ကျနော်နေခဲ့တဲ့ နယ်မြို့ကလေးမှာ ကတ္တရာခင်း လမ်းဆိုလို့ မြို့လယ်လမ်း တခုထဲရှိတယ်။ မြို့ကလဲ ပိစိကွေးလေး ဆိုတော့ လမ်းအရှည်ကလဲ မြို့ရဲ့အစ သင်္ဘောဆိပ်ကနေ ဟိုးဘက်က မြို့ပြင်ကို အထွက် စစ်တပ်ဂိတ်အထိမှ တမိုင်ခွဲသာသာရယ်...။ အဲဒီမြို့လယ်လမ်း နာမည်က ဗိုလ်ချုပ်လမ်း...တဲ့။
မြို့ထဲလို့ သတ်မှတ်လို့ရနိုင်တဲ့ အိမ်စုစုလေးတွေကနေ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်လာရင် ဌာနဆိုင်ရာ ရုံးတချို့ကို တွေ့နိုင်တယ်။ အဲဒီကမှ နည်းနည်းလေး ထပ်လျှောက်လိုက်ရင်တော့ ခပ်ညှို့ညှို့ခပ်အုပ်အုပ် ကြို့ပင်အကြီးကြီး တပင်က ဗိုလ်ချုပ်လမ်းကို အုပ်မိုးထားတယ်။ အဲဒီ ကြို့ပင်ကြီးကြောင့်ပဲ ကျနော် နေထိုင်ခဲ့တဲ့ ရပ်ကွက်ကို ရပ်ကွက်(၁)လို့ မခေါ်ဘဲ ကြို့ကုန်းလို့သာ ပိုပြီး ခေါ်တွင်ဖြစ်ကြပါတယ်။
ကျနော် နေထိုင်ခဲ့တဲ့ ကြို့ကုန်းအတွက်ရော မြို့ကလေးမှာပါ အထင်ကရဖြစ်တဲ့ နေရာလေး တခုက ကြို့ပင်ကြီးရဲ့ ခပ်လှမ်းလှမ်းမှာ ရှိတယ်။ အဲဒါကတော့...
`ဒေါ်ငွေကြည်´ လက်ဖက်သုပ်ဆိုင်ပါပဲ။
***
၁၉၉၀ ၀န်းကျင်လောက်တုန်းက မြန်မာပြည်မှာ အသင့်စား လက်ဖက်ထုပ်လေးတွေဆိုတာက ဒီလောက်ထိ ဈေးကွက် မတွင်ကျယ်သေးပါဘူး။ ရန်ကုန်မှာ တချို့ဆိုင်တွေ ရှိကောင်း ရှိနိုင်ပေမယ့် ကျနော်တို့မြို့လေးမှာတော့ မရှိခဲ့သေးဘူး။ အဲဒီမှာတင် သားသမီးငါးယောက်ရဲ့ အမေ ဒေါ်ငွေကြည်ရဲ့ စိတ်ကူးလေးနဲ့ ဒီလက်ဖက်ဆိုင် ပေါ်လာတာပါပဲ။
မနက်မိုးလင်းပြီ ဆိုတာနဲ့ သားအကြီးဆုံး ကိုမိုးက လက်ဖက်သုပ်ထဲ ထည့်ဖို့ အုန်းသီးတွေခွဲတယ်။ ဒေါ်ငွေကြည့် လက်ဖက်မှာ မြို့က လက်ဖက်တွေထဲ မပါတာ တခုရှိတယ်။ အဲဒါကတော့ အုန်းသီးတွေကို အမျှင်မျှင်အတောင့်လေးတွေ လှီးပြီး ကြော်ထားတဲ့ အုန်းကြော် ပါတာပါပဲ။ အဲဒီ အုန်းကြော် ကြော်ဖို့အတွက် ကိုမိုးက မနက်တိုင်း မနက်တိုင်း အုန်းသီးတွေ ခွဲရတယ်။ အုန်းသီး ခပ်ရင့်ရင့်တွေကို အခွံခွာ၊ ပြီးရင် အုန်းသီးအသားလုံးချည်း ကျန်အောင် အပေါ်က အခွံမာကို ခွာထုတ်ရတယ်။
