Sunday, March 08, 2015

တရားဥပဒေ စိုးမိုးရေး..

တရားဥပဒေ စိုးမိုးရေး..တဲ့။
ကျောက်နီမော်က မိန်းကလေးတယောက်ရဲ့ အဓမ္မပြုကျင့်ခံရမှုကို ထိထိရောက်ရောက် အရေးမယူနိုင်လို့ သေလိုက်ကြရတဲ့ ကြားထဲက အသက်တွေ။ ရခိုင်တပြည်နယ်လုံး မီးဟုန်းဟုန်းကို တောက်လို့...။ တွန်သံမြည်နေတဲ့ အရိုးတွေက အခုထိ ရန်စ မငြိမ်းနိုင်သေးဘူး။

တရားဥပဒေ စိုးမိုးရေး..တဲ့။
ရွေဆံကုတ် အရောင်းအ၀ယ် မတည့်ရာက ဖြစ်တဲ့ မိတ္ထိလာက သာမန်ခိုက်ရန် ဖြစ်ပွားမှုလေးကိုတောင် မထိန်းချုပ်နိုင်ခဲ့တော့ တချို့လူသားတွေ အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့အထိ ဆိုးလိုက်တဲ့ ပဋိပက္ခ...။ ဖျက်ဆီးခံလိုက်ရတဲ့ ဘ၀တွေရဲ့ သောကတွေ အခုထိ မအေးချမ်းနိုင်သေးဘူး...။

တရားဥပဒေ စိုးမိုးရေး..တဲ့။
သပိတ်အဖုံးကလေး ကျကွဲမိတဲ့ ဥက္ကံက မီးလောင်တိုက် အသွင်းခံရတဲ့ အိမ်ခြေတွေက ဘ၀တွေ...။

တရားဥပဒေ စိုးမိုးရေး...တဲ့။
မောင်းချင်သလို မောင်းပြီး တိုက်ချင်သလိုတိုက်တဲ့ ကားဒရိုင်ဘာတွေ လွတ်ချင်သလို လွတ်အောင် ပြေးလို့ရနေတုန်းပဲ။ သတ်ချင်သလို သတ်ပြီး လူရုပ်မပေါ်အောင် မီးရှို့ လမ်းဘေးပစ်ထားတဲ့ ခန္ဓာကိုယ်ဟာ မိန်းမတယောက်ပါ ဆိုတာကလွဲရင် ဘယ်သူမှန်း သိအောင်တောင် အဖြစ်ရှိရှိ မဖော်ထုတ်နိုင်သေးဘူး။ ငါးလောင်းပြိုင် လူသတ်မှုဆိုတာ ဖော်နိုင်ဖို့ ဝေလာဝေး ဆိုတဲ့ လူတွေက.. "အဲဒီကောင်တွေ ဖမ်းတင်လိုက်တော့ မြို့နယ်မှူးရေ..: လို့ တခွန်းပြောရုံနဲ့တင် လူတွေကို တိရိစ္တာန်တွေလို ကားပေါ် ပစ်တင်ဖို့ ၀န်မလေးဘူး...။

တရားဥပဒေ စိုးမိုးမှု အောက်ကနေပါပဲ....။ မတရားအသတ်ခံရတဲ့ သတင်းထောက် တယောက် ရှိခဲ့ဖူးတယ်။ နဖူးတည့်တည့်ကို ကျည်မှန်သွားတဲ့ လယ်သူမကြီး တယောက် ရှိခဲ့ဖူးတယ်။ မီးလောင်ရာ ဗရပွနဲ့ သံဃာတွေ ရှိခဲ့ဖူးတယ်။ အဟား...၊ စကားနားမထောင်လို့ ဆိုတဲ့ သာသနာရေးဝန်ကြီးလဲ ရှိခဲ့ဖူးတယ်။

ထက်ထက်မိုးဦးရေ...၊ ငွေတထောင်ပေးပြီး ပါးရိုက်ခွင့် ရတဲ့ နည်းကို ကျုပ်ကိုပေးလှည့်ပါဗျာ။ တာဝန်တွေိကု တရားဥပဒေနဲ့အညီ ပါးရိုက်ချင်လွန်းလို့...။ 

***

ကလိုစေးထူး

Saturday, March 07, 2015

စကားလုံးမဲ့တဲ့ ည ..

ခြစားတဲ့ အတ္တတွေ ဘီလူးဝင်စီးတော့
အကြမ်းမဖက်တဲ့ ဆန္ဒတွေက အကြမ်းဖက်ခံလိုက်ရတယ်။

ဒီမယ် ဦးအောင်စိန်...၊
ကျွန်တော့် သမီးက စာကျက်နေတာ တဲ့လား..။ 
ခင်ဗျားစကားကြောင့် အသိတခု ရတယ်
ဦးဖာဆိုတဲ့ လူကြီးသာ ခင်ဗျားလို တွေးလိုက်မိရင်
အောင်ဆန်းဆိုတဲ့လူ မြန်မာပြည်မှာ ဖြစ်လာမှာ မဟုတ်ဘူး
ဒါပေမယ့် မပူပါနဲ့ဗျာ
ခင်ဗျားလိုလူတွေကို ဂုဏ်ပြုမယ့် ကြက်ဆူလက်ခုပ်သံတွေ ရှိတယ်။ 

