Friday, September 04, 2009

လောဘစိတ်ကလေး ၃၆၀...

ဟဲလို...၊ မင်္ဂလာပါ။

စာမရေးဖြစ်တာ နည်းနည်းကြာသွားတော့ ကျနော့်ဘလော့ဂ်ကတောင် ကျနော့်ကို ပြန်မှတ်မိပါ့မလားဘဲ။ ပြာတာတာအကြည့်တွေနဲ့ ကြိုဆို စိုက်ကြည့်နေလေရဲ့...။

ဒီလိုပါ၊ အခုတလောက အလုပ်အကိုင်နဲ့ပတ်သက်ရင် ကျနော့်အတွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနိုင်ငံက ဆောင်းဦးပေါက်ရာသီ အပင်တွေပေါ်က သစ်ရွက်လေးတွေလိုပဲ...။ ကြွေလုလုလေးနဲ့ လေတိုက်လိုက်တိုင်း အလန့်တကြား တဖျတ်ဖျတ်လူးခါ ယိမ်းနွဲ့နေရတဲ့ဘ၀။ အရောင်အဆင်းလေးကတော့ ၀ါတာတာလေးဆိုတော့ အဝေးကနေကြည့်ရင်တော့ တယ်လှ၊ ဒါပေမယ့် ဘယ်တော့ ကြွေမလဲဆိုတာ မသိတဲ့အဖြစ်။

လေးနှစ်နီးပါးလောက် တောက်လျှောက်လုပ်လာတဲ့ အလုပ်က မအိုကေတော့လို့ နောက်ထပ် အလုပ်တခု ထပ်ရှာလို့ အဆင်ပြေမယ်မှ မကြံသေးဘူး၊ အဲဒီအလုပ်ကလဲ အလုပ်အော်ဒါတွေလာတာ နှေးကွေးတော်မူတာနဲ့ နောက်ထပ် အလုပ်တခုကို ဖုတ်ပူမီးတိုက် ပြန်ရှာရနဲ့ ကျနော်နဲ့အလုပ်က စိန်ပြေးတမ်းကစားနေရသလားတောင် မှတ်ရတယ်။ အခုလဲ နောက်ထပ် အလုပ် အသစ်စက်စက်တခုမှာ လာမယ့်အပတ်ကစပြီး ညဆိုင်းအလုပ်ဆင်းဖို့ ကြံစည်ထားတာပဲ။ သူလဲ ဘယ်လိုလာမယ်တော့ မသိ။

ဒါကတော့ ကျနော့်ရဲ့ လက်ရှိအခြေနေ... ... ...။

***

အလုပ်လုပ်နိုင်တဲ့ လူတယောက်၊ အလုပ်လုပ်ချင်တဲ့ လူတယောက်အတွက် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အခြေအနေကြီးက သိပ်တော့ နှစ်သက်စရာကောင်းလှတဲ့ အခြေအနေတော့ မဟုတ်လှဘူး။ ဒါပေမယ့် `ငါအဆင်မပြေဘူးဟေ့´ လို့ ညည်းတွားနေရုံနဲ့တော့ ဘာမှထူးလာမှာ မဟုတ်တော့ ဒီလိုပဲ လှုပ်ရှားရုန်းကန်လေသတည်းပေါ့။

အလုပ်က သိပ်အဆင်မပြေတော့ စာရေးဖို့လဲ အတွေးက သိပ်မအိုကေတော့ဘူး။ (တကယ်က အပျင်းထူသွားတာလဲ ပါပါတယ်) ဒါနဲ့ပဲ ယောင်ချာချာနဲ့ တရက်မှာတော့ အွန်လိုင်းဂိမ်းဆိုဒ်တခုနဲ့ နပန်းလုံးမိပါလေရော။

ကျနော်က ဟိုးအသက် ခပ်ငယ်ငယ်ကတည်းက Chess ကစားရတာကို ၀ါသနာပါပါတယ်။ ခပ်ကြွားကြွားလေး ပြောရရင်တော့ ကရင်ပြည်နယ်အဆင့် လူငယ် ခုံဆု ရဖူးတယ်။ ဟဲဟဲ။ (အခု မတွေ့တာကြာပီဖြစ်ပြီး ကျနော့်ပို့စ်တွေကို ရယ်သောသောနဲ့ စနောက်ဖူးတဲ့ ဘော်ဒါတယောက်ကို အဲဒီလို သွားကြွားမိတော့ `ခညားက ပြည်နယ်အဆင့်တဲ့လား´ ဆိုပြီး ပုံစံပေးကစားသွားတာကို ခွက်ခွက်လန်အောင် ရှုံးဖူးတယ်) :D