ပြီးရင် ကျန်တဲ့ သမီးတွေဖြစ်တဲ့ မခင်ယုကြည်၊ ခင်ယုမော်၊ ခင်ယုလွင်နဲ့ သူဇာယု ဆိုတဲ့ ညီအမလေးယောက်က အုန်းသီးလှီးသူကလှီး၊ လက်ဖက်ကို ဆုံအကြီးကြီးထဲမှာ ညက်နေအောင် ထောင်းသူကထောင်း၊ ပဲကြော်တွေကို သန့်စင်အောင် ခဲရွေးထုတ်တဲ့လူကထုတ်၊ လက်ဖက်ထုပ် ထုပ်တဲ့လူက ထုပ်နဲ့ အလုပ်ရှုပ်တော့တာပဲ။
မွေးထားတဲ့ သမီးလေးယောက်စလုံးကလဲ အချောတွေချည်းပဲဆိုတော့ ဒီသမီးတွေကို လာပိုးပြီး လက်ဖက်သုပ်လာဝယ်တဲ့ ကာလသားတွေကလဲ မနည်းပါဘူး။
ဒေါ်ငွေကြည်ရဲ့ အသင့်စား လက်ဖက်ထုပ်တွေ ဆိုတာက အခုခေတ် အရောင်းတွင်နေကြတဲ့ လက်ဖက်ထုပ်ပုံစံတွေလို မဟုတ်ဘူး။ ကျွပ်ကျွပ်အိတ် ခပ်သေးသေးလေးထဲမှာ ပဲကြော်၊ နှမ်း၊ မြေပဲ၊ အုန်းကြော်၊ ကြက်သွန်ဖြူစိတ် တွေကို နည်းနည်းစီရောထည့်၊ ပြီးတော့ ပလတ်စတစ်အိတ်သေးသေးလေးနဲ့ လုံနေအောင် ထုတ်ထားတဲ့ လက်ဖက်သား ဆီစိမ်အထုပ်ကလေး တထုပ်နဲ့...၊ ဒါပါပဲ။ အရသာကတော့ ထုံးစံအတိုင်း ချဉ်စပ်နဲ့၊ ရိုးရိုးပေါ့။
ဟိုးအစတုန်းကတော့ ဒီလိုပဲ ဆိုင်မှာ အစမ်းသဘောမျိုး လက်ဖက်သုပ် တင်ရောင်းဖြစ်ခဲ့ပေမယ့် စိတ်ကူးကောင်းကောင်းနဲ့ အဲဒီလို အထုပ်ကလေးတွေ ထုပ်ရောင်းတော့ တော်ရုံတန်ရုံ အခြေခံစားသုံးသူတွေအတွက် အတော်လေး အဆင်ပြေတဲ့ စားစရာ တမျိုးဖြစ်သွားတယ်။ နောက်ပိုင်းမှာတော့ လက်ဖက်သုပ်အပြင် ဂျင်းသုပ်ကိုပါ ထည့်ရောင်းတယ်။ သြော်...၊ ပြီးတော့ လူကြီးသုပ်ဆိုတာလဲ ရှိပါသေးတယ်။ မြေပဲ၊ ကြက်သွန်ကြော်၊ နှမ်း လက်ဖက်အသား...၊ အဲဒါတွေပဲ ပါတာကို လူကြီးသုပ်တဲ့။ ဘာဖြစ်လို့ အဲဒီလို ခေါ်တာလဲဆိုတာတော့ မသိပါဘူး။
တခါတလေမှာ ဟင်းချက်ဖို့ အချိန်မရလိုက်သူတွေအဖို့ ဒေါ်ငွေကြည့် လက်ဖက်ထုပ်က အတော်အဆင်ပြေတယ်။ လက်ဖက်အသားထုပ် သေးသေးလေးထဲမှာ ထည့်ထားတဲ့ ဆီက နောက်ထပ်ဆီထပ်ထည့်စရာ မလိုအောင် အလုံအလောက် ဖြစ်ပြီးသားမို့ ပန်းကန်ထဲဖောက်ထည့်၊ ရောနယ်ပြီး ထမင်းဖြူနဲ့စားလိုက်ရင် ကမန်းကတန်း ထမင်းတနပ်တော့ ကိစ္စပြီးတယ်လေ။ အိမ်ကို လာလည်တဲ့လူတွေကို လက်ဖက်နဲ့ ဧည့်ခံချင်တယ် ဆိုတော့လဲ အဲဒီ လက်ဖက်ထုပ်ကိုပဲ နီးရာအိမ်ဆိုင်က ပြေးဝယ်၊ ပုဇွန်ခြောက်လေး၊ ခရမ်းချဉ်သီးလေး ထပ်ရောပြီး သုပ်ကျွေးလို့ရတာပဲ။