ဥပဒေ...၊
လူကိုဖမ်းချင်တဲ့ ဥပဒေ
လူကို ရိုက်ချင်တဲ့ ဥပဒေ၊
ပါးစပ်တွေကို ပိတ်ချင်တဲ့ ဥပဒေ
ခံစားချက်တွေကို လှောင်ချထားချင်တဲ့ ဥပဒေ
ဥပဒေ ဥပဒေနဲ့ ဘုတ်အုတ်ကြီး တကိုင်ကိုင်လုပ်
နတ်စကားထွက်နေတဲ့ အစိမ်းရောင်လူထွက်စကား
နားခါးလှတယ်။
ဇော်ဌေးရေ...။
သူ့ဆန်စားလို့ရဲမယ်ဆိုရင် မင်းစားနေတာ ငါတို့ဆန်
ပြည်သူ့ဆန်...ကွ။ 


ထမင်းတလုပ်အတွက် အကြမ်းဖက်
ဝါးရင်းတုတ်တချက် လှမ်းနှက်တိုင်းမှာ
တာဝန် တွေ သရမ်းချက်.. သရမ်းချက်
ခြစားတဲ့ အတ္တတွေ ဘီလူးဝင်စီးတော့
အကြမ်းမဖက်တဲ့ ဆန္ဒတွေက အကြမ်းဖက်ခံလိုက်ရတယ်။


***

ကလိုစေးထူး

Wednesday, March 04, 2015

သီချင်းများနဲ့ ...

~~ ကိုယ်သိပ်ချစ်ရတယ်~~ အချစ်ဆုံး မိန်းကလေးရယ်~~ မျှော်လင့်လျက်ရှိတယ် မေ့အပြုံး~~ အကြင်နာလေး ပေးသနားလှည့်ပါကွယ်~~အို~~ ရွှေရင်တံခါးဖွင့်လို့ထားနော်ကွယ်~~

Round cord တီးရတဲ့ သျှိုင်းအောင်ရဲ့ သီချင်းကို ညတညရဲ့ လသာသာမှာ ဂစ်တာရူး၊ သီချင်းရူး သူငယ်ချင်းတွေနဲ့ အော်ဟစ်သီဆိုခဲ့ရတဲ့ ညတွေကို ပြန်သတိရမိတယ်။ သူငယ်ချင်း တယောက်က "နေဦးကွ၊ အဲဒီ C,Am,Dm,G ပတ်လည်ကွက်က ဖိုးချိုရဲ့ ပိုင်စိုးမှုဧကရီ သီချင်းလဲ တီးလို့ရတယ်ကွ" လို့ပြောတော့ တီးလိုက် ဆိုလိုက်ရပြန်တာ အမော...၊ ဒါနဲ့ နောက်တယောက်က "ဒါတင် ဘယ်ကမလဲကွ၊ ကိုင်ဇာရဲ့ တခုသော မိုးဥတု၏ တနေ့သ၌ သီချင်းလဲရသေးတယ်" ဆိုတော့လဲ တီးလိုက် ဆိုလိုက်ရတာက "ကျောင်းဆင်းမနက်မှာ ~~~မိုးသည်းထဲမှာ ~~ လွယ်အိတ်ကလေးနဲ့ ကောင်မလေး~~"

***

ကိုယ်က ငယ်ငယ်ကတည်းက သီချင်းကို သိပ်ရူးတယ်။ တချိန်ချိန်မှာ ဂစ်တာတီးတတ်လာရင် ဆိုးရတီးရအောင် ဆိုပြီး စာအုပ်ထူထူတအုပ်ဝယ်၊ သီချင်းတွေရော လက်ကွက်တွေပါ ကူးရေးနေတာကို မေမေကတော့ သူ့သားစာကျက်နေတယ် ထင်ရှာတာ...။ ညဘက် ဖယောင်းတိုင်လေး ထွန်းပြီး တကုပ်ကုပ်ရေးချွတ်နေတော့ စာဖတ်စာရေးနေတယ် ထင်ရှာတာပေါ့။ သိသွားတော့ ကရုဏာဒေါသောနဲ့ ရိုက်လိုက်တာ အသည်းပေါက်မတတ်ပါဘဲ။ ကျောင်းဆရာမ ဆိုတော့ ပိုဆိုးတာပေါ့။ ဆရာရိုက်၊ မိဘရိုက် နှစ်မျိုးစလုံးနဲ့ ရိုက်တာပဲ။