ဒါနဲ့ပဲ အလုပ်လက်မဲ့ ကျနော်တယောက် အွန်လိုင်းပေါ်မှာ Chess ကစားဖြစ်ရော ဆိုပါတော့... ... ...။

***



ကျနော်သွားကစားဖြစ်တဲ့ နေရာမှာက Chess ကစားသူတွေကို ပထမစစခြင်းမှာ Chips ၅၀ နဲ့ Ranking 1500 အဖြစ် စသတ်မှတ်ပေးပါတယ်။ တကယ်လို့ နိုင်ပွဲများရင် များသလို Rank တွေကို တိုးပေးတယ်။ Chips တွေကတော့ ကစားသူ အချင်းချင်း လောင်းကြေးအနေနဲ့ သဘောရှိ ကစားဖို့ သတ်မှတ်ပေးထားတာပါ။ လူတွေရဲ့ စိတ်သဘောကို နားလည်ထားလို့လားတော့ မသိ...။ အဲဒီ Chips တွေကို တကယ့်ပိုက်ဆံနဲ့လဲ ရောင်းပေးပါတယ်။ ဥပမာ...၊ Chips ၅၀၀ လောက်ကို နှစ်ဒေါ်လာနှုန်းနဲ့ စသဖြင့် အဲလိုလေးတွေပါ။




ဒီလိုနဲ့ ပြည်နယ်လူငယ် ချန်ပလုံဟောင်း ကျနော်လဲ အွန်လိုင်းပေါ်က နိုင်မယ်ထင်လောက်တဲ့ လူတွေနဲ့ချည်း စိန်ခေါ်ကစားရင်းနဲ့ Chips တွေ နည်းနည်းတိုးလာတယ်။ အဲဒီလိုနဲ့... ... ...။

***

အဲဒီလူက သူတင်ထားတဲ့ သူ့ဓာတ်ပုံအရ ခန့်မှန်းရရင်တော့ အသက်က ၄၀ ၀န်းကျင်လောက် ရှိမယ်ထင်ရဲ့၊ ကိုလံဘီယာကတဲ့။ သူ့ရဲ့ Ranking ကလဲ 2000 ကျော်ဆိုတော့ တပွဲနိုင်မှ အလွန်ဆုံး Rank အမှတ် ၁၀ မှတ်ကျော်တိုးတဲ့အတွက် နိုင်ပွဲတွေ မနည်ဘူးရထားတဲ့ သဘောပေါ့။ ကျနော်တို့ နှစ်ယောက် စစခြင်း ကစားတော့ 5 Chips ကြေး ကစားတယ်။

ပထမ စစခြင်းမှာ 5 Chips ကြေး ကစားပေမယ့် လေးငါးဆယ်ကွက်လောက် အပြန်အလှန်ရွှေ့ပြီးချိန်မှာတော့ သူ့ဘက်ကနေ အသာစီးနည်းနည်းရလာရော သူက 100 Chips ကြေး စိန်ခေါ်လာတယ်။ ကျနော်ကလဲ အဲဒီ Chips တွေကို ဒီလောက် အလေးမထားတော့ ကစားစေသတည်းပေါ့...။

ဒီလိုနဲ့ ဆက်ကစားလိုက်တာ တဖြည်းဖြည်းနဲ့ ကျနော် ရှုံးလုလု အခြေအနေကို ရောက်လာပြီး သူ့ဘက်က ပါဝါတွေက ကျနော့်ရဲ့ ဘုရင်ကို မိဖို့အတွက် ပိုအားကောင်းလာတယ်။

ဒါပေမယ့်... ... ...။

***

တခါမှာတော့ အမှတ်မထင် ဆိုသလိုပဲ သူ သတိတချက် လစ်သွားတယ်။ ကျနော့်ရဲ့ မြင်းက သူ့ ဘုရင်မနဲ့ ဘုရင်ကို ခွချက်နဲ့ မိသွားတော့ သူ့ဘုရင်မ အလကားသက်သက် ကျသွားတာ ပွဲအလှည့်အပြောင်းက ကျနော် နိုင်ဖို့လုံးဝနီးပါး အဖြေပြောင်းသွားတယ်။