မနက် နေရောင်လေး လင်းပျပျ ဖြစ်လာပြီ ဆိုရင်ပဲ ဒေါ်ငွေကြည့် ဆိုင်ရှေ့ကို လက်ဖက်ထုပ် အမှာသမားတွေက ရောက်နေပြီ။ တချို့ကျတော့လဲ လှည်းနဲ့၊ တချို့ကတော့ စက်ဘီးနဲ့၊ အဲဒီလူတွေထက် နည်းနည်းလေး ပိုခေတ်မီတဲ့ လူတချို့ကတော့ ဖွတ်ချက်ဆိုင်ကယ်လေးနဲ့ပေါ့။ ကားနဲ့လာအယူသမားတော့ မရှိပါဘူး။ မြို့ကလေးက ပိစိကွေးကလေးကိုး။
နေ့လည်ကျရင်တော့ ဟိုသမီးလေးယောက်ကို လာပိုးပြီး လက်ဖက်တပန်းကန်ကို တနာရီလောက်ကြာအောင် ထိုင်စားတဲ့ ကာလသားတချို့ ရှိတတ်တယ်။ ဒေါ်ငွေကြည့်ဆိုင် ဟိုဘက်ဘေး ပြည်သူ့ဆေးရုံက နပ်စ်မတွေလဲ တခါတလေ လာစားတတ်သေးတယ်။
ညဘက်ဆိုရင်တော့ နယ်မြို့ဖြစ်တာမို့ ည ၈ နာရီသာသာဆိုရင် ဆိုင်ကပိတ်ပြီ။ ဒါပေမယ့် မနက်မှာ လက်ဖက်ထုပ်လာယူဖို့ အော်ဒါ မှာထားကြသူတွေအတွက် သားအမိ မောင်နှမတွေ ဖယောင်းတိုင်မီးထွန်းပြီး လက်ဖက်ထုပ် ထုပ်ကြရတယ်။ သူတို့အိမ်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်က အုတ်ခုံကနေ လှမ်းငေးရင် အဲဒီမီးရောင် မှိတ်တုတ်တုတ်ကို မြင်နေရလို့ အဲဒီအုတ်ခုံမှာ ထိုင်ပြီး ကိုမွန်းအောင်ရဲ့ `ယု´ သီချင်းကို သွားဟစ်တတ်ကြသူတွေကလဲ ရှိသေးတယ်။
***
တလောက ဆူညံပွက်လောရိုက်သွားတဲ့ သတင်းတွေက လက်ဖက်တွေထဲမှာ ဆိုးဆေးတွေ ပါနေသတဲ့။ သတင်းစာထဲမှာ ဆိုးဆေးပါတဲ့ လက်ဖက်စာရင်းတွေကို ကြေညာလိုက်ပြီးတာနဲ့ နောက်ပိုင်းမှာ လက်ဖက်ထုပ်တွေကိုပါ ဈေးကွက်ထဲမှာ ပြန်သိမ်းကြ၊ နောက်ထပ် လက်ဖက်တွေကိုလဲ ထပ်စစ်ကြ၊ဆေးကြပေါ့။
ကျနော်ကလဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသတင်းတွေ မပေါ်လာမီလေးတင်ပဲ ယုဇနလက်ဖက်ထုပ် အကြီးကြီး နှစ်ထုပ်ကို သူများ လက်ဆောင်ပေးလို့ ရထားတယ်။ ဆိုးဆေးပါတဲ့ စာရင်းထဲ ယုဇန မပါဘူးကွ ဆိုပြီး အားရပါးရတွယ်နေတာ အခုဆို အထုပ်ကြီးတထုပ်ကုန်ပြီ။ စင်္ကာပူက ထုတ်တဲ့စာရင်းထဲ ယုဇန နာမည်ပါလာတော့လဲ လက်ဖက်ထုပ်တွေက အမှိုက်ပုံးထဲ မရောက်သေးဘဲ အစာအိမ်ထဲပဲ ရောက်နေတုန်းပါပဲ။ တော်တော် အကြောက်တရား နည်းတဲ့ သဘောပေါ့။ :D
ဒါပေမယ့် အခုတလောတော့ အဲဒီ ယုဇနလက်ဖက်ထုပ် တထုပ်ဖောက်စားတိုင်း ဒေါ်ငွေကြည့် လက်ဖက်ထုပ်လေးတွေကို မျက်စိထဲမှာ သွားသွားပြီး မြင်ယောင်မိတယ်။ ဒေါ်ငွေကြည့် လက်ဖက်ဆိုင်ရော အဆင်ပြေပါ့မလား၊ သူတို့လက်ဖက်ထုပ်တွေထဲမှာလဲ ဆိုးဆေးပါနိုင်တယ်ဆိုပြီး ဆိုင်ရာပိုင်ရာတွေက မရောင်းနဲ့လို့များ တားလေမလား။