ကိုယ်တို့ ဂစ်တာရူး၊ သီချင်းရူး စရူးခါစက ဟစ်အော်ခဲ့ဖူးတဲ့ ရဲသွင်ရဲ့ မင်းမသိဘူးလားတို့၊ စွန့်စားမယ့် အချစ်တို့၊ တခါ.. ကိုညီထွဋ်ရဲ့ အရည်တွေ ပျော်ကုန်ပြီတို့၊ ရွက်လွှင့်ခြင်းတို့ကို အခုထိကို အလွတ်ရနေပါသေးတယ်။ မှတ်မိသေးတယ်...၊ လေးဖြူပေါ်ခါစကဆို.. "ဇော်ဝင်းထွဋ်ကို လိုက်ယှဉ်ချင်တဲ့ကောင်" လို့ သမုတ်တဲ့ လူငယ်က တဘက်၊ ကြိုက်ကြသူတွေက တဘက် ကွဲကြသေးတယ်။ နောက်ဆုံးတော့လဲ လေးဖြူရဲ့ "အလင်းရောင်" ဆိုတဲ့ သီချင်းသံရဲ့ ဆွဲဆောင်ရာနောက်ကို အဲဒီခေတ်က လူငယ်တွေ စီးမျောသွားကြတာပါပဲ...။

~~~ကျွန်တော့်ရဲ့ မိုက်မဲမှုပဲ~~~ သူမကို ချစ်မိတာ~~~ အဲဒီလောက်ထိ စွဲလမ်းသွားမှန်း မသိခဲ့~~ မသိခဲ့ဘူးး~~~

"မိုက်လှချည်လား၊ ဘယ်သူဆိုတာတုန်းကွ"
"တာရာ..တဲ့၊ နားထောင်ကြည့်"
"အေးကွ...နော၊ ထူးအိမ်သင် အသံလိုလို ဘာလိုလိုနဲ့"

"ပုလဲသီ တကွဲစီ" သီချင်းတွေကို ဟစ်ခဲ့တဲ့ ညချမ်းတွေက လွမ်းချင်စရာ...။ စကားမစပ် အဟစ်ကောင်းနေတုန်း ပေါ်တာလိုက်ဖမ်းတဲ့ တပ်စုနဲ့တိုးလို့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို သဘောထား ပြေးခဲ့ရသေး...။ အင်းလေ.. နေခဲ့ရတာကိုက နယ်မြို့၊ကလေးကိုး...။

***

"ကံကောင်းခြင်း လက်ဆောင်" ခွေနဲ့ ဗြုန်းခနဲ နာမည်ကြီးလာတဲ့ ရင်ဂိုကို အဲဒီတုန်းက မဂ္ဂဇင်းတအုပ်ထဲကနေ ဝေဖန်ရေး ဆရာတယောက်က "ဆီးစပ်ကလာတဲ့ အသံနဲ့ ဆိုတဲ့ အဆိုတော်" လို့ ဘလိုင်းကြီး ဆော်ပလော်တီးတယ်။ ဒီတော့လဲ ကိုယ်တို့က "အချစ်ဟာ မီးးလားးး" လို့ ယမကာလေး ထွေလာတိုင်း ဟစ်ပစ်လိုက်ရတာပဲ။

သီချင်းတပုဒ်ဟာ လူ့စိတ်ကို ကြည်နူးအေးမြသွားစေသလို၊ စိတ်အားတက်ကြွသွားစေတာတွေ၊ စိတ်ညစ်နေတာကို အားတက်သွားစေ၊ ပြေပျောက်သွားစေတာလဲ ရှိတယ်။ ဒီတော့ ကိုယ့်အတွက်တော့ သီချင်းတွေဟာ ဟိုးငယ်ငယ်လေးကတည်းကနေ အခုအချိန်ထိ အဓိပ္ပာယ်တွေ ရှိနေတယ်။ တကယ်ဆို "ကိုသိန်းတန်.. ကိုသိန်းတန်.. စိုးသင်္ဘောပေါ် တက်ခဲ့မယ်" ဆိုတဲ့ ဇာတ်ဝင်စာသားလေးနဲ့ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် သီချင်းစုတွေကိုက ကိုယ်တို့အတွက် ရသမြောက်တဲ့ အနုပညာတွေ ဖြစ်ခဲ့တာပါပဲ။

***

သီချင်းတိုင်းဟာ ချစ်စရာ မကောင်းတဲ့ ကာလ တခုတော့ (ကိုယ့်အတွက်) ရှိခဲ့ဖူးတယ်။ တံတားတွေ၊ ဆည်တွေနား ပြွတ်သိပ်ညှပ်သပ်နေတဲ့ အမွှမ်းတင် စာသားတွေနဲ့ လှုပ်ရွကခုန်နေကြတဲ့ သီချင်းတွေကို အင်မတန် အောက်ကလိအာခဲ့ဖူးတယ်။ ကိုယ်အရမ်းချစ်တဲ့ အဆိုတော်ကြီးနှစ်ယောက်ဖြစ်တဲ့ ရင်ဂိုနဲ့ ခင်မောင်တိုးတို့ နှစ်ယောက် မျက်နှာသေကြီးတွေနဲ့ မိုက်ခွက်နားကပ် ဆိုခဲ့တဲ့ သီချင်းကို အမုန်းတီးဆုံးဖြစ်ရဖူးတယ်။ ဘာသီချင်းလဲ ဆိုတာတော့... ထားလိုက်ပါတော့လေ...။ ကိုယ်ကတော့ အနုပညာကို အနုပညာရှင်ကို ကိုယ်ကျိုးအတွက် သုံးခဲ့တဲ့ မည်သူ့ကိုမဆို မုန်းတယ်။ တခုတော့ ရှိတယ်။ အဲဒီလို သီချင်းမျိုးကိုမှ ကျေကျေနပ်နပ်ကြီး သီဆိုခဲ့ကြတဲ့ သီချင်းရှင်တွေကိုတော့ ခံစားချက်တွေ မဲ့လိုက်ကြတာပေါ့...။

~~ ဟေ့ရောင်~~ ဟေ့ရောင် မလုပ်နဲ့~~~အခု ရန်ရန်ချမ်းဆိုတာ ငါတို့လူပဲ~~ အရိုးသားဆုံးက သူပဲ~~ လမ်းဘေးစရိုက်ကို သူမကြိုက်~~

"စတင်ခြင်း" ဆိုတဲ့ အခွေထွက်လာတော့ ကိုယ်သဘောအကျခဲ့ဆုံးက အနဂ္ဂ...။ စက်သေနတ်ပစ်သလို အင်မတန်ရွတ်နိုင်တဲ့ အကောင် ဆိုပြီး သဘောကျတာ...။ တဖြည်းဖြည်းနားထောင်ရင်းနဲ့ အင်မတန်ကြိုက်နှစ်သက်ပြီး အခုထိကို အလွတ်ရနေသေးတဲ့ သီချင်းက အက်ဆစ်ရဲ့ "ဘ၀" ...။ ~~ ပိုက်ဆံမက်တဲ့ မိန်းမကို ~~ ချစ်နေတော့ ငါ့မှာ မိန်းမမက်တဲ့ ပိုက်ဆံကို မုန်းလို့မရ~~~။ သေချာလေ့လာကြည့်တော့ အဲဒီ သီချင်းကို အဲဒီတုန်းက မထင်မရှားဆိုခဲ့သူ အားလုံး နောက်ပိုင်းတော့ မြန်မာ့ဂီတလောကမှာ တနေရာစီတော့ ရသွားခဲ့သူချည်းပါပဲ။

***