အဲဒီလူဟာ သူစောစောက နိုင်ဖို့ သေချာတယ်လို့ သူထင်ခဲ့တုန်းက လောင်းကြေး Chips ကို အဆမတန်တိုးပြီး စိန်ခေါ်ခဲ့ပေမယ့် သူရှုံးတော့မယ့် အခြေအနေကိုလဲ ကြုံရော ကျနော့်ဘက်ကနေ ရွှေ့ကွက်တွေ ကောင်းကောင်းဆက်ရွှေ့လို့ မရအောင် ကောင်းကောင်းကြီး အနှောက်အယှက်ပေးပါတော့တယ်။ Game ကို Pause မကြာခဏလုပ်တာ၊ Cancel လုပ်ဖို့ အကြိမ်တရာလောက် ဆက်တိုက် တောင်းဆိုတာတွေ၊ လောင်းကြေးကို 0 Chips လုပ်ဖို့ မကြာခဏတောင်းဆိုပြီး ပွဲကို မကြာကြာအောင် အချိန်ဆွဲတာ၊ ကျနော် စိတ်တိုလာအောင် အနှောက်အယှက်ပေးတာတွေကို ဆက်တိုက်ကို လုပ်တော့တာပါပဲ။

ကျနော်ကလဲ ဒီလိုနည်းနဲ့တော့ အရှုံးမပေးချင်တာနဲ့ နှစ်နာရီကျော်လောက်အထိ ကြာအောင် ဒီလူ့ကို စိတ်ရှည်လက်ရှည်နဲ့ကို မရအရ နိုင်အောင် ကစားတော့ နောက်ဆုံးမှာ သူ လုံးဝ အရှုံးမပေးချင်ဘဲ လက်လျှော့လိုက်ရပါတယ်။ အဲဒီမှာ သူက ကျနော်ကို Chat Box ကနေ F... နဲ့ အစပြုတဲ့ စကားနဲ့ ဆဲပြီး ထွက်သွားတော့တယ်။

***

လူ့ရဲ့စိတ်ဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။ `ငါသေချာပေါက် နိုင်တော့မယ်´ လို့ ထင်ထားရာကနေ အရှုံးကို မထင်မှတ်ဘဲ ရင်ဆိုင်လိုက်ရချိန်မှာ သူ့အနေနဲ့ ဒါကို လက်မခံနိုင်ဘဲဖြစ်ပြီး တုံ့ပြန်တဲ့ တုံ့ပြန်မှုဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို သဘောထား သေးသိမ်လွန်းလှတာကို တအံ့တသြ ဖြစ်မိတယ်။

သူကတော့ နောက်ဆုံး ဘယ်လိုမှ လုပ်လို့မရတော့လို့ ကျနော့်ကို F... လို့ ဆဲဆိုပြီး ထွက်သွားပေမယ့် ကျနော့်မှာတော့ သူ့ကို စိတ်ဆိုးရမယ့်အစား အတွေးတွေ တထွေးကြီးနဲ့ ကျန်ခဲ့တယ်။

ဒီလူ ဘယ်လိုပါလိမ့်...။ Chips တွေ မဆုံးရှုံးချင်တာလား၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ Ranking က ပွဲရှုံးသွားရင် အမှတ်လျော့မှာကို မလိုချင်တာလား။ ဒါတွေက သူ့အတွက် တော်တော်များ အရေးကြီးနေခဲ့တာလား။ ဒါဖြင့် သူအခုရထားတဲ့ Ranking ဆိုတာကရော သန့်ရှင်းစွာ ကစားပြီး အနိုင်ယူခဲ့တာတွေရော ဟုတ်ပါ့တော့မလား။ အခု သူ ငါ့ကို ဆဲသွားတယ် ဆိုတာကရော `မျက်နှာမှ မမြင်ရတာ ဘာအရေးစိုက်ဖို့ လိုတာမှတ်လို့´ ဆိုတဲ့ သဘောလား။

တကယ်ဆို အွန်လိုင်းပေါ်မှာ သတ်မှတ်ပေးထားတဲ့ အဲဒီ Chips တွေ Ranking တွေဟာ သူ့ဘ၀ကို ဘာတခုမှ ထိခိုက်သွားစေတာ၊ လျော့ပါးသွားစေတာ မဟုတ်ပါလျက်နဲ့ ဒီလိုနေရာမျိုးလေးမှာတောင် ဒီလောက်ကြီး ဆိုးဝါးတဲ့ စိတ်ကိုထားနေတာ ဘာပါလိမ့်။