ဒေါ်ငွေကြည်ကတော့ လက်ဖက်ထဲကို ဆိုးဆေးတွေ ထည့်မဆိုးတာ သေချာတယ်။ ဒါဖြင့် ဆိုးဆေးတွေ ထည့်ဆိုးနေတာက ဘယ်သူပါလိမ့်။
***
ကလိုစေးထူး

19 comments:
ဒေါ်ငွေကြည် လက်ဖက်လေးကတော့ သန့်ရှင်းမူ ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ဆိုးဆေးတွေ ထဲ့ဆိုးနေတာကတော့ အဟဲ မသမာသူ စီးပွါးရေး သမားတွေပေါ့.. ကိုယ့်ဘက်ကို ယှက်တဲ့လိပ်များပေါ့ အကိုရေ..
လေးစားလျက်
တောင်ပေါ်သား
ဆိုးဆေးထည့်ဆိုးတယ်ဆိုတာ(ဆလိမ်တွေများလိုက်တာ)
အနည်းအကျဉ်းလုပ်လို့မရတဲ့ အလုပ်ပါ၊ အရောင်အရင့်အဖျော့ညီအောင် (batch တခုနဲ့တခု)ခန့်မှန်းရအလွန်ခက်တဲ့အလုပ်ပါ၊ ဒီတော့ လက်လီရောင်းတဲ့သူတွေ လုပ်တာတော့ မဖြစ်နိုင်လောက်ပါဘူး။ အဓိကကတော့ စားသောက်ကုန်လုပ်ငန်းတွေကို စံချိန်စံနှုန်းနဲ့ ကြီးကြပ်စစ်ဆေးအရေးယူတဲ့ စနစ်ကင်းမဲ့နေတဲ့အုပ်ချုပ်မှု ယန္တရားရဲ့ လိုအပ်ချက်ပါ။ ဗမာငရုပ်ဆီဆို အဆိပ်ပြင်းတဲ့ခဲသတ္တုဆိုးဆေးတွေ၊ ရှလကာရည်ဆို စားသုံးရန်မဟုတ်တဲ့ ဓာတုအခြေခံ အက်ဆစ်တွေ၊ တခြားမရေမတွက်နိုင်လောက်တဲ့ စားသုံးကုန်တွေအမျိုးပေါင်းဘယ်လောက် စစ်ဆေးရမယ်ဆိုတာ စာရင်းတောင်ရှိဟန်မတူပါဘူး။
ရုပ်ရှင်ရုံတွေရှေ့ ရောင်းလေ့ရှိခဲ့တဲ့ ရှာလပတ်ရည်အေးအေး ဆိုတာ၊ ခွဲစိပ်ပြီးသား မချစ်စုသရက်သီးတုတ်ထိုး အရောင်ဝါဝင်းနေတာတွေ ဒီဆိုးဆေးတွေနဲ့ လုပ်ထားတာ၊ စားဝတ်နေမှု အရာရာချွတ်ခြုံကျနေလို့ အမြတ်စွန်းတပြားတချပ်အတွက် ဈေးကြီးတဲ့တကယ့် စားကုန်ဆိုးဆေးဘယ်ဝယ်နိုင်မလဲ။ အန္ထရာယ်ရှိမှန်းလည်း ပညာပေးအသိပေးတဲ့ စနစ်မရှိခဲ့ပါဘူး။ အခုအုပ်ချုပ်သူတွေရဲ့ ထိန်းကွပ်မှုကလည်း တခြားနေရာတွေမှာအားသန်တာ မယောင်ရာဆီလူးနေတာ။
အော် လ္ဘက်.. လဖက်.. သူလည်း မနေရပါလားနော်..း)
ဗမာဒန်ပေါက်ထ္မင်းဝါထိန်နေတာ အလွန်ဈေးကြီးတဲ့(တပေါင်ကို US ဒေါ်လာ ၅ဝဝ မှ ၅ဝဝဝ ထိ) saffron ခေါ် ပန်းဝတ်ဆံကိုအခြောက်ခံထားတဲ့ ဆိုးဆေးကို ရာနှုန်းပြည့် ဘယ်သူသုံးပြီးရောင်းနိုင်ပါ့မလဲ။ (sorry for too many comments)
ကျနော် ကတော့အုန်းကြော် ပါတဲ့ လူကြီးသုပ်ကိုကြိုက်တယ်..