~~~ ရှိတ်..ရှိတ်.. ရှိတ်ကြစို့ဟေ့..~~~ မင်းကြည့်တိုင်း ကတဲ့ပုံက ~~~ တခါလာလဲ ဒါ~~ နှစ်ခါလာလဲ ဒါ~~

ဟ.. ဘာကောင်တုန်းကွ၊ စာသားက ကြမ်းလှပါလားဆိုတဲ့ ဂျောက်ဂျက် သီချင်းတွေက ဟစ်ဟော့ ဆိုတာ ဒါပဲကွ ဆိုတဲ့ ပွင့်လင်းမှုကို ချပြတဲ့ အနုပညာစကားလို့ နားလည်သွားချိန်မှာ ကိုယ်လဲ သူ့သီချင်းတွေကို ကြိုက်တတ်သွားလိုက်တာ အခုအချိန်မှာ ဂျောက်ဂျက် သီချင်းကို ဘယ်သီချင်း အကြိုက်ဆုံးလဲ မေးရင် "ငါ၏စာသား" ဆိုတဲ့ သီချင်းပါပဲ ဆို လွန်မလား။ ။ သီချင်းစာသားကိုက ကြည့်ဦး..။ ~~~ မင်း~~ ဘရွတ်ကလင်းမှာလဲ နေတာမဟုတ်~~ မင်း နယူးယောက်မှာလဲ နေတာမဟုတ်~~ေ-ာက်ခွက်က ကလေးကလားရုပ်နဲ့ ~~ မကျေနပ်ရင်ရော့~~ ခြေမစုပ်~~~ 

ဟစ်ဟော့ အဆိုတော်တွေထဲ ကိုယ်သဘောကျ လေးစားသူတွေထဲမှာ အက်ဆစ်၊ သီအိုရီ၊ ဂျေမီ၊ ဂျောက်ဂျက်တို့က ထိပ်ဆုံးကပါပဲ။

***

ကိုယ့်အတွက်တော့ အနုပညာ အားစိုက်တဲ့ သီချင်းတိုင်းဟာ ခံစားလို့ရတယ်။ တကယ်ဆို သီချင်းတွေဟာ ခေတ်ကို ဖော်ပြခဲ့ကြတယ်၊ ဖော်ပြနေကြတယ်။ ဖော်ပြနေကြဦးမယ်။ ဒီအရွယ်ရောက်လို့ ဒီသီချင်းပဲ နားထောင်သင့်တယ်လို့ ပေတံတိုင်းသူတွေနဲ့ ကိုယ်နဲ့တော့ အကန့်တခု ခြားနေမှာ သေချာတယ်။

တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ကွယ်ကို နှစ်သက်တတ်တဲ့ လူတယောက်၊ လေးဖြူရဲ့ အသုံးမကျတဲ့ နှင်းဆီကိုလဲ ဟစ်တတ်သေးတဲ့ လူတယောက်ဟာ အခုအချိန်မှာတော့ Snare ရဲ့ ~~~ ဂျုံးဂျုံးကျနေပြီ~~~ ဂျုံးဂျုံးကျနေပြီ ဆိုတဲ့ စာသားကိုလဲ အားရပါးရ ဟစ်အော်ညည်းတွားတတ်သေးတယ်ဆိုရင် လွန်မလားမသိ....။

***

ကလိုစေးထူး












Friday, February 20, 2015

ကိုရင်ရေ..