***

တကယ်တော့ တွေးလိုက်ရင်တော့ အရှည်ကြီးပါ။ ဒီလိုလူမျိုးဟာ ဒီလောက် အွန်လိုင်းဂိမ်းလေးမှာတောင် ညစ်ပတ်တဲ့ စိတ်ထားရှိနေရင် အပြင်က လက်တွေ့ဘ၀မှာလဲ သူ့စိတ်ထားကြီးဟာ ညစ်ထေးနေမှာ အမှန်ပေါ့။ အတ္တတွေ၊ အနိုင်ဆိုတာပဲ လိုချင်ပြီး အရှုံးကို လက်မခံချင်တဲ့ စိတ်ထားကြီးပေါ့။ ဘာပေါ့ ညာပေါ့နဲ့ လျှောက်တွေးလိုက်တာ ဟိုလူတော့ လမ်းသွားရင်း ခလုတ်တောင် တိုက်မိမလားဘဲ။

ကျနော်ကျတော့ရော...။

ကျနော်လဲ ဘာထူးသေးလဲ။ အခုတောင် အဲဒီလူလုပ်တာကို မခံချင်ဖြစ်တဲ့ မသိစိတ်ကနေ စေ့ဆော်တဲ့ အတ္တက ဒီစာကို ရေးဖြစ်နေပြီလေ။

***

ဆိုင်မဆိုင်တော့ မသိဘူး။ အခု ဒီစာကို ရေးနေရင်းနဲ့ နွဲ့ယဉ်ဝင်းရဲ့ သီချင်းတပုဒ်ကို ဖွင့်နားထောင်မိနေရင်း ဖြစ်နေတာ သီချင်းနာမည်က `ဒေါသစိတ်ကလေး ၃၆၀´ တဲ့...။

အင်း..။

ကျနော့် ဇာတ်လိုက်ကျော် ကိုလံဘီယာသားကြီးကတော့ `လောဘစိတ်ကလေး ၃၆၀´ နဲ့ ကျနော့်ကို Chess တပွဲကစားပေးသွားတာဆိုရင် မှားမလားမသိ။

***

ကလိုစေးထူး

39 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုစေထူးရေ..
မတွေ့တာကြာပြီနော်..
ပိုစ့်အသစ်မတက်တာ သတိထားနေမိတယ်..

အခုပိုစ့်လေးကို ဖတ်ပြီး ရှုံးနေတဲ့အချိန်မှာ စိတ်ဓါတ်မကျပဲ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်လေးရယ်.. အဲ့ဒီ ပုဂ္ဂိုလ်ကြီး ရှုံးတော့ ပြောသွားတဲ့ ဒေါသစိတ်လေး ၃၆၀ ရယ် နှိုင်းယှဉ် စဉ်းစားနေမိပါတယ်..

လူ့သဘောဆိုတာ တယ်ပြောရ ခက်ပါလားနော်..

ကိုစေထူးရေ..
အလုပ်တွေ အဆင်ပြေပါစေ.. Chess ပွဲတွေမှာ အနိုင်ရသလိုပဲ.. ဘဝစစ်ပွဲတွေမှာလည်း အမြဲ အနိုင်ရပါစေလို့..

ပိုစ့်အသစ်လေးတွေကိုလည်း မျှော်နေပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Anonymous said...