အထူးသဖြင့် အသုပ်ဆိုင်တွေမှာ လတ်လတ်ဆတ်ဆတ်စားရတဲ့လက်ဖက်ကိုကြိုက်တယ်..
ကိုယ်တိုင်ထောင်းတဲ့လက်ဖက်ပေါ့.
မြန်မာပြည်က ၀ယ်လာတဲ့ လက်ဘက်တွေ ဒီတိုင်းထိုင်ကြည့်နေတယ်။ မနွှင့်ပစ်ရက်လို့..
အဲဒီသတင်းကတော့ မြန်မာအသိုင်းအ၀ိုင်းမှာ တော်တော်ရိုက်ခတ်သွားတာ အမှန်ပဲနော်။ မြန်မာဆို လက်ဖက်ကြိုက်တဲ့ အမျိုးမို့ တော်တော်ခက်တယ်။ သူ့လက်ဖက်သားချည်း ကောင်းနေတဲ့ဟာ ဘာလို့ ဆိုးဆေးတွေနဲ့ ကူစရာ လိုမလဲ။ အရောင်လှချင်လို့များလား။ လောဘများ အတောမသတ်ဘဲနော်။
လက်ဖက်အရမ်းကြိုက်ပါတယ်ဆိုမှ အဲ့ဒီသတင်းကြားတော့ goat wind ဖြစ်သွားတယ်...
ပြောကြတာတော့ ဆိုးဆေးက ကုန်ကြမ်းကတည်းက ပါတာ ဆိုပဲ။ အဲဒါကြောင့် အားလုံး ထိကုန်တာပေါ့။ အချိုမှုန့်တုန်းကလည်း အချိုမှုန့်။ တသက်လုံး စားလာပြီး နောက်မှ မစားရဲကြဘူး။ အခုလည်း ဗိုက်ထဲဝင်နေတာ အတော်များပြီ တွေးပြီး ထပ်စားတာပဲ။ :D
ကျွန်မ အမျိုးသားကပြောတယ်… သူတို့ ရွာက လဘက်တွေမှာ ဆိုးဆေးပါမှာ မဟုတ်ဘူးဆိုတာ သေချာတယ်တဲ့… သဘာဝအတိုင်းမိုလို့ တဲ့… ဒေါ်ငွေကြည်လို လဘက်မျိုးထင်တယ်… စကားမစပ်… ဒေါ်ငွေကြည်ဆိုင်မှာ လဘက်တပွဲကို ဇိမ်ခံစားတဲ့ ကောင်လေးတွေထဲ နဂျယ်ကောင်လေးရောပါသေးလား… သမီး၎ယောက်နာမည် ခုထိကောင်းကောင်းမှတ်မိနေသေးတယ်ဆိုတော့… အဟမ်း… အဟမ်း… (နောက်တာနော်)…
ကိုစေးထူးရေ… မြန်မာတွေ လဘက်ဘယ်လောက်ချစ်သလဲဆို ခုထိစားနေကြတုန်းပဲ… တကယ်တော့ အဲဒီဆိုးဆေးတွေက လဘက်တခုထဲ မဟုတ်လောက်ဘူးထင်တယ်….