ဒီမယ် ကိုရင်..
ရော့..သောက်၊ ဆေးခါးလို့ အမွှမ်းမတင်ဘူး
ဒါပေမယ့် အဲဒီခွက်ထဲမှာ အဆိပ်မပါဘူးလို့ အာမခံတယ်။
ခင်ဗျားနဲ့ ကျုပ် ခြေနှစ်ဖက်ပါတာခြင်း အတူတူ
ခြေထောက် အရွယ်အစားမတူဘူး...။
ဟော..၊ ခင်ဗျား ငုံ့ကြည့်တဲ့ ခင်ဗျားခြေချောင်းကလေးတွေတောင်
အတိုအရှည် တူငဲ့လား...။
ရော့... သောက်လိုက်ပါ။
စကားလုံး သက်သက်မဟုတ်တဲ့ ဘ၀ရဲ့ ပျော်ရည်
ခင်ဗျားကိုယ်ထဲကို စိမ့်ဝင်စီးဆင်းသွားလို့ ဖြစ်လာမယ့် ခင်ဗျား မျက်နှာကို ထိုင်ကြည့်ချင်လွန်းလို့...။

ဒီမယ် ကိုရင်...
ခင်ဗျား ဟိုဘက်လမ်းက လျှောက်သွားလို့ လမ်းကောင်းခဲ့ချိန်
ဗွက်ပေါက်တဲ့ဒီဘက်လမ်းက လူတွေ အတုန်းအရုန်း
အိုဗျာ...၊ ၀ရုန်းသုန်းကား လဲနေလိုက်ကြတာ
ဟော...၊ အလျှောက်မတော်တဲ့ တချက် ခင်ဗျား ခလုတ်တိုက်တော့
ခင်ဗျား မေ့ထားတဲ့ ဟောဒီဝရုန်းသုန်းကား ရင်ဘတ်ကြီးတွေကလေ...
ကိုရင်...၊ နာသွားသေးလားလို့ ပြောဖို့ မမေ့ပါဘူးဗျ။
ခင်ဗျာ့ ဖိနပ် လာသုတ်မပေးနိုင်တာတော့ ဆောရီး ကိုယ့်လူ။

ဒီမယ် ကိုရင်...
ရှေ့တန်းတက် ဂိုးသွင်းမှ ဘောလုံးသမား မဟုတ်ဘူးဗျ
အောင်ပွဲခံနေတဲ့ နာမည်ကျော်တွေကို အဝေးကငေးနေတဲ့
ကစားသမားကောင်းတွေမှ အများကြီး....။
ကန်ပစ်လိုက်စမ်းပါဗျာ...။

ဒီမယ် ကိုရင်...
မျက်ရည်တွေနဲ့ ရင်းထားတဲ့ ထမင်းတပန်းကန်ထက်
တောက်ခနဲ ကျလာတဲ့ ခင်ဗျားချွေးစက်ကပေးတဲ့
တလုတ်ထဲသော ထမင်းကို မက်မောပစ်လိုက်စမ်းပါဗျ...။
ယူ...၊ ယူ.. အဲဒီမှာ အတ္တတွေကိုယူ
အတ္တကို ယူတတ်ရင် လူဆိုတဲ့ အသိပါ ထပ်ယူ...။

ကျောခြင်း ကပ်လို့ အမြင်မတူရင်တောင်
သေချာတာတော့ ကိုရင့်နားမှာ ကျုပ်ရှိနေတယ်။
တခါတလေ မျက်နှာချင်းဆိုင် ရန်တွေ့ရတာထက်
ကျောခြင်း ကပ်နေရတာက အရသာ ရှိလွန်လွန်းလို့....။

***

ကလိုစေးထူး


Friday, February 06, 2015

မတူတဲ့အား..











"ပုလိုက်တဲ့ အကောင်ကွာ၊ ခါးကလဲ တုတ်လိုက်သေး၊ အတော် ရုပ်ဆိုးတာပဲကွ"

"ဘာဗျ၊ ခင်ဗျား ဘယ်သူ့ကို ပြောတာလဲ"

"မင်းကိုပဲကွ၊ မင်းကိုပဲ၊ ငါပြောတာ မဟုတ်လို့လား"

"သြော်၊ ဟော်..ဟော်၊ ဒီမယ်ဗျ၊ ကျုပ်က ပုတယ်၊ ရုပ်ဆိုးတယ်ပဲ ထားလိုက်ပါဦး၊ ဒါပေမယ့် ကျုပ်ဆိုတဲ့ ဟောဒီ ပုတုတ်တုတ်ကလေ အောင်မြင်ခြင်း၊ ကောင်းမွန်ခြင်းကို ကိုယ်စားပြုတဲ့ ပြယုဂ်ဆိုတာ ခင်ဗျား မမေ့ပါနဲ့ဗျ"