ဒီပို့စ်လေးဖတ်ပြီး တိုက်ဆိုင်တာလေးပြောပြချင်တာပါ။
တစိမ်းတရံစာမပြောနဲ့ မိသားစုအတွင်းထဲမှာတောင် ကိုယ်နိမ့်ကျစဉ်က ပေးခဲ့ကျွေးခဲ့ မြေတောင်မြှောက်ပေးခဲ့သူက သူ့ကျေးဇူးတရားနဲ့ ကိုယ့်အစွမ်းလုံ့လ ကံတရား အားလုံးပေါင်းပြီး ကိုယ်က သူ့လို အောင်မြင်အဆင်ပြေလာတဲ့အခါ၊
ဘယ်လိုမှဟန်မဆောင်နိုင်ဘဲ ရုပ်ပျက်ဆင်းပျက် ဟန့်တားပျက်စီးစေဖို့ ကြိုးစာတာကြုံခဲ့ရတယ်။ ဘေးကမိသားစုတွေ မိတ်ဆွေတွေတောင် အံ့သြတကြီးဖြစ်ကြတယ်။တချိန်လုံး သူပေးလာ
ကျွေးလာတဲ့သူက သူနဲ့တန်းတူဖြစ်လာတာ ဘယ်လိုမှစိတ်ထဲမှာ လက်ခံလို့မရဘူးဖြစ်နေပုံပဲလို့ နီးစပ်သူတွေကဆိုကြတယ်။ ကိုယ့်မှာတော့ သူ့ကိုတချိန်လုံးကျေးဇူးတင်လွန်းလို့ ဘုရားလိုကိုးကွယ်ခဲ့တဲ့သူ၊ အခု ကိုယ့်ကိုဖျက်လိုဖျက်ဆီးတွေလုပ်လာတော့ အကြည်ညိုတွေပျက် စိတ်ကသိကအောက်တွေ ဖြစ်ရတာပေါ့။ ကံ၊ ကံဧ။်အကျိုးကိုယုံသူမို့ ကျေးဇူးရှင်ကို ငါညိုငြင်မိနေပြီလို့တွေးမိတိုင်း စိတ်ချောက်ချားရပါတယ်။ ကိုယ်ကလဲ သူများဝန်တိုစရာကောင်းအောင်ကို ကံကောင်းခဲ့တာကိုး။

ရွက်လွင့်ခြင်း said...

ဘရာသာရေ မတွေ့ ရတာတောင် အတော် ကြာပေါ့
အလုပ်တေါ အစဉ်ပြေပါစေလို့  ဆုတောင်းပေးပါတယ်

ADDRESSEE said...

Facebook က poker မှာ ဘာမှမဟုတ်တဲ့ chips ပြားလေးရှုံးသွားလို့ ဆဲဆို ရန်စတဲ့ အဖြူကောင်တွေ အများကြီးဘဲ နိုင်ငံကြီးသားတွေဆိုပြီး အောက်တန်းကျ တဲ့ အဖြူကောင်တွေထဲ မှာ အမေရိကန်ကောင်တွေ ဗြိတိန် က မန်ချက်စတာ လိဒ် လန်ဒန် ဘာမင်ဂမ် စတဲ့မြို့တွေကကောင်တွေအများကြီးဘဲ တွေ့ဘူးတယ်

ကိုပေါ said...

အွန်လိုင်းဂိန်းမှာတောင် အဲသည်လို စိတ်ရှိသူဟာ အပြင်မှာလည်း ညစ်ဖို့ များပါတယ်။

အိုင်းစတိုင်းရဲ့ စကားတခုကို သတိရမိတယ်။

အသေးအဖွဲဆိုပြီး လိမ်တတ်သူတွေကို ကြီးကြီးမားမားကိစ္စတွေနဲ့ ပတ်သက်လာရင်လည်း ယုံကြည်စိတ်ချလို့ မရဘူးတဲ့။

ကလူသစ် said...

welcome back......... အလုပ်လဲအဆင်ပြေပါစေဗျာ။ ဒါနဲ့ အလုပ်ပြုတ်နေတဲ့သူနဲ့ ဘယ်နေ့ပြုတ်မလဲလို့ တထိတ်ထိတ်နေရတဲ့သူနဲ့ ဘယ်သူက အခြေအနေပိုဆိုးလဲဗျ။ လူ့စိတ်တွေ လိုက်ကြည့်ရင်တော့ ကိုယ်ပဲ မောပါလိမ့်မယ်ဗျာ။

တောင်ပေါ်သား said...

အကိုရေ လာဖတ်တယ်း) အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ တခါတလေ လူတွေက အမြဲ အနိုင်ပဲ လိုချင်တာပဲ ကျနော်လဲ ဘိလိယက်ထိုးနေရင်း သူတို့ ရှုံးရင် မပြောမဆို ထွက်သွားတာ စိတ်အရမ်းတိုတာပဲ စိတ်ဓါတ် စိတ်ဓါတ်


လေးစားလျက်
တောင်ပေါ်သား

ဝေလေလေ said...

အကိုဂျီးက ချက်ထိုးတယ်လား။
ပြိုင်ထိုးရအောင်။
တို့က ခုမှ ကားပေါ့ဗ်နဲ့ သင်ထိုးလေးထိုးနေတဲ့ ၀ါသနာရှင်ကလေးပါ။
အကိုဂျီး တကောင်ပဲ အကျောပေး။
ဘုရင်ကြီး။ :D

Moe Cho Thinn said...

