...

မာတဂင် ဂလင်တဂါ သာတဂင် ဂျတဂင် ဖြစ်ပါစေ...
ဟုတ် မဟုတ် မသိဘူး..
ထင်တာပြောပြီး နှုတ်ဆက်သွားပါတယ် ကိုစေးထူးရေ...ခေါင်းတောင်မူးသွား၏း)

ပုံရိပ် said...

ကိုစေးထူးအမေက တော်တယ်။

တောင်ပေါ်သား said...

ပျော်ရွှင်ဖွယ် နှစ်ကူးလေးဖြစ်ပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ ဆုလာတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

BLACK DREAM said...

ရော်...။ သူလည်း အချော်တကောက် ဘာသာရပ် ကျွမ်းကျင်သကိုး...။ :P

nu-san said...

ကျနော်တို့လည်း အဲဒီလို ပြောဖူးတယ်.. နောက်တော့ လူကြီးတွေကလည်း ဆူ၊ ကိုယ်တိုင်လည်း ပြောရင်းနဲ့ မူးနောက်လာလို့ ဆက်မပြောတော့ဘူး... :D ဟိုရက်ကတောင် အဲဒီလိုပြောခဲ့ဖူးတာ တွေးနေမိသေးတယ်... ကိုစေးထူးလိုတော့ သေချာ ပြန်မပြောနိုင်တော့ဘူး.. :)

အလုပ်များလွန်းလို့ ကိုယ့် Blog လည်း စာအသစ်မတင်နိုင် သူများတွေဆီလည်း မလည်ဖြစ်ဘူး.. တကူးတက လာလည်တာ ကျေးဇူးပါနော်.. ဒီနှစ်တော့ ဦးဦး နဂျယ်ကောင်ကို ရေမလောင်းလိုက်ရဘူး.. :D

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ အကိုစေးထူးရေ.. :)

မောင်မျိုး said...

ကျနော်က ခေတ်လူငယ်ဖြစ်ပြီး တုံးလာတာတော့မသိ ခုချိန်ထိ အဲ့တာမပြောတတ် နားမလည်ဘူး အစ်မတွေဆို ကျနော့်ရှေ့ အဲ့လို အထာတွေနဲ့ပြောပြီး သူတို့တွေကြီး ရုပ်ရှင် သွားသွားကြည့်ကြတာ မှတ်မိသေးတယ်း)

mainnmainn said...

အဲ့လိုပြောတာ ငယ်ငယ်ကခဏခဏကြားဖူးပါတယ်
ဒါပေမဲ့ ကိုစေထူးရဲ့ပိုစ်ကိုမဖတ်ခင်ထိနားမလည်ဘူး.
တုံးပုံများပြောပါတယ် ဟီးးး
ဖတ်ပြီးတော့အားရပါးရလည်းရီမိပါတယ်..

ကိုလူထွေး said...

ကျွန်တော် ဖတ်ရင်းနဲ့ မျက်စိလည်သွားတယ်..
ထွင်တတ်ပါပေ့ဗျာ

rita said...

:) pauk tat ka ya lal tat tel naw