"အောင်မယ်မယ်၊ နေစမ်းပါဦး ဟေ့ကောင်ရ၊ မင်းက အဲဟို ငတိကို ပုတယ် သွားပြောရအောင် မင်းကရော ငါ့လောက်များ မြင့်မားခန့်ညားနေလို့လားကွ၊ ငါ့ကိုကြည့်စမ်း၊ ဒီအုပ်စုထဲမှာ ငါကမှ အမြင့်မားဆုံး၊ အခန့်ထည်ဆုံး"

"အဟက်၊ ဟုတ်မှာပေါ့ဗျာ၊ ဒါကြောင့်နေမယ်၊ ခေတ်သစ်ရဲ့ လက်ဟန်ခြေဟန်နဲ့ ဆဲနည်းမှာ ခင်ဗျားက ထိုးထိုးထောင်ထောင်နဲ့ ပျစ်ပျစ်နှစ်နှစ်ကြီးလေ"

"ဟားဟား ဟားဟား"

"ဒီမှာ၊ ဒီမှာ၊ ခင်ဗျားတို့တွေဟာ တော်တော် စကားများသကိုးဗျာ၊ ပုတဲ့လူကလဲ ပုတဲ့အလျှောက်၊ ဟိုငတိကျတော့လဲ ရန်လိုနေလိုက်တာ၊ အလယ်ကဟာကြီးကရော ဘာထူးသလဲ၊ သူကမှ အဆိုးဆုံး၊ သဘာဝတရားကြောင့် ရှည်လျား မြင့်မားခွင့် ရနေတာကိုပဲ ကြံဖန်ကြွားနေလိုက်ရတာ၊ ဟေ့..ဒီမယ်၊ အဖိုးထိုက်တန်ပေ့ဆိုတဲ့ အရာတွေက ကျုပ်ဆီမှာ လာဆင်မြန်းမှ ပိုလှတာပါဗျ၊ ပိုလှတာပါ"

"တော်ရုံကြွားစမ်းပါကွာ"

"ကြွားကြွား မကြွားကြွား အမှန်တရားဗျ၊ လောရှည်ကြီးရ"

"ငကြွား"

"လောရှည်"

"ဟေ့..၊ တော်ကြတော့ကွာ"

"ဘာလဲ၊ ရန်လိုကောင်ရဲ့"

"ဂျပုနော် မင်းက ငါ့ကိုများ...၊ တယ်လေ..."

"ဟာဗျာ၊ အစ်ကိုကြီးတို့ သိပ်ဆိုးတာပဲဗျာ၊ ဒီအစုလေးမှာ ညီအစ်ကိုရယ်လို့ ဒါတွေပဲရှိတာ အချင်းချင်းလဲ မညီကြဘူး၊ ကျွန်တော်တော့ ကြားထဲက တော်တော် စိတ်ညစ်တယ်"

"ဟေ့ကောင်တွေ၊ တော်ကြတော့၊ ဟိုမှာ အငယ်ကောင် စိတ်ညစ်နေပြီ"

***

"ဟာ...၊ ဟာ...၊ ဟေ့ အရေးပေါ်ပြီဟေ့၊ လာစမ်း၊ အားလုံး ဒီကို လာစုကြစမ်း၊ ဟိုကောင် အငယ်လေး မင်းက ဒီဘက်ကိုကပ်ထား၊ ဖိုးဂျပု မင်းက တို့တွေအောက်မှာ မြဲအောင်လာခိုဝင်ထားစမ်း၊ အေး...၊ စုထား၊ စု...၊ ခပ်တင်းတင်းလေး စု"

"ခွပ်" "ဖုန်း" "အင့်"

***

"တော်သေးတာပေါ့ကွာ...၊ ငါတို့ အချိန်မီ စုစည်းလိုက်နိုင်တော့ ငါတို့သခင်အတွက် တို့အားလုံးရဲ့ စုစည်းအားက လက်သီးအဖြစ် ပြောင်းလဲ အသုံးချပေးလိုက်နိုင်တာကွ၊ သခင့်ကို လာစော်ကားတဲ့ ဟိုလူတော့ အတော်အီသွားပုံရတယ်"

"အေးကွ..နော်၊ အငယ်လေး .. မင်းကို ထိမိသွားသေးလား"

"မနာပါဘူး အစ်ကိုကြီးတို့ရ၊ ကျွန်တော်က အစ်ကိုကြီးတို့နား တိုးကပ်ထားတော့ ပိုတောင် အားကြီးသွားသေးတယ်လေ"

***

ငြင်းခုန်၊ ရန်လို၊ အကြွားသန်၊ စိတ်တို၊ အားငယ်သော လက်ချောင်းလေးများက အခုတော့လဲ လေထဲမှာ ဖြန့်ကားလို့..၊ အလှကိုယ်စီနဲ့၊ ပျော်လို့၊ မြူးလို့...။

***

ကလိုစေးထူး


Monday, January 05, 2015

မြူကင်းချိန်...