အစစ အဆင်ပြေပါစေ ကိုစေးထူးရေ..
အမလဲ အလုပ်က ထွက်ထားတယ်။ တယောက်တည်းတောင် မဟုတ်၊ နှစ်ယောက်စလုံး။ ဒီလိုအချိန်ကြီးမှာ သတ္တိရှိတယ် ပြောမလား၊ မိုက်တယ် ပြောမလား။ နှစ်ခုစလုံးလဲ ဖြစ်နိုင်တယ်။
ဒါပေမဲ့ စိတ်ချမ်းသာဖို့သာ အဓိက လို့ တယောက်ကို တယောက် အားပေးမိတယ်။

ကြုံလာတာကို ရင်ဆိုင်ရမှာပေါ့။ ဒါ စိန်ခေါ်မှုတခုလို့ ပြောရမှာပဲ။ အရှိအတိုင်း လက်ခံပြီး ကိုယ့်ဖက်က ကြိုးစားမှု မလျော့ပါစေနဲ့။ စိတ်ဓာတ်မကျ၊ အားမငယ်ဖို့ ကိုယ့်အဖြစ်နဲ့ယှဉ်ပြီး အားပေးသွားတာပါ။ အမလဲ ကဗျာဆရာ၊ ကျောင်းဆရာမ သမီးဆိုတော့ အဆင်ပြေ ပြည့်စုံလာတဲ့ဘ၀က လာတာ မဟုတ်လို့ ဒီလိုလောကဓံမျိုးတော့ ခံနိုင်ရည် ရှိပါတယ်လေ။
ပျော်ပျော်သာ နေပါကွာ။

ကလိုစေးထူး said...

ကိုရင်နော်ခင်လေးနွယ်...၊ ဟုတ်တယ်၊ ကျနော်လဲ ပို့စ်အသစ် မတင်ဖြစ်တာ တော်တော်ကြာသွားတယ်။ တပုဒ်အသစ်တင်လိုက်တိုင်း အမြဲလာလာအားပေးတတ်တာကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျနော် အဲလူကြီးကို နိုင်တာတော့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ထက် ပေတေကပ်သပ်ပြီး ကစားလိုက်တာ။ :D

Anonymous ...၊ ဟုတ်ကဲ့၊ တခါတလေ ဖြစ်တတ်တာလေးတွေပေါ့။

ရွက်လွှင့်ခြင်း...၊ ဟုတ်ကဲ့ ကျနော်နဲ့ အလုပ်နဲ့ စိန်ပြေးတမ်းကစားနေလို့ပါ။ အဆင်ကတော့ ဒီလိုပဲ ပြေသွားမယ် ထင်ပါတယ်။

ko kyaw ဒီလိုပဲ၊ လူမမြင်ရဘူးဆိုတော့ အပီတီးတာနေမယ်။ :D
Ko Paw မတွေ့တာကြာပြီဗျ နော...။ :)
Rita တခါလာပြုံး တကျပ်အခွန်ကောက်ရမယ် ထင်တယ်။
ကလူသစ်...၊ ၀ဲလ်ကမ်း ခဏခဏ ဘက်နေရတာ မမောဘူးလား။ :D အလုပ်ပြုတ်နေတဲ့လူနဲ့ ဘယ်နေ့ပြုတ်မလဲ ရင်ထိတ်ရသူ အတူတူနဲ့အနူနူပဲနေမယ်။ ကျနော်တော့ နှစ်ခုလုံး ဖြစ်ဖူးတော့ အတူတူပဲ။ :D
တောင်ပေါ်သား၊ အမြဲတမ်း လာအားပေးမှုအတွက် ကျေးဇူးပါ ညီလေးရေ။
ဝေလေလေ...၊ ကားပေါ့ဗ်တို့ ကက်စပါရော့တို့ဆိုတာ ကျနော့်နဲ့ တန်းမတူဘူးဗျ။ ကျနော်က ပြည်နယ်ချန်ပလုံ။ :P
မချိုသင်း...၊ ဒါကြောင့် အမလဲ ကျနော့်လို လေးပတ် တပုဒ်နှုန်းဖြစ်နေတာကိုးးး။ အားပေးတာ ကျေးဇူးတင်ပါတယ် အမရေ။ ကျနော်စိတ်ဓာတ်တော့ တကယ်ကို မကျပါဘူး။ ဒီလိုပါပဲ၊ စိန်ပြေးတမ်းကစားရသလိုပေါ့။ သူကပြေးလိုက်၊ ကိုယ်က လိုက်လိုက်၊ တွေးတတ်ရင် နေရာစုံတောင် ရောက်ဖူးသေးတယ်။ :D အမတို့လဲ အစစအဆင်ပြေပါစေ။

မီယာ said...