စပယ်ယာတွေ ဒရိုင်ဘာတွေပါဆိုနေမှ....စဉ်းစားနေသေးတယ်
ဒေါ်ငွေကြည်တို့အိမ်က ပျော်စရာကြီးပေါ့။
UPG အိမ်သုတ်ဆေး ကုမ္ပဏီကဖြစ်နိုင်တယ်..။ အဲ့ဒီ့ကြော်ငြာကို ရိုက်ပေးတဲ့ ဦးကျော်ဟိန်းကြီးလဲ ဒီအတိုင်းဆို တရားခံ စာရင်းထဲပါနိုင်တယ်..။ နောက် ဒါရိုက်တာ..။ နောက် မီးထိုးမှန်ထိုး..။ မိတ်ကပ်လိမ်းတဲ့ မာမီ...။ ရှူတင်မန်နေညာ..။ ကားဒရိုင်ဘာ...။ နောက်ဆုံး..။ အဲ့ဒီ့ကြော်ငြာကို ပြတဲ့ .... ပြသတဲ့...။ အဲ ပြသတဲ့..။ ဘာပါလိ့မ်...။ :P
အစ်ကိုအကြီးဆုံးဆိုတာ ကိုစေးထူးများလားဗျို့ ။
Myanmay Ready-made popular brands of pickled tea in markets in Burma have been found to contain a dangerous chemical dye, the Ministry of Health announced on March 12.
The ministry said 43 brands were believed to be affected, including well-known names such as Ayee Taung, Shwe Tote, Pin Pyo Ywet Nu and Mya Thida which were found to contain a banned chemical dye called Auramine O.
Auramine O is traditionally used to dye cotton, wool, silk, paper and leather. A government-backed newspaper reported that the chemical can cause diseases of the liver and kidneys, and possibly cancer.
That announcement is too late baby.Many peoples had been suffered from so many cases.
Most of Myanmar are poor knowledge in medical fields.
Thank you very much Mr. Klosayhtoo for your post "Who is criminal, who is responsible?". Your Lahpet story is a beautiful traditional Myanmar view. I worry about that little family.
Bino
ကိုကလိုစေးထူးရဲ့ blog ကို link ချင်လို့ ခွင့်တောင်းပါတယ် ...။
ကိုနဂျယ်ကောင်ရေ့ ညီ့ကိုလည်း ဒေါ်ငွေကြည်ဆိုင်က လက်ဖက်သုတ်လေးတစ်ပွဲလောက် ၀ယ်ကျွေး ဆီကရွှဲရွှဲ နှမ်းများများနဲ့ ပြီးတော့ မြေပဲနဲ့ ကြက်သွန်ကြော်လည်း မနည်းစေနဲ့လို့ :P
ဟုတ်ပါ့။
မအယ်ဆို တစ်ပိသာထုတ် ဇယန်းကို လွှင့်ပစ်လိုက်ရတယ်။ ဆယ်ထုတ်မကက စားပြီးပြီ။
လက်ဘက်ပဲ လက်ဆောင်လိုချင်တာ။ အိမ်က လူကြုံရှိရင် လက်ဘက်လေးသာပေးလိုက်ပါလို့ တစ်ချိန်လုံးမှာရတာ။
ဆေးဆိုးဆိုးတဲ့ လူက ဆိုးအုန်း အစားအသောက် စီစစ်တဲ့သူတွေက ဘာလုပ်နေလဲ မသိပါဘူး။
တစ်ခြား မျှစ်တို့ ငရုတ်ဆီတို့  ဇီးထုတ်တို့ ရေခဲချောင်းတို့ အရောင်တင်မှုန့် ရော လေ။
စိတ်ပျက်ဖို့ ကောင်းတယ်။
ဒါနဲ့ ကြို့ ပင်ကောက် ရောက်ဖူးတယ်။ ဗမာဆေးဆရာပဲ နာမည်မေ့နေပြီ။ သူတို့ အိမ်သွားလည်တာ။
သာကူ မုန့် ဖက်ထုတ်လေ။ ကြို့ ပင်ကောက်က မအယ်သိတ်ကြိုက်တယ်။
စစ်ကွင်းက ကရေကရာကောလေနော်။ စားချင်လာပြီ။
တစ်ချို့ က စို့ ပင်ကောက်လို့ ပြောတယ်နော်။ ၀ဲတာလားပဲ။
Post a Comment