ဆွမ်းထမင်းနဲ့ ဆွမ်းဟင်းကို ခပ်ယူ ဘုန်းပေးနေသည့် ဆရာတော့်ကို ငေးမျှော်နေမိသည်...။ ဆွမ်းစားဆောင်ငယ်လေး တိတ်ဆိတ်နေသည်က ဆရာတော့် လက်ထဲက ဇွန်းနဲ့ ဆွမ်းပန်ကန် တခါတလေ ထိခတ်မိသံက လွဲလို့ ဆိတ်ငြိမ်လွန်းလှပါဘိ...။ လက်အုပ်ချီ ငေးမျှော်နေသည့်
သူ့စိတ်အတွေးထဲမှာတော့ ဝေခွဲမရသည့် စိတ်၊ စူးစမ်းလိုစိတ်၊ ကြောင့်ကြနေမိစိတ်၊ ပူပန်စိုးထင့်စိတ်များက ရောထွေးနေသလို နောက်ကျနေလေ၏။

***

ဒီနေ့က သူ့အတွက် တာဝန်ကျသည့် လစဉ်ဆွမ်းအလှည့်နေ့...။
နိုင်ငံရပ်ခြားမှာ အကြောင်းမျိုးစုံနှင့် ရောက်နေကြသည့် ရွှေမြန်မာများအတွက် ဘုန်းတော်ကြီးကျောင်းရယ်လို့ ခေါ်နိုင်ရုံမျှ မည်ကာမတ္တ ကျောင်းကလေးအတွက် ကျောင်းထိုင်ဆရာတော်က အရှင်ဇာဂရ ...တဲ့။
သဒ္ဓါမရှားသော်လည်း ငွေရှား၊အချိန်ရှားတဲ့ အဝေးရောက် မြန်မာတွေကြားမှာ ကျောင်းလာထိုင်ရသည့် ဆရာတော့်ခင်ဗျာလည်း မသက်သာ...။ စနေတနင်္ဂနွေကိုတောင် နပ်မမှန်နိုင်သည့် အားလပ်ရက်တွေထဲကမှ
ဒကာဒကာမတွေ ကျောင်းကို အရောက်အပေါက်နည်းလို့ ဆွမ်းကို ဘယ်နှစ်ကြိမ်ငတ်ပြီးပြီလဲဆိုတာ မသိနိုင်...။ ဒီလိုနဲ့ပဲ သတ်မှတ်သပ်ရပ်အောင်လို့ တယောက်တအိမ်၊ တလတကြိမ် ဆွမ်းကပ်လှူစေရန် တာဝန် ခွဲဝေရသည်။
***
ကသုတ်ကရက် နိုင်လွန်းစွာ ချက်ပြုတ်လာရသည့် သူ့ဆွမ်းကို ဆရာတော် ဘုန်းပေးရတာ အဆင်ပြေမပြေ မသိနိုင်ပေမယ့် ရောင့်ရဲတင်းတိမ်တတ်ဟန် ရဟန်းတော်မြတ် အသွင်ကို ဖူးမြင်နေရသည်ဟု စိတ်ထဲက ခံစားမိ၏။ သြော်..၊ ဆရာတော်။
တို့တတွေ နေတဲ့အရပ်မှာ သတင်းလာသုံးတာတောင် ဘာလိုလိုနဲ့ လေးနှစ်လောက်တောင် ရှိနေပြီ ထင်တယ်။ ဆွမ်းကွမ်း၊ ကျောင်းဆောင် ၀တ္ထု ပြည့်စုံကုံလုံလှတဲ့ အမေရိကားက တခြားသော ပြည်နယ်တွေမှာ ကိုးကွယ် ဆည်းကပ်လိုတဲ့
လူချမ်းသာ ဒကာတွေ ပေါများနေတာတောင်မှ ငါတို့ကို စေတနာတရား ကြီးမားစွာ ဒီပြည်နယ်မှာ ကျောင်းထိုင်ရရှာတယ်။ ဒါပေမယ့်...၊ ဆရာတော်များ... ငါထင်မိသလို။ အို... မဟုတ်ပါစေနဲ့၊ မဟုတ်ပါစေနဲ့။
ကြည်ညိုစိတ်နဲ့ ဝေခွဲမရစိတ်တို့ လွန်ဆွဲလွန်းစွာဖြင့် စိတ်တို့က အတန်ငယ် နောက်ကျိလာပြန်သည်။

***

"သူတို့ကို ကျုပ်က ထောင်ထဲချည်း ထည့်ထားတာပဲ၊ ကျူပ်ထောင်ထဲ ထည့်ထားတာမှ အများကြီး" "အမျိုးသားရေး အမြင်နဲ့၊ အမျိုးသားရေး အမြင်ကို၊ အမျိုးသားရေး အမြင်က၊ အမျိုးသားရေး အမြင်...၊
အမျိုးသားရေး၊ အမျိုးသားရေး.. အမျိုးသားရေး"
ရှုပ်ထွေးနောက်ကျိလှစွာဖြင့်ပင် ပဲ့တင်ထပ်နေသော အသံတွေက နားထဲမှာ မြည်ဟည်းနေသလို ခံစားရလွန်းပါဘိ...။ အို...၊ ဟိုးငယ်စဉ် ကလေးဘ၀ကတည်းက တခါတပါးဖူးမှ
မသင်ကြား မနာယူရတဲ့ စကားလုံးတွေ၊ အမုန်းတရားစကားတွေ...၊ ဒီစကားတွေကြောင့် ရိုက်ခတ်ပဲ့ကြွေ ဆုံးရှုံးသွားတဲ့ အသက်တွေ...။ ရှိုက်ငင်ငိုကြွေးသံတွေ...။ နောက်ထပ်၊ နောက်ထပ် ရန်စောင်မှုတွေ....။
အို...၊ မဟုတ်ဘူး၊ မဟုတ်ဘူးးးး။ ငါ တသက်လုံး ကိုးကွယ်ယုံကြည်လာတဲ့ ဗုဒ္ဓတရားတော်မှာ ဒါတွေ မပါဘူး။ ငါတို့တွေဟာ ကြမ်းကြုတ်သူ၊ အမုန်းတရားတွေ ကြီးထွားစေသူ မဟုတ်စေရဘူးး။
ကိုယ့်ဘာသာ အော်ဟစ်ပြောနေမိသည့်အလား အတွေးစကားသံတွေက မြည်ဟည်းပဲ့တင်နေပြန်ပါပြီ။