အသစ်ဖတ်ရတာ ကျေးဇူး ကိုစေးထူး။ အပျော်တမ်း အချိန်ဖြုန်းဖို့ ကစားကြတယ်ထင်တာ... ခက်တာပဲနော်။ အလုပ်ကံကောင်းပါစေ။

တေဇာ.. said...

သဘောကျပါတယ်..ဗျာ...။စိတ်ကို ဘယ်လိုထား ဆိုတာ
ပြောပြတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်...။ပိုစ့်အသစ်ကို စောင့်ရင်း Connection က နှေးရင်းနဲ့ ခုမှ ရောက်လာပြီး...
Comment ရေးဖြစ်တော့တယ်....။အမြဲ လာမယ်ဗျ...။

Rita said...

ကိုစေးထူး
မြန်မြန် အဆင်ပြေ ပျော်ရွှင်ပါစေ။

R အကြီးနဲ့ Rita

:)

Anonymous said...

:) wellcome

ကလိုစေးထူး said...

မီယာ...၊ ဟုတ်ကဲ့။ ကျနော်တော့ ချက်စ်ကစားတာ ၀ါသနာပါလို့ သွားဆော့ဖြစ်တာပါ။ အားပေးမှုအတွက် ကျေးဇူးပါ။

တေဇာ...၊ ဟုတ်ကဲ့ အမြဲလာလည်သလို ဝေဖန်လို့လဲရပါတယ်။

R အကြီးကြီးနဲ့ မရီတာ...၊ ကျေးဇူးဗျို့။ :)

တဆက်တည်း ကျနော့်အမှားတခုကို တောင်းပန်ရဦးမယ်။ ကိုရင်နော်ခင်လေးငယ် ကို ဘယ်လိုက ဘယ်လို ကိုရင်နော်ခင်လေးနွယ်လို့ မှားရိုက်မိတယ် မသိပါဘူး။ ခင်လေးငယ်ကနေ ခင်လေးနွယ်ဖြစ်သွားတဲ့ အတွက် တောင်းပန်ပြီး ပြင်ဆင်ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်။

:P said...

ကောမန့်တွေကို နောက်တစ်ခေါက်ပြန်လာဖတ်သွားတယ်...။

pandora said...

ဝေး.. ကစေးထူး
တခါလောက် ချိန်းပြီး ချက်စ် ထိုးရအောင်.. :)

သက်ဝေ said...

အသစ်တင်ထားတာတွေ့လို့ လာဖတ်ပါတယ်...
အလုပ် အသစ်မှာ အဆင်ပြေပါစေ...

တန်ခူး said...

ကြိုဆိုပါတယ်ကိုစေးထူးရေ…
ချက်ထိုးတာတော့ ဥာဏ်နဲလို့  နားကိုမလည်တာ…
ပြောရရင် ကျွန်မလဲ ခုတလော အိမ်ရောက်တာနဲ့ ဂိမ်းနဲ့ အလုပ်ရှူပ်နေလို့  အမျိုးသားကတောင် ကြည့်မရဖြစ်နေတယ်လေ…
အစစ အရာရာ အဆင်ပြေပါစေ…

PhotoVigor said...

Interesting and read the very last post .. :)

ကလူသစ် said...

ဟလို ဟလို ပျောက်နေပြန်ပြီလား

သီဟသစ် said...

ကိုစေးထူးရေ

စိတ်ဓါတ်တွေ အကြောင်းဖတ်သွားပါတယ်
ဖတ်ရတာ အရသာရှိလိုက်တာဗျာ

ကိုယ့်ကိုယ်တော့ ပြန်ကြည့်စစ်ဆေးလိုက်အုံးမယ်ဗျာ


ခင်မင်စွာဖြင့်
သီဟသစ်

A random thoughts of a Burmese man said...

ကိုကရောင်ကြီး မတွေ့တာ ကြာပြီဗျာ..ခင်ဗျားကို သတိရလို့ လာလည်တာဗျ....ဘာပဲ ဖြစ်ဖြစ် အခုလို လာနှုတ်ဆက်ရတာ ၀မ်းသာသဗျာ.......