***

"ဒကာတော်"
တိုးတိတ်နေသော်ငြား ကြောင့်ကြပူဝေနေသည့် စိတ်အစဉ်တို့ကို ဆရာတော့်အသံက အေးချမ်းစွာ ဖြိုခွင်းပစ်လိုက်သည်။
"တင်ပါ့ ဘုရား"
"ဆွမ်းအလှူကြောင့် ဘုန်းပေးရတာ အဆင်ပြေလှပါတယ် ဒကာ၊ ဒီဆွမ်းအလှူကြောင့် ဒကာ့မှာ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်း ပြည့်စုံပါစေ၊ ငါးပါးသော ဆွမ်းလှူအကျိုးကိုလဲ
ရမှာ မလွဲပါဘူး ဒကာ"
"မှန်ပါ့ ဘုရား"
"ဦးဇင်းတို့ ဘာသာဟာ ဘယ်အရာကို အခြေခံပါသလဲ ဒကာ"
"မေတ္တာ၊ကရုဏာ၊ မုဒိတာတရားလို့ ထင်ကြောင်းပါ ဘုရား"
"အေး၊ မှန်တာပေါ့ ဒကာ၊ ငါတို့ ဘုရားရှင်ကိုယ်တော်ကြီးဟာ မည်သူ့ကိုတော့ မုန်းစေ၊ မည်သူ့ကိုတော့ ချစ်စေလို့ မမိန့်မှာတော်မူခဲ့ချေဘူး"
"တင်ပါ့ ဘုရား"
"ဒီကနေ့ ဒကာ လာလှူတဲ့ ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေကို နဂိုမူလ စိုက်ပျိုးကြ၊ ထုတ်လုပ်ကြသူတွေဟာလဲ ဦးဇင်းတို့နဲ့ မတူသော ဘာသာ၊ မတူသော လူမျိုး မဖြစ်နိုင်ပေဘူးလား ဒကာ"
" ဖြစ်နိုင်ကြောင်းပါ အရှင်ဘုရား"
"ဒီလိုဆိုတော့ ဒီဆွမ်းကွမ်းတွေကို စိုက်ပျိုးထုတ်လုပ်သူတွေကိုရော မေတ္တာ မပို့သင့်ပေဘူးလား"
"ပို့သင့်ကြောင်းပါ ဘုရား"
"သူကတော့ မဲ၏၊ ငါကတော့ဖြူ၏၊ သူသည်ကား ငါ့လူမျိုးမဟုတ်၊ သူသည် ငါ့ဘာသာမဟုတ်ဆိုတဲ့ အမြင်တရားကို အခြေခံလို့ မုန်းတီးခြင်း စိတ်ထား တစိုးတစိမှ မထားမိစေနဲ့ ဒကာ"
"မှန်လှပါ အရှင်ဘုရား"
စောစောက လေးတွဲ့စွာ နောက်ကျိနေသည့် စိတ်အစဉ်တို့က ဆရာတော့် ဆုံးမစကားကို နာယူအပြီး မော့ကြည့်ဖူးမျှော်မိချိန်မှာတော့ ကြည်နူးမျက်ရည်တွေက ဝေ့၀ဲစွာ....။
"ခွင့်လွှတ်တော်မူပါ အရှင်ဘုရား၊ တပည့်တော် စိတ်ထဲမယ် အရှင်ဘုရားသည် တပည့်တော်တို့နဲ့ မတူခြားနား ဘာသာခြားကို ဟိုဒီသတင်းတွေကြောင့် မုန်းတီးနေမလား ကြောင့်ကြမိပါတယ် ဘုရား"
"အိုကွယ်..."
သည်းခံခွင့်လွှတ်သော အပြုံးတစုံဖြင့် ဆရာတော်က ဖွဖွရေရွတ်တော်မူသည်။

***

အလုပ်သွားရပါဦးမည်...။
စောစောကနဲ့မတူ ပေါ့ပါးကြည်လင်သွားသော စိတ်အစဉ်ထဲမှာတော့ မေတ္တာသံဝေ တေးဆိုသံလေး တစက ပျံ့လွင့်လို့ နေလေတော့သည်။
"လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"


ကလိုစေးထူး