ကလူသစ် said...

အင်း......... welcome back ပြောဖို့စောင့်နေတယ်လို့ လာသတိပေးတာ။

လားရှိုးသူ said...

အလုပ်မပြုတ် ထွက်ထားသည်.... လက်ရွှေးစင်တော့ မဟုတ်... သို့ပေသော်လည်း လက်နဲ့ ကိုင်၍ ရွှေ့တတ်သည်... အားနေသည်... ချက်ထိုးမည်.. lol...

sawthakhinoo said...

နေကောင်းပါစေလို့ဆုတောင်းပါတယ်။စာများများရေးနိုင်ပါစေ။

ကလူသစ် said...

ရွှတ်....ကလို.... ဟိုဖက်နဲနဲတိုး... ကလူလဲ အိပ်ချင်လို့

rita said...

ko say htoo yayyyyy
:(

TGRmg said...

အရင်ဆုံး အလုပ်အကိုင် အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်ဗျာ။ နောက် စိတ်ဓါတ်မကျပဲ ဇွဲနဲ့ ကြိုးစားလို့ရတဲ့ အောင်မြင်မှုကို ပြတဲ့အတွက်ရော မသန့်မရှင်းကစားပြီး အနိုင်ရချင်တဲ့လူရဲ့ စိတ်ဓါတ်ကိုပါ မြင်လိုက်မိစေတဲ့အတွက်ရော ကျေးဇူးပါ။
စာကောင်းတွေ မျှော်နေပါအုံးမယ်။

မွန်းသက်ပန် said...

နှစ်သစ်မှာ လာနှုတ်ဆက်တာ အကိုစေးထူး

လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)

တန်ခူး said...

Happy New Year ကိုစေးထူးရေ… ၂၀၁၀မှာ ငြိမ်နေတဲ့ နဂျယ်ကောင်လေးကို လာနှိုးတာပါ

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူးရေ..
မင်္ဂလာအပေါင်းတဲ့ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ..

စာပြန်ရေးမယ့်နေ့ကိုမျှော်နေပါတယ်..

ဟိုး.. ရှေ့မှာပန်းတိုင်ရှိတယ်..
လာ.. သွားကြစို့


ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

ကလူသစ် said...

((((((((((( Happy New Year ))))))))))))))

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ကိုကလိုစေးထူးရေ....
နှင်းဆီက အလည်လာရင်းနဲ့ အကို့စာလေးကို ဖတ်မိတာပါ....
ပိုစ့်လေးကနေ အတွေးတွေ ဆင်ခြင်စရာတွေအများကြီးရသွားပါတယ်...
ဒီလို အဖြစ်မျိုးက နိုင်ငံခြားသားတွေမှမဟုတ်ပါဘူး...လူမျိုးတော်တော်များများကတော့ ကိုယ်နိုင်မယ်လို့ သေချာပေါက် ထင်ထားပြီးမှ အရူံးပေးလိုက်ရတဲ့အခါမှာ ဘဝတိုက်ပွဲတင်မကပါဘူး ဒီလိုအသေးအဖွဲ့ ကိစ္စမျိုးတွေမှာပါ စိတ်ဓါတ်တွေပြောင်းလည်းသွားတတ်ကျပါတယ်ရှင်.......
အကိုရေ ခုအလုပ်အဆင်မပြေလို့လည်း စိတ်မညစ်ပါနဲ့နော် ဒီထက်ကောင်းတဲ့ အလုပ်ရချင်လို့တာ ခုခနစိတ်ညစ်နေရတယ်လို့တာ တွေးလိုက်ပါနော်.....
အစစအရာရာ အဆင်ပြေ၍ ကျန်းမာပျော်ရွှင်ပါစေရှင်.....

တောင်ပေါ်သား said...

ငါ့အကို အသစ်တင်တော့ဘူးလားဝေးးးးးးးးး မြင်နေရတယ်နော် တင်တော့လေ စောင့်နေတဲ့လူတွေလဲ များနေပြီး)


လေးစားလျက်
တောင်ပေါ်သား

:P said...

အလုပ်တွေ သိပ်များနေလား.. စာမရေးတာကြာလှပြီနော်...။

အလွမ်းအိမ် said...

ပျောက်လှပါလား ကိုစေးထူး?

Anonymous said...

သတိရနေကြပါတယ်......

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူးရေ..

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